ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် ကစားပွဲများကို အနားပေးထားရချိန်အတွင်း BBC သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံ၊ မေးမြန်းခန်းတစ်ခုတွင် ချယ်လ်ဆီးအသင်း တောင်ပံကစားသမား ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း က ဘိုရုရှား ဒေါ့မွန်အသင်းမှ အင်္ဂလန်လက်ရွေးစင်အသင်းဖော် ဂျာဒွန် ဆန်ချို အား FIFA ဂိမ်း တစ်ယောက်ချင်း ယှဉ်ပြိုင်ကစားလိုကြောင်း စိန်ခေါ်ပြောကြားခဲ့သည်..။
အသက် (၁၉) နှစ်အရွယ်ရှိ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း မှာ ပရီးမီးယားလိဂ် ကစားသမားများထဲတွင် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး ပထမဆုံး တွေ့ရှိခဲ့သည့် ကစားသမားဖြစ်ခဲ့သည်..။ အဆိုပါရောဂါပိုး တွေ့ရှိခဲ့ခြင်းကြောင့် သီးခြားခွဲခြားနေထိုင်နေရစဉ် ကာလအတွင်း အချိန်များကုန်ဆုံးသွားစေရန် မည်ကဲ့သို့ ပြုမူနေထိုင်ခဲ့ရကြောင်း ယခုလို ပြောပြခဲ့သည်..။
“ကျွန်တော်ဟာ သီးခြားနေထိုင်နေရပေမယ့် ကျွန်တော့်ကိုအဖော်ပြုပြီး online ကနေ chatting စကားပြောပေးမယ့် သူငယ်ချင်းတွေ အများကြီးရှိနေပါတယ်..။ အဲဒီလိုမှမဟုတ်ရင် သူငယ်ချင်းတွေနဲ့ PlayStation တီဗွီဂိမ်း ကစားနေလေ့ရှိပါတယ်..။ Call of Duty ဖြစ်ဖြစ်၊ NBA ဘတ်စ်ကတ်ဘောဂိမ်းဖြစ်ဖြစ် ကစားလေ့ရှိပါတယ်..။ FIFA ဂိမ်းကစားပြီ ဆိုလို့ကတော့ ကျွန်တော်က တန်မီ အေဘရာဟမ် နဲ့တွဲပြီး ကစားတာများပါတယ်..။ ကျွန်တော်တို့နှစ်ယေက် တွဲပြီဆိုရင် နိုင်ဖို့က သေချာသလောက်ပါပဲ..။
ဒါပေမယ့် ကျွန်တော်က ဂျာဒွန် ဆန်ချို နဲ့ တစ်ယောက်ချင်းကစားချင်တာပါ..။ သူကကျွန်တော့်ထက် လက်ပိုကောင်းတယ်လို့ ထင်နေပေမယ့် တကယ်တမ်းကျတော့ အဲဒီလိုမဟုတ်မှန်း သူလည်းသိပါတယ်..။ ဒါ့ကြောင့်သူကအကြောင်းမျိုးမျီုးပြပြီး ရှောင်နေတာဗျ..။
ကျွန်တော်က အခုချက်ချင်းကို သူနဲ့ကန်ချင်နေတာပါ..။ သူဘာပဲလုပ်နေပါစေ… ကျွန်တော်က စောင့်နေတယ်လို့ ပြောပေးပါဦး..။ ပြီးရင်အဲဒီပွဲကို Live လွှင့်ပါမယ်..။ ဒါမှဘယ်သူပိုပြီး လက်ရည်ကောင်းသလဲ အားလုံးသိသွားပါမယ်..။”
ထို့နောက် ဟတ်ဒ်ဆန် အိုဒွိုင်း က သူ၏ကျန်းမာရေး အခြေအနေနှင့် ပတ်သက်ပြီး ပရိသတ်များအား ယခုလိုအသိပေး ပြောကြားခဲ့သည်..။
“အခုဆိုရင် ကျွန်တော်ဟာ အပြည့်အ၀ ပြန်လည်ကောင်းမွန်နေပါပြီ..။ ကျန်းမာနေတယ်..၊ ကြံ့ခိုင်မှုလည်း ပြည့်ဝနေတယ်ဆိုတဲ့ ခံစားမှုကို ရရှိနေပါတယ်..။ လူသားအားလုံးကိုလည်း ကပ်ရောဂါဘေးကနေ ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ်..။ ဒါ့ကြောင့်လူတိုင်းလူတိုင်းကို ကိုယ့်ရဲ့အိမ်မှာပဲ နေပေးဖို့ မေတ္ကာရပ်ခံလိုက်ပါတယ်..။ ဒါ့အပြင်ရောဂါပိုးကြောင့် ဝေဒနာခံစားနေရသူတွေကို ပြုစု၊ ကုသနေတဲ့၊ ရောဂါပိုးတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ရှေ့တန်းက ပါဝင်နေတဲ့ ဆးရုံတွေကသူတွေကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုက်ပါတယ်..။”