၂၀၀၀ ပြည့်လွန်နှစ်များအတွင်း ပရီးမီးယားလိဂ်၏ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး အသင်းများတွင် ချယ်လ်ဆီးအသင်းနှင့် လီဗာပူးလ်အသင်းတို့မှာ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲ တဆစ်ချိုးက စတင်လို့ ဥရောပပြိုင်ပွဲများအထိ ရေကုန်ရေခမ်း၊ အကြိတ်အနယ်၊ ဘတစ်ပြန် ကျားတစ်ပြန် ရင်ဆိုင်ခဲ့ရသည်..။ အထူးသဖြင့် ချန်ပီယံလိဂ်ပွဲစဉ်များအကြားက အကြိတ်အနယ် ယှဉ်ပြိုင်မှုများအပြင် ချယ်လ်ဆီးအသင်းက စတီဗင် ဂျရတ် ကို ခေါ်ယူနိုင်ရန် ကြိုစားခဲ့မှုျား၊ ဖာနန်ဒို တောရက်စ် တို့လို ထင်ရှားခဲ့သည့် ကစားသမား အပြောင်းအရွှေ့များကလည်း နှစ်သင်းကြားက တင်းမာမှု ပိုမိုမြင့်တက်စေခဲ့သည်..။
ထိုသို့ အပြာရောင်ခြင်္သေ့များနှင့် ကြိုးကြာနီ တို့ကြားမှ ‘ကျောင်းတော်ကရန်စ..’ အမှတ်တရဖြစ်ရပ်များ၊ တိုက်ပွဲများအကြောင်းကို ချယ်လ်ဆီးအသင်း ဂန္တဝင်အသင်းခေါင်းဆောင်ဟောင်း ဂျွန် တယ်ရီ နှင့် လီဗာပူးလ်အသင်း ဂန္တဝင်နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ တို့က Sky Sports ရုပ်/သံမှတင်ဆက်သော ‘ဘောလုံးကြိုးဝိုင်း (The Football Show)’ အစီအစဉ်မှတဆင့် ယခုလိုပြန်ပြောင်း ပြောပြခဲ့ကြသည်..။
ဂျော့ဖ် ရှရစ်ဖ် - ပထမဆုံးအနေနဲ့ ကျွန်တော်တို့ Sky Sports ရုပ်သံရဲ့ ‘Off the script -The Football Show ဇာတ်ညွန်းလွတ် ဘောလုံးကြိုးဝိုင်း’ မှာ ကျွန်တော်တို့ရဲ့ ပင်တိုင်အစီအစဉ် တက်ဆက်သူ ဂျေမီ ကာရောဂါ နဲ့ ဒီနေ့အစီအစဉ် အထူးဧည့်သည် ဂျွန် တယ်ရီ တို့ကို နှုတ်ခွန်းဆက်သလိုက်ပါတယ်..။ ခင်ဗျားတို့ နှစ်ယောက်စလုံးဟာ ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ကြားမှာ ပြိုင်ဆိုင်မှုတွေ အရမ်းကိုပြင်းထန်ခဲ့တဲ့ ၂၀၀၀ ပြည့်လွန် ကာလတွေမှာ အသင်းနှစ်သင်းစလုံးရဲ့ အရေးပါတဲ့ ကစားသမားတွေအဖြစ် ကိုယ်စီပါဝင်ခဲ့တဲသူတွေ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ဒီနေ့လို ခင်ဗျားတို့နှစ်ယောက်ကို ကြိုးဝိုင်းထဲမှာ ထိပ်တိုက်တွေ့ပေးနိုင်ခွင့်ရတဲ့အတွက် အရမ်းကိုဝမ်းသာမိပါတယ်..။
တကယ်တော့ ၂၀၀၀ ပြည့်လွန်ကာလတွေလို့ ကျွန်တော်သီးခြားပြောဆိုရတဲ့အကြောင်းက အဲဒီနှစ်ကာလတွေတုန်းက ခင်ဗျားတို့နှစ်သင်းဟာ တကယ့်ပွဲကြီးပွဲကောင်း၊ အကြိုဗိုလ်လုပွဲ၊ ဗိုလ်လုပွဲအဆင့် ပွဲစဉ်တွေမှာ ခုနှစ်နှစ်၊ ရှစ်နှစ်လောက် ဆက်တိုက်တွေ့ခဲ့တယ်ဗျ..၊ ထူးထူးခြားခြား တိုက်ဆိုင်မှုလို့ပဲ ပြောရမှာပါ..။ ဒါ့ကြောင့်ခင်ဗျားတို့နှစ်သင်းကြားမှာ အဲဒီလိုပြိုင်ဆိုင်မှု အရမ်းမြင့်တက်စေခဲ့တဲ့ အကြောင်းတွေနဲ့ ပတ်သက်ပြီး ဂျွန် ကို ကျွန်တော်အရင်မေးချင်ပါတယ်..။ ကဲ.. ဂျွန် ရေ.. အဲဒီအချိန်တုန်းက တကယ့်အရေးပါတဲ့ ပွဲကြီးပွဲကောင်းတွေ ..၊ ရှုံးထွက်ပွဲတွေ..၊ အကြိုဗိုလ်လုပွဲတွေ မဲခွဲပြီဆိုရင် ချယ်လ်ဆီးနဲ့ လီဗာပူးလ် ကြီးပဲ တောက်လျှောက်ကို ကျနေတော့တာပါပဲ..။ ပြီးတော့အမှတ်တရ ဖြစ်ရပ်တွေ..၊ အငြင်းပွားစရာ ဖြစ်ရပ်တွေကလည်း တပုံတပင်ပါ..၊ အဲဒီတော့ အဲဒီအချိန်တုန်းက လီဗာပူးလ် ဆိုတာနဲ့ ခင်ဗျားရဲ့စိတ်ထဲ ဘယ်လိုရှိနေခဲ့လဲဗျ..?
ဂျွန် တယ်ရီ - အင်္ဂလိပ်အသင်းတစ်သင်းအနေနဲ့ ဥရောပပြိုင်ပွဲဆိုရင် အုပ်စုပွဲစဉ်မှာပဲဖြစ်ဖြစ်..၊ ရှုံးထွက်ပွဲစဉ်တွေမှာပဲဖြစ်ဖြစ် တခြားဘယ်အင်္ဂလိပ်အသင်းနဲ့မှ မတွေ့ချင်ပါဘူး..။ ဒါပေမယ့် အဲဒီအချိန်က ပွဲစဉ်ရေးဆွဲပုံ စည်းမျဉ်းကြောင့် လီဗာပူးလ်နဲ့က ကျွန်တော်တို့နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုတစ်ခုတည်း ရောက်လာတယ်ဗျာ..။ အဲဒီကနေစပြီး ခင်ဗျားပြောသလို ရှုံးထွက်ပွဲစဉ်တွေ..၊ ဆီမီးဖိုင်နယ်တွေမှာ နှစ်တိုင်းလိုလို ဆုံကြတယ်ပေါ့..။ ဒီလိုနဲ့ကျွန်တော်တို့နှစ်သင်းကြားမှာ ပြိုင်ဆိုင်မှုတွေ တဖြည်းဖြည်း ပြင်းထန်လာသလို တစ်ဖက်မှာလည်း ကျွန်တော်၊ ကာရေဂါ၊ စတီဗင် ဂျရတ်၊ ဖရန့် လမ်းပတ် တို့ကြားမှာလည်း အင်္ဂလန်လက်ရွေးစင်အသင်း ပွဲထွက်ခွင့်အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကြရပြန်တယ်.။ ဒီလိုနဲ့ တဖြည်းဖြည်းချင်း ပရိသတ်တွေကြားမှာလည်း တစ်ယောက်နဲ့တစ်ယောက် ကြည့်မရတော့ပြန်ဘူး..။
ဂျေမီ ကာရေဂါ - ဟေး.. ဟေး..!! မင်းလည်းငါတို့ကို ကြည့်လို့မရခဲ့ဘူးပေါ့..
ဂျွန် တယ်ရီ - မင်းလည်းအရင်တုန်းက အဲဒီလိုသဘော ပြောခဲ့ဖူးတယ်.. မဟုတ်ဘူးလား..? ဟားဟား..
ဂျေမီ ကာရေဂါ - ဂျွန် ရေ.. တကယ်တော့ မင်းနဲ့ငါနဲ့ဟာ ခေတ်တစ်ခေတ်ထဲမှာ အတူတူကြီးပြင်းလာကြတယ်..၊ မင်းကချယ်လ်ဆီးအသင်းမှ ကစားတယ်..၊ ငါကလီဗာပူးလ်အသင်းမှာပေါ့..။ ငါ့ရဲ့ကစားသမား သက်တမ်းတစ်လျှောက် ချယ်လ်ဆီးနဲ့ (၄၇) ပွဲ ကစားခဲ့ပါတယ်..။ ငါ့ရဲ့ကစားသမားဘဝမှာ အကြိမ်အများဆုံး ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်အသင်းပေါ့ကွာ.။ တို့နှစ်သင်းကြားက ကြီးမားတဲ့ခါးသီးမှု (animosity) တွေ ဘယ်ကနေ စခဲ့သလဲ..? စဉ်းစားတဲ့အခါ ငါ့အတွက်တော့ မင်းတို့နဲ့ မကြာခဏ ရင်ဆိုင်နေရတဲ့အခါ အထူးသဖြင့် တစ်ယောက်ချင်းအနေနဲ့ဆိုရင် မင်းကိုတဖြည်းဖြည်းနဲ့ ကြည့်မရတော့ပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ မင်းဟာငါ့ထက်ပိုပြီး ခြေစွမ်းကောင်းတယ်..၊ နောက်ပြီးအသင်းလိုက်မှာလည်း တစ်ချို့ပွဲတွေမှာ ငါ့တို့ဘက်က ရလဒ်တွေကောင်းခဲ့ပေမယ့် ငါတို့အသင်းဟာ မင်းတို့အသင်းရဲ့ခြေစွမ်း..၊ အဲဒီအဆင့်မျိုးမှာ ရှိမနေဘူးဆိုတာ သိပါတယ်..။ ဒါကိုမင်းလည်းသိတယ်..၊ ငါလည်းသိပါတယ်..။
အထူးသဖြင့် ဟိုဆေး မော်ရင်ဟို ပထမအကြိမ် ကိုင်တွယ်နေတဲ့ ၂၀၀၄ အချိန်ကစပြီး မင်းတို့အသင်းဟာ ငါတို့သာမက ငါတို့ထက်ပိုပြီး တောင့်တင်းတဲ့ အာဆင်နယ်..၊ မန်ချက်စတာ ယူနိုက်တက်အသင်းတွေကိုပါ လွယ်လွယ်ကူကူ အနိုင်ရနေတော့ တဖြည်းဖြည်းနဲ့ အမြင်ကပ်လာတာလည်း အချက်တစ်ချက်အနေနဲ့ ပါခဲ့တာပေါ့..
ဂျွန် တယ်ရီ - အဲဒီအချက်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဟိုဆေး မော်ရင်ဟို နဲ့ ရာဖာ ဘင်နီးတက်ဇ် တို့နှစ်ယာက်စလုံးကနေ စပြီးပြောရလိမ့်မယ်..။ ငါမှတ်မိသလောက်ဆိုရင် ဟိုဆေး မော်ရင်ဟို လက်ထက်..၊ ငါတို့အသင်းဟာ အမှတ်ပေးချန်ပီယံဆုလည်း ရဖို့သေချာသလောက် ရှိနေပြီ..၊ မင်းတို့အသင်းထက် အမှတ် (၂၀၊ ၃၀) လောက်ကို သာနေတာ..၊ အရှုံးပေးလိုက်မယ် ဆိုရင်တောင်ရပါတယ်..။ ဒါပေမယ့်ပွဲကြိုအစည်းအဝေးမှာ သူကဘာပြောလဲဆိုတော့ ‘မင်းတို့အဲဒီကောင်တွေ (these) ကို ရှုံးသွားလို့မဖြစ်ဘူး..၊ ဘယ်လိုနည်းနဲ့မှ အဲဒီကောင်တွေ (these) ကို အရှုံးမပေးနိုင်ဘူး..’ လို့ ပြောတယ်..။ ဟိုဆေး ဟာ အသင်းရဲ့နာမည်ဖြစ်တဲ့ ‘လီဗာပူးလ်’ လို့တောင် အသံမထွက်ချင်လို့ ‘these’ လို့ပဲ နာမ်စားသုံးပြီး.. ‘ငါတို့ဟာ အဲဒီကောင်တွေထက် အများကြီးပိုကောင်းတယ်..’ ဆိုပြီးတော့ပဲ ပြောခဲ့တာပါ..။
အဲဒါမင်းပြောတဲ့ ‘အမြင်ကပ်လာတယ် (frustrated)’ ဆိုတာနဲ့ ဆက်စပ်နေတာပေါ့..။ ဒါ့အပြင်မင်းတို့အသင်းနဲ့ ဆုံတွေ့တဲ့ပွဲတိုင်းမှာ ချန်ပီယံလိဂ်လို အရေးကြီးတဲ့ ပွဲစဉ်တွေသာမက အမှတ်ပေးပွဲတွေမှာလည်း စတန်းဖို့ဒ် ဘရစ်ချ် မှာရော အန်ဖီးလ် မှာပါ ပရိသတ်တွေရဲ့ အားပေးပုံဟာ တခြားပွဲစဉ်တွေနဲ့ ကွဲပြားပါတယ်..။ ငါလည်းအဲဒါကို သဘောကျတယ်..။ ခုနက ‘အမြင်ကပ်တယ်’ ဆိုတဲ့ စကားကို နည်းနည်းချဲ့ပြီး ပြောရမယ်ဆိုရင် အဲဒီနှစ်တွေမှာ ငါတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုတွေ အပါအဝင် ဖလားတွေအတော်များများ ရခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ မင်းတို့နဲ့တွေ့တိုင်း နောက်ကောက်ကျနေခဲ့တာကိုး..။ ငါတို့အသင်းဟာ ပိုကောင်းတဲ့အသင်းဆိုတာ ခံစားမိပေမယ့် အဲဒီပွဲတွေမှာကျ မင်းတို့အသင်းကို ဖြိုချဖို့အရမ်းကို ခက်ခဲခဲ့ပါတယ်..။
ဂျေမီ ကာရေဂါ - ‘မန်နေဂျာနှစ်ယောက်ကြောင့် တစ်သင်းနဲ့တစ်သင်း ပိုမိုခါးသီးသွားရတယ်..’ လို့ ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဟိုဆေး နဲ့ ရာဖာ တို့နှစ်ယောက်စလုံးဟာ ပရီးမီးယားလိဂ်ကို တစ်ချိန်တည်းရောက်လာခဲ့ပါတယ်..။ ဆာအဲလက်စ် ဖာဂူဆန်နဲ့ အာစင် ဝင်းဂါး တို့နှစ်ယောက် ကြီးစိုးထားတဲ့ ပရီးမီးယားလိဂ်မှာ သူတို့နှစ်ယောက်ဟာ ကြိုးဝိုင်းထဲရောက်လာတဲ့ လက်ဝှေ့သမား အသစ်လေးတွေပေါ့..၊ ဒါပေမယ့် ဟိုဆေး က ပူပူနွေးနွေး ချန်ပီယံလိဂ် ချန်ပီယံအဖြစ်နဲ့ ရောက်လာတယ်..၊ ရာဖာ က UEFA ဖလား ချန်ပီယံ၊ စပိန်ချန်ပီယံ အနေနဲ့ ကြိုးဝိုင်းထဲကို ဝင်လာခဲ့တယ်ဆိုတော့ အတော်လေးကို အရှိန်အဝါကြီးပါတယ်..။ သူတို့ရောက်လာပြီးတဲ့နောက်ပိုင်း ဟိုဆေး ဟာ နှစ်နှစ်၊ သုံးနှစ်လောက် ပရီးမီးယားလိဂ်ကို လွှမ်းမိုးနိုင်ခဲ့ပါတယ်..။ ရာဖာ ကတော့ နည်းစနစ်ပိုင်း ကျွမ်းကျင်တဲ့အတွက် တစ်ပွဲချင်းအလိုက် ပြောင်မြောက်တဲ့ရလဒ်တွေ ထွက်ပေါ်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်..။
အဲဒီအချက်ကြောင့် ဖြစ်လိမ့်မယ်ထင်တယ်..၊ တစ်ခါတစ်လေ မင်းတို့အသင်းနဲ့ ရင်ဆိုင်ရပြီဆိုရင် ဟိုဆေး ဟာ မထင်မှတ်ထားတဲ့ ထူးထူးဆန်းဆန်း လူစာရင်းတွေနဲ့ ပွဲထွက်လာတတ်တယ်ကွ..။ ဒါ့ကြောင့်လူစာရင်းထွက်လာပြီဆိုရင် ဘာတွေလဲ.? ဟိုဆေး က ဘာတွေအဆန်းထွင်ပြန်ပြီလဲ..? ဆိုပြီး အူကြောင်ကြောင် ဖြစ်ရတာတွေ ရှိပါတယ်..။ သူ့အနေနဲ့ လီဗာပူးလ်နဲ့ ရင်ဆိုင်ဖို့..၊ ရာဖာ ကို ရင်ဆိုင်ဖို့အတွက် လူစာရင်းကို သီးခြားထုတ်ဖို့ လိုအပ်ရဲ့လားပေါ့..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအချိန်တုန်းက မင်းတို့ချယ်လ်ဆီးက ပိုကောင်းတဲ့အသင်းပဲလေ..၊ ခါတိုင်းပုံမှန်ပွဲထွက်နေကျ တောင်ပံကစားသမားနှစ်ယောက်နဲ့ ၄- ၃- ၃ ကစားကွက်အတိုင်း ဘာလို့မကစားတာလဲပေါ့..
ဂျွန် တယ်ရီ - ဟိုဆေး ဟာ ရာဖာ ကို အလေးထားတဲ့အပြင် ကစားသမားတွေထဲမှာဆိုရင် စတီဗင် ဂျရတ်၊ မင်း (ဂျေမီ ကာရေဂါ).. အပါအဝင် လီဗာပူးလ် ကစားသမားတွေကိုလည်း သူလေးစားမှုရှိပါတယ်..။ အဲဒါကြောင့် သူဟာလိုအပ်တာထက်ပိုပြီး လူအပြောင်းအလဲ၊ နည်းစနစ် အပြောင်းလဲတွေ လုပ်ခဲ့တာ မှန်ပါတယ်..။ ဒါ့အပြင် မင်းတို့နဲ့တွေ့တဲ့အခါမှာလည်း အရမ်းကာရော ဖွင့်မတိုက်ဖို့..၊ ထိန်းကစားဖို့..၊ ရတယ်..၊ ဒုတိယအကျော့ ရှိသေးတယ်.. ဒီပွဲမှာ ရလဒ်မဆိုးအောင် ဂရုစိုက်ဖို့ စသဖြင့် ပိုပြီးဂရုတစိုက် အလေးထားခဲ့တာတွေ ရှိခဲ့ပါတယ်..။ နောက်ပြီးသူနဲ့ ရာဖာ ကြားက ပြိုင်ဆိုင်မှုပေါ့ဗျာ..၊ အဲဒီအချိန်ကတည်းက သူတို့နှစ်ယောက်ရဲ့ကြားက အမုန်းတရားက အတော်လေးကို ကြီးမားခဲ့ပါတယ်..။
ဂျေမီ ကာရေဂါ - ဟေ..!!! ဟိုဆေး က ရာဖာ ကို အရမ်းမုန်းတာလား..? တစ်ယောက်နဲ့တစ်ယောက် တကယ်မုန်းကြတာလား..?
ဂျွန် တယ်ရီ - ဟားဟား. ဟိုဆေး က ရာဖာ ကို မုန်းတယ်..၊ အဲဒါမင်းပြောတာနော်.. ဟုတ်ပါတယ်.. တကယ်က အဲဒီအတိုင်းပါပဲ..။ လီဗာပူးလ်အသင်းနဲ့ ပွဲကြီးပွဲကောင်းတွေမှာ မကြာခဏတွေ့ခဲ့ကြတာကြောင့် ပါဝင်ပေမယ့် အဲဒီအမုန်းတရာ သူတို့ကိုယ်တိုင် စခဲ့တာတော့ မဟုတ်ဘူးဗျ..
ဂျေမီ ကာရေဂါ - အဲဒါနဲ့ ပတ်သက်ပြီး ငါမင်းကို ပုံပြင်တစ်ပုဒ် ပြောပြမယ်..။ ဝိန်း ရူနီ ငါ့ကိုပြောပြတဲ့ အခုအဖြစ်အပျက်ကို မင်းနားထောင်ကြည့်မယ်ဆိုရင် အဲဒီအချိန်တုန်းက ချယ်လ်ဆီးအသင်းကို တခြားပရီးမီးယားလိဂ် အသင်းတွေ ဘယ်လောက်မုန်းတီးနေကြသလဲဆိုတာ သိနိုင်လိမ့်မယ်..။ ဟိုဆေး ဟာ နှုတ်အရမ်းပါးတယ်..၊ ပြောလိုက်ရင် ပိသာလေးနဲ့ ပစ်တဲ့အတိုင်း ပက်ပက်စက်စက်ပဲ..၊ မောက်မာတယ်..၊ မထီတရီလုပ်တယ်..၊ အသင်းကလည်း သူများတွေထက်ပိုပြီး ခြေစွမ်းကောင်းတယ်..၊ အဲဒါတွေအကုန်လုံးဟာ ပြိုင်ဘက်တွေအတွက်တော့ အမြင်ကတ်စရာတွေပဲကွ..။
ဝိန်း ရူနီ က ဘယ်လိုပြောပြလဲဆိုရင် ၂၀၀၇ ခုနှစ်၊ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်၊ ဒုတိယအကျော့မှာ ငါတို့အသင်းက မင်းတို့ကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရခဲ့တယ်..၊ သူတို့ရဲ့မန်ချက်စတာ ယူနိုက်တက်က တခြားဘက်မှာ မီလန် နဲ့တွေ့တယ်..။ ငါတို့ကန်ရတဲ့ပွဲက တစ်ရက်စောတယ်ကွာ..။ ငါတို့အသင်းက ချယ်လ်ဆီးကို ပင်နယ်တီ အဆုံးအဖြတ်မှာ နိုင်လိုက်ရော သူတို့မန်ချက်စတာ ယူနိုက်တက် တစ်သင်းလုံး ‘ဟေး’ ကနဲ ထခုန်ပြီး အောင်ပွဲခံကြတယ်တဲ့..။ မင်းစဉ်းစားကြည့်လေ… တကယ်တမ်းဆိုရင် မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းကြားက ပြိုင်ဆိုင်မှု ဘယ်လောက်တောင် ပြင်းထန်လဲဆိုတာ… ဒါပေမယ့် အဲဒီအချိန်တုန်းက သူတို့ဟာ ချယ်လ်ဆီးကို ပိုပြီးမုန်းတီးခဲ့တဲ့သဘောပါပဲ..။ အဲဒီဖြစ်ရပ်ကို ကြည့်မယ်ဆိုရင် ဟိုဆေး ကိုင်တွယ်တဲ့အချိန်တုန်းက သူနဲ့ချယ်လ်ဆီးအသင်းကို တခြားပရီးမီးယားလိဂ် အသင်းတွေ ဘယ်လောက်တောင် ကြောက်ခဲ့လဲဆိုတဲ့ သက်သေပါပဲ..။
ဂျွန် တယ်ရီ - ဟုတ်ပါလိမ့်မယ်..။ အဲဒီအချိန်တုန်းက ငါတို့အသင်းကို ပရီးမီးယားလိဂ် အသင်းတွေအားလုံးက အမြင်ကတ်ကြမှာပဲ..။ ငါတို့အသင်းကို ရိုမန် ကြီးက ဗြုန်းကနဲရောက်လာပြီး ပိုက်ဆံတွေအများကြီး ထုတ်ပေးတယ်..၊ ကောင်းပေ့၊ ညွန့်ပေ့ဆိုတဲ့ ကစားသမားတွေ ဝယ်ပေးတယ်..၊ ဟိုဆေး မော်ရင်ဟို လည်း ပါတာပေါ့..။ ဒီလိုနဲ့ ငါတို့က တစ်ဖက်..၊ ကျန်တဲ့အသင်းတွေက တစ်ဖက်လို ဖြစ်လာပါတယ်..။ ငါတို့အသင်းဟာ တောင့်တင်းတဲ့အသင်းတစ်သင်း ဖြစ်လာတဲ့အပြင် စတန်းဖို့ဒ် ဘရစ်ချ်ဆိုတာ ခံတပ်ကြီးလိုပါပဲ..။ ဒါ့ကြောင့်လည်း တခြားအသင်းတွေက မုန်းတီးလာတာပါ..။
ဒါ့အပြင် ဟိုဆေး ပေါ့..။ သူဟာတွေ့ဆုံခန်းတွေမှာ မထိတထိတွေပြောတယ်..၊ ရိတယ်..၊ ကျွန်တော်တို့ိကို ကာကွယ်ပေးမယ်..၊ ဒါပေမယ့်အသင်းထဲမှာတော့ ငါတို့ကို အရမ်းကျစ်လျစ်၊ စုစည်းတဲ့ အုပ်စုတစ်ခု၊ အသင်းတစ်ခုအဖြစ် တည်ဆောက်ပေးထားခဲ့ပါတယ်..။ ဒါ့ကြောင့်ငါတို့ဟာ ဘယ်အသင်းကိုမဆို အနိုင်ရအောင် တိုက်နိုင်တယ်ဆိုတဲ့ စိတ်ဓါတ်မျိုး၊ ယုံကြည်မှုမျိုး ရှိနေခဲ့ပါတယ်..။
ဂျော့ဖ် ရှရစ်ဖ် - ဂျွန်.. ခင်ဗျားတို့ဟာ တကယ့်ကို တစ်သွေး၊ တစ်သံ၊ တစ်မိန့် နဲ့ ဖွဲ့စည်းထားတဲ့ တကယ့်စစ်တပ် တစ်တပ်လို ဖြစ်သွားတာပေါ့.။ အဲဒီလို အရမ်းစုစည်းမှုကောင်းခဲ့တဲ့အကြောင်းကို မကြာသေးခင်က ပြုလုပ်သွားခဲ့တဲ့ တွေ့ဆုံခန်းတစ်ခုမှာ ပထမအကြိမ် ခင်ဗျားတို့အသင်းကနေ ဟိုဆေး ထွက်သွားတုန်းက အဝတ်လဲခန်းထဲမှာ ကစားသမားတွေအားလုံး မျက်ရည်စက်လက်နဲ့ ငိုကြွေးခဲ့ကြတယ်လို့ စတိဗ် ဆဒ်ဝဲလ် ကလည်း ပြောပြသွားခဲ့ပါတယ်..။ ဒါဟာခင်ဗျားတို့ရဲ့ကြားထဲက ရင်းနှီးမှုဟာ ဘယ်လောက်တောင် ခိုင်မြဲနေခဲ့တယ်ဆိုတာ ပြသလိုက်ပါပဲ..။ သူပြောခဲ့တဲ့ အဖြစ်အပျက်ဟာ တကယ်ဖြစ်ခဲ့လား..?
ဂျွန် တယ်ရီ - မှန်ပါတယ်..။ ကျွန်တော်တို့အားလုံး ဝမ်းနည်းပက်လက် ငိုကြွေးခဲ့ကြပါတယ်..။ အဲဒီလိုမဖြစ်ခင် ဟိုဆေး အထုတ်ခံရတော့မယ်ဆိုတဲ့ ကောလဟာလတွေက ထွက်နေပါပြီ..။ အမှတ်ပေးပွဲစဉ်တွေမှာ အသင်းရဲ့ခြေစွမ်းကလည်း သိပ်မဟုတ်လှဘူး..။ ဒီလိုနဲ့ အဲဒီနေ့မှာ ဟိုဆေး ဟာ အဝတ်လဲခန်းထဲ ဝင်လာတယ်.. ‘ကဲ.. အားလုံးပြီးဆုံးသွားပါပြီ..၊ ငါအထုတ်ခံလိုက်ရပြီ..’ လို့ ပြောပါတယ်…။ သူ့ကိုကြည့်ရတာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပါပဲ..။ ကျွန်တော်တို့လည်း အဲဒီသတင်းကို ရုတ်တရက်ကြားလိုက်တော့ ဘာလုပ်ရမှန်းမသိဘူး..၊ နောက်တော့ အားလုံးမျက်ရည်တွေကျကုန်ပါတယ်..။ ကဲ.. ဘာဆက်လုပ်ကြမလဲ..?
တကယ်တော့ သူဟာကျွန်တော်တို့ရဲ့ အဖေလိုဖြစ်နေပါပြီ..။ ကိုယ့်ကိုလမ်းပြပေးမယ့်သူမရှိပဲ ဘာဆက်လုပ်ရတော့မလဲ..? ဆိုတဲ့အတွေးတွေ ဖြစ်လာပါတယ်..။ သူ့အတွက်လည်း စဉ်းစားပါတယ်..။ ဒါနဲ့ဘုတ်အဖွဲ့ကို ကျွန်တော်တို့သွားတွေ့တယ်..၊ ‘ကျွန်တော်တို့အားလုံးက ဟိုဆေး ကို ဆက်ပြီးရှိနေစေချင်ပါတယ်..၊ သူ့ကိုပြန်ခေါ်လို့ မရနိုင်ဘူးလား..? ကျွန်တော်တို့ ကြုံခဲ့ဖူးတဲ့ မန်နေဂျာတွေထဲမှာ သူကအကောင်းဆုံးပဲ’ ဆိုပြီး တောင်းဆိုကြပါတယ်..။ ဘုတ်အဖွဲ့က သူတို့ရဲ့ဆုံးဖြတ်ချက်ကို မပြင်နိုင်တော့ဘူး.. လို့ ပြန်ပြောပါတယ်..။ ဒီလိုနဲ့ပဲ ဟိုဆေး က အသင်းကနေ ထွက်သွားခဲ့ပါတယ်..။
ဂျေမီ ကာရေဂါ - မင်းပြောတာ ကြားလိုက်တော့ ဟိုဆေး တစ်ယောက် အင်တာ မီလန်အသင်းကနေ ရီးရဲလ် မက်ဒရစ်အသင်းကို ထွက်သွားတဲ့အချိန်တုန်းက သူဟာ ဆန်တီယာဂို ဘာနေဗျူးကွင်းမှာ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲပြီးပြီးချင်း ကစားသမားတွေကို အင်တာ မီလန်အသင်းကနေ ထွက်တော့မယ်ဆိုတဲ့အကြောင်း ပြောခဲ့တယ်..၊ အဲဒီအချိန်တုန်းက မာတာရာဇီ အပါအဝင် ကစားသမားတွေအားလုံး ဝမ်းနည်းပက်လက် ငိုကြွေးခဲ့တဲ့အကြောင်း ပြန်ပြောပြခဲ့တယ်ဗျ..။
အဲဒီတော့ ဟိုဆေး ဟာ မင်းတို့ကစားသမားတွေနဲ့ ပတ်သက်ရင် ထူးခြားတဲ့ဆွဲဆောင်မှုတစ်ခု ရှိနေတယ်လို့ ယူဆရတာပဲ..။ သူဟာတခြားမန်နေဂျာတွေနဲ့ယှဉ်လိုက်ရင် ဘာတွေများ ပိုပြီးထူးခြားနေတာရှိလဲ..? ဘာဖြစ်လို့လည်းဆိုတော့ အခုနောက်ပိုင်းမှာ ကစားသမားတွေကို ကိုင်တွယ်တာနဲ့ ပတ်သက်ပြီး သူ့ကိုဝေဖန်မှုတွေ များနေတာကိုး..။ အဲဒီတော့ ခင်ဗျားတို့ခေတ်က ကစားသမားတွေနဲ့ အခုခေတ် ကစားသမားတွေကြားမှာ ခံယူချက်တွေ ကွာခြားသွားလို့လား..?
ဂျွန် တယ်ရီ - ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလက ကစားသမားတွေနဲ့ အခုခေတ်ကစားသမားတွေရဲ့ကြားမှာ ခံယူချက်တွေ၊ ပုံစံတွေ နည်းနည်းတော့ ကွာခြားနိုင်ပါတယ်..။ သူဟာကစားသမားတွေဆီက တောင်းဆိုမှု အရမ်းများတယ်..၊ အကောင်းဆုံးဆိုတာကိုပဲ လိုချင်တယ်..၊ ကျွန်တော်တို့တွေဆီကနေ ခွန်အားလက်ကျန် တစ်စက်မှ မကျန်တော့တဲ့အထိ မောင်းနှင်ခဲ့ပါတယ်..။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော်တို့အတွက် သူဘာတွေလုပ်ပေးခဲ့လဲ ပြန်ပြီးသိမြင်နိုင်ပါပြီ..။
နောက်ပြီးဟိုဆေး ဟာ ကျွန်တော့်ဆီကို ‘တိုနီ (ဂျွန် တယ်ရီ ၏ အမျိုးသမီး) နဲ့ ကလေးတွေ နေကောင်းရဲ့လား..? သူတို့ကျောင်းအခြေအနေ ဘယ်လိုရှိလဲ..? ဂျော်ဂျီနဲ့ ဆမ်းမား (ဂျွန် တယ်ရီ ၏ သားနဲ့သမီး) တို့ကို သတိရကြောင်း ပြောပေးပါဦး..’ စသဖြင့် မက်ဆေ့ချ်တွေ လာနေတုန်းပါပဲ..။ အခုအချိန်ထိလည်း မက်ဆေ့ချ်တွေ..၊ ဗွီဒီယိုတွေ ပို့ပေးနေတုန်းပဲဗျ..။ ကျွန်တော့်ကလေးတွေကလည်း ဟိုဆေး ကို အရမ်းသဘောကျ..၊ အရမ်းကိုးကွယ်တာ.. ဒီလိုသံယောဇဉ်ကြိုးတွေ..၊ ဆက်နွယ်မှုတွေကို အပြင်လူတွေက မြင်နိုင်မှာ မဟုတ်ဘူးဗျ..။ တခါတလေ ကျွန်တော်ဆို လမ်းပတ် နဲ့ အတူထိုင်နေရင်း.. ‘Lamp.. မနေ့ညတုန်းက ငါ့ဆီကို နည်းပြ (The Gaffer) က မက်ဆေ့ချ် ပို့တယ်ကွ..’ လို့ ကြွားလိုက်တယ်..၊ ကျွန်တော်ကတော့ ကိုယ့်ဆီကိုပဲ သီးသန့်စပါယ်ရှယ် ပို့တယ်ပဲတင်ထာပေါ့..။ လမ်းပတ် က သူလည်းရတယ်..၊ ဒီဒီယာ ကို မေးလိုက်တော့ သူလည်းရတယ်..၊ ဒီလိုနည်းနဲ့ ကျွန်တော်တို့ကြားမှာ သံယောဇဉ်တွေ ကြီးမားလာတယ်..၊ အားလုံးဟာ တစ်သွေးတည်း၊ တစ်သားတည်း ဖြစ်လာတယ်လို့ပဲ ထင်ပါတယ်..။
ဂျော့ဖ် ရှရစ်ဖ် - ဂျွန် ရေ.. ရာဖာ ဘင်နီးတက်ဇ် ချယ်လ်ဆီးကိုရောက်လာတဲ့အချိန် ခင်ဗျားအတွက် ဘယ်လိုတွေ အခက်အခဲတွေ့ခဲ့လဲ..?
အပိုင်း (၂) ဆက်ရန် >>>