ချယ်လ်ဆီးအသင်းမှ ဒိန်းမတ်နောက်ခံလူ အင်ဒရီးယက်စ် ခရစ်စ်တီယန်ဆန် မှာ ဗုဒ္ဓဟူးနေ့က အီတလီနိုင်ငံ မီလန်မြို့သို့ သွားရောက်ခဲ့ပြီး အထူးပြုလုပ်ထားသည့် မျက်နှာဖုံးဝတ်ဆင်နိုင်ရန်အတွက် အထူးကုတစ်ဦးနှင့် တိုင်ပင်ခဲ့ကြောင်း The Athletic သတင်းဌာနက ဖော်ပြခဲ့သည်..။
အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန် မှာ စနေနေ့တွင် ယှဉ်ပြိုင်ကစားမည့် တော့တင်ဟမ် အသင်းနှင့်ပွဲတွင် ပါဝင်နိုင်မည်ဖြစ်ကြောင်း အသင်းကို ပြောကြားခဲ့သလို ယနေ့တွင်ပြုလုပ်ခဲ့သော လေ့ကျင့်ခန်း အစီအစဉ်များကို အထူးပြုလုပ်ထားသည့် မျက်နှာဖုံးတပ်ဆင်ပြီး လေ့ကျင့်ခဲ့ကြောင်း သိရသည်..။
ခရစ်စ်တီယန်ဆန် မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် တနင်္လာနေ့က .ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင် အန်တိုနီ မာရှယ်လ် နှင့် မတော်တဆ ထိခိုက်မိပြီး နှာခေါင်းရိုးကျိုး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်..။ အဆိုပါပွဲစဉ် ပထမပိုင်းအပြီးထိ သွးတိတ်အောင် မပြုလုပ်နိုင်ခဲ့ခြင်းကြောင့် ချယ်လ်ဆီးအသင်း ဆေးအဖွဲ့မှ သူ့အားလူစားလဲစေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်..။
ယခုအခါတွင် ခရစ်စ်တီယန်ဆန် မှာ အထူးပြုလုပ်ထားသည့် မျက်နှာဖုံးအား နှာခေါင်းရိုးဒဏ်ရာ လုံးဝပျောက်ကင်းသည်အထိ ဝတ်ဆင်သွားမည်ဖြစ်ပြီး ယခုတစ်ပါတ် စနေနေ့တွင် ယှဉ်ပြိုင်မည့် တော့တင်ဟမ်အသင်း၊ နောက်တစ်ပါတ်အတွင်း ဘေယန် မြူးနစ်အသင်းနှင့် ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ် ပြိုင်ပွဲ၊ နောက်ဆုံး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်များတွင် ပါဝင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်..။