feature-image

ပရီးမီးယားလိဂ်အတွင်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုအပေါ် သုံးသပ်ခဲ့တဲ့ ဒေါက်တာ ‘အီဗာ ကာနီရို’

ဥရောပတိုက်သို့ Covid – 19 ဗိုင်းရပ်စ်ပိုး (သို့မဟုတ်) ကိုရိုနာ ဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့ချိန်တွင် ပရီးမီးယားလိဂ်အဖွဲ့ချုပ်နှင့် အသင်းများမှ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများမှာ ပိုးမွှားကူစက်မှုမှ ကာကွယ်နိုင်ရန် နည်းလမ်းများကို ချမှတ်ပေးခဲ့သလို ကစားသမားများ၏ ကိုယ်ကာယ ကြံ့ခိုင်မှု ကောင်းမွန်နေခြင်း၊ အားသွန်ခွန်စိုက် ကစားရသော ဘောလုံးပွဲစဉ်များကို အပါတ်စဉ် ယှဉ်ပြိုင်နေရခြင်းတို့ကြောင့် အလွယ်တကူ ကူးစိုက်ဖွယ်ရှိမည် မဟုတ်ဟု ထင်မှတ်ခဲ့ကြသည်..။ သို့သော်အမှန်တကယ် ဖြစ်ပွားလာချိန်တွင် ထိုကဲ့သို့ မဟုတ်ပဲ ကြာသာပတေးနေ့ တစ်ရက်အတွင်းမှာပင် ပရီးမီးယားလိဂ် ကစားသမား ငါးဦးထက်မနည်း သီးခြားခွဲထုတ် (self isolated) နေထိုင်ခဲ့ရသည်..။ ထို့အပြင် အာဆင်နယ်အသင်း မန်နေဂျာ မီခေးလ် အာတီတာ နှင့် ချယ်လ်ဆီးအသင်း တောင်ပံကစားသမား ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း တို့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း အတည်ပြုနိုင်ခဲ့ခြင်းက ဥရောပဘောလုံးလောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်..။

အဆိုပါဖြစ်ရပ်များနောက်ပိုင်းတွင် အဆင့်မြင့်ဘောလုံးလောက ရပ်ဝန်းအတွင်း ပိုးတွေ့ရှိမှုမှာ သာမာန်ပြည်သူများအတွင်း ပိုးတွေ့ရှိမှုထက် ပိုမိုမြင့်မား၊ ကူးစက်မှုနှုန်း မြန်ဆန်ခဲ့သည်..။ ထို့ကြောင့်သောကြာနေ့က စတင်ပြီး ပရီးမီးယားလိဂ် အသင်းများစွာမှာ မိမိတို့၏ ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များ၊ ဝန်ထမ်းများကို ကိုယ်နည်းကိုယ့်ဟန်ဖြင့် ဆေးစစ်မှုများ ပြုလုပ်ခဲ့ကြရတော့သည်..။ ထိုသို့ကိုယ်ကာယ ကြံ့ခိုင်မှု ကောင်းမွန်သော ထိပ်တန်းအဆင့် ကစားသမားများတွင် ရောဂါများကို တုံ့ပြန်နိုင်စွမ်း၊ ကိုယ်ခံအားနည်းပါးလာစေသည့် အခြေအနေ၊ သာမာန်လူများထက် ပိုမိုကူးစက်နိုင်သည့်အခြေအနေများအပေါ် ယခင်ချယ်လ်ဆီးအသင်း ဆေးအဖွဲ့မှ ဒေါက်တာ အီဗာ ကာနီရို က Sport Mail သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံခန်းတွင် ယခုလို သုံးသပ်ပြောကြားခဲ့သည်..။



“ထိပ်တန်းအဆင့်မြင့် ကစားသမားတိုင်းလိုလိုဟာ ပြင်ပကရောဂါတွေကို တု့ံ့ပြန်နိုင်စွမ်းအား နည်းပါးပါတယ်..။ ဒါဟာပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ..။ သွေးစစ်ဆေးမှု ရလဒ်တွေ..၊ အသက်ရှူလမ်းကြောင်းရောဂါနဲ့ အခြားကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်း ညွှန်းကိန်းတွေကလည်း အဲဒီယူဆချက်ကို ထောက်ခံနေပါတယ်..။ ဒါ့ကြောင့်လည်း သူတို့တွေ အခုလိုအလွယ်တကူ ကူးစက်ခံရတာပါ..။

ရောဂါကူးစက်နိုင်မှု အနည်းအများဟာ သူတို့ကစားခဲ့တဲ့ မိနစ်အရေအတွက်..၊ ဘယ်လိုလေ့ကျင့်ခန်းတွေကို ပြုလုပ်ခဲ့တယ်..၊ ဘယ်လိုအဆင့် ပြိုင်ပွဲတွေမှာ ကစားနေတယ်.. စတဲ့အချက်တွေအပေါ် မူတည်နေပါတယ်..။ အထူးသဖြင့် တကယ့်ထိပ်တန်းအဆင့်မြင့် ပွဲစဉ်တွေဆိုရင် (၇၂) နာရီလောက်မှာ တစ်ပွဲနှုန်း ယှဉ်ပြိုင်နေရတာဆိုတော့ ပွဲတွေကစားရတယ်..၊ ပွဲအတွက် ပြင်ဆင်လေ့ကျင့်ရပါတယ်.။ အဲဒီမှာ သူတို့ရဲ့ခန္ခာကိုယ် အင်အားတွေကို အစွမ်းကုန် အသုံးပြုရပါတော့တယ်..။ အဲဒီလိုအခြေအနေတွေကို ပိုပြီးဆိုးသွားစေတာက သူတို့ဟာ မကြာခဏ ခရီးသွားနေတဲ့ အချက်ပါပဲ..။ သူတို့ဟာကိုယ်ပိုင် ဂျက်လေယာဉ်တွေနဲ့ သီးခြားသွားကြတယ်ဆိုပေမယ့် ခရီးသွားရတယ်ဆိုတာနဲ့ အိပ်ချိန်၊ နားချိန် အပြောင်းအလဲဖြစ်တယ်…၊ မနက်အစောကြီးမှ ပြန်ရောက်တယ်.. စတဲ့အချက်တွေဟာ သူတို့ရဲ့ခန္ခာကိုယ်ကို ပိုပြီးပင်ပန်း၊ နွမ်းနယ်စေပါတယ်..။ ဒီအချက်ကလည်း သူတို့ကို ပိုပြီးကူးစက်မှု မြန်ဆန်စေတဲ့အချက်ပါပဲ..။”

ဒေါက်တာ အီဗာ ကာနီရို မှာ ချယ်လ်ဆီးအသင်း ဆေးအဖွဲ့တွင် ခြောက်နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုခုအချိန်တွင် လန်ဒန်မြို့၊ ဟာလေလမ်းရှိ Sport Medical Group တွင် အားကစားနှင့် လေ့ကျင့်ခန်း ဆေးပညာရှင်အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသည်..။

   

ဒေါက်တာ အီဗာ ထောက်ပြသကဲ့သို့ ထိပ်တန်းအဆင့် ဘောလုံးသမားများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရောက်ရှိလာချိန်တွင် ပွဲကျပ်များကြောင့် မကြာခဏ ခရီးသွားလာရချိန်နှင့် တိုက်ဆိုင်ခဲ့သည်..။ အာဆင်နယ်အသင်း မန်နေဂျာ မီခေးလ် အာတီတာ မှာ အိုလံပီယာကို့စ် အသင်းပိုင်ရှင် အီဗာဂျယ်လို့စ် မာရီနားကစ်စ် နှင့် တွေ့ဆုံခဲ့ပြီး (၄၈) နာရီ မပြည့်ခင်မှာပင် ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း အသင်းက ထုတ်ပြန်ကြေငြာခဲ့သည်..။ အိုလံပီယာကို့စ် အသင်းမှာလည်း ကစားသမားအချို့နှင့် အသင်းဝန်ထမ်းလေးဦးတို့ကို သီးခြားခွဲခြားမှု ပြုလုပ်ထားကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်..။

ချန်ပီယံရှစ် ပြိုင်ပွဲဝင် နော့တင်ဟမ် ဖောရက်စ်အသင်းကိုပါ ပိုင်ဆိုင်သော မာရီနားကို့စ် မှာ ယခင်အပါတ် သောကြာနေ့က မီးလ်ဝေါအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံရှစ် ပွဲစဉ်ကို တက်ရောက်ကြည့်ရှုခဲ့ပြီး အင်္ဂါနေ့တွင် ရောဂါပိုးတွေ့ရှိကြောင်း ကြေငြာခဲ့သည်..။ ယခုအခါတွင် မတ်လ (၇) ရက်နေ့က အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ဝက်စ်ဟမ်းအသင်းမှ မန်နေဂျာ ဒေးဗစ် မိုးယက်စ် မှာလည်း ပွဲစဉ်အတွင်း အာတီတာ နှင့် တိုက်ရိုက်ထိတွေ့ခဲ့မှုကြောင့် သီးခြား ခွဲခြားနေထိုင်နေရပြီဖြစ်သည်..။

ဘောလုံးကစားနည်းမှာ အသင်းလိုက် ကစားနည်းတစ်မျိုး ဖြစ်သည့်အတွက် ကစားသမားများမှာ အဝတ်လဲခန်းများကို အတူတူမျှေ၀ သုံးစွဲခြင်း၊ နည်းပြများ၊ ဝန်ထမ်းများနှင့်အတူ ဟိုတယ်တစ်ခုတည်းတွင် နေထိုင်ခြင်းအပြင် ထမင်းစားခန်းအတွင်း အစားအသောက်များကို ပြိုင်တူ၊ အတူတကွ စားသောက်ရသည့် အလေ့စရိုက်များကလည်း ရောဂါပိုးမွှား ကူးစက်၊ ပျံ့နှံ့မှုကို ပိုမိုမြန်ဆန်စေကြောင်း ဒေါက်တာ အီဗာ က ဖြည့်စွက်ပြောကြားခဲ့သည်..။



“ကစားသမားတွေဟာ သူတို့ရဲ့မိသားစုဝင်တွေထဲမှာ လူတွေအများကြီးတွေနဲ့ ထိတွေ့၊ ဆက်ဆံနေရတဲ့သူတွေ ဖြစ်ကြပါတယ်..။ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေရှိပြီ ဆိုကတည်းက တခြားပြိုင်ဘက်အသင်း ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေ..၊ တခြားနိုင်ငံက ပရိသတ်တွေနဲ့ ထိတွေ့ရပါပြီ..။ အဲဒီနေရာမှာ တခြားနိုင်ငံက လာတဲ့သူတွေဆီမှာလည်း သူတို့ရဲ့ ကိုယ်စီခရီးသွားလာခဲ့တဲ့ ရာဇဝင်တွေရှိခဲ့တယ်ဆိုတော့ ရောဂါတစ်ခု ပျံ့လာပြီဆိုရင် ပိုပြီးအရှိန်အဟုန် ကောင်းစေပါတယ်..။”

ထို့အပြင် ထိပ်တန်းအသင်း ကစားသမားများ၏ ဆေးဘက်ဆိုင်ရာရေးရာများကို တာဝန်ယူခဲ့ဖူးသူ တစ်ယောက်အနေဖြင့် အဆိုပါကစားသမားများ၏ အမူအကျင့်များ၊ တစ်ကိုယ်ရည် သန့်ရှင်းရေး အပြုအမူများကို ပြောင်းလဲပေးနိုင်ရန် အလွန်အမင်းခက်ခဲလှကြောင်းကိုလည်း သူမက ပြောပြခဲ့သေးသည်..။ ထို့ကြောင့်ကစားသမားများမှာ အစာအိမ်၊ အူလမ်းကြောင်း ရောဂါပိုး ကူးစက်မှုများကို မကြာခဏ ခံရလေ့ရှိကြောင်း၊ ယခုလိုအချိန်မျိုးတွင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းက သက်ဆိုင်သည့် ကစားသမားများကို သီးခြား၊ ခွဲခြားနေထိုင်စေလိုသော်လည်း အခြားအသင်းဖော်များက ကိုယ်တိုင်ကိုယ်ကျ သွားရောက်၊ အားပေးလိုသည့်အတွက် တောင်းဆိုသည်များလည်း ရှိတတ်ကြောင်း၊ အထူးသဖြင့် သူတို့၏ နှစ်ရှည်လများ ကျင့်သုံးခဲ့သည့် အမူအကျင့်များကို ပြုပြင်ပြောင်းလဲနိုင်ရန် အချိန်ကာလအတိုင်းအတာထိ စောင့်ဆိုင်းပေးရတတ်ကြောင်း ပြောကြားခဲ့သည်..။

“ရောဂါပိုး ကူစက်နိုင်တဲ့ အပြုအမူတွေဖြစ်တဲ့ ပွေ့ဖက်တာတို့၊ လက်ဆွဲနှုတ်ဆက်တာတို့.. စတဲ့ ကစားသမားတွေရဲ့ အလေ့အကျင့်တွေ.၊ အပြုအမူတွေကို ပြောင်းလဲဖို့ ဆွဲဆောင်၊ သိမ်းသွင်းရတာ ခက်ခဲနိုင်ပါတယ်..။ တကယ်လို့ ကိုယ်တိုင် သီးခြားခွဲခြား (isolation) နေထိုင်ရပြီ ဆိုရင်တောင်မှ အဲဒီကာလကို အဆင်ပြေပြေ ဖြတ်ကျော်နိုင်ဖို့ မလွယ်ပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ လူဆိုတာ တစ်ဦးတည်းသီးသန့် နေထိုင်တတ်တဲ့အကျင့်ရှိသူတွေ မဟုတ်တာကြောင့် ဖြစ်ပါတယ်..။ သေသေချာချာ ဆွေးနွေး၊ ညှိနှိုင်းမှုတွေ အများကြီးပြုလုပ်ဖို့ လိုအပ်သလို အထူးဂရုစိုက်ပြီး ကြပ်မတ်၊ ကြီးကြပ်ရမှာပါ..။”


သို့သော် ပရီးမီးယားလိဂ်အသင်းများမှ ဆရာဝန်များအနေဖြင့် အစအိမ၊် အူလမ်းကြောင်း ရောဂါပိုးများ ပျံ့နှံ့ချိန်..၊ ရာသီတုတ်ကွေး ရောဂါပိုးများ ကူးစက်ပျံ့နှံ့ချိန်တွင် အသင်းသားများအချင်းချင်း ကူးစက်ပျံ့ပွားမှု မဖြစ်ပေါ်စေရန် ကာကွယ်မှုများကို အစွမ်းကုန် ပြုလုပ်လေ့ရှိကြောင်း၊ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ကာကွယ်နိုင်ရန် လက်ဆေးသန့်စင်ဆေးရည် (hand sanitisers) များ အသင်းသားများ စီးနင်းလေ့ရှိသည့် မော်တော်ယာဉ်များပေါ်တွင် အလုံအလောက် ထားရှိသင့်ကြောင်း၊ အသင်းများတွင် ဆရာဝန်များသာမကပဲ ဆေးဝန်ထမ်းများကိုပါ Covid ရောဂါပိုး စစ်ဆေးရန် လိုအပ်သည့်အခြေအနေ၊ စစ်ဆေးမှုများ၊ ရောဂါဖြစ်ပွားသူ လူနာများအား ကူညီစောင့်ရှောက်မှုများနှင့် ပတ်သက်သည့် သင်တန်းများကိုပါ လေ့ကျင့်၊ သင်ကြားပေးထားရန် လိုအပ်နေပြီဖြစ်ကြောင်း ဒေါက်တာ အီဗာ ကာနီရို က အောက်ပါအတိုင်း ပြောကြားသွားပါကြောင်း တင်ဆက်လိုက်ပါသည်..။

“ကိုရိုနာ ဗိုင်းရပ်စ်ပိုး ရောဂါပျံ့ပွားမှုနဲ့ ပတ်သက်ရင် အခုအချိန်ဟာ ဆရာဝန်တွေတင် မကပဲ ရောဂါတိုက်ဖျက်ရေး လုပ်ငန်းထဲမှာ ပါဝင်နေတဲ့သူအားလုံးကို ရောဂါကူးစပ်မှု ထိန်းချုပ်ရေး သင်တန်းတွေ လေ့ကျင့်ပေးထားဖို့ လိုအပ်နေပါပြီ..။ ဒီရောဂါပျံ့ပွားမှုကြီးဟာ ကျွန်မတို့ဘောလုံးလောကမှာ အရင်တုန်းက တစ်ခါမှမကြုံဖူးခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်သလို ကျွန်မတို့ သိခဲ့တဲ့၊ ကျွမ်းကျင်ခဲ့တဲ့ ဘာသာရပ်လည်း မဟုတ်ခဲ့ပါဘူး…။”

(Daily Mail မှ ဆောင်းပါးရှင် Ian Herbert ၏ “Lots of flights, weak immune systems and being too tactile... Why football stars are SITTING DUCKS to coronavirus as former Chelsea medic Dr Eva Carneiro speaks to Sportsmail” ဆောင်းပါးကို ပြန်ဆိုပါသည်..။)