ချယ်လ်ဆီးအသင်းမှာ လူငယ်တိုက်စစ်မှူး တန်မီ အေဘရာဟမ် နှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းလျှက်ရှိပြီး လက်ရှိအချိန်တွင် အသက် (၂၂) နှစ်အရွယ် တိုက်စစ်မှူးမှာ အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးရန် နှစ်နှစ်ကျန်ရှိနေသေးသည်..။ သို့သော် တန်မီ အေဘရာဟမ် မှာ အသင်းမှ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး တစ်ပါတ်လျှင် လစာပေါင် (၁၈၀,၀၀၀) ရရှိရန် တောင်းဆိုထားကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်..။
သို့သော် တန်မီ အေဘရာဟမ် မှာ ယခင်အပါတ်များက ထွက်ပေါ်ခဲ့သလို လစာပေါင် (၁၈၀,၀၀၀) ရရှိရန် တောင်းဆိုခဲ့ခြင်းမရှိပဲ ပုံမှန်ကြံ့ခိုင်မှု ပြန်လည်ရရှိနိုင်ရန်အတွက်သာ အစွမ်းကုန် ကြိုးပမ်းလျှက်ရှိကြောင်း The Telegraph သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်..။
အဆိုပါသတင်းအား ချယ်လ်ဆီးပရိသတ်တစ်ယောက်က ထပ်မံဝေမျှခဲ့ရာ တန်မီ အေဘရာဟမ် က သူ၏ကိုယ်ပိုင် Twitter အကောင့်မှ ‘နောက်ဆုံးမှာတော့ သတင်းမှန်တစ်ချို့ ထွက်လာတာပါပဲ…’ ဟု ဝင်ရောက်ရေးသားခဲ့ပြီး ယခင်ထွက်ပေါ်လာသည့် သတင်းများ မှန်ကန်မှုမရှိသည့် အဓိပ္ပါယ်အဖြစ် ထုတ်ပြန်ခဲ့သည်..။
လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်းမှာ ကြယ်ပွင့်ကစားသမားများ၏ စာချုပ်သက်တမ်းတိုး ကိစ္စများတွင် ကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရသလို ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှုကြောင့် ပြိုင်ပွဲများကို ရပ်ဆိုင်းထားရခြင်းကလည်း အခက်အခဲများကို ပိုမိုဆိုးရွားစေခဲ့သည်..။
ပီဒရို၊ ဝီလီယံ နှင့် တန်မီ အေဘရာဟမ် တို့မှာ ယခုနှစ်ရာသီကုန်ချိန်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်သော်လည်း လက်ရှိအနေအထားအရ ပြိုင်ပွဲများ ပြန်လည်စတင်ချိန် နွေရာသီကာလအထိ အသင်းနှင့်ဆက်လက် လက်တွဲသွားရမည့် အခြေအနေရှိနေခဲ့သည်..။