feature-image

ဂိုးပေါက်ပျောက်ခဲ့တဲ့ ကာလအကြောင်းကို ပြောပြခဲ့တဲ့ ‘မေဆန် မောင့်’

လူငယ်ကွင်းလယ်ကစားသမား မေဆန် မောင့် မှာ စနေနေ့က အဲဗာတန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ပီဒရို ၏ ပေးပို့မှုကို တစ်ပါတ်လှည့်ကန်ချက်ဖြင့် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး (၁၈) ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့သည်..။ အသက် (၂၁) နှစ်အရွယ် လူငယ်ကွင်းလယ်ကစားသမားအနေဖြင့် အဆိုပါကာလအတွင်း အခွင့်အရေးရလာတိုင်း ဂိုးရဖို့ဆန္ဒစောလွန်းနေခဲ့ကြောင်း ဝန်ခံခဲ့သလို နည်းပြဖရန့် လမ်းပတ် နှင့် ဖခင်ဖြစ်သူ တိုနီ တို့၏ အကူအညီဖြင့် ဂိုးရလိုချင်သည့်ဇောဖြင့် ဂိုးသွင်းအဆုံးသတ်ချက်တိုင်းအပေါ် အလွန်အမင်း အာရုံစိုက်၊ စဉ်းစားနေတော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်..။

အဲဗာတန်အသင်းအား ၄ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ရရှိခဲ့သည့်အဖွင့်ဂိုးကြောင့် မေဆန် မောင့် မှာ ယခုနှစ်ဘောလုံးရာသီတွင် (၆) ဂိုးသွင်းယူပေးနိုင်ခဲ့ပြီဖြစ်သည်..။ အသင်းအတွက် သူနောက်ဆုံးသွင်းယူပေးခဲ့သည့်ဂိုးမှာ ဒီဇင်ဘာလ (၄) ရက်နေ့က အက်စ်တွန် ဗီလာအသင်းနှင့်ပွဲတွင် ရရှိခဲ့သည့် အနိုင်ဂိုးဖြစ်ခဲ့သည်..။ အဆိုပါသွင်းဂိုးနောက်ပိုင်း ဂိုးပေါက်ပျောက်ဆုံးခဲ့ရသည့်အပေါ် မေဆန် အနေဖြင့် သူ၏ဖခင်ဖြစ်သူနှင့် နည်းပြ ဖရန့် လမ်းပတ် တို့၏ အကူအညီဖြင့် ဖြတ်ကျော်ခဲ့ရကြောင်း ယခုလိုပြောပြခဲ့သည်..။

“ကျွန်တော်ဟာ အရမ်းကိုဂိုးရချင်နေတဲ့အတွက် ကန်သွင်းတဲ့နေရာမှာ ဆန္ဒစောနေမိတယ်လို့ မကြာသေးခင်ကမှ ကိုယ့်ကိုယ်ကို သုံးသပ်မိခဲ့ပါတယ်..။ အထူးသဖြင့် ဟန်ချက်ပျက်နေတဲ့ အခြေအနေတွေမှာ ကန်သွင်းမိတာမျိုးတွေလည်း ပါတာပေါ့ဗျာ..။

အရမ်းဆန္ဒစောလွန်း၊ ရလိုစိတ်အရမ်းပြင်းပြလွန်းနေတဲ့အခါမှာ အဲဒီလိုအသင့်မဖြစ်သေးပဲ ပြုလုပ်မိတာ ဖြစ်တတ်ပါတယ်.။ မြန်မြန်ကန်သွင်းဖို့ကိုပဲ စိတ်ကရောက်နေတဲ့အခါ ကိုယ့်ရဲ့ကန်ချက် မှန်မမှန်၊ ခန္ဓာကိုယ်အနေအထား မှန်မမှန် စတဲ့ နည်းစနစ်ပိုင်း (techniques) တွေကို သိပ်ပြီးဂရုမစိုက်မိပါဘူး..။ ကျွန်တော့်ရဲ့ ပွဲဟောင်းတွေကို ပြန်ကြည့်ပြီး ဘယ်နေရာတွေမှာ မှားယွင်းခဲ့တယ်..၊ စိတ်အေးအေးထားပြီး ကိုယ်ကန်မယ့်နေရာကို သေသေချာချာ ချိန်ရွယ်ဖို့ လိုအပ်တယ်. စသဖြင့် ပြန်ပြီးသုံးသပ်ခဲ့ပါတယ်..။

အခုတော့ အဲဒီအရာတွေ ပြီးဆုံးခဲ့ပါပြီ..။ ကျွန်တော်က ပီဒရို ရဲ့ပေးပို့ချက်ကို တစ်ချက်ထိန်း၊ ကိုယ်ကိုလှည့်ပြီး ကန်သွင်းလိုက်ပါတယ်..။ ခါတိုင်းကျွန်တော့်ရဲ့ကန်ချက်တွေနဲ့ မတူတာကတော့ အဲဒီဂိုးရသွားတဲ့ကန်သွင်းချက်မှာ အရင်တုန်းကလို သိပ်ပြီးမစဉ်းစားပဲ ကန်သွင်းခဲ့တာပါ..။”


ပရီးမီးယားလိဂ်၏ သမိုင်းတစ်လျှာက် ဂိုးအများဆုံးသွင်းယူနိုင်ခဲ့သည့် ကွင်းလယ်ကစားသမား တစ်ယောက်ဖြစ်ခဲ့သူ နည်းပြဖရန့် လမ်းပတ် ကလည်း မေဆန် မောင့် ကန်သွင်းမှုပြုလုပ်ခဲ့တဲ့ နေရာတွေ၊ အကွာအဝေးတွေကို သုံးသပ်ခဲ့ပြီး ဒီထက်ပိုကောင်းမွန်တဲ့ နေရာတွေကို မစောင့်ခဲ့တဲ့အပေါ် ထောက်ပြပေးခဲ့သည်..။ လူငယ်ကွင်းလယ် ကစားသမားလေးအနေဖြင့် ဂိုးရလိုစိတ် များလွန်းနေသဖြင့် ပိုပြီးကောင်းမွန်သည့်အနေအထားရောက်လာအောင် မစောင့်ဆိုင်းတော့ပဲ ဆုံးဖြတ်ချက်အမှားများကို ကျူးလွန်ခဲ့သည်..။ မေဆန် မောင့် မှာ ယခုနှစ်ဘောလုံးရာသီအတွင်း ဂိုးဧရိယာပြင်ပမှ ကန်သွင်းမှု အကြိမ် (၄၀) ပြုလုပ်ခဲ့သော်လည်း (၆) ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး တစ်ဂိုးမှမရရှိခဲ့သေးပေ..။

“ဖရန့် လမ်းပတ် က ဂိုးရနိုင်မယ့်နေရာတွေအကြောင်း သေချာပြောပါတယ်..။ ဘုန်းမောက်အသင်းနဲ့ပွဲမှာဆိုရင် ကျွန်တော်ဟာ မဖြစ်နိုင်မယ့်အနေအထားကနေ ဂိုးရလိုစိတ်နဲ့ မရရအောင် ကန်သွင်းခဲ့တာ ရှိခဲ့ပါတယ်..။ ဒါ့အပြင်ကိုယ်ကန်ခဲ့တဲ့ပွဲတွေကို ကျွန်တော်ပြန်ပြီး ကြည့်လေ့ရှိသလို အဖေနဲ့ သေသေချာချာ ဆွေးနွေးပါတယ်..။ အဲဒီထဲမှာ ဘေယန် မြူးနစ်နဲ့ပွဲမှာ မဖြစ်နိုင်တဲ့ အနေအထားမှာ ဘယ်ခြေနဲ့ ကန်သွင်းခဲ့တဲ့ ကန်ချက်အကြောင်းတွေလည်း ပါခဲ့ပါတယ်..။ တကယ်တော့ ဂိုးရလိုစိတ် အရမ်းများလွန်းခဲ့တာကြောင့် အဲဒီလိုဆန္ဒစောပြီး ကန်သွင်းခဲ့တာပါ..။ သင့်တော်တဲ့အချိန်ကျရင် ဒီနေ့ပွဲကလို အခွင့်အရေးဆိုတာ ရလာတာပါပဲ..။”


ထိုသို့ကာလရှည်ကြာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့ရသည့် ကာလကို ကျော်ဖြတ်နိုင်ခဲ့သည့်အတွက် ပျော်ရွှင်ကျေနပ်နေခဲ့သည့် လူငယ်ကွင်းလယ် ကစားသမားလေးမှာ ဖခင်ဖြစ်သူ၏ အားပေးကူညီမှုနှင့် ပတ်သက်ပြီး ယခုလို ထပ်မံဖြည့်စွက်၊ ပြောကြားခဲ့ပါကြောင်း တင်ဆက်လိုက်ပါသည်..။

“ကျွန်တော့်အဖေဟာ အဆင့်နိမ့်လိဂ်ပြိုင်ပွဲတွေမှာ ကစားခဲ့ဖူးတဲ့ ကစားသမားဟောင်းတစ်ယောက်ပါ..။ ဒါပေမယ့် သူဟာကျွန်တော်ကန်ခဲ့တဲ့ပွဲတိုင်းကို အမြဲတမ်းအာရုံစိုက်ပြီး အားပေးလေ့ရှိသလို ကျွန်တော်ဟာ အခုလိုကစားသမားမျိုး ဖြစ်လာခဲ့တာ သူ့ရဲ့အထောက်အပံ့ အများကြီးပါဝင်ခဲ့ပါတယ်..။

ကျွန်တော်ကလည်း ကိုယ့်ကိုကောင်းစေချင်လို့ ပေးအပ်တဲ့ အကြံဉာဏ်တိုင်းကို လက်ခံသွားရမှာပါ..။ အဲဒီလိုကိုယ့်ကိုယ်ကို အမြဲတမ်းတိုးတက်အောင် ကြိုးစားနေရတဲ့အချိန်တွေမှာ လမ်းပတ် နဲ့ ကျွန်တော့်အဖေတို့လို ကျွန်တော့်ရဲ့အခြေအနေ အသေးစိတ်ကို လေ့လာပြီး ဘယ်လိုတိုးတက်အောင် ပြုလုပ်သင့်တယ်ဆိုပြီး အကြံပေးမယ့်သူတွေရှိနေတာ သိပ်ကိုကောင်းပါတယ်..။

အထူးသဖြင့်ပွဲပြီးလို့ အဖေနဲ့အတူ အိမ်ပြန်ခရီးမှာ ကားစီးရင်း အဖေနဲ့ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေဟာ ကျွန်တော့်အတွက် အများကြီးအထောက်အကူ ဖြစ်ခဲ့ပါတယ်..။ အဲဒီအကျင့်ကို ကလေးဘဝကတည်းက စတင်လာခဲ့တာ အခုအချိန်ထိ မပြောင်းမလဲ ကျင့်သုံးနေဆဲပါပဲ..။”