ဟာကင် ဇိုင်းယက်ချ် မှာ ပြီးခဲ့သည့် ဆောင်းရာသီအပြောင်းအရွှေ့ ကာလတွင် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိရန် သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်သည်..။ ယခုအချိန်တွင် ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကြောင့် ကြန့်ကြာမှုများ ရှိနေသော်လည်း မူလစီစဉ်ထားသည့်အတိုင်း ပြောင်းရွှေ့နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဒတ်ချ်သတင်းဌာန AD နှင့် တွေ့ဆုံခန်းတွင် ပြောကြားခဲ့သည်..။
ချယ်လ်ဆီးအသင်းမှာ အိုင်းယက်စ်အသင်း ကြယ်ပွင့်ကစားသမား ဟာကင် ဇိုင်းယက်ချ် အား စတာလင်ပေါင် (၃၇) သန်းဖြင့် ခေါ်ယူခဲ့ပြီး မော်ရိုကို ကွင်းလယ်ဖန်တီးရှင်အား အိုင်းယက်စ်အသင်းတွင် ရာသီကုန်အထိ ဆက်လက်ရှိနေစေရန် သဘောတူညီမှု ရရှိခဲ့သည်။
ယခုအချိန်တွင် ဒတ်ချ်လိဂ်ပြိုင်ပွဲများကို တရားဝင်ဖျက်သိမ်းလိုက်ပြီ ဖြစ်သော်လည်း (အိုင်းယက်စ် အသင်းမှာ အမှတ်ပေးဇယားကို ဦးဆောင်နေသော်လည်း ချန်ပီယံဆု ချီးမြှင့်မည်မဟုတ်ကြောင်း သိရသည်..။) အခြားလိဂ်ပြိုင်ပွဲများနှင့် အသင်းများ၏ အနေအထားတို့မှာ မရေရာသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်..။ သို့သော် သူ၏အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး မူလစီစဉ်ထားသည့်အတိုင်း ဇူလိုင် (၁) ရက်နေ့တွင် ချယ်လ်ဆီးအသင်း ကစားသမားအဖြစ် တရားဝင် ကြေငြာနိုင်လိမ့်မည်ဟု သိရှိထားကြောင်း ယခုလို ပြောဆိုခဲ့သည်..။
"လက်ရှိအခြေအနေမှာ ကြုံတွေ့နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ စိုးရိမ်ပူပန်မှု မရှိပါဘူး..။ ကျွန်တော်လက်မှတ်ရေးထိုးတားတဲ့ သဘောတူစာချုပ်မှာလည်း ဇူလိုင် (၁) ရက်လို့ပဲ ရေးထားတာပါ..၊ ဒါ့ကြောင့်အဲဒီနေ့ရောက်ရင် ကျွန်တော်ဟာ ချယ်လ်ဆီးကစားသမား ဖြစ်ပါပြီ..။ အဲဒီလိုပဲ ကျွန်တော်သိထားပါတယ်..။
ဒါပေမယ့် ဘောလုံးပွဲတွေ ပြန်လည်စတင်ပြီဆိုရင် ကျွန်တော်တို့အားလုံး လုံခြုံစိတ်ချစွာ ပြန်လည်စတင်နိုင်မလား..? ဆိုတဲ့ မေးခွန်းကတော့ ရှိနေပါတယ်..။ အရင်ကမပြီးဆုံးသေးတဲ့ ပွဲစဉ်တွေကို ဆက်ချင်ရင်လည်း ဆက်မှာပါ..၊ အဲဒီအရာတွေဟာ ကျွန်တော်ဆုံးဖြတ်နိုင်တဲ့အရာတွေ မဟုတ်ပါဘူး..၊ ဒါ့ကြောင့်ဘာဖြစ်လာမလဲ ဆက်ပြီးစောင့်ကြည့်ရုံပါပဲ..။"
ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကပ်ရောဂါကြောင့် ဘောလုံးလောကအပေါ် နောက်ဆက်တွဲ ရိုက်ခပ်မှု ကြီးမားနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းမှုများ ရှိနေသလို လာမည့်နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အပေါ်တွင်လည်း သက်ရောက်မှု ကြီးမားနိုင်ဖွယ် ရှိနေသည်..။ ထို့ကြောင့်အသင်းအများစုမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကပ်ရောဂါ ကျော်လွန်သွားပြီးနောက်ပိုင်းတွင် အစီအစဉ်အပြောင်းအလဲ အများအပြား ဖြစ်လာနိုင်လိမ့်မည်ဟု မှန်းဆနေကြသည်..။
ထို့ကြောင့် ဇိုင်းယက်ချ် အနေဖြင့် သူ၏အပြောင်းအရွှေ့ကို စောစောစီးစီး အပြီးသတ်နိုင်ခဲ့သည့်အတွက် ကျေနပ်မိကြောင်း ထပ်မံပြောဆိုခဲ့ပါသည်..။
"ကျွန်တော့်ရဲ့ အပြောင်းအရွှေ့ဟာ အပြီးသတ်နိုင်ပြီဆိုတော့ စိတ်အေးရတာပေါ့ဗျာ..။ လာမယ့် အပြောင်းအရွှေ့ရာသီမှာ ဘာတွေဖြစ်လာမလဲ ဘယ်သူကမှ မသိပါဘူး..။ အထူးသဖြင့် ကြေးကြီးတဲ့ အပြောင်းအရွှေ့တွေ ပြုလုပ်နိုင်ဦးမလားဆိုတာ ဘယ်သူကမှ ရေရေရာရာ မပြောနိုင်တော့တဲ့ အနေအထားပါ..။"