အာဆင်နယ်အသင်း ဂန္တဝင်ဂိုးသမားဟောင်း ယန်း လေးမန်း က ၂၀၀၄ ခုနှစ်၊ ချန်ပီယံလိဂ် ပြိုင်ပွဲ၊ ကွာတားဖိုင်နယ်ပွဲစဉ် ချယ်လ်ဆီးအသင်းအား ဟိုက် ဘူရီကွင်းတွင် ရှုံးနိမ့်ခဲ့ခြင်းမှာ နိုက်ကီ ကုမ္ပဏီထုတ် ဘောလုံးသစ် ၏ ခန့်မှန်းရခက်ခဲသော ဝှေ့ဝှိုက်သွားသည့် လမ်းကြောင်းကြောင့် ဖြစ်သည်ဟု မနေ့ကပြုလုပ်သော တွေ့ဆုံခန်းတစ်ခုတွင် ပြောကြားသွားခဲ့သည်..။
အဆိုပါ ၂၀၀၃/ ၀၄ ဘောလုံးရာသီတွင် နည်းပြကြီး အာစင် ဝင်းဂါး ၏ အာဆယ်နယ် 'The Invincibles' အသင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၃၈) ပွဲစလုံး ရှုံးနိမ့်ခဲ့ခြင်းမရှိပဲ တစ်ရာသီလုံး ရှုံးပွဲမရှိ စံချိန်ဖြင့် ပရီးမီးယားလိဂ် ဖလားကို အနိုင်ရဗိုလ်စွဲခဲ့သည်..။
ချန်ပီယံလိဂ် ပြိုင်ပွဲ၊ ကွာတားဖိုင်နယ်အဆင့်တွင် ချယ်လ်ဆီးအသင်းနှင့် တွေ့ဆုံခဲ့ရာ ပထမအကျော့ စတန်းဖို့ဒ် ဘရစ်ချ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သောကြောင့် အာဆင်နယ်အသင်းမှ အသာရခဲ့သလို ဒုတိယအကျော့ အိမ်ကွင်းတွင်လည်း အန်တိုနီယို ရီးယက်စ် ၏ ပထမပိုင်း ပြီးခါနီး သွင်းယူခဲ့သောဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်..။
သို့သော်ဒုတိယပိုင်း ပွဲချိန် (၅၁) မိနစ်တွင် ဂိုးသမား ယန်း လေးမန်း မှာ ကွင်းလယ်ကစားသမား ကလော့ဒ် မက်ခလီလီ ၏ အဝေးကန်ချက်ကို အမိဖမ်းရာတွင် လျံထွက်သွားပြီး ပြန်ကျလာသည့် ဘောလုံးအား ဖရန့် လမ်းပတ် က အမိအရ ပိတ်သွင်းကာ ချယ်လ်ဆီးအသင်းအတွက် အဖိုးတန်ချေပဂိုး ရယူပေးခဲ့သည်..။ ထို့နောက်ပွဲပြီးခါနီးတွင် ဘယ်နောက်ခံလူ ဝိန်း ဘရစ်ချ် က ထောင့်ဖြတ်ကန်သွင်းပြီး ချယ်လ်ဆီးအသင်းအား အကြိုဗိုလ်လုပွဲအဆင့်သို့ တက်ရောက်စေခဲ့သည်..။
အဆိုပါရှုံးပွဲနှင့်ပတ်သက်ပြီး ဂိုးသမား လေးမန်း က ပွဲကျပ်များကြောင့် ပွဲပန်းခဲ့မှုအပြင် အုပ်စုအဆင့် ပွဲစဉ်များတွင် အသုံးပြုခဲ့သော Nike Total 90 Aerow ဘောလုံးအစား Nike Merlin Vapour ဘောလုံးအသစ်အား အသုံးပြုခဲ့ခြင်းကလည်း အချက်တစ်ချက်အနေဖြင့် ပါဝင်ခဲ့သည်ဟု ယုံကြည်ခဲ့ကြောင်း beIN Sports သတင်းဌာနနှင့် တွေ့ဆုံခန်းတွင် ယခုလို ပြောဆိုခဲ့သည်..။
"တခါတလေကျရင် ရာသီကုန်ခါနီးမှာ ပွဲကျပ်တွေ အများကြီးကစားခိုင်းတတ်တဲ့ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်ရေးဆွဲပုံကို ကျွန်တော်နားမလည်မိပါဘူး..။ အဲဒီနှစ်က (၁၀) ရက်အတွင်းမှာ ထိပ်တန်းအသင်းတွေနဲ့ ဆက်တိုက်ဆိုသလို ရင်ဆိုင်နေရခဲ့ပါတယ်..။ ဒါ့ကြောင့်ဘယ်အသင်းကမှ အကောင်းဆုံးကို ခြေစွမ်းကို နှစ်ရက်၊ သုံးရက်ခြား ကစားရတဲ့ ပွဲတိုင်းမှာ ပြသနိုင်မှာလဲဗျာ..။ အဲဒီအချက်ဟာ ချယ်လ်ဆီးနဲ့ပွဲမတိုင်ခင်ကတည်းက ကျွန်တော်တို့ရဲ့ အားနည်းချက်တစ်ခု ဖြစ်နေခဲ့ပါပြီ..။
နောက်ပြီးချယ်လ်ဆီးနဲ့ပွဲမှာ ကျွန်တော်ဟာ အမှားတစ်ခု ပြုလုပ်မိတာကို မှတ်မိပါတယ်..။ ဘာကြောင့်လည်းဆိုတော့ အဲဒီပွဲကျမှ Nike ဘောလုံးအသစ်နဲ့ ကစားရတာကြောင့် ဘောလုံးရဲ့ ဝှေ့ဝှိုက်လာတဲ့ လမ်းကြောင်းကို မမှန်းတတ်ပါဘူး.။ ဒါ့ကြောင့်မက်ခလီလီ ရဲ့ ကန်ချက်ကို အမိအရ မဖမ်းနိုင်ခဲ့သလို ဝိန်း ဘရစ်ချ် ရဲ့ ကန်ချက်ကိုလည်း မတားဆီးနိုင်ခဲ့ပါဘူး...။
ဖရန့် လမ်းပတ် ချေပဂိုး ရသွားပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ မောပန်းနေတာကြောင့် ဝိန်း ဘရစ်ချ် ရဲ့ ထိုးဖောက်မှုကို ထိထိရောက်ရောက် မတားဆီးနိုင်ခဲ့ပါဘူး..။ ဒါ့ကြောင့်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ..။"