ယနေ့တင်ဆက်သော ဘောလုံးကြိုးဝိုင်း- အပိုင်း (၃) တွင် ဟိုဆေး မော်ရင်ဟို နှင့် ရာဖာ ဘင်နီးတက်ဇ် တို့လက်ထက် တစ်သင်းနှင့်တစ်သင်း အပြိုင်အဆိုင်၊ အနိုင်ရရန် နည်းစနစ်ခင်းကျင်းပုံများ၊ ပွဲကြိုပြင်ဆင်ပုံများ၊ ၂၀၁၀ ပြည့်လွန်နှစ်များ၏ ‘ဆယ်စုနှစ်အတွင်း အကောင်းဆုံးအသင်း (Team of the Decade)’ ရွေးချယ်ခဲ့မှုအပေါ် တုံ့ပြန်ပုံများ၊ အင်္ဂလန်အသင်း၏ ရွှေရောင်မျိုးဆက် ကာလများအကြောင်းကို ဆွေးနွေးသွားခဲ့ကြသည်..။
ဂျော့ဖ် ရှရစ်ဖ် - ဒီတစ်ခါတော့ နည်းနည်းပိုပြီး ကျယ်ကျယ်ပြန့်ပြန့် မေးပါ့မယ်..။ အဲဒီအချိန်ကာလတွေတုန်းက ခင်ဗျားတို့နှစ်သင်းဆုံတွေ့ကျရင် တစ်ယောက်နဲ့တစ်ယောက် အသာရအောင် ဘယ်လိုကြိုးစားခဲ့ကြသလဲ..? နည်းစနစ်ပိုင်းအရ အသာစီးရအောင် ကြိုးစားတာလား..? နည်းပြတွေ.. ကစားသမားတွေရဲ့ အရှိန်အဝါနဲ့ တစ်ဦးချင်း စွမ်းရည်တွေနဲ့လား.. စသဖြင့်ပေါ့ဗျာ..။ ဂျေမီ.. ခင်ဗျားအရင်ဖြေပေးလို့ရမလား..?
ဂျေမီ ကာရေဂါ - အမှားတွေမလုပ်မိဖို့ အရေးအကြီးဆုံးပဲဗျ..။ ကျွန်တော်တို့နှစ်သင်းကြားက ပွဲတွေဟာ အသင်းစွဲမပါတဲ့ ကြားပရိသတ်အတွက် သိပ်ပြီးကြည့်လို့ကောင်းမယ် မထင်မိဘူးဗျ..။ ပွဲအရှိန်တွေက အရမ်းမြန်ဆန်တာ မဟုတ်ဘူးလေ..။ နောက်ပြီးကျွန်တော်တို့အသင်းတွေဟာ ခံစစ်ကြောင်း တောင့်တင်းမှုကြောင့် နာမည်ရတဲ့ အသင်းတွေဖြစ်ပြီး ဖျော်ဖြေမှုအပြည့် ပေးနိုင်တဲ့အသင်းတွေဆိုပြီး သိကြတာ မဟုတ်ပါဘူး..။ ဒါပေမယ့် ချယ်လ်ဆီးနဲ့ပွဲတွေမှာ ကျွန်တော့်ရဲ့စိတ်ထဲ ဘယ်လိုခံယူထားသလဲဆိုရင် မင်းအမှားလုပ်မိရင် ရှုံးမှာပဲ..၊ ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းဟာ အမြဲတမ်းလိုလို မာကျော၊ ကျစ်လျစ်ပြီး ထိုးဖောက်ရခက်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့နှစ်သင်းကြားက ပွဲစဉ်အများစုဟာ ဂိုးမရှိသရေ၊ ဒါမှမဟုတ်ရင် ၁ဂိုး- ဂိုးမရှိလောက်နဲ့ပဲ ပွဲပြီးသွားတာ များပါတယ်..။
ဒီပွဲတွေအတွက် ကြိုတင်ပြင်ဆင်လာကတည်းက ပေးဂိုးမရှိ clean sheet ရဖို့အတွက် ဦးတည်ခဲ့ကြတာပါ..။ ဒါ့ကြောင့်ကျွန်တော်တို့လို နောက်ခံလူတွေအတွက် အမှားအယွင်းလုံး၀ မလုပ်မိဖို့ ကြီးမားတဲ့ဖိအားတွေ ရှိခဲ့ပါတယ်..။ အမှားအယွင်းနည်းနည်းပဲ လုပ်မိတဲ့အသင်းက အနိုင်ရသွားတာများတာပဲဗျ..
ဂျွန် တယ်ရီ - မင်းပြောတဲ့ဟာကို သဘောတူပါတယ်..။ မင်းတို့နဲ့ပွဲတွေမတိုင်ခင် အသင်းအစည်းအဝေးတွေမှာဆိုရင် သူက ‘အေး.. ဒီနေ့မှာတော့ နှစ်သင်းစလုံးဟာ ရေရေလည်လည် ပိတ်ဆို့ကစားကြပါလိမ့်မယ်..။ ဒါပေမယ့် ဒီဒီယာ နဲ့ လမ်းပတ် တို့က ပွဲအဖြေပြောင်းပေးနိုင်တဲ့ အခိုက်အတန့်လေးတွေကို ဖန်တီးပေးနိုင်လိမ့်မယ်..၊ အဲဒီအထိ စိတ်ရှည်ရှည်နဲ့ စောင့်ကြတာပေါ့..’ လို့ မှာကြားလေ့ရှိတယ်..၊ အထူးသဖြင့် ဒီဒီယာ ပေါ့ကွာ..။ သူဟာတကယ့်ပွဲကြီးပွဲကောင်းတွေမှာ အဆုံးအဖြတ်ဂိုးတွေ သွင်းပေးနိုင်တဲ့သူ ဖြစ်တာကိုး..။
နောက်တန်းလူတွေအနေနဲ့ကတော့ ခုနကမင်းပြောသလိုပါပဲ.. ငါတို့လည်းအမှားအယွင်းတွေ သိပ်မလုပ်ကြဘူး..၊ မင်းတို့လည်း အဲဒီလိုပါပဲ..။ အဲဒီမှာ ငါတို့နှစ်သင်းစလုံးရဲ့ တူညီတဲ့ ရည်မှန်းချက်က ပထမအကျော့ အဝေးကွင်းတွေဆိုရင် မရှုံးအောင်ထိန်းပြီး ကစားမယ်..၊ အိမ်ကွင်းကျမှ အနိုင်ကန်မယ်ဆိုတာပါပဲ..။ တခါတလေတော့ ဘယ်လိုမှ ထိုးဖောက်မရတာတို့..၊ ဘယ်လိုမှပိတ်ဆို့မရတာတို့ ဖြစ်တတ်ပါတယ်..။
ဂျေမီ ကာရေဂါ - ဒီနေရာမှာ ငါတစ်ခုမေးချင်တာက မင်းအတွက်ဆိုရင် အန်ဖီးလ်၊ ငါ့အတွက်ဆိုရင် စတန်းဖို့ဒ် ဘရစ်ချ် ပေါ့.. အဲဒီကွင်းတွေမှာ သွားရပြီဆိုရင် ပရိသတ်ရဲ့အားပေးမှုဟာ တခြားအဝေးကွင်းပွဲတွေကနဲ့ ဘယ်လိုတွေ ကွာခြားမှုရှိလဲ..? အဲဒီလိုပရိသတ်ရဲ့အားပေးမှုတွေဟာ ပွဲစဉ်တွေရဲ့ ပြိုင်ဆိုင်မှုကို ပိုပြီးပြင်းထန်စေခဲ့လား..? မင်းဘယ်လိုမြင်မိလဲ..?
ဂျွန် တယ်ရီ - ၂၀၀၄/၀၅ ဘောလုံးရာသီ၊ အန်ဖီးလ်ကွင်းမှာ ကြုံခဲ့ရတဲ့ပရိသတ်အားပေးမှုဟာ ငါကြုံခဲ့သမျှ အဝေးကွင်းပွဲစဉ်တွေထဲမှာ အကောင်းဆုံးပဲကွ..။ အန်ဖီးလ် ကွင်းဟာ တကယ့်ထူးခြားတဲ့ ကွင်းတစ်ကွင်းပါ..။ မင်းတို့ကွင်းကိုရောက်ပြီဆိုရင် အသင်းလိုက်အနေနဲ့ရော၊ တစ်ယောက်ချင်းရော ကောင်းကောင်း ‘Boooed’ လုပ်ခံရလိမ့်မယ်ဆိုတာ မျှော်လင့်ထားရမှာပဲ..။ မင်းတို့ပရိသတ်တွေရဲ့ အားပေးပုံကို အားကျမိသလို စိုးရိမ်စိတ်လည်း ဖြစ်ခဲ့ပါတယ်..။ ငါ့အနေနဲ့က မင်းတို့ပရိသတ်တွေ အားပေးပုံကို မဖြုံပေမယ့် ပရီးမီးယားလိဂ် ကစားသမား အတော်များများအတွက် အဲဒီလိုပရိသတ်အားကို မတုန်မလှုပ် ရင်ဆိုင်နိုင်တဲ့သူ အတော်လေးကို ရှားပါးပါလိမ့်မယ်..။
ပရိသတ်တွေရဲ့အားပေးမှုဟာ သက်ရောက်မှု အရမ်းကြီးမားပါတယ်..။ အထူးသဖြင့် ချန်ပီယံလိဂ်ပွဲစဉ်ဆိုရင် လီဗာပူးလ်ပရိသတ်တွေရဲ့ အားပေးမှုဟာ မင်းတို့အတွက် တကယ့်ကို ကြီးမာတဲ့ခွန်အားတစ်ခု ဖြစ်လာမှာပါပဲ..။ ဒါပေမယ့်ငါတို့ဘက်ကလည်း အဲဒီလိုစိန်ခေါ်မှုတွေကို အကောင်းဆုံးရင်ဆိုင်သွားနိုင်အောင် ပြင်ဆင်ရပါတယ်..။ ‘ငါတို့ဘောလုံးကစားတယ်ဆိုတာ ဒီလိုနေ့တွေအတွက်ပဲ..၊ ဒီလိုညမျိုးတွေကို ခံစားချင်တဲ့အတွက် အကောင်းဆုံး ကြိုးစားပေးဆပ်နေရတယ်’ ဆိုတဲ့စိတ်တွေ မွေးရတာပေါ့..။
ဂျော့ဖ် ရှရီးဖ် - အခုတစ်ခါတော့ ခင်ဗျားတို့နှစ်ယောက်ကို ကြိုးဝိုင်းပေါ် တင်ပေးပါမယ်..။ ခင်ဗျားတို့နှစ်ယောက်ကြားမှာ ပြိုင်ပွဲစုံ ထိပ်တိုက်ရင်ဆိုင်တဲ့ပွဲ (၃၀) ရှိခဲ့ပါတယ်..။ ဂျွန် က (၁၃) ပွဲနိုင်တယ်..၊ (၇) ပွဲသရေကျတယ်..၊ ကာရေဂါ က (၁၀) ပွဲနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်ခင်ဗျားတို့ခေတ်တုန်းက အပြာသင်းနဲ့ အနီသင်းတို့ဟာ အတော်လေးကို ဘက်ညီတယ်လို့ ပြောရမှာပဲဗျ..။ ခင်ဗျားတို့နှစ်ယောက် နောက်ဆုံးရင်ဆိုင်ခဲ့ဖူးတဲ့ပွဲက စတန်းဖို့ဒ် ဘရစ်ချ်မှာ တစ်ဂိုးစီ သရေကျခဲ့ပါတယ်..။ အဲဒီပွဲမှာ JT ဂိုးသွင်းပေးနိုင်ခဲ့တယ်နော်..
ဂျေမီ ကာရေဂါ - အောင်မယ်.. အဲဒီပွဲမှာ ကျွန်တော်က ဆွာရက်ဇ် ရဲ့သွင်းဂိုးကို ဖန်တီးပေးခဲ့တာဗျ..။ ချယ်လ်ဆီးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျွန်တော်ဟာ စတန်းဖို့ဒ် ဘရစ်ချ် မှာ ကန်ရတာကို အာဆင်နယ်ကွင်း၊ အိုးလ် ထရက်ဖို့ဒ် ကွင်းတွေမှာ ကန်ရတာထက် ပိုပြီးနှစ်သက်ပါတယ်..။ အန်ဖီးလ် နဲ့ အတော်လေးကို ဆင်တယ်လို့ ခံစားရတယ်ဗျ..။ ကွင်းကလည်းနည်းနည်းကျဉ်းပြီး ပရိသတ်နဲ့အရမ်းနီးနေတဲ့ အခြေအနေမျိုးကို ကျွန်တော်သဘောကျပါတယ်..။ ဒ့ါကြောင့်ချယ်လ်ဆီးမှာ တကယ့်ထိပ်တန်း ကစားသမားတွေ ရှိနေခဲ့သော်ငြား ကျွန်တော့်အတွက် များသောအားဖြင့် အဆင်ပြေတယ်လို့ပဲ ပြောရမှာပါ..။
ဂျွန် တယ်ရီ - မင်းပြောတာ စိတ်ဝင်စားဖို့ကောင်းပါတယ်..။ ငါတို့စတန်းဖို့ဒ် ဘရစ်ချ်ကွင်း အနေအထားနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် မော်ရင်ဟို ရဲ့ အစောပိုင်းနှစ်တွေမှာ ပြိုင်ဘက်အသင်းတွေဟာ ငါတို့ကွင်းမှာ ချယ်လ်ဆီးကိုနိုင်ဖို့ ဘယ်လိုမှကို မဖြစ်နိုင်သလောက်ပဲလို့ နားလည်ထားကြပါတယ်..။ အဲဒီနောက်ပိုင်း အရှိန်အဝါ နည်းနည်းကျလာပေမယ့် ငါတို့ဟာစတန်းဖို့ဒ် ဘရစ်ချ်ကွင်းရဲ့ အရွယ်အစားကျဉ်းတဲ့ အနေအထားကို အသုံးချပြီး ခံစစ်ထိုင်ပိတ်ဆို့ကစားပါတယ်..။ တခြားအသင်းတွေအတွက် ငါတို့ရဲ့ခံစစ်ကြောင်းကို ထိုးဖောက်နိုင်ဖို့ အရမ်းကိုခက်ခဲခဲ့ပါတယ်..။ ဒါဟာခုနက မင်းပြောခဲ့တဲ့ ကွင်းအရွယ်အစားနဲ့လည်း ဆိုင်လောက်ပါလိမ့်မယ်..။ အင်းမရိတ်၊ အိုးလ် ထရက်ဖို့ဒ် တို့သာမက ဗီလာ ပါ့ခ် တောင် ငါတို့ထက်ပိုပြီး ကွင်းအရွယ်အစား ကျယ်တယ်ကွ..
ဂျော့ဖ် ရှရစ်ဖ် - ကျွန်တော်နည်းနည်းလေး အသေးစိတ် မေးဦးမယ်နော်… အသင်းအစည်းအဝေးတွေမှာ ဂျေမီ ကာရေဂါ နဲ့ ပတ်သက်ပြီး ဟိုဆေး က သီးခြားမှတ်ချက်ပေးဖူးတာရှိလား..? အပြန်အလှန်အနေနဲ့ JT အပေါ် ရာဖာ ဘင်နီးတက်ဇ် ရဲ့ မှတ်ချက်တွေကို ပြောပြပေးပါလား..?
ဂျွန် တယ်ရီ - ဟိုဆေး မော်ရင်ဟို ဟာ ပြိုင်ဘက်အသင်း ကစားသမားတွေအပေါ် တစ်ဦးချင်းမှတ်ချက် ပေးလေ့မရှိပါဘူး..။ သူကပြိုင်ဘက်ကို အသင်းတစ်သင်းအနေနဲ့ပဲ အာရုံစိုက် ပြင်ဆင်လေ့ရှိပါတယ်..။ ဥပမာဗျာ… ကာရေဂါ လို့ သီးခြားပြောမယ့်အစား.. ‘မင်းတို့ဘောလုံးရရင် ဒီဒီယာ ဆီသာ ကန်တင်ပေးလိုက်..၊ သူ့ဖာသာ ဗဟိုခံစစ်မှူးတွေနဲ့ ထိပ်တိုက်ယှဉ်ပြီး ရအောင်ယူလိမ့်မယ်..’ စသဖြင့်ပေါ့..။ နောက်ပြီး ‘အဲဒီကောင်တွေ (these) ကစားပြီဆိုရင် တစ်ဂိုးအသာရနေလည်း ထိုးဖောက်ရခက်နေတုန်းပဲ’.. စသဖြင့် ပြောလေ့ရှိပါတယ်..။
ကျွန်တော်တို့ရင်ဆိုင်ခဲ့ရတဲ့ လီဗာပူးလ်အသင်းတွေဟာ ခံစစ်ကစားပုံ ကျစ်လျစ်သလို တိုက်စစ်၊ တန်ပြန်တိုက်စစ်တွေမှာလည်း အလွန်မြန်ဆန်ပါတယ်..။ ကွင်းလယ်မှာ အားကောင်းတယ်..၊ နည်းစနစ်ပိုင်း ကျွမ်းကျင်ပိုင်နိုင်တဲ့ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်..။ ဒါ့ကြောင့်သူတို့အသင်းက ကစားသမားတစ်ယောက်ချင်းကို ဆွဲထုတ်ပြီး သီးခြားပြင်ဆင်ဖို့ မလွယ်ဘူးဗျ.။
ဂျေမီ ကာရေဂါ - ကျွန်တော်တို့အသင်းအစည်းအဝေးတွေမှာ ဂျွန် နဲ့ ပတ်သက်ပြီး အတော်လေး ပြောဆို၊ ဆွေးနွေးခဲ့ကြပါတယ်..။ ရာဖာ က သူ့ကို ‘နှာခေါင်းပွပွနဲ့ကောင်’ လို့ ပြောတယ်..၊ ဟေး.. ချယ်လ်ဆီးကိုရောက်တုန်းက ရာဖာ မင်းကိုမပြောပြဘူးလား.. ဟားဟား.. ထားပါတော့.. အဲဒီလိုမင်းကို သီးခြားအစီအစဉ်နဲ့ ဆွေးနွေးရတဲ့အကြောင်းက တိုက်စစ်ဆင်တဲ့အချိန်မှာ ဂျွန် ဟာ တည်ကန်ဘော (set pieces) တွေကနေ အန္တရာယ်အရမ်းပေးတတ်လို့ပဲဗျ..။ ဂျွန် ဟာ အမြင့်ဘောတွေမှာ အရမ်းကိုထူးချွန်ပါတယ်..။ အဲဒါကြောင့်သူ့ကိုသီးခြား တစ်ဦးချင်းလူကပ် (man marking) ကစားရမလား..? ဇုန်ခံစစ်နဲ့ပဲ (zonal marking) ကစားမလား.? မကြာခဏ ဆွေးနွေးကြပါတယ်..။
မှတ်မှတ်ရရ ချယ်လ်ဆီးနဲ့ဆုံတဲ့တစ်ပွဲမှာ မင်းကို လူကပ်ကစားဖို့ တာဝန်ကျပါတယ်..။ ငါတို့ဟာ ဇုန်ခံစစ်နဲ့အများဆုံး ကစားတာဖြစ်ပေမယ့် မင်းကိုတော့ သပ်သပ်အာရုံစိုက်တဲ့သဘောပေါ့..၊ ဒါပေမယ့်ပွဲအစ (၅) မိနစ်ပဲရှိသေးတယ်..၊ မင်းက ငါ့ရှေ့ကနေ ဖြတ်ပြီးတိုက်သွားခဲ့ပါတယ်..။ အဲဒီဘောလုံးက ကံကောင်းလို့ ဂိုးမဝင်ခဲ့ပါဘူး..။ ပြောချင်တာက ခုနကလို မင်းကိုတားဆီးနိုင်ဖို့ သီးခြားအစီအစဉ်တွေ ရှိခဲ့ဖူးတဲ့အကြောင်းပါ..
နောက်ပြီးချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ရင် စတီဗင် ဂျရတ် ကို မက်ခလီလီ နဲ့ မင်းတို့နှစ်ယောက် (ဂျွန် တယ်ရီ နှင့် ရီကာဒို ကာဗယ်လ်ဟို) ကြားမှာ လှုပ်ရှားခိုင်းထားတာများတယ်..။ မင်းတို့အသင်းက ၄- ၃- ၃ နဲ့ ကစားတာများပြီး မက်ခလီလီ က ကွင်းလယ်ခံစစ်မှာ တစ်ယောက်တည်းထိုင်တယ်..၊ လမ်းပတ်..၊ တီယာဂို တို့က တိုက်စစ်မှာ တောက်လျှောက်ပါနေတယ်..၊ အဲဒါကြောင့်မက်ခလီလီ ရဲ့နောက်မှာ စတီဗီ ကို နေရာယူခိုင်းထားလိုက်ရင် မင်းတို့နှစ်ယောက်စလုံး တိုက်စစ်ကို မလိုက်နိုင်တော့ဘူးပေါ့..။
ဒါ့အပြင် ချယ်လ်ဆီးနဲ့ကစားပြီဆိုရင် ကွင်းလယ်မှာကျပ်နေအောင် မကစားပဲနဲ့ ကွင်းလယ်ကိုရှောင်ပြီး တတ်နိုင်သမျှ အဝေးဘော၊ အမြင့်ဘောတွေနဲ့ ခံစစ်ကြောင်းရဲ့နောက်ကို ပေးပို့ကစားလေ့ရှိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ မင်းတို့နဲ့ကွင်းလယ်ချင်း ယှဉ်ကစားရင် ရှုံးတာများတာကိုး..၊ ချယ်လ်ဆီးဟာ ကွင်းလယ်မှာ အရမ်းကိုအားကောင်းပါတယ်..။ နောက်ပြီးဒပ်ဖ်၊ ရော်ဘင်၊ ဒီဒီယာ တို့ရဲ့ တိုးအား၊ အမြန်နှုန်းနဲ့ တန်ပြန်တိုက်စစ် ကောင်းမွန်မှုတွေကြောင့် အဲဒီအချိန်တုန်းက မင်းတို့ဟာ ဥရောပရဲ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းလို့တောင် ပြောလို့ရပါတယ်..။ ဒါ့ကြောင့်မင်းတို့ရဲ့ တန်ပြန်တိုက်စစ် ထောင်ချောက်ထဲမဝင်မိအောင် ခံစစ်ကြောင်းရဲ့အနေအထားကိုလည်း ပြင်ဆင်ရသေးတယ်..
ဂျွန် တယ်ရီ - မင်းပြောတာကောင်းတယ်..။ မင်းတို့အသင်းဟာ စတန်းဖို့ဒ် ဘရစ်ချ် ကိုလာရင် တခြားအသင်းတွေလို အခင်းအကျင်းမဟုတ်ဘူး..။ များသောအားဖြင့် တောရက်စ်၊ ဒါမှမဟုတ် ဆွာရက်ဇ် ကို အထောင်ထားမယ်..၊ သူ့ရဲ့နောက်မှာ ဒါ့ခ် ကူရစ် နဲ့ စတီဗီ တို့ရှိနေမယ်..။ ကူရစ် က တောင်ပံမှာ ပိုပြီးနေရာယူပေမယ့် ခံစစ်ကို သိပ်မဆင်းဘူး..။ စတီဗီ က ငါတို့နှစ်ယောက်နဲ့ မက်ခလီလီ ကြားမှာ လှုပ်ရှားနေတော့ ငါတို့ခံစစ်ဇုန်မှာကို ‘3 vs 3’ ပုံစံ ဖြစ်နေပါတယ်..။ ဒါဟာငါတို့ဗဟိုခံစစ်မှူးနှစ်ယောက်အတွက် သိပ်တော့အဆင်မပြေလှဘူး..။ ဒါ့ကြောင့်အက်ဆီယန် ဖြစ်ဖြစ်၊ တီယာဂို ဖြစ်ဖြစ် ခံစစ်ကိုပြန်ဆင်းပြီး လူအင်အား အသာစီးရအောင် (overload) ပြန်ကူရပါတယ်..။
အဲဒီအခါမှာ ခံစစ်ပိုင်းမှာ အဆင်ပြေသွားပေမယ့် တိုက်စစ်ပိုင်းကျတော့ အားနည်းသွားပြန်ရော..၊ ဘာဖြစ်လို့လည်းဆိုတော့ ငါတို့အသင်းဟာ တိုက်စစ်ဆင်တဲ့အချိန် ဗဟိုခံစစ်မှူးတွေရဲ့ တိုက်စစ်လိုက်ပါနိုင်မှုနဲ့ ကွင်းလယ်ကစားသမား နှစ်ယောက်ရဲ့အင်အားကို အထူးအားပြုခဲ့တာကိုးကွ..။ ဒါ့ကြောင့်အခုလို မင်းဘက်က ချယ်လ်ဆီးနဲ့ ပတ်သက်တဲ့အမြင်ကို ကြားရတာလည်း တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်.။
ဂျက်ဖ် ရှရစ်ဖ် - ဂျွန် ရေ… ဟိုးအရင် ကျွန်တော်တို့ Sky Sports ရဲ့ တွေ့ဆုံခန်းတွေမှာဆိုရင် ကာရေဂါ က ခင်ဗျားကို တကယ့်ကမ္ဘာ့အဆင့် အကောင်းဆုံးနောက်ခံလူတွေနဲ့ တစ်တန်းစားထဲ ထားတဲ့အကြောင်း မကြာခဏ ပြောပါတယ်..
ဂျေမီ ကာရေဂါ - No..!! ဂျက်ဖ်.. အခုမဟုတ်တော့ဘူးနော်… ခုနကတင် အဲဒီလိုမဟုတ်တော့ဘူး.. စိတ်ပြောင်းသွားပြီ.. ဟားဟား..
ဂျက်ဖ် ရှရစ်ဖ် - အင်းပါ… အခုလည်း အဲဒါကိုပြောမလို့.. ဟားဟား.. ဂျွန် ရေ.. ကာရေဂါ က ‘တနင်္လာနေ့ စကားဝိုင်း (Monday Night Football)’ အစီအစဉ်တစ်ခုမှာ ၂၀၁၀ နောက်ပိုင်း ‘ဆယ်စုနှစ်အတွင်း ပရီးမီးယားလိဂ် အကောင်းဆုံးအသင်း (Team of the Decade)’ ကို ရွေးကြတယ်..။ သူ့ရဲ့အသင်းထဲမှာ ခင်ဗျားကို ချန်ထားခဲ့တယ်နော်… ဟားဟား..။ အဲဒီလို ခင်ဗျားကို ချန်ထားခဲ့တဲ့အတွက် Instagram ကနေ တုံ့ပြန်ခဲ့သေးတယ်..။ သူအဲဒီလို လုပ်ခဲ့တဲ့အပေါ် ခင်ဗျားဘယ်လောက်တောင် အံ့သြသွားခဲ့လဲဗျ..?
ဂျွန် တယ်ရီ - ဂျက်ဖ်.. သူအဲဒီလိုလုပ်ခဲ့တဲ့အပေါ် ကျွန်တော့်အနေနဲ့ မယုံနိုင်အောင် ဖြစ်မိတာပေါ့.. ဟားဟား..။
ဂျေမီ ကာရေဂါ - ဟုတ်ပါ့.. Sky Sports က ကျွန်တော့်ရဲ့ပို့စ်အောက်မှာ သူဝင်ပြီး ‘မန့်’ တယ်လေ…။
အဲဒီမှာ အကုန်လုံး ပွထကုန်ပြီး ပွဲဖြစ်သွားတာပေါ့ဗျာ.. ဟားဟား..
ဂျက်ဖ် ရှရစ်ဖ် - ဂျွန်… ဟုတ်တယ်ဗျ.. ခင်ဗျားကိုချန်ထားခဲ့ပြီး ဗန်ဒိုက်ခ် ကို ရွေးခဲ့တယ်ဆိုတာ တကယ့်ကိုခံပြင်းစရာ၊ ဒေါသထွက်စရာပဲ.. မဟုတ်ဘူးလားဗျ..? ဟားဟား..
ဂျေမီ ကာရေဂါ - ဟေးဟေး..!! သူ့ကိုအရင်ဆယ်စုနှစ် (၂၀၀၀- ၂၀၀၉) ‘Team of the Decade’ မှာ ရွေးထားပြီးသားလေ..၊ အသင်းခေါင်းဆောင်တောင် ပေးထားတာ…
ဂျွန် တယ်ရီ - အေးပါ.. မင်းဖာသာ ဘယ်လိုအကြောင်းပြချက်နဲ့ ရွေးရွေးပေါ့ကွာ.. ပရီးမီးယားလိဂ်ဖလား သုံးကြိမ်ရထားတဲ့အသင်းရဲ့ အသင်းခေါင်းဆောင် (၂၀၁၀၊ ၂၀၁၅၊ ၂၀၁၇) ကို ချန်ထားခဲ့တယ်ဆိုတာ အဓိပ္ပါယ်မှ မရှိတာ.. ဟားဟား.. ဒါပေမယ့် မင်းရဲ့ရွေးချယ်မှုကို ငါနားလည်ပါတယ်..
ဂျက်ဖ် ရှရစ်ဖ် - ဒါဆို ဂျွန် ရေ.. ခင်ဗျားရဲ့ ‘Team of the Decade’ ရွေးမယ်ဆိုရင် ဂျေမီ ကာရေဂါ ကို ထည့်ရွေးမှာလား..?
ဂျွန် တယ်ရီ - ကျွန်တော့်ရဲ့ ‘Monday Night Football’ အစီအစဉ်တစ်ခုမှာ ကာရေဂါ ကို ကျွန်တော့်ရဲ့ ‘Team of the Decade’ ထဲမှာ ထည့်ရွေးခဲ့ဖူးပါတယ်..။ အဲဒီအတွက် အများကြီးဝေဖန်ခံခဲ့ဖူးတယ်ဗျ..။ တကယ်တော့ ကျွန်တော်ဟာ ကာရေဂါ နဲ့ အင်္ဂလန်အသင်းမှာပဲ အတူတူတွဲပြီး ကစားခဲ့ဖူးတာပေါ့..၊ ကျွန်တော်ဟာ သူနဲ့တွဲကစားတဲ့အခါ နားလည်မှုကောင်းတယ်လို့ ခံစားရပါတယ်..။ အခုဒီနေ့ ‘ဘောလုံးကြိုးဝိုင်း’ အစီအစဉ် မတိုင်ခင်အထိပဲနော်.. ဟားဟား..
အစောပိုင်းက မင်းပြောခဲ့တဲ့ စကားတွေအရ ငါတို့ကိုမင်းဘယ်လောက် မုန်းနေလဲဆိုတာ သိခဲ့ရပါပြီ.. ဟားဟား.
ကဲပါ. အတည်ပြန်ပြီး ပြောရမယ်ဆိုရင် အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ မင်းရဲ့ခြေစွမ်း ဘယ်လောက်ကောင်းတယ်..၊ မင်းနဲ့နားလည်မှု ဘယ်လိုတွေကောင်းမွန်တယ်ဆိုတာ သိပြီးသားပါ..။ ကလပ်အသင်းအဆင့်မှာလည်း မင်းနဲ့အတူတူ တွဲကစားခဲ့ချင်ပေမယ့် အခြေအနေအကြောင်းကြောင်းကြောင့် ဖြစ်မလာခဲ့ဖူးပေါ့..။ ဂျေမီ ကာရေဂါ ဟာ တကယ့်နောက်ခံလူကောင်း တစ်ယောက်ပါ..
ဂျေမီ ကာရေဂါ - မင်းပြောတဲ့ အင်္ဂလန်အသင်းကအကြောင်းဟာ စိတ်ဝင်စားဖို့ကောင်းတယ်ကွ..။ မင်းဟာငါ့ထက်ပိုပြီး ခြေစွမ်းကောင်းတယ်ဆိုတာ လက်ခံထားသလို မင်းနဲ့အတူတူ တွဲကစားရင် အဆင်ပြေမယ်မှန်း သိထားပါတယ်..။ နောက်ပြီးမင်းနဲ့ငါက ကစားပုံရော၊ အချက်အလက်တွေအရရော (attributes) အတော်လေးကို တူတာကွ..။ တကယ်တော့ ငါတို့အင်္ဂလန်အသင်းမှာ ကစားခဲ့ရတဲ့ခေတ်တွေတုန်းက မင်းနဲ့ ရီယို ဖာဒီနန် တို့ဟာ ပထမဦးစားပေး ခံစစ်အတွဲပေါ့..၊ အဲဒီအချိန်က မင်းတို့နှစ်ယောက်ဆိုတာ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ အသင်းကခံစစ်သမားတွေနဲ့ ပခုံးချင်းကောင်းကောင်း ယှဉ်နိုင်ပါတယ်..။
အင်္ဂလန်အသင်းနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် ငါတို့ခေတ်က ကစားသမားတွေကို ‘ရွှေရောင်မျိုးဆက် (Golden Generation)’ လို့ တင်စားခဲ့ကြပြီး အဲဒီရွှေရောင်မျိုးဆက် ကစားသမားတွေဟာ ရသင့်သလောက် အောင်မြင်မှု မရရှိခဲ့ကြဘူးလို့ ပြောကြပါတယ်..။ ဒါပေမယ့် ငါ့အမြင်အရ အဲဒီ Golden Generation မအောင်မြင်ရတဲ့ အကြောင်းရင်းတွေထဲမှာ ခံစစ်သမားတွေထက်စာရင် တိုက်စစ်နဲ့ကွင်းလယ်ကစားသမားတွေက ပိုပြီးတာာဝန်ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်..။ ခံစစ်ပိုင်းကဆိုရင် မင်းနဲ့ ရီယို… ၂၀၀၄ ခုနှစ်ထိ ပြန်ဆင်းမယ်ဆိုရင် ဆိုးလ် ကမ့်ဘဲလ်.. တကယ့်ဒေါင်ဒေါင်မြည် ခံစစ်သမားတွေပဲလေ.။ ငါကတော့ ဗဟိုခံစစ်အတွက် စတုတ္တဦးစားပေးပေါ့..။ ဒါပေမယ့် ငါတို့အားလုံးအနေနဲ့ ခြုံငုံပြီးပြောရမယ်ဆိုရင် အင်္ဂလန်အသင်းအတွက်..၊ နိုင်ငံအသင်းအတွက် ဒီထက်ပိုပြီး လုပ်ပေးနိုင်ခဲ့သင့်တယ်လို့ ခံစားနေမိတုန်းပဲ..
ဂျက်ဖ် ရှရီးဖ် - ကဲပါ.. ဂျွန်.. ဒီနေ့အစီအစဉ်မှာ ဆွေးနွေးရတာတွေဟာ အရမ်းကိုကောင်းပါတယ်..။ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ ပရီးမီးယားလိဂ်ထဲက ပြိုင်ဆိုင်မှုအရမ်း ပြင်းထန်ခဲ့တဲ့ အသင်းနှစ်သင်းရဲ့ကြားက အမှတ်တရ ဖြစ်ရပ်တွေအကြောင်း အတော်လေးကို စုံစုံလင်လင်၊ ထဲထဲဝင်ဝင် ဆွေးနွေးသွားဖြစ်ခဲ့ကြပါတယ်..။ နားဆင်နေကြတဲ့ ပရိသတ်တွေကလည်း တစ်ချိန်တုန်းက အတိတ်တွေဆီကို ခဏတော့ပြန်ပြီး ရောက်သွားကြပါလိမ့်မယ်..။ ကျွန်တော်တို့အားလုံး မျှော်လင့်၊ စောင့်စားနေကြတဲ့ ဘောလုံးပွဲစဉ်တွေဟာလည်း မကြာတော့မယ့်ကာလမှာ အစောလျင်ဆုံး ပြန်လည်စတင်နိုင်လိမ့်မယ်လို့ ယုံကြည်ထားရင်း နှုတ်ဆက်လိုက်ပါတယ်.. ပြန်ဆုံကြတာပေါ့…