ချယ်လ်ဆီးအသင်းနည်းပြက ပရီးမီးယားလိဂ်ပြိုင်ပွဲ အမှတ်ပေးဇယားကို တစ်နေ့လျှင် သုံးကြိမ်အထိ ကြည့်ဖြစ်ပြီး အမှတ်ပေးဇယားတွင် အဆင့် (၄) နေရာကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် အားဆေးတစ်ခုအဖြစ် အသုံးချခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်..။
ချယ်လ်ဆီးအသင်းမှာ ယနေ့ညပိုင်းတွင် ယှဉ်ပြိုင်ကစားမည့် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့ပါက မန်ချက်စတာ ယူနိုက်တက်အသင်းထက် ကိုးမှတ်အသာဖြင့် ယခုနှစ်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အရေးပါသည့် ခြေလှမ်းတစ်ခုကို လှမ်းလျှောက်သွားနိုင်မည်ဖြစ်သည်..။
သို့သော်အမှတ်ပေးပြိုင်ပွဲ၏ သုံးပုံတစ်ပုံခန့် ကျန်ရှိနေသည့် အခြေအနေတွင် အဆင့် (၄) နေရာအတွက် ယှဉ်ပြိုင်ပွဲမှာ အပြောင်းအလဲများစွာ ဖြစ်ပေါ်လာနိုင်သေးကြောင်း ဖရန့် လမ်းပတ် က ယခုလိုပြောကြားခဲ့သည်..။
"ကျွန်တော်တို့အသင်းဟာ အမှတ်ပေးဇယားမှာ ဘယ်လိုရပ်တည်နေတယ် ဆိုတဲ့အပေါ် ခဏခဏ ပြောစရာ လိုမယ်မထင်ပါဘူး.။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်သူပဲဖြစ်ဖြစ် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ကြည့်ဖြစ်ပြီဆိုတာနဲ့ ကိုယ့်အသင်းရဲ့ ဘေး၊ ဘယ်ညာအပြင် အထက်၊ အောက်အသင်းတွေကိုလည်း ကြည့်ဖြစ်ကြတာပဲလေ..။ ဒါပေမယ့် အမှတ်ပေးဇယား ရပ်တည်မှုအပေါ် အရမ်းဂုဏ်ယူဖို့ မလိုအပ်ပေမယ့် တစ်ဘက်ကနေ ပြန်စဉ်းစားမယ်ဆိုရင် ကိုယ့်ရဲ့အခြေအနေကို ပြန်လည်ထင်ဟပ်ပြနေတဲ့ ကိရိယာတစ်ခု ဖြစ်တာကြောင့် အဆိုးရွားကြီး မဟုတ်ပါဘူး..။ ကျွန်တော့်ဆီမှာလည်း အခုလက်ရှိအနေအထားထက် မလျော့ကျချင်တဲ့ စိတ်ဆန္ဒအရမ်းကို ပြင်းပြနေပါတယ်..။
ကျွန်တော်ကစားသမားဘဝတုန်းကဆိုရင် များသောအားဖြင့် ပထမနေရာ၊ ဒုတိယနေရာအတွက်ပဲ တိုက်ပွဲဝင်ရတာပါ..။ ဒါ့ကြောင့်အခုကျွန်တော်ဒီကို ပြန်ရောက်လာပြီးတော့လည်း အဲဒီလို ပထမနေရာ၊ ဒုတိယနေရာအတွက် တိုက်ပွဲဝင်ရတယ်ဆိုတာ ပိုပြီးဖြစ်ချင်တာပေါ့..။ အဲဒီအတွက် ကျွန်တော့်အနေနဲ့ ကစားသမားတွေကို အရင်တုန်းက အခြေအနေတွေ ပြန်ပြောပြပြီး ခိုင်းနှိုင်းပြဖို့လည်း ဝန်မလေးပါဘူး..။
ကျွန်တော်ကိုယ်တိုင်လည်း တခါတလေဆိုရင် အမှတ်ပေးဇယားကို တစ်ရက်နှစ်ကြိမ်၊ သုံးကြိမ် ကြည့်ဖြစ်ခဲ့တဲ့အခါတွေ ရှိပါတယ်..။ ကိုယ့်အသင်းရဲ့ ရပ်တည်မှုဟာ ကိုယ့်အပေါ်ကို အမြဲတမ်းလွှမ်းမိုးနေမယ်ဆိုတာ ကောင်းပါတယ်..။ ဒါပေမယ့် အဲဒါဟာ ကျွန်တော့်ရဲ့အပိုင်းပါ..။ ကိုယ့်ရဲ့ကစားသမားတွေကိုတော့ တခါတလေကျရင် အမှတ်ပေးဇယား အခြေအနေအပေါ် အသိပေးရတာ ရှိပါတယ်..။"
ထို့အပြင် ဖရန့် လမ်းပတ် က ယနေ့ညတွင် ယှဉ်ပြိုင်မည့်ပွဲ၏အဖြေကြောင့် ယူနိုက်တက်အသင်း၏ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်အပေါ် သက်ရောက်စေမည် မဟုတ်ကြောင်း ယခုလိုပြောကြားသွားခဲ့သည်..။
"ပရီးမီးယားလိဂ်ရဲ့ ပြိုင်ပွဲအနေအထားရယ်..၊ လက်ကျန်ပွဲတွေနဲ့ လက်ကျန်အမှတ်တွေ အနေအထားရယ်ကြောင့် ကျွန်တော်တို့ဟာ ကိုးမှတ်အသာရသည်ပဲဖြစ်ပါစေ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆုံးအဖြတ်ပေးသွားဦးမှာ မဟုတ်ပါဘူး..။ အခုအချိန်မှာ အမှတ်တွေရဖို့ ပိုပြီးခက်ခဲလာတယ်ဆိုတာကို ကျွန်တော်တို့ဇယားအထက်ပိုင်းက အသင်းတွေရဲ့ အခြေအနေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်..။
ပုံမှန်အတိုင်း အရင်နှစ်တွေမှာဆိုရင် လက်ရှိရမှတ်အနေအထားအပေါ် ကျွန်တော်တို့ ကျေနပ်မှာ မဟုတ်ပေမယ့် ဒီနှစ်မှာတော့ တခြားအသင်းတွေရဲ့ အနေအထားကြောင့် ရှုမြင်ပုံတွေ ခြားနားနေတာကို သတိပြုဖို့လည်း လိုအပ်ပါတယ်..။"