feature-image

FIFA ရဲ့ အဌားချကစားသမား စည်းမျဉ်းသစ်နဲ့ ချယ်လ်ဆီးအသင်း…

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) မှာ အသင်းများကျင့်သုံးလျှက်ရှိသည့် အဌားချကစားသမားများ စေလွှတ်ခြင်း၊ ခေါ်ယူခြင်းနှင့် ပတ်သက်ပြီး ကန့်သတ်မှုများကို နောက်နှစ်ဘောလုံးရာသီမှ စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ယနေ့ကကြေငြာခဲ့သည်..။

အဆိုပါကန့်သတ်မှုများအရ အသင်းများမှာ မိမိတို့၏ လိဂ်ပြိုင်ပွဲပြင်ပ အခြားလိဂ်ပြိုင်ပွဲများသို့ အသက် (၂၂) နှစ်နှင့် အထက် ကစားသမားများကို အဌားချ+အဌားခေါ်ယူရာတွင် (international loans of players aged 22 and older) အများဆုံး (၈) ယောက်အထိသာ ခွင့်ပြုမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှစတင်ပြီး (၆) ယောက်သို့ လျော့ချသွားမည်..။ ထို့အပြင် အသင်းတစ်သင်းထဲသို့ ကစားသမားအဌားချခြင်း (သို့မဟုတ်) ခေါ်ယူခြင်းကို (၃) ဦးအထိသာ အများဆုံး ခွင့်ပြုမည်ဖြစ်သည်..။

ထို့ကြောင့်အဆိုပါ စည်းမျဉ်းသစ်မှာ ချယ်လ်ဆီးအသင်းအပေါ် အကျိုးသက်ရောက်မှု မည်ကဲ့သို့ အကျိုးသက်ရောက်မှု ရှိနိုင်မည်ကို လေ့လာကြည့်ပါမည်..။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့ ကာလအပြီးအထိ ချယ်လ်ဆီးအသင်းမှာ ကစားသမားစုစုပေါင်း (၂၉) ဦး အဌားချထားပြီး အယ်လ်ဗာရို မိုရာတာ မှာ အက်တလက်တီကို မက်ဒရစ် အသင်းကစားသမားအဖြစ် သတ်မှတ်လို့ ရနိုင်သည့်အနေအထား ဖြစ်သည့်အတွက် ကစားသမား (၂၈) ယောက် အဌားချထားသည်ဟု ပြောနိုင်ပါသည်..။



အဆိုပါကစားသမားများအနက် အသက် (၂၂) နှစ်နှင့်အထက် ကစားသမား (၁၄) ယောက် ပါဝင်ပြီး မတ် မီယာဇာ (ရက်ဒင်း)၊ ဒယ်နီ ဒရင့်ခ်ဝါးတား (အက်စ်တွန် ဗီလာ)၊ ဂျိခ် ကလာ့ခ် ဆော်လ်တာ (ဘာမင်ဂမ် စီးတီး)၊ အစ်ဇ်ဇီ ဘရောင်း (လူတန် တောင်း) နှင့် ဂျမယ်လ် ဘလက်မန်း (ဘရစ်စ်တို ရိုဗား) တို့ (၅) ဦးမှာ ပြည်တွင်းရှိ အသင်းများကို အဌားချထားခြင်း ဖြစ်သောကြောင့် FIFA မှ ပြင်ဆင်မည့် ကန့်သတ်ချက်များနှင့် (လောလောဆယ်အထိ) အကျုံးမဝင်သေးပေ..။ မီယာဇာ၊ ဒရင့်ခ်ဝါးတား နှင့် ဆော်လ်တာ တို့မှာ အသင်းနှင့်စာချုပ်သက်တမ်း (၂) နှစ် ကျန်ရှိနေပြီး ဂျမယ်လ် နှင့် အစ်ဇ်ဇီ ဘရောင်း တို့မှာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သည်..။

ကျန်ရှိသည့်ကစားသမား (၉) ယောက်အနက် နေသန် နှင့် ကနေဒီ တို့မှာ ယခုနှစ်ဘောလုံးရာသီကုန်ချိန်တွင် အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး နေသန် မှာ ဘရာဇီးလ်လိဂ် ပြိုင်ပွဲဝင် အက်တလက်တီကို မီနာရိုအသင်းသို့ အပြီးသတ်ပြောင်းရွှေ့ရန် အလားအလာများနေသည်..။



လက်ကျန် ကစားသမား (၇) ယောက်တွင် ဗစ်တာ မော့ဆက်စ် (အင်တာ မီလန်)၊ ဒေးဗစ် ဇာပါကော့စ်တာ (ရိုးမား)၊ လူးကပ်စ် ပီယာဇွန် (ရီယို အေးဗီးစ် FC)၊ ဘာဘာ ရာမန် (ရီးရဲလ် မာလော့ကာ)၊ မာရီယို ပါဆာလစ် (အက်တလန်တာ)၊ တီမူယီ ဘာကာယိုကို (မိုနာကို) နှင့် ချာလီ မူဆွန်ဒါ တို့ဖြစ်ပြီး ချာလီ မူဆွန်ဒါ မှာ ဗီတက်ဆီ အာဟမ်အသင်းသို့ နှစ်နှစ်အဌားစာချုပ်ဖြင့် စေလွှတ်ထားခြင်းဖြစ်သည်..။ လက်ရှိအနေအထားအရ ဘာဘာ ရာမန်၊ ဇာပါကော့စ်တာ နှင့် မူဆွန်ဒါ တို့မှာ ချယ်လ်ဆီးအသင်းတွင် ဆက်လက်ရှိနေဖို့များပြီး ကျန်ကစားသမားများမှာ အကြောင်းအမျိုးမျိုးဖြင့် အသင်းမှ ထွက်ခွာရန် အလားအလာများနေပါသည်..။

ထို့ကြောင့် လက်ရှိအနေအထားအရ ယခုနှစ်ရာသီကုန်ချိန်တွင် ချယ်လ်ဆီးအသင်းမှ international loans ကစားသမားများမှာ ပီယာဇွန်၊ ဘာဘာ ရာမန်၊ ဇာပါ ကော့စ်တာ၊ (တီမူယီ ဘာကာယိုကို) နှင့် မူဆွန်ဒါ (အများဆုံးငါးဦး) တို့သာ ကျန်ရှိနေဖွယ်ရှိပြီး နောက်နှစ်ဘောလုံးရာသီတွင် စတင်ကျင့်သုံးမည့် FIFA ၏ အဌားချကစားသမားများ ကန့်သတ်သည့် ပြဌာန်းချက်အပေါ် စိုးရိမ်စရာ မရှိကြောင်း တင်ဆက်လိုက်ရပါသည်..။