ချယ်လ်ဆီးအသင်းမှာ ဘုန်းမောက်အသင်းနှင့် မနေ့ကယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်တွင် တစ်ဘက်နှစ်ဂိုးစီ သရေကျခဲ့သောကြောင့် တတိယနေရာမှ လက်စ်တာအသင်းနှင့် သုံးမှတ်အကွာသို့ ရောက်ရှိနိုင်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်..။ မနေ့ကပွဲစဉ်တွင် ဖရန့် လမ်းပတ် ၏အသင်းမှာ မားကို့စ် အလွန်ဆို ၏ ပထမပိုင်းသွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အိမ်ရှင်အသင်းက ဒုတိယပိုင်းအစတွင် ဂျက်ဖာဆန် လားမား နှင့် ဂျော့ရှ်ရှာ ကင်း တို့ သွင်းယူခဲ့သောဂိုးများဖြင့် ပြန်လည်ဦးဆောင်နိုင်ခဲ့သည်..။ ပွဲပြီးခါနီးတွင် ဘယ်တောင်ပံ နောက်ခံလူ မားကို့စ် အလွန်ဆို က ဒုတိယချေပဂိုးသွင်းယူပေးခဲ့ပြီး ချယ်လ်ဆီးအသင်း အမှတ်ဗလာဖြင့် အိမ်ပြန်လာရမည့်ဘေးမှ ကယ်တင်ပေးခဲ့သော်လည်း အသင့် (၄) နေရာအတွက် အသင်းများစွာ ဖိအားပေးနေချိန်တွင် ယခုလိုသရေရလဒ်သာ ဆောင်ယူနိုင်ခဲ့ခြင်းမှာ ရှုံးပွဲတစ်ပွဲကဲ့သို့ မှတ်ယူရမည့် အနေအထားဟု သတ်မှတ်နိုင်ပေသည်..။
ဒါ့အပြင်ဘုန်းမောက်အသင်းနှင့်ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ‘3 back system’ ကို အသုံးပြုခဲ့သည့် (၉) ပွဲမြောက် ပွဲစဉ်လည်း ဖြစ်ခဲ့သည်..။ အဆိုပါပွဲစဉ်များတွင် အသင်း၏အောင်မြင်မှု၊ ရှုံးနိမ့်မှုရလဒ်များကို ပြန်လည်သုံးသပ်ကြည့်ပါမည်..
လမ်းပတ် နှင့် ‘၃- ၄- ၃’ ကစားကွက်..
ချယ်လ်ဆီးအသင်းမှာ အီတလီနည်းပြ အန်တိုနီယို ကွန်တီ ကိုင်တွယ်နေစဉ်ကာလအတွင်း ‘၃- ၄- ၃’ ကစားကွက်ဖြင့် အောင်မြင်မှုရရှိခဲ့ဖူးသည့် အစဉ်အလာရှိခဲ့သော်လည်း မော်ရစ်စ်ဇီယို ဆာရီ ကိုင်တွယ်ခဲ့သည့် မနှစ်ကဘောလုံးရာသီတွင် ‘နောက်တန်းသုံးယောက် ကစားကွက်စနစ် (3 back system)’ ကို လုံးဝစွန့်လွှတ်ခဲ့သည်..။ နည်းပြဖရန့် လမ်းပတ် ကိုင်တွယ်ခဲ့ချိန်တွင် အဆိုပါကစားနည်းစနစ်ကို ရံဖန်ရံခါမှသာ အသုံးပြုခဲ့သည်..။
စက်တင်ဘာလအတွင်း ဝုလ်ဖ်အသင်းနှင့် ရင်ဆိုင်ခဲ့ရသည့် အဝေးကွင်းပွဲစဉ်တွင် လမ်းပတ် မှာ သုံးယောက်တန်း ခံစစ်ကြောင်းစနစ်နှင့် ၃- ၄- ၃ ကစားကွက်ကို စတင်အသုံးပြုခဲ့ပြီး တိုက်စစ်မှူး တန်မီ အေဘရာဟမ် ၏ hattrick အပါအဝင် ၅ဂိုး - ၂ဂိုးဖြင့် အနိုင်ရခဲ့သည်..။ ထို့ကြောင့်ဗလင်စီယာအသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် အဆိုပါအခင်းအကျင်းအတိုင်း ဆက်လက်ပွဲထွက်ခဲ့သော်လည်း မှန်းချက်နှင့်မကိုက်ပဲ တစ်ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်..။
ထို့နောက်အောက်တိုဘာလအတွင်း ယှဉ်ပြိုင်ခဲ့ရသော လိုင်လီအသင်းနှင့် ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်တွင် အဆိုပါအခင်းအကျင်းအတိုင်း ထပ်မံအသုံးပြုခဲ့ပြီး ၂ဂိုး - ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်..။ သို့သော်လည်း ဒီဇင်ဘာလအထိ နောက်တစ်ကြိမ် ထပ်မံခင်းကျင်းခဲ့ခြင်းမရှိခဲ့ပေ..။
တော့တင်ဟမ်အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် သူ၏သုံးယောက်တန်း ခံစစ်ကြောင်းမှာ အောင်မြင်မှုရရှိခဲ့ပြီး ဆရာဟောင်းဖြစ်သူ ဟိုဆေး မော်ရင်ဟို က အန်တိုနီယို ကွန်တီ ၏ ခံစစ်ဦးစားပေး ကစားဟန်နှင့် နှိုင်းယှဉ်ပြောကြားခဲ့သေးသည်..။ ထို့ကြောင့်ထိုပွဲအပြီး ဆောက်ပ်သမ်တန်အသင်းနှင့် အိမ်ကွင်းပွဲစဉ်တွင် ၃- ၄- ၃ ကစားကွက်နှင့် ထပ်မံပွဲထွက်ခဲ့ရာ ခြေပြတ်၊ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရသည်..။ သို့သော်ဖရန့် လမ်းပတ် မှာ အာဆင်နယ်အသင်းအား ၁- ၂ ဖြင့် အနိုင်ရရှိခဲ့သည့် အဝေးကွင်းပွဲစဉ်တွင် အဆိုပါအခင်းအကျင်းအတိုင်း ဆက်လက်ပွဲထွက်ခဲ့သည်..။ အာဆင်နယ်အသင်း အခြေသာ၊ ဂိုးအသာဖြင့် ဦးဆောင်နိုင်နေခဲ့သည့် ပထမပိုင်းမှာပင် ဘယ်တောင်ပံ wing back အီမာဆန် အစား ဂျော်ဂင်ဟို ကို အစားထိုးခဲ့ပြီး လေးယောက်တန်း ခံစစ်ကြောင်းဖြင့် ၄- ၃- ၃ ပုံစံ ပြောင်းလဲကစားခဲ့သည်..။
အဆိုပါပွဲစဉ်မှာ ဖရန့် လမ်းပတ် အတွက် သုံးယောက်တန်းခံစစ်ကြောင်းပုံစံဖြင့် အသုံးပြုခဲ့သည့် နောက်ဆုံးပွဲစဉ်ဖြစ်လိမ့်မည်ဟု ထင်ခဲ့သော်ငြား တော့တင်ဟမ်အသင်းနှင့် ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်တွင် ‘3 back system’ ကို ထပ်မံအသုံးပြုခဲ့ပြီး အနိုင်ရရှိခဲ့သည်..။ ထို့နောက်ဘေယန် မြူးနစ် အသင်းအား အဆိုပါကစားကွက်၊ လူစာရင်းဖြင့် အိမ်ကွင်းတွင် သုံးဂိုးပြတ် ရှုံးနိမ့်ခဲ့ပြန်သည်.။ သို့သော်ဖရန့် လမ်းပတ် မှာ ဘုန်းမောက်အသင်းနှင့် အဝေးကွင်းပွဲတွင် အဆိုပါကစားကွက် အခင်းအကျင်းအတိုင်း နောက်တန်းတွင် ဖီကာရို တိုမိုရီ ကို ထည့်သွင်းပြီး စမ်းသပ်ခဲ့ပြန်သည်..။ ဒီပွဲတွင်လည်း သူ၏ ‘3 back system’ မှာ ချယ်လ်ဆီးအသင်း၏ ခံစစ်ကြောင်းပြသနာကို ဖြေရှင်းပေးနိုင်ရန် မစွမ်းဆောင်နိုင်ခဲ့ပေ…
တောက်ပခဲ့တဲ့ မားကို့စ် အလွန်ဆို
ဘုန်းမောက်အသင်းနှင့် ပွဲစဉ်တွင် ချယ်လ်ဆီးအသင်း၏ ကောင်းကွက်များကို သုံးသပ်ပြရမယ်ဆိုလျှင် အဆိုပါပွဲစဉ်အတွင်း wing backs များမှာ ခြေစွမ်းပြသနိုင်ခဲ့ခြင်းပဲဖြစ်သည်..။ ရိစ် ဂျိမ်းစ် နှင့် မားကို့စ် အလွန်ဆို တို့၏ တောင်ပံတိုက်စစ်များမှာ ဘုန်းမောက်အသင်း၏ ခံစစ်ကြောင်းကို အကြိမ်ကြိမ်ဒုက္ခပေးနိုင်ခဲ့ပြီး အထူးသဖြင့် ရိစ် ဂျိမ်းစ် ၏ ဖြတ်တင်ဘောများမှာ ထိရောက်မှုရှိခဲ့သည်ကို တွေ့ရပါသည်..။
ချယ်လ်ဆီးအသင်း ရရှိခဲ့သည့် အဖွင့်ဂိုးမှာလည်း ရိစ် ဂျိမ်းစ် ၏ ညာတောင်ပံ ဖြတ်တင်ဘောမှတဆင့် ရရှိခဲ့ခြင်းဖြစ်သည်..။ နောက်ခံလူ အဒမ် စမစ် ကို ကျော်ဖြတ်ပြီး ကန်တင်လိုက်သည့် ရိစ် ဂျိမ်းစ် ၏ ဖြတ်တင်ဘောကို အိုလီဗီယာ ဂျီရူးဒ် ပိတ်သွင်းရာ ဂိုးဘားတန်းထိ ထွက်ခဲ့သည်..။ ပြန်ကျလာသည့် ဘောလုံးကို မားကို့စ် အလွန်ဆို က မြေမကျပိတ်သွင်းပြီး သူ့အတွက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် နှစ်ပွဲဆက်တိုက် ဂိုးသွင်းပေးနိုင်သည့် မှတ်တမ်းတင်နိုင်ခဲ့သည်..။ အလွန်ဆို မှာ ထိုမျှနှင့် အားမရနိုင်ခဲ့ပဲ ဒုတိယချေပဂိုးသွင်းယူချိန်တွင် ဘယ်တောင်ပံ တိုက်စစ်မှူးအဖြစ်ပါ တိုက်စစ်ကိုလိုက်ပါ ကစားနေခဲ့သည်ကို တွေ့ခဲ့ရသည်..။
အဆိုပါပွဲစဉ်တွင် ရိစ် ဂျိမ်းစ် နှင့် မားကို့စ် အလွန်ဆို တို့၏ ဘယ်၊ ညာတောင်ပံမှ ပံံ့ပိုးမှုများမှာ ထိရောက်မှုရှိခဲ့သော်လည်း တိုက်စစ်ကစားသမားများမှ အဆိုပါအခွင့်အရေးများကို အဆုံးသတ်ဂိုးသွင်းမှုအပိုင်းတွင် အားနည်းခဲ့သည်..။ တကယ်တော့ အပိုင်ဂိုးသွင်းခွင့်များကို ဖြုန်းတီးပစ်သည့် ပြသနာမှာ ယခုနှစ်ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်း ကြုံတွေ့နေရသော အဓိကပြသနာ တစ်ရပ်လည်း ဖြစ်ခဲ့သည်..။
အပြာရောင်တို့ရဲ့ အားပျော့လွန်းတဲ့ခံစစ်ကြောင်း..
ဖရန့် လမ်းပတ် မှာ ယခုနှစ်ဘောလုံးရာသီစတင်ချိန်ကတည်းက ချယ်လ်ဆီးအသင်း၏ ခံစစ်ကြောင်းအားနည်းချက်များကို ပြင်ဆင်နိုင်ခြင်းမရှိသေးသလို ယခုပွဲတွင်လည်း သူတို့အသင်း၏ ‘3 back system’ မှာ အပြာရောင်တို့ အမှတ်လျော့ရခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်ခဲ့သည်..။ ဘုန်းမောက်အသင်းမှာ တိုက်စစ်ကိုအလွန်အကျွံ လိုက်ပါလွန်းသည့် wing backs နှစ်ယောက်နှင့် ဗဟိုခံစစ်မှူးများကြားမှ နေရာလွတ်ကို အာရုံစိုက်ထိုးဖောက်ခဲ့ရာ ထိရောက်ခဲ့ပြီး ပွဲအစပိုင်းတွင် ချယ်လ်ဆီးအသင်းမှာ ကံကောင်းလွန်းသောကြောင့်သာ အဖွင့်ဂိုးမပေးခဲ့ရခြင်းဖြစ်သည်..။ ပထမပိုင်း (၄) မိနစ်တွင် ဘုန်းမောက်အသင်း နောက်တန်းမှ ဂျက်ခ် စတေစီ မှာ အလွန်ဆို တိုက်စစ်လိုက်ပါခြင်းကြောင့် လွတ်သွားခဲ့သည့် နေရာလွတ်မှတဆင့် ဖိလစ် ဘီလင်း ထံ အတိအကျ ပေးပို့နိုင်ခဲ့သည်..။ သို့သော်လည်း ဘီလင်း ၏ ပိတ်သွင်းချက်ကို ဂိုးသမား ကာဘာလာယို ကာကွယ်နိုင်ခဲ့သည်..။
အဆိုပါကန်ချက်အပြီး သိပ်မကြာခင်မှာပင် တိုမိုရီ နှင့် အလွန်ဆို တို့၏ ဘယ်ခြမ်းခံစစ်မှပင် ဘီလင်း က နောက်တစ်ကြိမ် ကန်ခွင့်ရခဲ့ပြန်သည်..။ ဒီတစ်ကြိမ်မှာ တရားခံကတော့ အာရုံစူးစိုက်မှု အားနည်းခဲ့သည့် ဖီကာရို တိုမိုရီ ကြောင့် ခွင့်ပြုလိုက်ရခြင်း ဖြစ်သော်လည်း ဘီလင်း ၏ကန်ချက် ဘေးထွက်သွားခဲ့သောကြောင့် သက်သာခဲ့ရသည်..။
တကယ်တော့ အပြာရောင်တို့ရဲ့ ခံစစ်ကြောင်းတွင် wing backs များသာမကပဲ ဗဟိုခံစစ်မှူးများ၏ နေရာယူမှုအပိုင်းတွင်လည်း ပြသနာများ ရှိနေခဲ့သည်..။ ဘုန်းမောက်အသင်းနှင့်ပွဲတွင် တိုမိုရီ ၏ တစ်ဦးချင်းစွမ်းဆောင်ရည် အားနည်းချက်များ ရှိခဲ့သလို ဆီဇာ အက်ဇ်ပီလီကွဲတား မှာလည်း ညာအစွန်သို့ မကြာခဏ ထွက်သွားပြီး ဂျိမ်းစ် နှင့် လူထပ်နေလေ့ရှိသည်ကိုလည်း တွေ့ခဲ့ရသည်..။ ဒါ့အပြင် ဘုန်းမောက်အသင်း၏ ပထမချေပဂိုးတွင် ဂျက်ဖာဆန် လားမား မှာ အင်ဒရီယက်စ် ခရစ်စ်တီယန်ဆန် နှင့် မက်တီယို ကိုဗာဆစ် တို့နှင့် ခေါင်းယှဉ်တိုက်ပြီး သွင်းယူသွားခဲ့ခြင်းဖြစ်သည်..။
ဖရန့် လမ်းပတ် ၏ ဗဟိုနောက်ခံလူများမှာ တည်ကန်ဘောများကို ကာကွယ်ရာတွင် နေရာယူမှုသာမက တစ်ဦးချင်းဖျက်ထုတ်မှု အပိုင်းတွင်လည်း အားနည်းချက်များ ရှိနေခဲ့သည်..။ ဘုန်းမောက်အသင်း၏ ဒုတိယဂိုးမှာလည်း တိုက်စစ်ကို လိုက်ပါလွန်းသည့် wing backs များကြောင့် ပေါ်လာသည့် နေရာလွတ်ကို ညာနောက်ခံလူ ဂျက်ခ် စတေဆီ က အသုံးချပြီး အဝေးတိုင်တွင် အသင့်စောင့်နေသည့် ဂျော့ရှ်ရှာ ကင်း အတွက် အတိအကျ ပေးပို့နိုင်ခဲ့သည်..။
ဘုန်းမောက်အသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပြီးနောက်ပိုင်းတွင် ဖရန့် လမ်းပတ် မှာ အမှားအယွင်းများနေသည့် ဖီကာရို တိုမိုရီ အား ဝီလီယံ နှင့် လူစားလဲခဲ့ပြီး ၄- ၃- ၃ ကစားကွက်သို့ ပြန်လည်ပြောင်းလဲခဲ့သည်..။ ထို့ကြောင့်မတည်ငြိမ်သည့် လူစာရင်းနှင့် အပြောင်းအလဲများခဲ့သည့် ခံစစ်နည်းစနစ်များမှာ အသင်း၏ ခံစစ်ပိုင်းပြသနာများအတွက် အဖြေမဖြစ်နိုင်ခဲ့သောကြောင့် ဖရန့် လမ်းပတ် အနေဖြင့် စနေနေ့က ဘုန်းမောက်အသင်းနှင့်ပွဲစဉ်မှာ သူ၏ ‘3 back system’ စွန့်စားခန်း နိဂုံးကမ္ပတ် အဆုံးသတ်ချိန် ရောက်ပြီလား..? ဟု တွေးဆမိပါကြောင်း တင်ဆက်လိုက်ပါသည်..။
(Squawka.com မှ ဆောင်းပါးရှင် Harry Edwards ၏ ‘Bournemouth 2-2 Chelsea: Back three cannot solve Lampard’s problems’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)