feature-image

‘Locked Down’ ကာလအတွေ့အကြုံများကို ပြောပြခဲ့တဲ့ ‘ခရစ်စ်တီယန် ပူလီဆစ်’

လူငယ်တောင်ပံ ကစားသမား ခရစ်စ်တီယန် ပူလီဆစ် မှာ သူ၏ပရီးမီးယားလိဂ် ပထမဆုံးရာသီတွင် မထင်မှတ်သော အတွေ့အကြုံနှင့် ရင်ဆိုင်ခဲ့ရသည်..။ အဆိုပါအတွေ့အကြုံကတော့ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဥရောပတစ်ခွင်လုံး ဘောလုံးရာသီပြိုင်ပွဲများကို ရပ်ဆိုင်းထားရခြင်းဖြစ်ပြီး အမေရိကန် တောင်ပံကစားသမားမှာ ယခုအချိန်တွင် ဇာတိမြေအမေရိကန် ပြည်ထောင်စုသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်..။ ထိုသို့ရောဂါကပ်ဆိုးကို ရင်ဆိုင်နေရသည့် ကာလအတွင်း အတွေ့အကြုံများကို Chelsea အသင်း Official website မှတဆင့် ယခုလိုပြောပြခဲ့သည်..။

မေး - Hi! ခရစ်စ်တီယန် ရေ.. အခုလက်ရှိ ခင်ဗျားရဲ့အခြေအနေ ဘယ်လိုရှိလဲ…? ပြောပြပါဦး..

“ကျွန်တော်ဟာ အမေရိကန် ပြည်ထောင်စုမှာ ရှိနေပါတယ်..။ အခုလိုအချိန်မှာ မိသားစုနဲ့အတူ ရှိနေတာ အကောင်းဆုံးလို့ ပြောရမှာပါ..။ ကျွန်တော်တို့အားလုံး နေကောင်း၊ ကျန်းကျန်းမာမာ ရှိနေကြပါတယ်..။ လောလောဆယ် ကျွန်တော်တို့ အမေရိကန် ပြည်ထောင်စုရဲ့ တစ်ချို့နေရာတွေမှာ ရောဂါပိုး ပျံ့နှံ့မှု ဆိုးရွားနေတယ်ဆိုပေမယ့် ကျွန်တော်တို့ နေထိုင်ရာ မြို့လေးမှာတော့ အခြေအနေကောင်းပါတယ်..။ ရောဂါပိုးတွေ့လူနာ တစ်ယောက်၊ နှစ်ယောက်လောက် ရှိပေမယ့် တခြားနေရာတွေလောက် ဆိုးဆိုးရွားရွား ဖြစ်ပွားနေတာ မရှိပါဘူး..။ ဘယ်လိုပဲဖြစ်ဖြစ်ပါ.. ရောဂါပိုးပျံ့နှံ့မှု တဖြည်းဖြည်းနဲ့ လျော့ကျသွားလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။”

မေး - အိမ်မှာနေဖို့.. ‘Stay Home’ ဆိုတဲ့ သတင်းစကားနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ ကမ္ဘာအရပ်ရပ်က ခင်ဗျားရဲ့ပရိသတ်တွေအပေါ် ဘာများပြောချင်သေးလဲ မသိဘူး..

“အခုအချိန်မှာ အိမ်မှာပဲနေဖို့.. ‘Stay Home’ ဆိုတာ အရေးအကြီးဆုံးပါ..။ ကျွန်တော်တို့အားလုံး တညီတညွတ်တည်း ကိုယ့်ရဲ့အိမ်တွေမှာပဲ ကိုယ်စီနေထိုင်ကြမယ်ဆိုရင် အခုကပ်ရောဂါဆိုးကြီးက အမြန်ဆုံးပျောက်ကွယ်သွားမှာပါ..။ အများစုဟာ ကိုယ့်ရဲ့အိမ်မှာပဲ နေထိုင်ရင်း လုပ်စရာတွေ အများကြီးရှိနေတယ်..၊ အိမ်မှာနေရင်းနဲ့ပဲ အသက်တွေကို ကယ်တင်ပေးနိုင်တယ်ဆိုတာကို မေ့နေကြတယ်လို့ ကျွန်တော်ထင်ပါတယ်.။ ဒါ့ကြောင့်အဲဒီ ‘Stay Home’ ဆိုတဲ့ သတင်းစကားကို လိုက်နာဖို့ အထူးအရေးကြီးပါတယ်..။ အခုအချိန်မှာ ဆေးရုံ၊ ဆေးခန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ ရောဂါပိုးကြောင့် ဝေဒနာခံစားနေရသူတွေကို စွမ်းစွမ်းတမံ ပြုစု၊ စောင့်ရှောက်နေကြပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့အားလုံးကလည်း ကိုယ်တတ်နိုင်ဘက်က ကူညီ..၊ စွမ်းဆောင်ပေးတဲ့အနေနဲ့ အိမ်ထဲမှာပဲ နေကြမယ်..၊ ကျန်းမာအောင် နေထိုင်ကြမယ်ဆိုရင် မကြာခင်မှာ အားလုံးအဆင်ပြေ သွားပါလိမ့်မယ်..။”




မေး - ခင်ဗျားရဲ့အသင်းဖော်တွေနဲ့ရော အဆက်အသွယ်ရှိရဲ့လားဗျ..?

“Group Chat ကနေ နေ့တိုင်းလိုလို စကားပြောဖြစ်ပါတယ်..။ ကျွန်တော်တို့အားလုံး ကွင်းထဲမှာ ပြန်ပြီးခြေချနိုင်မယ့်နေ့ကို မစောင့်နိုင်အောင်ပါပဲ..။ တကယ်တော့ ကျွန်တော်တို့အားလုံး ပျင်းရိ၊ ငြီးငွေ့စတော့ ပြုလာကြပါပြီ..။”

မေး - ဘာပဲပြောပြော.. အခုလိုအနားရလိုက်တာကြောင့် ခင်ဗျားရဲ့ဒဏ်ရာကနေ အချိန်မှီသက်သာ ကောင်းမွန်လာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်..။

“အခုနောက်ဆုံးရရှိခဲ့တဲ့ ဒဏ်ရာဟာ အတော်လေးဆိုးရွားခဲ့ပါတယ်..။ လေ့ကျင့်ခန်းဆင်းနေရင်း မမျှော်လင့်ပဲ ရရှိခဲ့တာကြောင့် အရမ်းကြီးဆိုးရွားခဲ့လိမ့်မယ်လို့လည်း မထင်ခဲ့ပါဘူး..။ အခုတော့ အပြည့်အ၀ ပြန်လည်သက်သာနေပြီလို့ ခံစားမိပါတယ်..။ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေ ဆက်တိုက်ပြုလုပ်နေသလို မကြာခင်မှာ ပြန်လည်ပြီး ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။ အခုအချိန်မှာ ဘောလုံးပွဲတွေနဲ့ဝေးနေတာ အတော်လေးကြာနေပြီလို့ အားလုံးက ခံစားနေကြရမှာပါ..။ အထူးသဖြင့် ကျွန်တော်ကတော့ ဒဏ်ရာကြောင့်သူများတွေထက် ပိုပြီးလို့တောင် အမြန်ဆုံးကစားချင်စိတ် ဖြစ်ပေါ်နေမိပါတယ်..။”



မေး - ဟုတ်ကဲ့ပါ..။ အဲဒီလိုပျင်းရိစိတ်တွေ.၊ ဆန္ဒစောနေတာတွေ ပြေပျောက်အောင် ဘယ်လိုပြုမူနေထိုင်နေလဲဗျ..? Tik Tok တွေတော့ အများကြီးတင်တာ တွေ့မိတယ်နော်..

“ကျွန်တော်ဟာ ဘယ်တော့မှ အေးအေးဆေးဆေး မနေတတ်ပါဘူး..။ တစ်ခုမဟုတ်တစ်ခုခုတော့ အလုပ်ရှုပ်နေရမှ ကျေနပ်တဲ့သူပါ..။ အခုအချိန်တွေမှာ နေ့တိုင်းလေ့ကျင့်ဖြစ်ပါတယ်..။ ဒါပေမယ့် တစ်နေကုန်တော့ မဟုတ်ဘူးပေါ့..။ ဒါ့ကြောင့်အချိန်တွေ အမြန်ကုန်သွားအောင် ‘Tik Tok’ တွေ တင်ဖြစ်တာလည်း ပါပါတယ်..။ ဒါ့အပြင် အကအခုန် ပြုလုပ်တာကိုလည်း ကျွန်တော်နှစ်သက်ပါတယ်..။ တစ်ချို့တွေကတော့ အဲဒီလို Tik Tok တွေ တင်တာ ကြိုက်ကြမှာ မဟုတ်ပါဘူး..။ ဒါပေမယ့်ကျွန်တော်ကတော့ တစ်ခုခုလုပ်နေရရင် ပြီးတာပဲဆိုတဲ့သဘောပါ..၊ ဒါ့ကြောင့်ပရိသတ်နဲ့ အဆက်အသွယ်ရှိနေအောင် တနည်းနည်းနဲ့ ကြိုးစားနေဦးမှာပါ..။ ဒါဟာပရိသတ်တွေအတွက်လည်း ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်..။ အရင်တုန်းက ပရိသတ်တွေဟာ ကျွန်တော့်ကို ဘောလုံးသမားတစ်ယောက် အနေနဲ့ပဲ သိထားခဲ့ကြတာပါ..။ ဒါ့ကြောင့်အခုအချိန်မှာ ကျွန်တော့်ရဲ့အကြောင်း..၊ ကျွန်တော့်ရဲ့အကျင့်စရိုက်တွေ သူတို့ပိုပြီး သိလာကြပြီလို့ ထင်ပါတယ်..။”

မေး - ဘောလုံးဘက်ကို ပြန်သွားတာပေါ့..။ ချယ်လ်ဆီးအသင်းနဲ့ ခင်ဗျားရဲ့ပထမဆုံး ဘောလုံးရာသီအပေါ် ပြန်ပြီးသုံးသပ်ပေးပါလား..?

“ကျွန်တော့်အတွက် တကယ့်ကိုကျေနပ်ဖို့ကောင်းတဲ့ ဘောလုံးရာသီတစ်ခုလို့ ပြောရမှာပါ..။ ချယ်လ်ဆီးအသင်းကို ရောက်ရှိခဲ့တာဟာ တကယ့်ကိုကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်သလို အသင်းသားသစ်တွေ..၊ လိဂ်ပြိုင်ပွဲသစ်..၊ ပတ်ဝန်းကျင်သစ်.. စသဖြင့် အပြောင်းအလဲသစ်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်..။ ကျွန်တော်တို့အသင်းဟာ ခက်ခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ကျွန်တော်တို့ရဲ့ ကြိုးစားမှု၊ ခံယူချက်တွေအတွက် ဂုဏ်ယူမိပါတယ်.။ အသင်းဖော်တွေနဲ့ တွဲဖက်ကစားရတာ ကျေနပ်ဖို့ကောင်းသလို တကယ့်ပွဲကြီးပွဲကောင်းတွေလည်း ကြုံတွေ့ခဲ့ရပါတယ်..။ ရာသီပြန်လည်စတင်တဲ့အချိန်ကျရင် အဆုံးသတ်ကောင်းမွန်အောင် အကောင်းဆုံး ကြိုးစားပေးဆပ်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်..။”



မေး - အသင်းမှာ လူငယ်ကစားသမားတွေ အများကြီးရှိနေတာဟာ ခင်ဗျားအတွက် အထောက်အကူ ဖြစ်ခဲ့ရဲ့လားဗျ..?

“သေချာတာပေါ့ဗျာ..။ ကျွန်တော်နဲ့ရွယ်တူ ကစားသမားတွေနဲ့အတူ ကစားခွင့်ရတာ သိပ်ကိုကျေနပ်ဖို့ကောင်းပါတယ်..။ ဒါ့အပြင်ကျွန်တော်တို့အသင်းမှာ ဝါရင့်ကစားသမားတွေလည်း ရှိနေတာကြောင့် သူတို့ဆီက အများကြီးသင်ယူခဲ့ရသလို အသင်းမှာ ဝါရင့်ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေ အချိုးညီညီ ပါဝင်နေတယ်လို့ ထင်ပါတယ်.။ ”

မေး - ခံစစ်ကြောင်းတွေကို ထိုးဖောက်တဲ့နေရာမှာ ပရီးမီးယားလိဂ်နဲ့ ဘွန်ဒက်စ်လီဂါ နှိုင်းယှဉ်ရင် ဘယ်လိဂ်ပြိုင်ပွဲက ပိုပြီးခက်ခဲတယ်လို့ ထင်မိလဲဗျ..?

“ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲစဉ်အရေအတွက်ပိုများပြီး ပွဲစဉ်ဇယား ရေးဆွဲထားပုံကြောင့် ပိုပြီးပင်ပန်းတယ်လို့ ခံစားမိပါတယ်..။ ပြိုင်ပွဲအများကြီးကို အချိန်တိုတိုအတွင်း ကစားရတာကြောင့် ပိုပြီးပင်ပန်းပေမယ့် တစ်ဖက်ကလည်း ပြိုင်ပွဲစုံက အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်..။ ပရီးမီးယားလိဂ် ဟာ ခန္ဓာကိုယ်ကြံ့ခိုင်မှု ကောင်းမွန်ဖို့ ပိုပြီးလိုအပ်တဲ့ ပြိုင်ပွဲပါ..။ ပရီးမီးယားလိဂ်မှာ အများကြီးသင်ယူခဲ့ရပေမယ့် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲက အတွေ့အကြုံတွေဟာ ကျွန်တော့်အတွက် အထောက်အတူ အများကြီးဖြစ်ခဲ့ပါတယ်..။ တကယ်ထမ်းတော့ အဲဒီလိဂ်ပြိုင်ပွဲနှစ်ခုဟာ အရမ်းကြီးခြားနားမှု မရှိပါဘူး..။”

မေး - ဖရန့် လမ်းပတ် နဲ့ လက်တွဲရတာ ဘယ်လိုလဲ..?

“သိပ်ကိုကောင်းမွန်ပါတယ်..။ ငယ်စဉ်ကတည်းက သူ့ရဲ့ကစားဟန်တွေကို အများကြီးလေ့လာခဲ့ရသလို အခုအချိန်မှာ သူနဲ့အတူ နေ့စဉ်နေတိုင်း လက်တွဲခွင့်ရတယ်.၊ သူ့ဆီကလည်း နေ့စဉ်နေ့တိုင်း သင်ယူခွင့် ရခဲ့ပါတယ်..။ ဒါဟာသိပ်ကို ကြီးမားတဲ့အခွင့်အရေးပါ..။ သူဟာကစားပွဲတွေအကြောင်း အများကြီးသိရှိထားသလို အတွေ့အကြုံကောင်းတွေ အများကြီးရှိထားတဲ့သူ ဖြစ်တာကြောင့် သူ့ဆီကနေ အခုလိုသင်ယူခွင့်ရတာ သိပ်ကိုကောင်းမွန်တယ်လို့ ပြောရမှာပါ..။”