feature-image

‘တယ်ရီ’ Vs ‘ကာရေဂါ’ : သူတို့ပြောတဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးလ်တို့ရဲ့ ဘောလုံးကြိုးဝိုင်း (၂)

ယနေ့တင်ဆက်သော ဘောလုံးကြိုးဝိုင်း- အပိုင်း (၂) တွင် ချယ်လ်ဆီးအသင်းနည်းပြဘဝက ရာဖာ ဘင်နီးတက်ဇ် အပေါ် ဂန္တဝင်အသင်းခေါင်းဆောင် ဂျွန် တယ်ရီ ၏အမြင်၊ စတီဗင် ဂျရတ် နှင့် ဖာနန်ဒို တောရက်စ် တို့၏ အပြောင်းအရွှေ့များ၊ ဂျွန် တယ်ရီ ကို ခေါ်ယူရန် လီဗာပူးလ်အသင်းက စိတ်ဝင်စားခဲ့သည့်အကြောင်းများကို ဆွေးနွေးသွားခဲ့ကြသည်..။

ဂျော့ဖ် ရှရစ်ဖ် - ဂျွန် ရေ.. ရာဖာ ဘင်နီးတက်ဇ် ချယ်လ်ဆီးကိုရောက်လာတဲ့အချိန် ခင်ဗျားအတွက် ဘယ်လိုတွေ အခက်အခဲတွေ့ခဲ့လဲ..?

ဂျွန် တယ်ရီ - ရိုးရိုးသားသားပဲ ဝန်ခံပါတယ်..၊ ရာဖာ နဲ့ လက်တွဲခဲ့တဲ့ကာလဟာ ကျွန်တော့်အတွက် တကယ့်ကို ခက်ခဲခဲ့ပါတယ်…။ သူရောက်လာတော့ သူနဲ့အကောင်းဆုံး လက်တွဲသွားမယ်လို့ပဲ စဉ်းစားထားခဲ့တာပါ..။ ဒါပေမယ့်သူကလည်း ရောက်ကတည်းက ကျွန်တော်တို့နဲ့ ပတ်သက်ရင် အကောင်းဘက်က သိပ်မပြောခဲ့ဘူးဗျ.။ အဲဒါကြောင့် သူ့ဘက်ကို ထောက်ခံတဲ့သူ နည်းပါးခဲ့ပါတယ်..။ ကျွန်တော်ကတော့ သူ့ကိုပထမနေ့ကတည်းက အသင်းကနေ ထွက်စေချင်နေခဲ့တာပါ..။ သူ့ရဲ့လက်ထက်မှာ ကျွန်တော်တို့ဟာ ယူရိုပါ လိဂ်ဖလား ရခဲ့တယ်..၊ အမှတ်ပေးပြိုင်ပွဲမှာလည်း အခြေအနေမဆိုးခဲ့တာကြောင့် အသင့်အတင့် အောင်မြင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်..။



ကျွန်တော်ကတော့ သူ့ဆီကနေ သင်ယူချင်တယ်..၊ သူနဲ့အတူ အကောင်းဆုံး လက်တွဲသွားချင်ပါတယ်..။ တကယ်တမ်းသူ့အနေနဲ့ လူတိုင်းကို တန်းတူညီမျှ အခွင့်အရေးပေးဖို့ လိုအပ်တာပေါ့..။ ကိုယ်ရခဲ့တဲ့ အခွင့်အရေးကို ထိုက်တန်ကြောင်း ပြသဖို့က ကစားသမားတွေရဲ့တာဝန်ပါ..။ ကျွန်တော်တို့နဲ့က သူ့ရဲ့ပထမဆုံးနေ့ကတည်းက အဆင်မပြေခဲ့တာပါ..။

အသင်းအစည်းအဝေးတိုင်းမှာ သူက ‘လီဗာပူးလ်မှာတုန်းက ဒီလိုလုပ်ခဲ့တယ်..၊ ဒီလိုကစားခဲ့တာပဲ’.. စသဖြင့်ပေါ့ဗျာ..

ဂျေမီ ကာရေဂါ - ဟေး..!!! ‘ကာရေဂါ က ဒီလိုလုပ်ခဲ့တယ်..၊ ကာရေဂါ က ဒီလိုကစားခဲ့တယ်’ လို့ မင်းကိုပြောခဲ့တာ မဟုတ်ဘူးလား.. ဟားဟား..။

ဂျွန် တယ်ရီ - အေးပါ.. မင်းကတော့ အခွင့်အရေးရရင် ရသလို နည်းနည်းလောက်တော့ လေကျယ်လိုက်ရမှ… ဟားဟား.. အဲဒါနဲ့ သူနဲ့စကားပြောခဲ့ပါတယ်.. ‘နည်းပြ (The Gaffer) ရေ.. ခင်ဗျားအနေနဲ့ လီဗာပူးလ် ကို မေ့လိုက်ဖို့ကောင်းပြီနော..။ ခင်ဗျားဟာ လီဗာပူးလ် ဘက်ကနေ ‘ငါတို့ (we)’ ဆိုပြီး ပြောလို့မရဘူးဗျ..၊ ခင်ဗျားဟာ အခုချယ်လ်ဆီးကို ရောက်နေတယ်ဆိုတာလည်း သတိရပါဦး..။ အဲဒီလိုခင်ဗျားပြောနေရင် ကျွန်တော်တို့ကောင်လေးတွေနဲ့ အဆင်ပြေမှာ မဟုတ်ဘူး…’ ဆိုပြီး သူ့ကိုသတိပေးခဲ့ပါတယ်..။ အဲဒါတွေကြောင့်ပဲလားတော့ မသိဘူးဗျ..။ သူဟာငါ့ကို ကစားခွင့်သိပ် မပေးခဲ့ဘူး..။ ဒါ့ကြောင့်ငါဟာ သူ့ရဲ့လက်ထက်မှာ အခွင့်အရေးသိပ်မရခဲ့ပါဘူး..။


ဂျေမီ ကာရေဂါ - ဂျွန် ရေ.. စကားဝင်ဖြတ်ပြီး မေးရဦးမယ်..၊ သူ့ရဲ့လက်ထက်မှာ မင်းကစားခွင့် သိပ်မရခဲ့တာဟာ သူနဲ့အခြေအတင် ဖြစ်ခဲ့တာတွေကြောင့်လို့ မင်းထင်ခဲ့တာပေါ့..။ ဘာဖြစ်လို့လည်းဆိုတော့ မင်းတို့ဟာ ပြောသင့်တယ်ဆိုရင် ဟိုဆေး မော်ရင်ဟို ထွက်သွားတုန်းကလို အသင်းဘုတ်အဖွဲ့ထိ တက်ပြောတယ်..၊ နည်းပြကိုလည်း ဟိုလိုမပြောနဲ့၊ ဒီလိုပြော.. ဆိုပြီး ဆရာလုပ်တယ်..။ ငါတို့လီဗာပူးလ်မှာ ရာဖာ ဘင်နီးတက်ဇ် တင်မဟုတ်ဘူး..၊ ဘယ်မန်နေဂျာနဲ့မှ အဲဒီလိုစကားမျိုး မပြောခဲ့ဖူးပါဘူး..။ ငါတို့တွေဟာ မန်နေဂျာ ညွှန်ကြားတဲ့အတိုင်းပဲ လိုက်နာခဲ့ပါတယ်..။ ဒါ့ကြောင့်မင်းတို့နှစ်ယောက်ရဲ့ကြားက ပြသနာဟာ ပုဂ္ဂိုလ်ရေးနဲ့ ပိုဆိုင်နေမလား..?

ဂျွန် တယ်ရီ - အစကတည်းက သူနဲ့အဆင်မပြေခဲ့တာလည်း ပါသလို တခြားအခြေအနေတွေကလည်း ငါ့ဘက်မှာ မရှိခဲ့ပါဘူး..။ သူစပြီးရောက်လာတဲ့အချိန်မှာ ငါကဒဏ်ရာပြသနာနဲ့ ရုန်းကန်နေရပါတယ်..။ ဒဏ်ရာရခဲ့တာက မင်းတို့လီဗာပူးလ်နဲ့ပွဲမှာ ဂိုးသွင်းအပြီး ဆွာရက်ဇ် ရဲ့ ဖျက်ထုတ်မှုကြောင့် ရခဲ့တယ်..၊ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာကွာ..။ အဲဒီနောက်သူရောက်မလာခင် ခြောက်ပါတ်လောက် နားနေခဲ့ရတယ်..၊ ဒါ့ကြောင့်သူရောက်လာတဲ့အချိန်တုန်းက ငါဟာကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်လာဖို့ ကြိုးစားနေရတဲ့အချိန် ဖြစ်နေခဲ့ပါတယ်..။

နောက်တော့ နှစ်ပွဲလောက် ကစားခွင့်ရတယ်..၊ ဖူးလ်ဟမ်းနဲ့ပွဲမှာ ဂိုးတောင်သွင်းပေးနိုင်ခဲ့သေးတယ်.။ နောက်ပွဲကျ ချန်ထားခဲ့ပြန်ရော..။ အဲဒီလိုအခြေအနေတွေ တဖြည်းဖြည်းနဲ့ များလာခဲ့တာကွ..။ ငါကတော့ ကိုယ့်ဘက်က အကောင်းဆုံး ကြိုးစားလေ့ကျင့်တယ်..၊ အားလုံးကို လေးစားမှုအပြည့်ပေးခဲ့တာပါပဲ..။



ဂျော့ဖ် ရှရစ်ဖ် - အကြိုဗိုလ်လုပွဲအဆင့်၊ ဗိုလ်လုပွဲအဆင့်တွေမှာ ခင်ဗျားတို့နှစ်သင်း မကြာခဏ ရင်ဆိုင်ခဲ့ရတဲ့ ငါးနှစ်၊ ခြောက်နှစ်တာ ကာလအတွင်းမှာ လူသိအများဆုံးနဲ့ အခုအချိန်ထိ လူပြောအများဆုံးပွဲက လူးဝစ်စ် ဂါးစီးယား ရဲ့ ‘တစ္ဆေဂိုး (Ghost Goal)’ ဆိုပြီး နာမည်ကျော်ခဲ့တဲ့ ၂၀၀၅ ခုနှစ်၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲ၊ ဒုတိယအကျော့ပွဲစဉ် ဖြစ်ပါတယ်..။ တကယ်တော့ အဲဒီပွဲဟာ ခင်ဗျားတို့နှစ်သင်းကြားက အမှုတွဲထဲမှာ ဒုတိယမြောက်ပွဲစဉ်ပဲဗျ..။ အဲဒီပွဲဟာ ခင်ဗျားတို့နှစ်သင်းကြားက ပြိုင်ဆိုင်မှုကို ဘယ်လောက်ထိ ပိုပြီးခါးသီးသွားစေခဲ့လဲဗျ..?

ဂျွန် တယ်ရီ - သက်ရောက်မှု အကြီးကြီး ရှိခဲ့တာပေါ့ဗျာ..။ တကယ်တော့ အဲဒီဂိုးက ဂိုးမဂိုးပဲဟာ… ဟားဟား.. ဂိုးစည်းမှမကျော်ခဲ့တာ..။
ဂျေမီ ကာရေဂါ - အဲဒီအချိန်တုန်းက မင်းကဒီလိုစကားမျိုး မပြောခဲ့ပါလားဟ.. ဟားဟား..
ဂျွန် တယ်ရီ - ဟ.. ငါကအဲဒီဘောလုံးနဲ့ အနီးဆုံးမှာရှိခဲ့တာ..။ ငါပိုပြီးသိတာပေါ့..။ အခုအချိန်မှာတော့ လိုင်းကျော်တာ၊ မကျော်တာ သိပ်ပြီးငြင်းနေစရာ မလိုတော့ပါဘူး..။ ဒီဘက်ခေတ်မှာ နည်းပညာပိုင်းတွေကလည်း ပိုပြီးမြင့်မားလာပြီဆိုတော့ ဂိုးစည်းကျော်၊ မကျော် ချက်ချင်းသိနိုင်နေပြီပဲ..။ တကယ့်အချက်က လီဗာပူးလ်အသင်းဟာ ကျွန်တော်တို့ကို အခက်အခဲတကယ်တွေ့စေခဲ့ပါတယ်..။ ဟုတ်ပါတယ်.. အဲဒီပွဲဟာ ငါတို့နှစ်သင်းကြားက ခါးသီးတွေကို စတင်မွေးဖွားလိုက်တာလို့ ပြောနိုင်ပါတယ်..။


ဂျေမီ ကာရေဂါ - ငါတို့လီဗာပူးလ်တွေဘက်က ချယ်လ်ဆီးကို ဘယ်အချိန်မှာစပြီး ခါးခါးသီးသီးဖြစ်ခဲ့လဲဆိုရင် ငါတို့အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ စတီဗင် ဂျရတ် ကို ချယ်လ်ဆီးဘက်က ခေါ်ယူဖို့ ကြိုစားခဲ့တာကနေ စခဲ့တာပါ..။ ၂၀၀၅ ခုနှစ်၊ ကားလင်းဖလား ဗိုလ်လုပွဲမှာ ချယ်လ်ဆိးက ၃ဂိုး- ၂ဂိုးနဲ့ အနိုင်ရသွားတယ်..၊ အဲဒီပွဲမှာ ချယ်လ်ဆီးဘက်က ချေပဂိုးသွင်းပြီးတဲ့အချိန် ဟိုဆေး က လီဗာပူးလ် ပရိသတ်ဘက်ကို ‘ပါးစပ်ပိတ်ထား..’ ဆိုတဲ့ အမူအရာ လုပ်ပြခဲ့တယ်..၊ ငါတို့ဘက်က အဲဒါကိုမှတ်ထားပါတယ်..။

နောက်တော့ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်မှာ ထပ်ဆုံတော့ ပထမပွဲ စတန်းဖို့ဒ် ဘရစ်ချ်မှာ ဂိုးမရှိသရေကျခဲ့ပါတယ်..။ အဲဒီမှာဒုတိယအကျော့အတွက် ငါတို့တွေအရမ်းစိတ်အားတက်ကြွကုန်ပါတယ်..။ ချယ်လ်ဆီးနဲ့ဆိုတော့ အရင်ပွဲတွေထက်ကိုပိုပြီး နိုင်ချင်စိတ် ပြင်းပြခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်..။ အထူးသဖြင့် ဟိုဆေး ကို ပေါ့ကွာ…

လူးဝစ်စ် ဂါးစီးယား ရဲ့ အဲဒီ ‘Ghost Goal’ နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အမှန်တကယ် ဂိုးစည်းကျော်ခဲ့လား..? မကျော်ခဲ့ဘူးလား..? ဘယ်သူမှမပြောနိုင်ပါဘူး..။ ဒါပေမယ့် မင်းတို့ဘက်က ဂိုးစည်းမကျော်ခဲ့ဘူးလို့ မျက်စိဇွတ်မှိတ် ယုံကြည်နေခဲ့တာကလည်း ငါတု့ိနှစ်သင်းကြားက ခါးသီးမှုတွေကို ပိုပြီးဆိုးရွားစေခဲ့ပါတယ်…



ဂျော့ဖ် ရှရစ်ဖ် - ဂျေမီ ရေ.. ခုနက မင်းပြောခဲ့တဲ့ အစတစ်စ်ကို ပြန်ပြီးဆွဲထုတ်လိုက်ပါဦးမယ်..။ စတီဗင် ဂျရတ် ဟာ ချယ်လ်ဆီးအသင်းကို ရောက်သွားဖို့ အတော်လေးကို နီးစပ်ခဲ့ပါသေးတယ်..။ အဲဒီအကြောင်းကို အားလုံးသိပြီးသားပေါ့..။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့အမြင်လေး ပြောပြနိုင်မလား..? ဂျွန် ရေ..

ဂျွန် တယ်ရီ - ဟုတ်ကဲ့ပါ..။ အဲဒီအချိန်တုန်းက စတီဗင် ဂျရတ် ဟာ လီဗာပူးလ်အသင်းမှာ သူပြသနေတဲ့ ခြေစွမ်းအရ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်..။ ဟိုဆေး ကလည်း သူ့ရဲ့အသင်းကို အကောင်းဆုံး အင်္ဂလိပ်ကစားသမားတွေနဲ့ ဖွဲ့စည်းချင်ပါတယ်..။ ဒါ့ကြောင့်စတီဗင် ဂျရတ် ကို သွေးတိုးစမ်းကြည့်ပါတယ်..။ စတီဗီ ကတော့ ပထမဆုံးနေ့ကတည်းက လီဗာပူးလ်ကနေ မထွက်ချင်ဘူးလို့ ပြောခဲ့တာပါ..။ ဒါပေမယ့် နောက်ပိုင်းမှာ သူဟာကျွန်တော်တို့ဆီရောက်ဖို့ အတော်လေးနီးစပ်သွားခဲ့ပါတယ်..။ တကယ်တမ်း သူသာရောက်ရှိလာမယ်ဆိုရင် ကျွန်တော်တို့အသင်းဟာ ဒီထက်ပိုပြီး တောင့်တင်းသွားမယ်ဆိုတာ ရာနှုန်းပြည့် (၁၀၀%) ယုံကြည်ထားပါတယ်..။

ဂျေမီ ကာရေဂါ - စတီဗင် နဲ့ မင်းတို့ချယ်လ်ဆီးနဲ့ နီးစပ်သွားရတဲ့အကြောင်းက သူဟာ လမ်းပတ်..၊ ဂျွန် တယ်ရီ..၊ ပေါလ် စခိုးလ် တို့နဲ့ မန်ချက်စတာ ယူနိုက်တက်က အသင်းသားတွေလို အောင်မြင်မှုမျိုး မရမှာကို စိုးရိမ်နေခဲ့တယ်ဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအချိန်တုန်းက လီဗာပူးလ်အသင်းဟာ အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း မရှိဘူး ဖြစ်နေတာကိုး..။ ဒါပေမယ့် အဲဒီအကြောင်းက အားလုံးသိပြီးသား ဖြစ်တဲ့အကြောင်းဆိုတော့ အဲဒီထက်ပိုပြီး ငါစိတ်ဝင်စားမိတာက ဂျွန်.. မင်းလည်း လီဗာပူးလ်ကိုရောက်ဖို့ ဘယ်လောက်နီးစပ်ခဲ့သေးလဲ..? ၂၀၀၃.. ၃၀၀၄ လောက်ကဖြစ်မယ်ထင်တယ်..။ ရိုမန် မင်းတို့အသင်းကို မဝယ်ခင်လေး မင်းတို့ဆီမှာ ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ရတော့မယ့်အချိန်လေ.. ငါမေးချင်တာက လီဗာပူးလ် ကို ပြောင်းရွှေ့ဖို့ မင်းကိုယ်တိုင် ကြိုးစားခဲ့ဖူးလား..? ဒါမှမဟုတ် လီဗာပူးလ်က မင်းကို ရနိုင်မလား.. သွေးတိုးစမ်းကြည့်တာလား..?



ဂျွန် တယ်ရီ - ငါလုံးဝကိုမေ့နေတာကွ.. မင်းပြောမှသတိရတယ်..။ မင်းကမှတ်ဉာဏ် အတော်ကောင်းတာပဲဟ..။ အဲဒီအချိန်က ၂၀၀၂/၀၃ ဘောလုံးရာသီမှာကွ..။ ရာသီနောက်ဆုံးပွဲစဉ်အဖြစ် လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ထိပ်တိုက်တွေ့တဲ့ပွဲမှာ ဒဏ်ရာပြသနာကြောင့် ငါဝင်ပြီးကစားခွင့်မရခဲ့ဘူး..။ အဲဒီပွဲမှာ ငါတို့အနိုင်ရခဲ့ပြီး နောက်နှစ်ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့တယ်..။ နောက်ပိုင်းမှာ ရိုမန် ငါတို့အသင်းကို ရောက်လာခဲ့ပါတယ်..။ ပွဲမစခင်မှာ မင်းတို့အသင်းမန်နေ၈ျာ ဂျရတ် ဟူလီယေး က အဝတ်လဲခန်းအထွက်မှာ ‘ဒီပွဲရဲ့အနိုင်အရှုံး ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ မင်းကိုရအောင် ခေါ်ယူချင်တယ်’ လို့ ပြောခဲ့ပါတယ်..။ ငါကလည်း ‘ချယ်လ်ဆီးဟာ ကျွန်တော့်ရဲ့အသင်းပါ..၊ ကျွန်တော်ဘယ်ကိုမှ မသွားနိုင်ဘူး’ ဆိုပြီးချက်ချင်းပဲ ပြန်ပြောလိုက်ပါတယ်..။ အဲဒီထက်ပိုပြီး ဘာမှမဖြစ်လာခဲ့ပါဘူး..။

ဂျော့ဖ် ရှရစ်ဖ် - ဒီတစ်ခါတော့ ဂျေမီ ကို ကျွန်တော်မေးပါမယ်..။ အခုအပြောင်းအရွှေ့ကတော့ စတီဗီ နဲ့ ဆန့်ကျင်ဘက်ပေါ့..။ ဖာနန်ဒို တောရက်စ် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့အပေါ် ခင်ဗျားအနေနဲ့ ဘယ်လိုခံစားခဲ့လဲ..?

ဂျေမီ ကာရေဂါ - ကြားကြားချင်းမှာ မယုံနိုင်အောင်ပါပဲ..။ ဒါပေမယ့် ကျွန်တော်တို့ ချယ်လ်ဆီးကို ‘ဂျင်း’ ထည့်နိုင်လိုက်ပြီလို့ အတွေးဝင်လာခဲ့ပါတယ်..။ ကျွန်တော်ဟာ တောရက်စ် နဲ့ တွဲကစားလာခဲ့တဲ့ကာလမှာ နောက်ဆုံးတစ်နှစ်အတွင်း သူ့ရဲ့ခြေစွမ်းအရ သူဟာနာမည်ပဲ ကျန်တော့တဲ့ အနေအထားဗျ..။ ကျွန်တော်တို့ဆီကို စပြီးရောက်ခဲ့တဲ့ တစ်နှစ်ခွဲလောက်အတွင်း ခြေစွမ်းကတော့ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက်လို့ ပြောနိုင်ပါတယ်..။ သူဟာချယ်လ်ဆီးနဲ့တွေ့တိုင်း ကောင်းကောင်းဒုက္စပေးလေ့ရှိပါတယ်..။ ဒါ့ကြောင့်လည်းအသင်းပိုင်ရှင်က သူ့ကိုဝယ်ယူဖို့ ဆုံးဖြတ်လိုက်ပုံ ရပါတယ်..။ ချယ်လ်ဆီးမှာမန်နေဂျာတွေက ဝင်လိုက်၊ ထွက်လိုက်ဆိုတော့ မစ္စတာရိုမန် ရဲ့ အဆုံးအဖြတ်က အဓိကပါပဲ..။ ရှက်ဖ်ချန်ကို တုန်းကလည်း ဒါမျိုးပဲလေ.. မဟုတ်ဘူးလားဗျ..။

အဲဒီနှစ်ဘောလုံးရာသီ၊ နည်းပြရွိုင်း ဟော့ဒ်ဆန် လက်ထက်မှာ သူ့ရဲ့ခြေစွမ်းက အကောင်းဆုံးမှာ ရှိမနေခဲ့ပါဘူး..။ ဒါပေမယ့် ချယ်လ်ဆီးနဲ့ပွဲမှာ နှစ်ဂိုးစလုံးကို သူသွင်းပေးခဲ့ပြီး ကျွန်တော်တို့ အနိုင်ရခဲ့ပါတယ်..။ အဲဒီမှာ ရိုမန် အတွက် သူ့ကိုအရခေါ်ဖို့ အခါတော်ပေးလိုက်သလို ဖြစ်သွားပုံရပါတယ်..။ အဲဒီခေတ်တုန်းက ပြောင်းရွှေ့ကြေးပေါင်သန်း (၅၀) ဆိုတာ တကယ့်ကို ကြေးကြီးတဲ့ အပြောင်းအရွှေ့ထဲမှာပါပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့အားလုံး အံ့အားသင့်ကုန်ကြတာပေါ့ဗျာ..။ တောရက်စ် ကို လက်လွှတ်လိုက်ရတဲ့အတွက် တစ်ဖက်က စိတ်ပျက်မိပေမယ့် ပြောင်းရွှေ့ကြေးပေါင်သန်း (၅၀) ရလိုက်တဲ့အပေါ်ကိုလည်း မယုံကြည်နိုင်အောင် ဖြစ်မိပါတယ်..။

ကျွန်တော်တို့ဟာ အဲဒီပိုက်ဆံနဲ့ အင်ဒီ ကာရိုးလ် ကို စတာလင်ပေါင် (၃၅) သန်းနဲ့ အရခေါ်ယူနိုင်ခဲ့တယ်..၊ နောက်ပြီးဆွာရက်ဇ် ပေါ့..။ အဲဒီလိုနောက်ခံအခြေအနေတွေကြောင့် ဖာနန်ဒို တောရက်စ် ဟာ ချယ်လ်ဆီးမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့အပေါ် ကျွန်တော်ကတော့ မအံ့သြမိပါဘူး.။



ဂျွန် တယ်ရီ - အဲဒီအကြောင်းကို မင်းပြောပြတာ စိတ်ဝင်စားဖို့ကောင်းပါတယ်..။ နန်ဒို ဟာ အဲဒီအချိန်တုန်းက သူ့ရဲ့အကောင်းဆုံးခြေစွမ်းမှာ ရှိမနေခဲ့ဘူး ဆိုပေမယ့် ငါတို့နဲ့တွေ့ခဲ့တဲ့ပွဲမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့တယ်..။ ငါတို့ချယ်လ်ဆီးဘက်က ကြည့်တဲ့အခါကျတော့ သူဟာအန်ဖီးလ်မှာပဲဖြစ်ဖြစ်၊ ငါတို့ကွင်းမှာပဲဖြစ်ဖြစ် ဂိုးတွေသွင်းပြီး ဒုက္စပေးနေကျပါ..။ ဒါ့ကြောင့်ရိုမန် ကလည်း သူ့ရဲ့အကြောင်း အမြဲတမ်းမေးနေသလိုလို ငါတို့တွေကလည်း သူနဲ့ရင်ဆိုင်ရတိုင်း စိုးရွံ့စိတ်တွေ ရှိခဲ့ပါတယ်..။

ယိုဆီ ဘီနာယောင် က သူနဲ့အတော်လေး ရင်းနှီးတယ်..၊ ယိုဆီ က ငါတို့ကိုအရင်ဆုံးပြောတာ.. ‘ဖာနန်ဒို တို့ဆီကို လာနေပြီ’.. တဲ့..။ အဲဒီသတင်းကို ကြားကြးချင်း ငါတို့ရဲ့စိတ်ထဲမှာ မယုံနိုင်အောင် ဖြစ်ခဲ့ရသလို တောရက်စ် သာ ရောက်လာပြီဆိုရင် ပရီးမီးယားလိဂ်ကို နောက်ထပ် ငါးနှစ်၊ ခြောက်နှစ်လောက်တော့ ဆက်ပြီးလွှမ်းမိုးနိုင်ဦးမှာပဲဆိုတဲ့ စိတ်တွေဖြစ်လာခဲ့ပါတယ်..။ ဒါကငါတို့ဘက်က အမြင်လေ..။ အခုလိုမင်းရဲ့အမြင်ကို ကြားရတာလည်း အရမ်းကိုစိတ်ဝင်စားဖို့ ကောင်းပါတယ်..။

ဂျေမီ ကာရေဂါ - ချယ်လ်ဆီးအသင်းနဲ့ သူ့ရဲ့ပထမဆုံးပွဲကို ငါမှတ်မိနေပါသေးတယ်..။ ငါတို့အသင်းနဲ့ ပြန်ပြီးရင်ဆိုင်ရတဲ့ပွဲဖြစ်သလို ငါလည်းပခုံးအဆစ်လွဲတဲ့ ဒဏ်ရာကနေ ပြန်ကောင်းလာပြီး စတင်ကစားရတဲ့ပွဲလည်း ဖြစ်တယ်..။ ဒီပွဲမှာ အန်စလော့တီ က သူ့ကိုတစ်ခါတည်း ပွဲထွက်လူစာရင်းမှာ ကောက်တည့်လိုက်ပါတယ်..။ အခုအချိန်ထိ အဲဒီလိုပြုလုပ်ခဲတဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ မှားယွင်းခဲ့တယ်လို့ ခံယူထားတုန်းပဲ..၊ ဘာဖြစ်လို့လည်းဆိုတော့ သူဟာလီဗာပူးလ်ကနေ ပြောင်းလာတာဆိုတော့ အဲဒီပွဲဟာ သူ့အတွက် အလျော်အစား အရမ်းကြီးမားလွန်းနေခဲ့ပါတယ်..။ ဒါ့ကြောင့်သူဟာ ဘယ်လောက်ပဲ ကြေးကြီးကြီးခေါ်ယူထားတဲ့ အပြောင်းအရွှေ့ ဖြစ်ပါစေ.. သူ့အနေနဲ့ အဲဒီပွဲမျိုးကို ပထမဆုံးပွဲထွက်အနေနဲ့ မကစားသင့်ဘူးလို့ မြင်တာပဲကွ..။ ဒါမှမဟုတ် နန်ဒို ကို ဒီပွဲမှာထည့်ကစားရမယ်ဆိုတဲ့ ဖိအားများ ကာလို အန်စလော့တီ ဆီမှာ ရှိနေလားမပြောတတ်ဘူး..။ အဲဒီပွဲမှာ ငါတို့အနိုင်ရသွားခဲ့တယ်..၊ ဒါ့ကြောင့်နန်ဒို အတွက် ဖိအားတွေ၊ ဝေဖန်မှုတွေ ပိုပြီးများသွားခဲ့ပါတယ်..။



ဂျွန် တယ်ရီ - အဲဒီပွဲမှာ နန်ဒို ကို ဘာကြောင့်ထည့်ပြီး ကစားရလဲဆိုတဲ့အဖြေကို သေသေချာချာ မသိဘူး..။ ဒါပေမယ့် ကာလို အန်စလော့တီ ဟာ ဘုတ်အဖွဲ့အလိုကျ ခေါင်းငြိမ့်တတ်တဲ့ မန်နေဂျာမျိုး မဟုတ်ဘူးဆိုတာ သေချာပေါက် ငါအာမခံပါတယ်..။ ဒါပေမယ့် ဖာနန်ဒို ပါလာတဲ့အတွက် ငါတို့ဟာ ကစားကွက်ပြောင်းလိုက်ရပါတယ်..။ တိုက်စစ်မှာ ဒရော့ဘာ နဲ့ တောရက်စ် ကိုတင်ပြီး အနယ်လ်ကာ ကို သူ့ရဲ့နောက်မှာ ကစားစေခဲ့ပါတယ်..။ ဒါ့ကြောင့်အသင်းမှာ တကယ့် ‘Class A’ အဆင့် ထိပ်တန်းတိုက်စစ်မှူး သုံးယောက်ရှိသွားတာပေါ့..။ သူတို့သုံးယောက်စလုံးကို အံဝင်အောင် ထည့်ပြီးကစားနိုင်မယ့် ကစားကွက်ကို ခင်းကျင်းရမယ့်ပုံစံ ဖြစ်သွားပါတယ်..။

ဒါပေမယ့် မင်းပြောခဲ့တဲ့အတိုင်းပါပဲ.. အဲဒီအချိန်က ငါတို့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဒီဒီယာ ဒရော့ဘာ၊ အနယ်လ်ကာ တို့နဲ့ လိုအပ်တဲ့အင်အား၊ ထက်မြက်မှုရှိနေပြီးသားပါ..။ ဒီဒီယာ ကို အထောင်ထားမယ်..၊ အနယ်လ်ကာ ကို သူ့ရဲ့ဘေးက ရံကစားမယ်..၊ ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက် အလှည့်ကျကစားမယ်.. စသဖြင့် အပြောင်းအလဲ ပြုလုပ်နိုင်ပါတယ်..။ တကယ်တော့ ဒီပွဲမှာ ဖာနန်ဒို ကို ထည့်မယ်ဆိုရင်လည်း ပွဲချိန်နောက်ပိုင်းကျမှ သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ရဲ့အစား လူစားလဲခဲ့တာက ပိုပြီးသင့်တော်မှာပါ..။ ဒီပွဲရဲ့ရိုက်ခတ်မှုဟာ သူ့ရဲ့ယုံကြည်မှုကို ထိခိုက်စေခဲ့တာတော့ အမှန်ပဲ..

ဂျော့ဖ် ရှရစ်ဖ် - ဒီတစ်ခါတော့ နည်းနည်းပိုပြီး ကျယ်ကျယ်ပြန့်ပြန့် မေးပါ့မယ်..။ အဲဒီအချိန်ကာလတွေတုန်းက ခင်ဗျားတို့နှစ်သင်းဆုံတွေ့ကျရင် တစ်ယောက်နဲ့တစ်ယောက် အသာရအောင် ဘယ်လိုကြိုးစားခဲ့ကြသလဲ..? နည်းစနစ်ပိုင်းအရ အသာစီးရအောင် ကြိုးစားတာလား..? နည်းပြတွေ.. ကစားသမားတွေရဲ့ အရှိန်အဝါနဲ့ တစ်ဦးချင်း စွမ်းရည်တွေနဲ့လား.. စသဖြင့်ပေါ့ဗျာ..။ ဂျေမီ.. ခင်ဗျားအရင်ဖြေပေးလို့ရမလား..?

အပိုင်း (၃) ဆက်ရန် >>>