feature-image

လာ မာစီယာ ကို ငြင်းပယ်ခဲ့တဲ့ အပြာရောင်တို့ရဲ့ အနာဂတ် ကွင်းလယ်ဖန်တီးရှင်

အခုနှစ် ဖေဖော်ဝါရီလဆန်းမှာ နည်းပြဖရန့် လမ်းပတ် က လူငယ်ကွင်းလယ်ကစားသမားလေး ဘီလီ ဂေးလ်မား ကို ချယ်လ်ဆီးအသင်းရဲ့ ပထမအသင်းကြီးဆီကို ခေါ်ယူလိုက်ပါတယ်..။ အဲဒီအချိန်မှာ သူ့ရဲ့နည်းပြအဖွဲ့ဝင်တစ်ယောက်က ‘ကောင်လေးကို ကြည့်ရတာ (၁၅) နှစ်သားလေး ကျနေတာပဲ’ လို့ အားလုံးရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ အတွေးကို ကိုယ်စားပြုပြီး ပြောခဲ့ပါတယ်တဲ့..။ ဒါပေမယ့် ပြီးခဲ့တဲ့အင်္ဂါနေ့၊ လီဗာပူးလ်အသင်းနဲ့ FA ဖလားပွဲစဉ်မှာတော့ အဲဒီကလေးသာသာ လူငယ်လေးဟာ အပြာရောင်တို့ရဲ့ ကွင်းလယ်ကို အကောင်းဆုံးထိန်းကျောင်းသွားခဲ့ပြီး နည်းပြအဖွဲ့ဝင်တွေရဲ့အတွေး၊ ယူဆချက် မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့ပါတယ်..။

ဒါ့အပြင်အခုဆိုရင် သူတို့ဟာ ‘ဘီလီ ဂေးလ်မား’ ဆိုတဲ့ စကော့တလန် လူငယ်သေးသေးလေး တစ်ယောက်ကို စပိန်ဘီလူကြီး ဘာစီလိုနာအသင်းက ဘာကြောင့် အသည်းအသန် စောင့်ကြည့်ခဲ့လဲ..? ဆိုတာကို ကောင်းကောင်းနားလည်ခဲ့ပြီ ဖြစ်မှာပါ..။ စပိန်ပြည်ကကင်းထောက်တွေရဲ့အမြင်ဟာ သူတို့တွေနဲ့ ဘယ်လိုခြားနားမှုတွေ ရှိခဲ့တာလဲ..?

လွန်ခဲ့တဲ့နှစ်တွေအတွင်း စပိန်ချန်ပီယံ ဘာစီလိုနာအသင်းကြီးဟာ သူတို့အသင်းက ထိပ်တန်းဥရောပလူငယ် ကင်းထောက်တွေကိုစေလွှတ်ပြီး ဘီလီ ဂေးလ်မား ရဲ့ခြေစွမ်းကို အနီးကပ်စောင့်ကြည့်ခဲ့ကြပါတယ်..။ အားလုံးရဲ့ တူညီတဲ့နောက်ဆုံးမှတ်ချက်ကတော့… ‘ဘီလီ ဂေးလ်မား လေးဟာ သူနဲ့လူငယ်သက်တမ်းအလိုက် အင်္ဂလိပ် ကစားသမားတွေထဲမှာ လာ မာစီယာ အကယ်ဒမီမှာဆက်ပြီး ပြုစုပျိုးထောင်ဖို့ လိုအပ်တဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ တစ်ဦးတည်းသော ကွင်းလယ်ကစားသမား ဖြစ်ပါတယ်’.. ဆိုတာပါပဲ..။ ဒါ့အပြင် သူဟာပင်ကိုယ်ပါရမီကောင်းမွန်ပြီး ကွင်းလယ်ဖန်တီးရှင်ကောင်းတစ်ယောက် ဖြစ်လာနိုင်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့သူလည်း ဖြစ်တယ်လို့ တညီတညွတ်တည်း သဘောတူညီခဲ့ကြပါတယ်..။ သူတို့ဟာ ဂေးလ်မား လေးကို ခေါ်ယူဖို့ကြိုးစားခဲ့ကြပေမယ့် အဲဒီအချိန်က အသက် (၁၆) နှစ်အရွယ် လူငယ်လေးရဲ့စိတ်ထဲမှာတော့ ‘ချယ်လ်ဆီးအသင်းကိုသွားမယ်..’ ဆိုပြီး ခိုင်မာစွာ သံဌိဌာန် ချမှတ်ပြီးဖြစ်နေပါပြီ…



အခုဆိုရင်တော့ ပရိသတ်တွေနဲ့ လေ့လာသူတွေအားလုံးအနေနဲ့ ဖရန့် လမ်းပတ် ဟာ ဘာကြောင့်သူ့ကို အသင်းကြီးထဲကို ခြေမြန်လက်မြန်နဲ့ ခေါ်လိုက်ရခြင်းအကြောင်းရင်းကို ဆက်လက်နားလည်ခဲ့ရပြီလို့ ပြောရမှာပါ..

“ကွင်းလယ်ကစားသမားတစ်ယောက်ရဲ့ အရည်အချင်းကို အကဲဖြတ်ရာမှာ သူတို့တွေရဲ့အာရုံစူးစိုက်မှု၊ နိုင်ပွဲဆာလောင်စိတ်နဲ့ ကြိုးစားအားထုတ်မှုဟာ အချိန်ပြည့်ရှိနေလား..? ခြေနှုတ်ခြေသိမ်း မြန်ဆန်ကောင်းမွန်ရဲ့လား..? အဝင်အထွက် မှန်ကန်ရဲ့လား..? အကွက်မြင်မှုနဲ့ ဘောလုံးပေးပို့ပုံ မြန်ဆန်၊ သေသပ်ရဲ့လား..? စတဲ့ အချက်တွေကို ကျွန်တော့်အဓိကထား ကြည့်ရှလေ့ရှိပါတယ်..။”

ချယ်လ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ် က ကွင်းလယ်ကစားသမားတစ်ယောက်ကို နေရာပေးဖို့ သူ့ဘက်က အလေးပေး ကြည့်ရှုတဲ့အချက်တွေကို အခုလို ပြောပြခဲ့ပါတယ်..။ ဘီလီ ဂေးလ်မား လေးကတော့ အဲဒီအချက်တွေနဲ့ ပြည့်စုံနေတဲ့အပြင် သီးခြားထူးခြားတဲ့ ကစားကွက်အမြင်နဲ့ ပွဲအခြေအနေ သုံးသပ်နိုင်စွမ်း အထူးကောင်းမွန်တယ်လို့ ဆိုကြပါတယ်..။ ဒါ့အပြင်ပရိသတ်တိုင်း၊ လေ့လာသူတိုင်းကို မင်သပ်၊ စွဲမက်သွားစေခဲ့တဲ့ လီဗာပူးလ်အသင်းက ဝါရင့်ကွင်းလယ်ကစားသမား ဖာဘီယို ကို လှည့်စားထွက်ပြခဲ့တဲ့ လျှက်တပြတ် ကစားဟန်ကို လူတိုင်းရဲ့မျက်စိထဲမှာ အခုထိ အမှတ်ရဆဲ ဖြစ်နေဦးမှာပါ..။ ဒါဟာသူ့ရဲ့အမြင်စူးရှုမှု၊ တုံ့ပြန်မှု၊ ဆုံးဖြတ်ချက် မြန်ဆန်ုမှုတွေကို ပြသနေခြင်းဖြစ်သလို ထိပ်တန်းအသင်းကြီးတစ်သင်းကို မတုန်မလှုပ် ရင်ဆိုင်နိုင်စွမ်းရှိကြောင်းကိုလည်း သက်သေပြသလိုက်ခြင်း ဖြစ်ပါတယ်..။



“သူဟာလူကောင်သေးပေမယ့် စိတ်ဓါတ်နဲ့ခံယူချက်က ခန္ဓာကိုယ်၊ အသက်အရွယ်နဲ့မလိုက်အောင် ကြီးမားပါတယ်..။ ပင်ကိုယ်ပါရမီကလည်း သိပ်ကိုကောင်းမွန်ပါသေးတယ်.။ ဒါ့အပြင်လေ့ကျင့်ကွင်းမှာ သူဟာအရမ်းကို ရိုကျိုးပေမယ့် ဒီနေ့ပွဲ (လီဗာပူးလ်အသင်းနဲ့ပွဲတွင်) တကယ်ဝါရင့် ထိပ်တန်း ကစားသမားတစ်ယောက်အတိုင်း ကစားပြသွားနိုင်ခဲ့တာပါ..။”

လီဗာပူးလ်အသင်းနဲ့ပွဲအပြီး နည်းပြဖရန့် လမ်းပတ် ထုတ်ဖော်ချီးကျူးခဲ့သလို သူ့ရဲ့ကစားပုံနဲ့ ပေးပို့မှုတွေ အထူးကောင်းမွန်ခဲ့တာ တွေ့ခဲ့ရပါတယ်..။ ဒါ့အပြင်သူ့ရဲ့ဘောလုံးလက်ခံပုံတွေ၊ နေရာယူပုံတွေ..၊ ပြိုင်ဘက်ကစားသမားတွေကြားက ဆွဲထွက်သွားပုံ၊ ဘောလုံးပေးပို့ပုံတွေဟာ တကယ့်ကို သေသပ်၊ ကောင်းမွန်ခဲ့ပြီး သူ့ရဲ့အသက်အရွယ်နဲ့ မမျှအောင်ပါပဲ..။

သူ့အနေနဲ့ အခုအချိန်မှာ အဲဒီလိုတောက်ပခဲ့တဲ့ ကစားပုံ၊ အရည်အသွေးကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ပိုလို့တောင်အရေးကြီးလာပါပြီ..။ ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်မှာ အဓိကကစားသမားတွေဖြစ်တဲ့ မက်တီယို ကိုဗာဆစ် ဟာ လီဗာပူးလ်နဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့သလို ဂျောင်ဂင်ဟို က ပွဲပယ်ပြစ်ဒဏ်..၊ အန်ဂိုလို ကန်တေး ကလည်း ဒဏ်ရာရထားတာကနေ ပြန်ပြီးကောင်းမွန်မလာသေးပါဘူး..။ ဒါ့ကြောင့်ဖရန့် လမ်းပတ် ဟာ ဘီလီ ဂေးလ်မား ကို အဲဒီကွက်လပ်ကြီးကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်နေမှာ အသေအချာပါပဲ..။ ဒါဟာသူ့အတွက် အခွင့်အရေးကို စောင့်မျှော်နေရတယ်ဆိုတာထက် ပိုပါတယ်..။ ရရှိလာတဲ့ ကစားခွင့် အနေအထားကို အပြည့်အဝအသုံးချပြီး အသင်းကြီးအတွက် အသင့်ဖြစ်နေပြီဆိုတာ ဆက်လက်သက်သေပြသနိုင်ဖို့ပဲ လိုအပ်တော့တာပါ..။



“ဘီလီ ဟာ အခုလိုအဆင့် ပွဲစဉ်တွေအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အ၀ ရှိနေတဲ့အကြောင်း ပြသနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်ဒီနေ့ပွဲစဉ်ကလို ခြေစွမ်းမျိုးကို ဆက်လက်ပြသနိုင်မယ်ဆိုရင် သူဟာဘယ်လိုပွဲစဉ်တိုင်းမဆိုအတွက် အသင့်ဖြစ်နေမှာပါ..။ ပြီးခဲ့တဲ့တစ်နှစ်လုံးလုံး သူဟာကျွန်တော်တို့နဲ့အတူတူ လေ့ကျင့်ခဲ့သလို အခုလိုလီဗာပူးလ်အသင်းနဲ့ပွဲမှာ ပွဲထွက်ခွင့်ရခြင်းဟာ နေ့စဉ်လေ့ကျင့်ခန်းတွေမှာ ဘယ်လောက်တောင်ကောင်းအောင် ကစားပြနိုင်ခဲ့သလဲ ဆိုတဲ့ မေးခွန်းရဲ့အဖြေပါပဲ..။ တကယ့်ကို သေသေသပ်သပ် ကစားပြသွားခဲ့တာပါ..။” လို့ နည်းပြ ဖရန့် လမ်းပတ် က ထပ်မံဖြည့်စွက်ပြောပြပါတယ်..။

လီဗာပူးလ်နဲ့ပွဲမှာ မြင်တွေ့ခဲ့ကြရတဲ့ သူ့ရဲ့တိကျတဲ့၊ အကွက်မြင်တဲ့ ပေးပို့မှုတွေဟာ ဖရန့် လမ်းပတ် ရဲ့ ‘သေသေသပ်သပ် ကစားသွားခဲ့တယ်’ ဆိုတဲ့ ပြောစကားကို သက်သေပြနေခဲ့သလို သူ့ရဲ့လှပတဲ့ အယိမ်းအနွဲ့၊ အတိုးအထွက် လှုပ်ရှားမှုတွေဟာလည်း ‘အချိုပေါ် သကာလောင်း’ နေသလိုပါပဲ..။ ဒါ့ကြောင့်အဲဒီနေ့ကပွဲစဉ်မှာ လှပတဲ့သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့သူ ‘ရော့စ် ဘာကလေ’ ကလည်း အခုလိုဖြည့်စွက် ပြောကြားခဲ့ပြန်ပါသေးတယ်..။



“ဘီလီ ဟာ တကယ့်ကို ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ..။ ဒါပေမယ့်ကျွန်တော်ကတော့ မအံ့သြမိပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ မနှစ်ကဘောလုံးရာသီကတည်းက ဒီလိုပုံစံအတိုင်းပဲ သူကစားပြနေခဲ့တာဆိုတော့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ နေ့တိုင်းတွေ့နေကျ ဖြစ်နေတာကြောင့်ပါပဲ..။”

အခုဆိုရင် စကော့တလန် ကလာတဲ့ လူငယ်လေးဟာ အသင်းကြီးပွဲထွက်ခွင့်ရချိန်မှာလည်း လေ့ကျင့်ကွင်းက ပုံစံအတိုင်း ကစားပြနေနိုင်ပြီ ဖြစ်သလို ဒီထက်ပိုပြီး ကောင်းမွန်တဲ့ခြေစွမ်းတွေကို ပြသနိုင်ဖို့ ရှိနေပါသေးတယ်..။ ဒါ့ကြောင့်အပြာရောင်ပရိသတ်တွေအနေနဲ့ လူငယ်လေးရဲ့ အပြစ်ကင်းတဲ့ ကလေးသာသာ မျက်နှာလေးကို တစ်စထက်တစ်စ ပိုပြီးမြင်တွေ့ခွင့်ရလာမှာဖြစ်သလို စတန်းဖို့ဒ် ဘရစ်ချ်ရဲ့ အနာဂတ်ကွင်းလယ်ကို ထိန်းကျောင်းပေးမယ့့် ကွင်းလယ်ဖန်တီးရှင် ကြယ်ပွင့်သစ်တစ်ယောက် မွေးဖွားလာပြီ ဖြစ်တဲ့အကြောင်း တင်ဆက်လိုက်ရပါတယ်..။

(The Independent မှ ဆောင်းပါးရှင် Miguel Delaney ၏ ‘Billy Gilmour shows exactly why Barcelona wanted him with Frank Lampard rewarded for faith in Chelsea star’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)