ချယ်လ်ဆီးအသင်း ဂန္တဝင်အသင်းခေါင်းဆောင် ဂျွန် တယ်ရီ မှာ National Health Services (NHS) နှင့် Make-A-Wish ဖောင်ဒေးရှင်း တို့အား ထောက်ပံ့ရန်အတွက် သူ၏ကစားသမားဘဝအတွင်း အမှတ်တရပစ္စည်း (၁၂) မျိုးကို လေလံတင်ရောင်းချခဲ့သည်..။
အက်စ်တွန် ဗီလာအသင်းတွက် လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသော ဂျွန် တယ်ရီ မှာ ‘Just Giving’ အမည်ရှိ Page မှတဆင့် အဆိုပါအမှတ်တရပစ္စည်းများကို လေလံတင် ရောင်းချခဲ့ခြင်းဖြစ်ပြီး အမှတ်တရပစ္စည်း (၁၂) မျိုးမှ စတာလင်ပေါင် (၂၅၀,၀၀၀) ရရှိရန် ရည်မှန်းထားပြီး အဆိုပါရောင်းချငွေများအား Chelsea နှင့် Westminister ဆေးရုံ အပါအဝင် ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့များသို့ ထောက်ပံ့သွားမည်ဟု သိရသည်..။ သောကြာနေ့ ဗြိတိသျှ စံတော်ချိန် နေ့လည် (၁) နာရီတွင် စတင်ခဲ့သော သူ၏ e bay လေလံပွဲမှ ယခုအချိန်ထိ စတာလင်ပေါင် (၁၉၆,၀၀၀) ရရှိပြီးဖြစ်ကြောင်း သိရသည်..။
အဆိုပါအမှတ်တရပစ္စည်းများစာရင်းတွင် သူ၏လက်မှတ်ပါရှိသော ၂၀၁၅/ ၁၆ ဘောလုံးရာသီ ပထမအင်္ကျီ (အထက်ပါပုံ) မှာ စတာလင်ပေါင် (၄,၁၀၀) ဖြင့် တန်ဖိုးအမြင့်ဆုံးရရှိခဲ့ပြီး အောက်ဖော်ပြပါပုံတွင် ပါရှိသည့် ဖရန့် လမ်းပတ် ၏ ၂၀၀၆/ ၀၇ ဘောလုံးရာသီ တတိယအင်္ကျီမှာ စတာလင်ပေါင် (၁,၀၀၀) ကျော်ဖြင့် ရောင်းချခဲ့ရသည်ဟု သိရသည်..။
ထို့အပြင် သူ၏လက်မှတ်ရေးထိုးထားသည့် ချယ်လ်ဆီးအသင်း ကပ္ပတိန်လက်ပတ် (အောက်ပါပုံ) နှင့် ဒီဒီယာ ဒရော့ဘာ ၏အကျီ (အောက်ပါပုံ) တို့လည်း ပါရှိသည်..။
အဆိုပါကိုယ်ပိုင်ပစ္စည်းများအပြင် စုဆောင်းထားသည့်ပစ္စည်းများဖြစ်သည့် အင်္ဂလန်တိုက်စစ်မှူး မိုက်ကယ် အိုဝင် လက်မှတ်ရေးထိုးထားသည့် ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဘရာဇီးလ်အသင်းနှင့်ပွဲစဉ်တွင် ဝတ်ဆင်ခဲ့သည့် အင်္ကျီ (အောက်ပါပုံ)၊ အာဂျင်တီးနား ဂန္တဝင် အသင်းခေါင်းဆောင် ဒီယေဂို မာရာဒိုနာ လက်မှတ်ရေးထိုးထားသည့်အင်္ကျီ (အောက်ပါပုံ)၊ ဝက်စ်လေ ရှနိုက်ဒါ ၏ အင်တာမီလန်အသင်းအကျီ တို့အပြင် အေစီ မီလန်အသင်းမှ ကာဖူ၊ အိုလီဗာ ဘီယာဟော့ဖ်၊ ဇဘိုနီမီယာ ဘိုဘန် တို့၏အင်္ကျီများလည်း ပါဝင်သည်ဟု သိရသည်..။