feature-image

‘Match of the Day’ သုံးသပ်ချက် (ချယ်လ်ဆီး Vs တော့တင်ဟမ်)

စနေနေ့က စတန်းဖို့ဒ် ဘရစ်ချ် ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် တော့တင်ဟမ်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်အပြီး ချယ်လ်ဆီးအသင်း၏ ကစားပုံနှင့် ပွဲချိန်အတွင်းမှ အငြင်းပွားစရာ ဖြစ်ရပ်များအပေါ်အာဆင်နယ်အသင်း ဂန္တဝင်ကစားသမားဟောင်း အီယန် ရိုက် နှင့် မာတင် ကီယွန်း တို့က BBC ရုပ်သံဌာနမှ တင်ဆက်သော ‘Match of the Day’ အစီအစဉ်မှတဆင့် ယခုလို သုံးသပ်သွားခဲ့ကြသည်..။

ဂယ်ရီ လိုင်နီကာ - ကဲ.. ဒီနေ့ပွဲမှာလည်း VAR နဲ့ပတ်သက်ပြီး အငြင်းပွားစရာလေးတွေ ရှိလာခဲ့ပြန်ပြီပေါ့ဗျာ..။ အဲဒီအကြောင်းကို မပြောခင် ချယ်လ်ဆီးအသင်းရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး အရင်ဆုံး ဆွေးနွေးချင်ပါတယ်..။ ဖရန့် လမ်းပတ် ဟာ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်း ပွဲထွက်လူစာရင်းကို (၄) ယောက် အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး လေးယောက်စလုံး ဒီနေ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ အထူးသဖြင့် အိုလီဗီယာ ဂျီရူးဒ် ပေါ့ဗျာ..၊ သူဟာဒီနေ့ပွဲမှာ ပွဲထွက်လူစာရင်းထဲမှာ ပါလာအောင် အချိန်အကြာကြီး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့ရတယ်ဗျ..။



အီယန် ရိုက် - ကျွန်တော်ကတော့ ဒီနေ့ပွဲအကြောင်းပြောရင် ‘မက်တီယို ကိုဗာဆစ်’ ကိုလည်း ထည့်သွင်း၊ ချီးကျူးဖို့တော့ လိုပါလိမ့်မယ်..။ အခုထိတော့ သူဟာဒီနှစ်ဘောလုံးရာသီ၊ ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံး ကစားသမား (player of the Season) ပဲဗျ..။ ဒီနေ့ပွဲမှာ မော်ရင်ဟို က သူ့ဆီမှာ တိုက်စစ်မှူးမရှိတဲ့အကြောင်း ပြောသွားတယ်ပေါ့..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းမှာက အထောင်တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးဒ် ကို တင်ကစားပြီး သူ့ရဲ့နောက်မှာ မေဆန် မောင့်၊ ဘာကလေ နဲ့ မားကို့စ် အလွန်ဆို တို့ ဝန်းရံခဲ့ပါတယ်..(ပုံ - ၁) ။ သူ့ဆီကို ဦးတည်ပေးပို့ပြီး ကျန်တဲ့ကစားသမားတွေနဲ့ အနီးကပ်တွဲဖက် ထိုးဖောက်ဖို့ စီမံခဲ့ပါတယ်..။



ဒီနှစ်ဘောလုံးရာသီ ချယ်လ်ဆီးအသင်းရဲ့ပွဲ အတော်များများ ကျွန်တော်ကြည့်ခဲ့ပါတယ်..။ သူတို့ဟာ ဒီနေ့ပွဲကလိုမျိုး ဂိုးဧရိယာထဲကို ထိုးဖောက်နေတာမျိုး သိပ်မတွေ့ရပဲ ဘေးတိုက်ပေးတာတွေများနေတာ တွေ့ရပါတယ်..။ ပထမပိုင်း (၁၅) မိနစ်မှာ ရရှိခဲ့တဲ့ ပထမဂိုးမှာဆိုရင် ဂျော်ဂင်ဟို ဟာ ရှေ့ကတိုက်စစ်ကစားသမားတွေရဲ့ နေရာယူတဲ့ အနေအထားကို ကြည့်စရာတောင်မလိုပဲ ဂျီရူးဒ် ရဲ့ ပြေးလမ်းကြောင်းထဲကို အတိအကျ ပေးပို့နိုင်ခဲ့တာ တွေ့ရမှာပါ..(ပုံ - ၂) ။ သူတို့အနေနဲ့ နောက်လာမယ့်ပွဲစဉ်တွေမှာ အရင်ပွဲတွေလို တိုက်စစ်လမ်းကြောင်းရှာနေတာနဲ့ အချိန်ကုန်မနေပဲ ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပိုပြီးပြုလုပ်လာနိုင်လိမ့်မယ်လို့ ထင်ပါတယ်..။



ဒီနေ့ပွဲမှာဆိုရင် သူတို့ဆီမှာ အဲဒီလိုကစားနိုင်တဲ့ တိုက်စစ်မှူးတွေရှိနေတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်..။ ဂျီရူးဒ် ဆိုရင် ဒီနေ့မတိုင်ခင် တစ်လလုံး ကစားခွင့်မရခဲ့ဘူး..၊ ဒီနေ့မတိုင်ခင်အထိ ဂိုးကန်သွင်းချက်စုစုပေါင်း (၆) ကြိမ်ပဲ ရှိခဲ့ပါတယ်..။ တိုက်စစ်မှူးတစ်ယောက်အတွက် လုံလောက်တဲ့ ဖန်တီးမှုတွေ မပြုလုပ်ပေးနိုင်ခဲ့ပါဘူး..။ နောက်ပြီးတော့တင်ဟမ် အသင်းရဲ့ ခံစစ်ဆင်ပုံကလည်း ကွင်းလယ် double pivot နှစ်ယောက်ဖြစ်တဲ့ ဂျော်ဂင်ဟို နဲ့ ကိုဗာဆစ် တို့နှစ်ယောက်ကိုသာ ဘောလုံးမဖြန့်နိုင်အောင် တားဆီးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မေဆန် မောင့် နဲ့ ဘာကလေ တို့ကို ပိတ်ဆို့မယ့်သူ မရှိခဲ့ပါဘူး..(ပုံ - ၃)။ ဒါ့ကြောင့်သူတို့နှစ်ယောက်စလုံးဟာ တော့တင်ဟမ်အသင်း ကွင်းလယ်နဲ့ခံစစ်ကြောင်းကြားက နေရာလွတ်တွေကို ကောင်းကောင်းအသုံးချ၊ ထိုးဖောက်နိုင်ခဲ့တာ တွေ့ခဲ့ရပါတယ်..။



ဒုတိယပိုင်းအစမှာ ရရှိခဲ့တဲ့ ဒုတိယဂိုးမှာဆိုရင်လည်း ရိစ် ဂျိမ်းစ် ရဲ့ လက်ပစ်ဘောကနေ ဂျီရူးဒ် ဟာ တော့တင်ဟမ် နောက်တန်းလူတွေကြားက ခေါင်းတိုက်ပြီး မေဆန် ရဲ့ ပြေးလမ်းကြောင်းထဲကို ချပေးတယ်.. (ပုံ - ၄)..။ လို ဆယ်လ်ဆို အနေနဲ့ အလွန်ဆို ရဲ့ ပြေးလမ်းကြောင်းထဲ ခင်းမပေးနိုင်အောင် ဘာကလေ ကို ဒီထက်ပိုပြီး ထိထိရောက်ရောက် ဖျက်နိုင်ခဲ့သင့်တယ်လို့ ထင်ပါတယ်.(ပုံ - ၅) ။ အလွန်ဆို ရဲ့ မနားတမ်းကန်ချက်ကလည်း သိပ်ကိုကောင်းမွန်လှပါတယ်..။ ဒီနေ့ပွဲမှာ ဖရန့် ဟာ သူ့အသင်းရဲ့ ကစားပုံအပေါ် အရမ်းကျေနပ်ခဲ့သလို အသင်းသားတွေရဲ့ စုစည်းမှုနဲ့ စိတ်ဓါတ်ပိုင်း အထူးကောင်းမွန်ခဲ့ပါတယ်..။



ဂယ်ရီ လိုင်နီကာ - ဟုတ်ကဲ့ပါ.. တော့တင်ဟမ်အသင်းရဲ့ ကစားပုံအကြောင်းနည်းနည်းပြောကြတာပေါ့..။ မာတင် ရေ.. ဒီနေ့ပွဲမှာ သူတို့အသင်းရဲ့ အဓိကကြယ်ပွင့်ကစားသမားတစ်ချို့ မပါဝင်နိုင်ခဲ့သလို ပွဲမတိုင်ခင်မှာ မော်ရင်ဟို ကလည်း သူတို့အသင်းဟာ ‘ကျည်ဆန်ကုန်နေတဲ့ သေနတ်တစ်လက်’ လို ဖြစ်နေတယ်ဆိုပြီး ပြောခဲ့ပါသေးတယ်..။ တကယ်တော့ အဲဒီစကားဟာ ကွင်းထဲမှာကစားနေတဲ့သူတွေကို မယုံကြည်ရာရောက်တာပေါ့..။ ဘယ်လိုပဲဖြစ်ဖြစ်ပါ… ဒီနေ့ပွဲမှာ သူတို့အသင်းရဲ့ ကစားပုံဟာ ရှိသင့်သလောက် အားရဖို့မကောင်းခဲ့ဘူးလု့ိ ထင်ပါတယ်.. ဟုတ်တယ်မလားဗျ..?

မာတင် ကီယွန်း - သေချာတာပေါ့ဗျာ..။ ဒီနေ့ပွဲမှာ သူတို့ဟာ စိတ်ဓါတ်ရော ခံယူချက်ပါ  မရှိခဲ့ပါဘူး.. (no conviction, no expression)။ ဒါကလည်း မော်ရင်ဟို ကိုယ်တိုင်က စလာတာပဲ ထင်ပါတယ်.။ သူတို့ဟာ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းကို ခံစစ်အားပြုပြီး ပွဲအရှိန်ကိုထိန်းချုပ် (contained) ကစားသွားနိုင်ဖို့ပဲ ပြင်ဆင်လာခဲ့ပုံရပါတယ်..။ ပွဲစလာကတည်းက ဂိုးရအောင်သွင်းမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးမရှိခဲ့သလို ဂိုးပေးလိုက်ရပေမယ့်လည်း တိုက်စစ်အရှိန်တက်လာတာ မရှိဘူးဗျ..။ အသင်းသားတိုင်းဟာ နောက်ပြန်ပေး..၊ ဘေးတိုက်ပေးတွေကိုပဲ ပြုုလုပ်ဖို့ ပိုပြီးအားသန်နေတာ တွေ့ရပါတယ်..(ပုံ- ၆) ။



ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံနဲ့ စိတ်ဓါတ်ပိုင်း ပိုပြီးကောင်းမွန်ခဲ့တာ မှန်ပေမယ့် သူတို့ရဲ့ကစားပုံကိုယ်တိုင်က အားရဖို့မကောင်းခဲ့ပါဘူး..။ ဘောလုံးရရင် နောက်တန်းကိုပြန်ပေးမယ်..၊ နောက်ခံလူတွေက အဝေးဘောတွေနဲ့ တိုက်စစ်ဇုန်မှာရှိတဲ့ ကစားသမားတွေရဲ့ ပြေးလမ်းကြောင်းထဲ ကန်တင်ပေးမယ်ဆိုတဲ့ ပုံစံမျိုးပဲ တွေ့နေရပါတယ်..။ အခုမော်ရင်ဟို ရဲ့ အသင်းမှာ ဘယ်လိုပုံစံကစားမယ်ဆိုတဲ့ ဦးတည်ချက် (identity) ပျောက်နေပါတယ်လို့ ခံစားနေရပါတယ်..။ အခုအောက်က ပြထားတဲ့ပုံ (ပုံ - ၇) မှာဆိုရင် ဗာတိုဂန် ဗျာ…။ သူ့အတွက် ဘောလုံးဖြန့်ပေးဖို့ ရွေးချယ်စရာတွေ အများကြီး ရှိနေပါတယ်..။ ဒါပေမယ့် သူဟာအဲဒီလို တွဲလုံးတွေနဲ့ build up play ကို စတင်ဖို့ မစဉ်းစားပဲ ညာတောင်ပံ အဝေးကြီးကို ကန်တင်လိုက်တယ်..၊ အလာဟသ ဖြစ်သွားရတယ်ပေါ့..။ တကယ်တော့ ဗာတွန်ဂန် ဆိုတာ တကယ့်အရည်အသွေးမြင့် ကစားသမားတစ်ယောက်ပါ..။



နှစ်ဂိုးရှုံးနေတဲ့အချိန်ကျမှ အဲရစ် လာမယ်လာ၊ ဒယ်လီ အားလီ တို့ ဝင်လာပြီးတဲ့နောက်ပိုင်း အသင်းရဲ့ကစားပုံ ပိုပြီးသွက်လာပါတယ်..။ အထူးသဖြင့် လာမယ်လာ ဟာ တော့တင်ဟမ် အသင်းရဲ့တိုက်စစ်ပိုင်းကို အသက်သွင်းနိုင်ခဲ့တယ်လို့ ထင်ပါတယ်..။ အဲဒီနောက်ပိုင်း ဂိုးရချင်တဲ့စိတ်၊ ဆန္ဒနဲ့ ထိုးဖောက်တဲ့အခါ တကယ်လည်း ဂိုးရခဲ့တာပဲလေဗျ..။ ဒါ့ကြောင့်မော်ရင်ဟို ပြောခဲ့တဲ့ သူ့ရဲ့သေနတ်ဟာ ကျည်ဆန်ကုန်နေပါတယ်… ဆိုတဲ့ စကားကို ကျွန်တော်သဘောမတူပါဘူူး..။ ဒီပွဲမှာအဆုံးအဖြတ်က သူ့ရဲ့ကစားသမားတွေအပေါ် သူ့ရဲ့ယုံကြည်မှုအားနည်းချက်ကပဲ အဆုံးအဖြတ်ပေးခဲ့တာပါ..။



ဂယ်ရီ လိုင်နီကာ - ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ (Professional Game Match Officials Linilted- PGMOL) က ပွဲအပြီးမှာ ဂျီယိုဗာနီ လို ဆယ်လ်ဆို ကို  မထုတ်ပယ်ခဲ့တဲ့ VAR ဒိုင်ရဲ့ ဆုံးဖြတ်ချက် မှားယွင်းခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်..။ ကျွန်တော်တို့အားလုံး အဲဒီကြေငြာချက်ကို သဘောတူညီကြလိမ့်မယ် ထင်တာပဲဗျ..

အီယန် ရိုက် - ‘Yes.. We are..’ ဟုတ်တာပေါ့ဗျာ..။ ဒါပေမယ့် သူတို့ရဲ့ပွဲပြီးမှ ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်ဟာ ဖရန့် လမ်းပတ် ကိုရော၊ ပရိသတ်တွေအတွက် ဘာမှအထောက်အကူ မဖြစ်ခဲ့ပါဘူး..။ တကယ်တော့ VAR ဆိုတာ ဒီလိုအရာတွေကို တားဆီးနိုင်အောင် ထည့်သွင်းခဲ့တာ မဟုတ်လားဗျ..။ ဒါပေမယ့် ‘ကျွန်တော်တို့ မှားခဲ့ပါတယ်..’ လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ခြင်းဟာ တိုးတက်မှုတစ်ခုပါပဲ..။



မာတင် ကီယွန်း - အနီးကပ်ပြကွက်တွေမှာ ဆီဇာ အက်ဇ်ပီလီကွဲတား ရဲ့ ညှို့သကျီးမှာ ဖိနပ်ဘားတွေတောင် ရှင်းရှင်းကြီးကျန်နေခဲ့တယ်ဗျ..။ လို ဆယ်လ်ဆို က သေချာပေါက် အနီကတ်ဒ်ပြရမှာပါ..။ တကယ်တော့ ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ် အိုလီဗာ အနေနဲ့ ကွင်းဘေးက မော်နီတာကို သွားကြည့်ပြီး ပြစ်ဒဏ်ပေးသင့်၊ မပေးသင့် ဆုံးဖြတ်သင့်ပါတယ်..။ တကယ်လို့ လို ဆယ်လ်ဆို သာ ထုတ်ပယ်ခံခဲ့ရမယ်ဆိုရင် တော့တင်ဟမ်အသင်းအတွက် ဒီနေ့ပွဲမှာ ပြန်လာနိုင်စရာ အကြောင်းကိုမရှိတော့ပါဘူး..။