feature-image

မက်ဂွိုင်းယား ကို ထုတ်ပယ်သင့်တယ်လို့ ပြောလိုက်တဲ့ ‘မာ့ခ် ကလက်တန်ဘတ်’

မနေ့က စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် မန်ချက်စတာ ယူနိုက်တက်အသင်းတို့၏ပွဲစဉ်မှ ပွဲချိန်မိနစ် (၂၀) တွင် ဖြစ်ပွားခဲ့သော မန်ချက်စတာ ယူနိုက်တက်အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယား က ချယ်လ်ဆီးတိုက်စစ်မှူး မစ်ချီ ဘတ်ရှူအားယီ အား ကန်မိခဲ့သည့်ဖြစ်ရပ်နအပေါ် ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း မာ့ခ် ကလက်တန်ဘတ် က Daily Mail သတင်းဌာနမှ ယခုလို ဝေဖန်ရေးသားခဲ့သည်..။

တကယ်တော့ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ဒုတိယဂိုးသွင်းပေးခဲ့တဲ့ ဟယ်ရီ မက်ဂွိုင်းယား ဟာ မစ်ချီ ဘတ်ရှူအားယီ ကို ဘောလုံးမပါပဲ ကန်မိတဲ့ပြစ်ဒဏ်နဲ့ ကွင်းထဲမှာတောင် ဆက်ပြီးရှိမနေသင့်တော့ပါဘူး..။

ပထမဆုံးဖြစ်ခဲ့တဲ့အချိန်ုတုန်းက မက်ဂွိုင်းယား ဟာ ဘောလုံးကိုယှဉ်လုရင်း အရှိန်နဲ့ နောက်ဆက်တွဲကန်မိသလို (follow through) ဖြစ်ခဲ့တာကြောင့် သူ့ကိုမထုတ်ပယ်ခဲ့တာ မှန်တယ်လို့
ထင်မိခဲ့ပါသေးတယ်..။ ဒါပေမယ့် replay တွေကို ကြည့်လိုက်တဲ့အခါမှာ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဟာ ဘတ်ရှူအားယီ ကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ဒုတိယမြောက် သီးခြားလှုပ်ရှားမှု (second movement) ပြုလုပ်ပြီး ကန်ကျောက်ခဲ့တာပါ..။ တကယ်တော့ အဲဒီလိုလုပ်ဖို့ မလိုပါဘူး..။ ဒါဟာဘတ်ရှူအားယီ ရဲ့ ပေါင်ခြံကို ကန်မိခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ဒ် ပြစ်ဒဏ်ပါပဲ..။



VAR နဲ့ ပြန်ကြည့်ပေမယ့် ကွင်းလယ်ဒိုင် အန်တိုနီ တေလာ ရဲ့ ဆုံးဖြတ်ချက်အမှားလို့ သူတို့တွေ မယူဆခဲ့ပါဘူး..။ အဲဒီနေရာမှာ VAR ဆုံးဖြတ်ချက် မတူညီမှု (inconsistencies) တွေ ဖြစ်လာပါတယ်..။ ကွင်းလယ်ဒိုင် တေလာ ကို မေ့ထားလိုက်ရင်တောင်မှ တော့တင်ဟမ်အသင်းက ဆွန် ဟောင်မင် ဟာ အန်တိုနီယို ရူဒီဂါ ကို ကျူးလွန်ခဲ့တဲ့ အလားတူ ပြစ်ဒဏ်မျိုးနဲ့ အနီကတ်ဒ် အပြခံခဲ့ရဖူးတာ ပြန်ပြီးသတိရကြဖို့ လိုအပ်ပါတယ်..။

ဒိုင်လူကြီး တေလာ ဟာ မက်ဂွိုင်းယား ရဲ့ ကန်ချက်ကို မမြင်မိလိုက်ပါဘူး..၊ ဒါပေမယ့် သူဟာကွင်းဘေးက မော်နီတာကို ပြန်ပြီးကြည့်ဖြစ်မယ်ဆိုရင် အနီကတ်ဒ် ပြဖြစ်လိမ့်မယ်ဆိုတာ သေချာပေါက် ကျွန်တော်ပြောရဲပါတယ်..။ ဝီလီယံ ကို ဟန်ဆောင်ဒိုက်ထိုးမှုနဲ့ အဝါကတ်ဒ်ပြတာကတော့ မှန်ကန်ပါတယ်..။



အဆိုပါဖြစ်ရပ်အပေါ် မက်ဂွိုင်းယား က ဘတ်ရှူအားယီ အား ကန်မိခဲ့သော်လည်း ရည်ရွယ်ချက်ရှိရှိ ကန်ကျောက်ခဲ့ခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး တောင်းပန်စကား ပြောကြားခဲ့သည်..။

“သူ့ကိုကန်မိခဲ့တယ်လို့ သိလိုက်ပါတယ်..။ တကယ်တော့ သူကျွန်တော့်အပေါ် ပိလာမှာကို တွေးမိတဲ့အချိန် အလိုအလျှောက် ခြေထောက်ကို ဆန့်ထုတ်ပြီးတုံ့ပြန်မိတာပါ..။ ရည်ရွယ်ချက်ရှိရှိ ကန်ထုတ်လိုက်တာ မဟုတ်ပါဘူး..။ သူ့ကိုနာကျင်စေဖို့ ရည်ရွယ်ချက်လည်း မပါခဲ့ပါဘူး..။ ဒါ့ကြောင့်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပါတယ်..။ ကျွန်တော့်ရဲ့ဖိနပ်မှာ ဘားတွေပါတဲ့အတွက် သူ့ရဲ့ဒဏ်ရာ ဒီထက်ဆိုးသွားနိုင်ပါတယ်..။ ဒါပေမယ့် ကျွန်တော်သူ့ကို အဲဒီဖြစ်ရပ်အပေါ် တောင်းပန်ခဲ့ပါတယ်..။”


သို့သော် အဆိုပါပွဲစဉ်အား Sky Sports ရုပ်/သံမှ ပွဲစဉ်သုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့သည့် မန်ချက်စတာ ယူနိုက်တက်အသင်း ဂန္တဝင်ကွင်းလယ်ကစားသမား ရွိုင်း ကိန်း က မက်ဂွိုင်းယား မှာ ကံကောင်း၍သာ အနီကတ်ဒ် အပြမခံရခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့သည်..။

‘သူကတကယ့်ကို အင်မတန် ကံကောင်းခဲ့ပါတယ်..။ ဒါကလည်း မက်ဂွိုင်းယား ရဲ့ အေးဆေး တည်ငြိမ်တဲ့ အပြုအမူ၊ အနေအထိုင်တွေကြောင့် ဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့် ဒါဟာရည်ရွယ်ချက်ရှိရှိ ကန်ထုတ်လိုက်မှုဆိုတာ အသေအချာပါပဲ..။’

ထိုသို့ ဟယ်ရီ မက်ဂွိုင်းယား နှင့် ဘတ်ရှူအားယီ တို့၏ဖြစ်ရပ်တွင် မက်ဂွိုင်းယား မှာ အနီကတ်ဒ် အပြခံရသင့်ကြောင်း Sky Sports ရုပ်/သံမှ ပွဲစဉ်သုံးသပ်သူ လီဗာပူးလ်အသင်း ဂန္တဝင်နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ ကလည်း ထောက်ခံ၊ ဆွေးနွေးခဲ့ပါသည်..။

“Yeah.! ဒါဟာအနီကတ်ဒ် ပြသင့်တဲ့ပြစ်ဒဏ်ပါ..။ ကွင်းလယ်ဒိုင်လူကြီး မမြင်ခဲ့တာကြောင့် VAR နဲ့ ဆုံးဖြတ်ပါတယ်..။ တကယ်တော့ VAR နဲ့ အခုတစ်မျိုး၊ ခဏနေတစ်မျိုး ဆုံးဖြတ်နေတာဟာ ကျွန်တော်တို့အားလုံးကို စိတ်ပျက်စေပါတယ်..။ VAR ကို အသုံးချတဲ့သူတွေကလည်း ကွဲပြားနေတာကြောင့် အဲဒီလို ခြားနားတဲ့ ဆုံးဖြတ်ချက်တွေ ဆက်ပြီးထွက်ပေါ်နေဦးမှာပါပဲ..။ ဒါပေမယ့် ဟယ်ရီ မက်ဂွဲယား ကံကောင်းခဲ့ပါတယ်..။”