ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့လာမှုကြောင့် ၂၀၁၉/ ၂၀၂၀ ပရီးမီးယားလိဂ် ဘောလုံးရာသီအား ယခုတစ်ပါတ်မှစတင်၍ အစောဆုံးဧပြီလ (၄) ရက်နေ့အထိ အရေးပေါ် ရပ်ဆိုင်းထားခဲ့သည်..။ အဆိုပါဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့သည့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်၏ အရေးပေါ်အစည်းအဝေးတွင် ပရီးမီးယားလိဂ် အသင်းများမှ တာဝန်ရှိသူများက ပြိုင်ပွဲပြန်လည်စတင်နိုင်ခြင်း မရှိသည့် အခြေအနေတစ်ရပ်နှင့် ကြုံတွေ့ခဲ့ရပါက လက်ရှိအမှတ်ပေးဇယားကို (၂၅) မှတ်အသာဖြင့် ဦးဆောင်နေသည့် လီဗာပူးလ်အသင်းအား ချန်ပီယံဆု ချီးမြှင့်ရန် ဆိုသည့်အချက်ကို နည်းလမ်းတစ်ခုအနေဖြင့် ထည့်သွင်းစဉ်းစားခဲ့ကြောင်း၊ အဆိုပါဆုံးဖြတ်ချက်အပေါ် ပရီးမီးယားလိဂ် အသင်းမှ တာဝန်ရှိသူများအနက် ကန့်ကွက်မှုအနည်းငယ်သာ ရှိခဲ့ကြောင်း The Telegraph သတင်းဌာနက ဖော်ပြခဲ့သည်..။
သို့သော်ချန်ပီယံအသင်းထက်ပို၍ ဆုံးဖြတ်ရခက်နေသည့် အခြေအနေမှာ ကျန်ရှိနေသည့်အသင်းများ..၊ အထူးသဖြင့် တန်းဆင်းဇုန်မှ အသင်းများနှင့် ချန်ပီယံရှစ် ပြိုင်ပွဲတွင် ထိပ်ဆုံးရောက်နေသည့်အသင်းများကို မည်ကဲ့သို့ဆက်လက်ဆောင်ရွက်ရမည့်အပေါ် အခြေအနေ ဆွေးနွေးခဲ့ကြသည်..။ ဖြစ်နိုင်ခြေများကို ဆွေးနွေးရာတွင် လက်ရှိရမှတ်များအပေါ်တွင် မူတည်ပြီး တန်းဆင်း/ တန်းတက်အသင်းများကို ဆုံးဖြတ်ရန် (သို့မဟုတ်) တန်းဆင်းအသင်းများ လုံးဝမရှိတော့ပဲ ချန်ပီယံရှစ် ပြိုင်ပွဲမှ ထိပ်ဆုံးနှစ်သင်းကို ထပ်ဖြည့်ပြီး (၂၂) သင်း ပြိုင်ပွဲဖြင့် ကစားရန် (သို့မဟုတ်) ပြိုင်ပွဲအချိန်ဇယားကို လာမည့် ၂၀၂၂ ခုနှစ်၊ ဆောင်းရာသီတွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲ အချိန်ဇယားနှင့် လိုက်လျောညီထွေဖြစ်ရန်အတွက် ပြန်လည်ပြင်ဆင်ရန် စသည့် ဖြစ်နိုင်ခြေများ ပါဝင်ခဲ့သည်..။
အဆိုပါဆွေးနွေးချက်များမှာ ပြီးပြတ်ခြင်းမရှိသောကြောင့် နောက်တစ်ပါတ်တွင် အစည်းအဝေးတစ်ကြိမ် ထပ်မံကျင်းပရန် စီစဉ်ထားကြောင်းသိရသည်..။ (ဥရောပဝင်ခွင့်များနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များမှာ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ ဆုံးဖြတ်ချက်များကို လိုက်နာရမည် ဖြစ်သည်..။)
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပြိုင်ပွဲအားလုံးကို ဧပြီလဆန်းပိုင်းတွင် ပြန်လည်စတင်နိုင်ရန် မျှော်မှန်းထားသော်လည်း ပညာရှင်အချို့လက်ရှိဗိုင်းရပ်စ်ပိုး ပိုးမွှားပျံ့နှံ့မှုကို အစောဆုံး နွေရာသီကာလတွင်မှ ထိန်းချုပ်နိုင်လိမ့်မည်ဟု ခန့်မှန်းနေကြသဖြင့် UEFA ကလည်း ယခုနှစ်နွေရာသီတွင် ကျင်းပရန်စီစဉ်ထားသော ယူရို ၂၀၂၀ ဥရောပဖလား ပြိုင်ပွဲကို နောက်ထပ်တစ်နှစ် ရွေ့ဆိုင်းရန် စဉ်းစားလျှက်ရှိသည်..။
သို့သော် ယခုနှစ်ဘောလုံးရာသီကုန်ချိန် ဇွန်လ (၃၀) ရက်နေ့အထိ ပြိုင်ပွဲများကို ပြန်လည်ကျင်းပနိုင်ခြင်းမရှိပါက စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် ကစားသမားအသီးသီးတို့၏ အနေအထား၊ ရုပ်/သံကုမ္ပဏီများ၊ စီးပွားရေး ကုမ္ပဏီများနှင့် ချုပ်ဆိုထားသည့် စာချုပ်များအပေါ် မည်သို့ဆုံးဖြတ်ရမည် စသည့်အရေးကြီးသည့်အချက်များအပေါ် ဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း သုံးသပ်ခဲ့ကြသည်..။
Ref: We Aint Got No History