feature-image

‘အိုလီဗီယာ ဂျီရူးဒ်’ ၏ ‘First, Last and Always’

ချယ်လ်ဆီးအသင်း Official website မှာ ယခုနှစ်ဘောလုံးရာသီတွင် ကစားသမားတစ်ဦးချင်းစီ၏ ယခင်အတိတ်က အမှတ်တရများ၊ လက်ရှိအနှစ်သက်ဆုံး အရာများအကြောင်းကို တွေ့ဆုံ၊ မေးမြန်းခန်းပုံစံဖြင့် တင်ဆက်ပေးခဲ့သည်..။ ပြင်သစ်တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးဒ် နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် သူအနှစ်သက်ဆုံး ဘောလုံးအကျီများ..၊ အားလပ်ရက်ခရီးစဉ်များ၊ မိုဘိုင်းလ် ဖုန်းများ အပါအဝင် ယခင်ကာလ၊ ယခုကာလနှင့် အမြဲတမ်းပြုလုပ်လေ့ရှိသော အမူအကျင့်များအကြောင်းကို ယခုလိုပြောပြခဲ့သည်.။

First: ခင်ဗျားပထမဆုံး ဝတ်ဆင်ခဲ့ဖူးတဲ့ ဘောလုံးအကျီအကြောင်း ပြောပြနိုင်မလား..?

“ကျွန်တော့်အစ်ကိုရဲ့ ပြင်သစ်လူငယ်လက်ရွေးစင်အသင်းမှာ သူပါဝင်တုန်းက ဝတ်ဆင်ခဲ့တဲ့ ပြင်သစ်အသင်းအကျီ ဖြစ်ပါလိမ့်မယ်..။ သူကကျွန်တော့်ထက် (၆) နှစ်ကြီးပြီး ပြင်သစ်လူငယ် (အသက် ၁၅ နှစ်အောက်) အသင်းမှာ ပါဝင်ခဲ့ဖူးပါတယ်..။ သူဟာဗဟိုခံစစ်မှူးအနေနဲ့ ကစားခဲ့ပြီး အွန်နရီ၊ အနယ်လ်ကာ၊ ထရာဇီဂေး တို့နဲ့ အတူတူကစားခဲ့ဖူးပါတယ်..။ သူဟာပင်ကိုယ် ပါရမီထူးချွန်တဲ့သူ ဖြစ်ပေမယ့် professional ကစားသမားအဆင့်ထိ မရောက်ခဲ့ဘူးပေါ့ဗျာ..”

Last: ခင်ဗျားတစ်ခါမှ မကစားခဲ့ဖူးတဲ့ အသင်းတစ်သင်းရဲ့အကျီကို နောက်ဆုံးအကြိမ် ဝတ်ဖူးခဲ့တဲ့ ဘယ်တုန်းကလဲ..? ဘယ်အသင်းရဲ့အကျီ ဖြစ်မလဲ..?

“ကလေးဘဝတုန်းက နောက်ဆုံးဝတ်ဆင်ခဲ့ဖူးတဲ့ ဘာစီလိုနာအသင်းရဲ့အကျီ ဖြစ်ပါလိမ့်မယ်..။”

Always: အဲဒီအကျီဟောင်းတွေထဲမှာ ခင်ဗျားအကြိုက်ဆုံးအကျီကို ပြောပြပေးပါလား..?

“၂၀၁၈ ကမ္ဘာ့ဖလား၊ ဗိုလ်လုပွဲမှာ ဝတ်ခဲ့တဲ့အကျီ ဖြစ်လိမ့်မယ်ဗျ..။ ကျွန်တော့်ဘဝအတွက် အရေးအပါဆုံးအကျီလည်း ဖြစ်နိုင်ပါတယ်..။ ကျွန်တော့်ဆီမှာ အမှတ်တရဖြစ်ခဲ့ရတဲ့ အကျီဟောင်းတွေ အများကြီးရှိပါတယ်..။”



First: မိုးလင်းလင်းချင်း ပထမဆုံး ခင်ဗျားစားလေ့ရှိတဲ့.. ဒါမှမဟုတ် သောက်လေ့ရှိတဲ့အရာ ပြောပြနိုင်မလားဗျ..?

“ရေ.. ပါ..။ မနက်အိပ်ရာထထချင်း အမြဲတမ်းရေသောက်လေ့ ရှိပါတယ်..။ ဝမ်းမီးငြိမ်းစေတာပေါ့ဗျာ..။”

Last: အိပ်ရာမဝင်ခင် နောက်ဆုံးဘာကိုစားဖြစ်တာများလဲ..?

“ရေ.. ပါပဲ..။”

Always: အခုတစ်ပါတ်အတွင်း အမြဲတမ်းလိုလို စားဖြစ်တဲ့အရာရှိရင် ပြောပြပေးနိုင်မလား..?

“ကစီဓါတ် (carbohydrates) နဲ့ အသားဓါတ် (proteis) ပါတဲ့ အစားအစာတွေ စားလေ့ရှိပါတယ်..။”

First: ပထမဆုံး ထိုးဖြစ်ခဲ့တဲ့ ဆေးမင်ကြောင် (tattoo) အကြောင်း ပြောပြပါလား..?

“ခြေထောက်မှာထိုးထားတဲ့ tribal ဆေးမင်ကြောင်ပါ..။ အဲဒါပြီးတော့ လက်မောင်းမှာထိုးထားတဲ့ Pslam 23 ပေါ့..။ နောက်ပြီးသင်္ကေတတိုင်းဟာ အဓိပ္ပါယ်တစ်မျိုးစီ ဆောင်နေတဲ့ Polynesian Tattoo ပါ..။ အဲဒီ tattoo ပြီးတော့ ကလေးတွေအတွက် ရည်ရွယ်ပြီးထိုးတဲ့ tattoo ဖြစ်ပါတယ်..။”



Last: ဒါဆိုရင် နောက်ဆုံးထိုးဖြစ်ခဲ့တဲ့ tattoo ကရော..?

“ကျောမှာထိုးထားတဲ့ လက်၈ါးကပ်တိုင် tattoo ပါ”

Always: ထိုးပြီးသား tattoo တွေထဲက ပြန်ပြီးဖျက်ခဲ့ရတဲ့ဟာတွေ ရှိဖူးခဲ့လား..?

“No.. မရှိပါဘူး..။”

First: ခင်ဗျားမှတ်မိသလောက် ပထမဆုံးကြည့်ဖူးတဲ့ ရုပ်ရှင်အကြောင်း ပြောပြပေးပါလား..?

“ကျွန်တော်ငယ်တုန်းက အဖေဟာ မင်းသားကြီး ရှောင် ကွန်နရီ နဲ့ နီကိုလပ်စ် ကေ့ဂျ် တို့ သရုပ်ဆောင်ထားတဲ့ ‘The Rock’ ရုပ်ရှင်ကားကို အမြဲတမ်းကြည့်လေ့ရှိပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဆိုရင် အဲဒီကားကို အကြိမ်နှစ်ဆယ်ကျော်လောက် ကြည့်ဖူးခဲ့လိမ့်မယ် ထင်ပါတယ်..။ ဇာတ်ကားထဲက ဒိုင်ယာလော့ဂ် စာသားတွေကိုတောင် အလွတ်ရတဲ့အထိပါပဲ..။”



Last: ခင်ဗျားနောက်ဆုံးကြည့်ခဲ့တဲ့ ရုပ်ရှင်.. ဒါမှမဟုတ် TV အစီအစဉ်ကို ပြောပြပေးပါလား..?

“ကျွန်တော်က ရုပ်/သံစီးရီးတွေကို ကြည့်ရတာ နှစ်သက်ပါတယ်..။ အခုနောက်ဆုံးကြည့်ဖြစ်နေတဲ့ ဇာတ်လမ်းတွဲက ‘The Walking Dead’ ပါ…။”

Always: မကြာခဏလိုလို ကြည့်ဖြစ်တဲ့ ရုပ်ရှင်ကားရှိခဲ့ရင် ပြောပြပေးနိုင်မလား..?

အဲဒါလည်း “The Rock” ပါပဲ..။

First: ကလေးဘဝတုန်းက အားလပ်ရက်တွေမှာ ဘယ်နေရာကို ခရီးထွက်ဖြစ်ခဲ့လဲ..?

“လူပျိုပေါက်တုန်းက ကျွန်တော်ဟာ ရေခဲပြင်လျောစီး (skiing) ကစားနည်းကို အရမ်းနှစ်သက်ခဲ့ပါတယ်..။ ပြင်သစ်နိုင်ငံက အယ်လ်ပ် တောင်တန်းတွေမှာ အမြဲတမ်းလျောစီးလေ့ ရှိပါတယ်..။ ကျွန်တော်တို့နေတဲ့နေရာနဲ့လည်း နီးတယ်လေ..။”

Last: ပြီးခဲ့တဲ့နိုင်ငံတကာ ပွဲစဉ်အချိန်တုန်းက ဘယ်နေရာကို သွားလည်ခဲ့လဲ..?

“ခုနက အဲလ်ပ် တောင်တန်းတွေဆီပဲ သွားခဲ့ပါတယ်..။ နွေရာသီမှာတောင်မှ ကျွန်တော်ဟာ အဲဒီကိုပဲ မကြာခဏသွားပါတယ်..။ တောင်တန်းတွေမှာ ကျွန်တော်တို့လေ့ကျင့်၊ ကစားလို့ရတဲ့ ကစားနည်းတွေ အများကြီးရှိပါတယ်..။ ဘောလုံးလောကကို ရောက်လာကတည်းက အားလပ်ရက်ဆိုရင် တောင်တန်းတွေနားမှာရှိတဲ့ ကျွန်တော့်ရဲ့ မွေးရပ်မြေ ‘Froges’ မြို့လေးဆီ အမြဲလိုလို ပြန်ဖြစ်ပါတယ်..။”

Always: အမြဲတမ်းလိုလို ပုံမှန်သွားလည်ဖြစ်တဲ့ နေရာတစ်ခု ပြောပြပါလား..?

ပြီးခဲ့တဲ့ ဆောင်းရာသီအနားပေးရက် (winter break) တွေမှာလည်း အဲလ်ပ် တောင်တန်းတွေဆီကိုပဲ သွားခဲ့တာပါ..။



First: ပထမဆုံး အသုံးပြုခဲ့တဲ့ မိုဘိုင်းဖုန်းကို မှတ်မိသေးလား..?

“Nokia ဖုန်းဗျ..။ 3210 အမျိုးအစား ဖြစ်မယ်ထင်ပါတယ်..။”

Last: ခင်ဗျားရဲ့လက်ရှိဖုန်းမှာ နောက်ဆုံး install လုပ်ဖြစ်တဲ့ application လေး ပြောပြလို့ ရနိုင်မလား..?

“ခဏလေး.. ကြည့်လိုက်ပါဦးမယ်..၊ ကလေးတွေသွင်းတဲ့ ဂိမ်းတစ်ခုပဲဗျ..။ ကျွန်တော့်ဖုန်းကို ကလေးတွေ ယူပြီးဆော့လေ့ရှိတာကြောင့် ဂိမ်းတွေအများကြီး ထည့်ထားပါတယ်..။”
Always: ဖုန်းနဲ့ဆိုရင် အများဆုံး ဘာကိုပြုလုပ်ဖြစ်လဲဗျ..?

“WhatsApp ကို သုံးတာများပါတယ်..။”


First: ကားမောင်းလိုင်စင် စာမေးပွဲကို တစ်ကြိမ်တည်းနဲ့ အောင်ခဲ့လား..?

“Yes..”

Last: ဘတ်စ်ကား၊ မီးရထားတို့ ဘယ်တုန်းက နောက်ဆုံးစီးဖြစ်ခဲ့တာလဲ..?

“’Disney on Ice’ ပွဲအတွက် O2 Arena ကို ကျွန်တော့်ကလေးတွေနဲ့အတူ သွားခဲ့တဲ့အချိန်တုန်းက နောက်ဆုံးစီးဖြစ်ခဲ့ပါတယ်..။ Jubilee Line ရထားစီးပြီးသွားခဲ့တာပါ..။ ကလေးတွေကလည်း လျှပ်စစ်ရထားစီးရတာကို သဘောကျပါတယ်..။”

Always: ဒါဆိုရင် မော်တော်ကားမောင်းတဲ့အချိန် အမြဲတမ်းနားဆင်ဖြစ်တဲ့ ဂီတ..၊ ဒါမှမဟုတ် သီချင်းကရော..?

“ကျွန်တော်က သီချင်း၊ ဂီတအစုံ နားထောင်ပါတယ်..။ ခရစ်စ်မတ်ကာလတုန်းကဆိုရင် ရေး ချားလ်စ် ရဲ့ ‘The best of Ray Charles’ အယ်လ်ဘမ်ကို နားထောင်ခဲ့ပါတယ်..။ Rock and Roll ဆိုရင် အဲလ်ဗစ်စ် ပရက်စ်လေ ပေါ့ဗျာ..။ ဒါ့အပြင် pop rock, Cold Play နဲ့ ရက်ပ် သီးချင်းတွေလည်း နားထောင်တတ်ပါတယ်..။ ပြင်သစ်သီချင်းတွေလည်း ပါတာပေါ့..။”



First: အင်္ဂလိပ် ဘာသာစကားကို ဘယ်မှာပထမဆုံး သင်ခဲ့ရလဲ..?

“ကျောင်းစတက်တဲ့ Year One ကတည်းက အင်္ဂလိပ်စာ သင်ခဲ့ရတာပါ..။ ငါးနှစ်အရွယ်လောက် ဖြစ်ပါလိမ့်မယ်..။”

Last: နောက်ဆုံးသင်ယူခဲ့ရတဲ့ အင်္ဂလိပ်စာလုံး (word)..၊ ဒါမှမဟုတ် စကားစု (phrase) ကို မှတ်မိသေးလား..?

“’To laud’ ဆိုတဲ့ စကားစုပါ..။ ကျွန်တော်ရော၊ ခရစ်စ်တီယန်ဆန် ရော နှစ်ယောက်စလုံးက laud ဆိုတဲ့ စာလုံးရဲ့အဓိပ္ပါယ်ကို မသိကြပါဘူး..။ ‘ချီးမွမ်းတယ်’ ဆိုတဲ့ အဓိပ္ပါယ် ရပါလိမ့်မယ်..။ ပြင်သစ်လိုတော့ ‘louer’ လို့ သုံးနှုန်းကြပါတယ်..။”

Always: အင်္ဂလိပ်စကားထဲက ခင်ဗျားအနေနဲ့ ဘယ်လိုမှနားမလည်နိုင်တဲ့ အစိတ်အပိုင်းတစ်ခုရှိရင် ပြောပြပေးပါလား..?

“နည်းပြကြီးဟာ ’first and foremost’ လို့ဆိုတဲ့ စကားစုကို အရမ်းသုံးစွဲတာကြောင့် အဲဒီစကားပြောတိုင်း ဘာအဓိပ္ပါယ်ရလဲလို့ မေးချင်နေမိပါတယ်..။ တစ်ခါမှသူ့ကိုမမေးခဲ့ဖူးပေမယ့် ပထမဦးဆုံး လုပ်ဆောင်ရမယ့်အလုပ်ကို ရည်ညွန်းတယ်လို့ ထင်ပါတယ်..။ ‘Foremost’ ဆိုတဲ့ စာလုံးကို ဘယ်လိုပေါင်းရမှန်းတောင် မသိပါဘူး..။ သူနဲ့ ဂျိုး (အက်ဒ်ဝဒ်) တို့နှစ်ယောက် တအားသုံးကြတယ်ဗျ..။ တည်ကန်ဘော (set piece) လေ့ကျင့်ခန်းတွေမှာဆိုရင် ဂျိုး ဟာ အဲဒီစကားကို အမြဲတမ်းပြောလေ့ရှိပါတယ်..။ ကျွန်တော်တို့ကို အာရုံစူးစိုက်မှုအပြည့် ရှိနေစေချင်တဲ့ အဓိပ္ပါယ်နဲ့ ဖြစ်ပါလိမ့်မယ်..။”