လီမန်းစ်အသင်းကိုရောက်ပြီး ဒုတိယရာသီမှာ ရာသီအစကတည်းက ကျွန်တော်လေ့ကျင့်ခန်း ဆင်းနိုင်ပါပြီ။ ကိုယ့်ကိုယ်ကိုယ် ကြံ့ခိုင်မှု ပိုကောင်းလာအောင် ကြိုးစားလေ့ကျင့်သလို တစ်ဖက်ကလည်း မာ့ခ် ဝက်စ်တာလော့ပ် စိတ်မပျက်ရအောင် ကြိုးစားမယ်လို့ ပိုင်းဖြတ်ထားပါတယ်..။ ကျွန်တော့်ရဲ့ကြိုးစားမှုတွေ တဖြည်းဖြည်းနဲ့တော့ ရုပ်လုံးပေါ်လာပါပြီ…။ ရာသီစပြီး သိပ်မကြာခင် အရန်အသင်းမှာ ခြေစွမ်းပြ၊ ဂိုးတွေသွင်းနိုင်ခဲ့တာကြောင့် အသင်းကြီးကစားတဲ့ပွဲ အရန်လူစာရင်းမှာ ပါဝင်လာပါပြီ။ လက်ရှိမှာအသင်းဟာ တန်းဆင်းဇုန်ရောက်နေပြီး အခြေအနေ မကောင်းဘူးဆိုပေမယ့် အရင်လိုပညာသင် ကစားသမားအနေနဲ့ မဟုတ်တော့ပဲ အသင်းမှာ အနည်းဆုံး တစ်စိတ်တစ်ပိုင်းတော့ ပါဝင်နိုင်ပြီဆိုပြီး ကျွန်တော်အရမ်း ပျော်နေပါတယ်။ ဂုဏ်လည်းယူမိပါတယ်..။
ဒုတိယဘောလုံးရာသီကုန်ဆုံးပြီး ၁၉၉၉ နွေရာသီကာလမှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားအဖြစ် စာချုပ်ချုပ်ဖို့ အသင်းကကမ်းလှမ်းပါတယ်..။ ဒီအခွင့်အရေးရဖို့ ကျွန်တော်နှစ်ရှည်လများ မျှော်လင့်ခဲ့တာပါ..။ အဲဒီအချိန် အသက် (၂၁) နှစ်ရှိပြီ ဖြစ်တာကြောင့် အခုခေတ်နဲ့နှိုင်းယှဉ်ရင် နောက်ကျတယ်လို့ ပြောနီုင်ပါတယ်..။ ကျွန်တော့်ရဲ့ ခြေစွမ်းတိုးတက်လာပြီး အခုလိုအခွင့်အရေးရလာခြင်းမှာ မာ့စ် ဝက်စ်တာလော့ပ်ရဲ့ အခွင့်အရေးပေးမှုနဲ့ မြေတောင်မြှောက်ပေးမှုတို့က အဓိကကျပါတယ်.။
ပရိုစာချုပ်ချုပ်ပြီး သိပ်မကြာခင်မှာ အေးဂျင့်တစ်ယောက်နဲ့ ကျွန်တော်အဆက်အသွယ် ရပါတယ်..။ ပါပီ ဒီအော့ပ်ဟာ အဲဒီအချိန်ကတည်းက နာမည်ကျော်အေးဂျင့်တစ်ဦးဖြစ်ပြီး သူငယ်ချင်းတစ်ယောက်ရဲ့ အစ်ကိုဖြစ်တဲ့ သီယာနို ဆေးဒီရဲ့ တိုက်တွန်းမှုနဲ့ ကျွန်တော့်ကို ဆက်သွယ်လာတာပါ..။ သီယာနိုဟာ ကျွန်တော်လီဗယ်လ်လွားမှာ ကစားနေကတည်းက တိတ်တိတ်လေး စောင့်ကြည့်နေတာ အခုလီမန်းစ်ကို ရောက်တဲ့အထိပါပဲတဲ့..။ ဒါပေမယ့်သူ့မှာ အေးဂျင့်လိုင်စင်မရှိတာကြောင့် ကျွန်တော့်ကိုတာဝန်ယူဖို့ ပါပီ့ကိုတိုက်တွန်းခဲ့တာ ဖြစ်ပါတယ်..။ ပါပီ့လို နာမည်ကျော် အေးဂျင့်ကြီးတစ်ယောက်က စတင်ဆက်သွယ်လာတာကို လီမန်းစ်အသင်းကလည်း အံ့သြခဲ့ပါတယ်..။ အဲဒီအချိန်က ပါပီကိုင်တွယ်နေတဲ့ ဘောလုံးသမားတွေထဲမှာ မာဆယ်လ် ဒက်ဆေးလီလို နာမည်ကြီးကစားသမားတွေလည်း ပါဝင်ပါတယ်….။ ကျွန်တော့်သူငယ်ချင်းတွေဆို ပိုဆိုးပါသေးတယ်…။ ပါပီက ဆက်သွယ်လာတယ်လို့ သူတို့ကိုပြောလိုက်တဲ့အခါ ရယ်စရာပြောတယ်ထင်ပြီး လှောင်ပြောင်ကြတဲ့ အထိပါပဲ..။ မဖြစ်နိုင်ဘူးလို့ သူတို့ဘယ်လိုပဲပြောပြော ကျွန်တော်တို့ စာချုပ်ချုုပ် နိုင်ခဲ့ပါတယ်..။ အဲဒီကစပြီး သူဟာကျွန်တော့်ကို အထောက်အကူ အများကြီးပေးခဲ့တာ အခုအချိန်ထိပါပဲ..။
ဒီနှစ်ဘောလုံးရာသီမှာ လီမန်းစ်အသင်းနဲ့ ကျွန်တော်အတော်အသင့် အောင်မြင်တယ်လို့ ပြောနိုင်ပါတယ်..။ ခြေစွမ်းလည်း ပြနိုင်တာကြောင့် ပြိုင်ဘက်နောက်ခံလူတွေ သတိထားရတဲ့ တိုက်စစ်မှူးတစ်ဦးအဖြစ် လူသိများခဲ့ပါတယ်။ ပြင်သစ်လီဂူး (၂) ဘောလုံး ပွဲစဉ်များဟာ ကြမ်းတမ်းပြီး ခန္ခာကိုယ်ချင်း တွန်းတွန်းတိုက်တိုက် ယှဉ်ကစားရတာ များပါတယ်..။ တစ်ယောက်နဲ့တစ်ယောက် အပြတ်ရှင်းဖို့ အဓိကထားကြတာကြောင့် ခြေစုံပစ်ဖျက်ထုတ်မှုတွေ ရှောင်ရင်း၊ တိမ်းရင်း မထိခိုက်မိအောင် သတိထားခဲ့ရပါတယ်..။ ဘယ်လိုပဲ သတိထားထား တစ်ခါတစ်ရံ ရှောင်မနိုင်တဲ့ အခါမျိုး ရှိတတ်တာမို့ ဒုတိယရာသီရဲ့ ရာသီအကြို လီဟာဗေးလ်နဲ့ ပွဲစဉ်မှာပဲ ခြေသလုံးရိုး ထပ်ကျိုးပြီး ကာလအတန်ကြာ အနားယူရပြန်ပါတယ်..။
ကံများကဆိုးချင်တော့ ကျွန်တော်ဒဏ်ရာရနေချိန်နဲ့ အသင်းကစားပုံကျဆင်းချိန်ဟာ တစ်ပြိုင်နက်ထဲလိုလို တိုက်ဆိုင်မိပြီး ၂၀၀၀- ၀၁ ဘောလုံးရာသီအစပိုင်းမှာ ရလဒ်တွေ ဆိုးဝါးလာတာကြောင့် နည်းပြ မာ့စ် ဝက်စ်တာလော့ပ်လည်း ဖိအားတွေ ရင်ဆိုင်လာရပါတယ်။ တစ်ရက်မှာတော့ ဘာမှကြိုတင်သတိပေးတာမျိုး တစ်စုံတစ်ရာမရှိပဲ မာ့စ်ကို အသင်းကလမ်းခွဲခဲ့ပါတယ်..။ ရှေ့ပိုင်းမှာ အသင်းအတွက် လုပ်ပေးခဲ့တာတွေကှိ ညှာတာထောက်ထားတာမျိုး ဘာမှမရှိခဲ့ပါဘူး.။ တစ်ကယ်တမ်းဆို ရာသီအစပိုင်း ရလဒ်မကောင်းရုံလေး ရှိသေးတာပါ..။
သူဟာ ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့တဲ့သူဖြစ်သလို ကျွန်တော်တို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာထူးရှယ်လို့ ပြောရမှာပါပဲ...။ အထူးသဖြင့် ဒဏ်ရာတွေ မကြာခဏရနေတဲ့ ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ ပြုစု၊ ပျိုးထောင်ခဲ့တဲ့ ကျေးဇူးလည်းရှိပါတယ်.။ သူ့အပေါ် ဒီလိုမျိုး ဆုံးဖြတ်လိုက်တာဟာ မသင့်တော်ဘူး လို့ ခံစားမိပါတယ်..။ ဒီလိုလုပ်ရပ်မျိုးကို ကျွန်တော့်ဘဝမှာ ပထမဦးဆုံး ကြုံတွေ့ဖူးတာဖြစ်သလို အလွန်လည်း စက်ဆုပ်၊ မုန်းတီးမိပါတယ်..။ တဖြည်းဖြည်းနဲ့ ကြာလာတော့ ဒီလိုဖြစ်ရပ်တွေဆိုတာ ဘောလုံးလောကမှာ ဘာမှမထူးဆန်းဘူးဆိုတာသိခဲ့ပါပြီ..။ မာ့စ်ကို ထုတ်ပယ်ပြီး မကြာခင်မှာ သူ့နေရာကို သီယာရီ ဂိုးဒက်ရောက်လာပါတယ်။ သူနဲ့ကျွန်တော် အစမကောင်းခဲ့ပါဘူး..။ သူရောက်လာတဲ့အချိန် ကျွန်တော်လည်း ဒဏ်ရာကပြန်ကောင်းစပဲ ရှိပါသေးတယ်…။ ဒါ့ကြောင့် အဲဒီကြံ့ခိုင်ရေးအားနည်းတာကို အကြောင်းပြပြီး တိုက်စစ်မှူး နောက်တစ်ဦးဖြစ်တဲ့ ဒယ်နီရယ်လ် ကာဆင်ကို ပထမဦးစားပေးအဖြစ် ကစားစေခဲ့ပါတယ်..။
တစ်ကယ်တော့ ကျွန်တော်နဲ့ပတ်သက်ပြီး သူအမြင်ကြည်ပုံမရပါဘူး..။ ကျွန်တော့်မှာ လည်း အားနည်းချက်တစ်ချို့တော့ရှိပါတယ်.. အသက်ငယ်သေးတယ်..၊ အတွေ့အကြုံမရှိဘူး...။ ဒါပေမယ့် သူများဝေဖန်တဲ့အတိုင်း အကဲဖြတ်မဲ့အစား သူကိုယ်တိုင် စမ်းသပ်ပြီးမှ ဆုံးဖြတ်သင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ သူကျွန်တော့်ကို မကြိုက်ပါဘူး…။ ဒါ့ကြောင့် ကျွန်တော့်ဘက်ကလည်း သူနဲ့ဆက်လက်တွဲပြီး သူယုံကြည်လာအောင် ကြိုးစားပြချင်စိတ်မရှိပဲ ဖြစ်နေပါတယ်..။ စိတ်ထဲမှာသာ အဲဒီလိုဖြစ်နေပေမယ့် လေ့ကျင့်ခန်းတွေမှာတော့ အရင်လိုပဲ အစွမ်းကုန် ကြိုးစားလေ့ကျင့်ပါတယ်..။ ဒါပေမယ့်သူကတော့ ဒယ်နီရယ်လ် ကာဆင်ကိုပဲ ပထမဦးစားပေးအဖြစ် ဆက်လက်သုံးစွဲတုန်းပါ..။
ဒယ်နီရယ်လ်ဟာ ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်တာကြောင့် သူ့အပေါ် အဆိုးမြင်စရာ ဘာမှမရှိပါဘူး..။ ဒါပေမယ့်နည်းပြတစ်ဦးအနေနဲ့ ကျွန်တော့်ကိုကွင်းထဲမှာ ဘာလိုလုပ်ပြနိုင်သလိုဆိုတာ သက်သေပြဖို့အခွင့်အရေးတစ်ခု ပေးသင့်တယ်လို့ ယုံကြည်ထားပါတယ်.။ အခုလိုတစ်ပွဲပြီး တစ်ပွဲကွင်းဘေးမှာ ထိုင်ကြည့်နေရတာဟာ အတော့်ကို စိတ်ပျက်စရာပါ။
ဒီလိုနဲ့တစ်ရက်မှာတော့ မကျေနပ်ချက်တွေ ပေါက်ကွဲထွက်လာ ပါတော့တယ်..။ ရာသီကုန်ခါနီး ရောက်လာလေလေ ကျွန်တော့်အတွက် အခြေအနေဆိုးလာလေလေပါပဲ..။ အရန်ခုံထိုင်တဲ့ဘဝကနေ နောက်ဆုံးအရန်လူစာရင်းမှာတောင် မပါတော့ပါဘူး။ ကျွန်တော်လည်း ဒီလိုမတရား အလုပ်ခံရတဲ့အပေါ် မခံချင်စိတ်နဲ့ငိုကြွေးရင်း ဒေါသလည်းမပြေနိုင်အောင် ဖြစ်နေရပါတော့တယ်.။ ဒယ်နီရယ်လ် ကာဆင်အပါအဝင် အသင်းဖော်တွေက ကျွန်တော့်ကို နှစ်သိမ့်ဖို့ ကြိုးစားပေမယ့် သူတို့လည်း ဘာလိုပြောရမှန်းမသိ ဖြစ်နေပါတယ်..။ ဂိုးဒက်က သူ့ရဲ့အနာဂတ် အစီအစဉ်ထဲကနေ ကျွန်တော့်ကိုဖယ်ထုတ်လိုက်ပြီဆိုတာ လုံးဝမယုံနိုင်အောင် ဖြစ်ရပါတယ်..။ လပိုင်းအတွင်းမှာပဲ လီမန်းစ်အသင်းရဲ့ တောက်မယ့်မီးခဲလူငယ်သွေးသစ်ဘဝကနေ လမ်းပျောက်တော့မယ့်သူ တစ်ယောက်အဖြစ် ရုတ်ချည်းပြောင်းလဲ သွားပါတယ်..။ အသက် (၂၃) နှစ်ပဲ ရှိနေသေးပေမယ့် ကျွန်တော်ရဲ့အနာဂတ်ဟာ မှန်းရခက်တဲ့ အနေအထားကို ရောက်ရှိသွားပါပြီ..။
ဘဝမှာအခြေအနေ၊ အချိုးအကွေ့တွေဆိုတာ မှန်းရခက်ပါတယ်.။ ဒီလိုမရေမရာဖြစ်နေတဲ့ အနေအထားကနေ ကျွန်တော့်ဘဝကို ရုတ်ချည်း ပြောင်းလဲသွားစေလိုက်တဲ့ အခိုက်အတန့်ကတော့ ရာသီကုန်မှာ ပြုလုပ်ပေးနေကျ “အသင်းရဲ့ နှစ်ပတ်လည် ညစာစားပွဲကြီး” ဖြစ်ပါတယ်။ ပြင်သစ်လို “Les Oscars du foot” လို့ ခေါ်ပါတယ်.။ ၂၀၀၁ ခုနှစ်အတွက်ဖြစ်ပြီး ပါရီမြို့က ဟိုတယ်တစ်ခုမှာ ပြုလုပ်ပေးတာပါ..။ ဒီညစာစားပွဲမှာ ကျွန်တော်ဟာ လီမန်းစ်အသင်း တိုက်စစ်မှူးဟောင်း ရက်ဂျီးနယ်လ် ရေးနဲ့ ဆုံမိပါတယ်..။ ကျွန်တော်အကယ်ဒမီ ရောက်စတုန်းက ရက်ဂျီးနယ်လ်ဟာ အသင်းကြီးရဲ့ တိုက်စစ်မှူးပါ..။ သူနဲ့ကျွန်တော် လေ့ကျင့်ခန်းတွေမှာ မကြာခဏ ဆုံဖူးသလို အတူတူတွဲပြီးလည်း လေ့ကျင်ခဲ့ဖူးပါတယ်.။ ဒါ့အပြင် လေးစားဖွယ်ကောင်းတဲ့ သူ့ရဲ့ကွင်းပြင်ပ အကျင့်စရိုက်တွေကြောင့် ကစားသမားအဖြစ်သာမက အတုယူရမည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ်နဲ့ပါ အားကျခဲ့ပါတယ်..။
“အခြေအနေဘယ်လိုလဲ.. ကောင်လေး?” သူကစပြီး မေးပါတယ်..။
“ခင်ဗျားလည်း ကြားပြီးလောက်ပြီ ထင်ပါတယ်..။ သိပ်တော့မနိပ်ဘူးဗျ..။” အဲဒီလိုနဲ့ အစချီပြီး ဖြစ်ကြောင်းကုန်စင်ကို နတ်သံနှောလို့ ငြီးချင်းဖွင့်ပါတော့တယ်.။ နောက်ဆုံးစာချုပ် သက်တမ်းတစ်နှစ် ကျန်သေးပေမယ့် မန်နေဂျာနဲ့အသင်းက ကျွန်တော့်ကိုဆက်ပြီး လိုချင်တော့ပုံ မရဘူးလို့ ပြောဆိုရင်း အဆုံးသတ် လိုက်ပါတယ်..။ သူ့လိုလီမန်းစ်အသင်းအကြောင်း ခရေတွင်းကျ သိတဲ့သူတစ်ယောက်ကို အခုလိုရင်ဖွင့်လိုက်ရတဲ့အတွက် ကျွန်တော့်ရင်ထဲမှာ အတော်ပေါ့ပါးသွားပါတယ်..။ ကျွန်တော်ပြောပြတာကို ရက်ဂျီးနယ်လ်က အသေအချာနားထောင်ပြီးနောက် ဘာလုပ် သင့်လဲဆိုတာ အကြံပေးပါတယ်..။ သူရဲ့အကြံပေးချက်ဟာ ကျွန်တော်ရရှိခဲ့တဲ့ အကောင်းဆုံး အကြံပေးချက်တစ်ခုလို့ ပြောနိုင်ပါတယ်..။ ဘဝကိုပြောင်းလဲသွားစေတဲ့ အကြံပေးချက်လို့ တင်စားရင်လည်း မမှားနိုင်ပါဘူး..။
“ကောင်လေး၊ နောက်ထပ်ခြောက်လလောက်အထိ ဆက်လက်တွဲပြီး အကောင်းတကာ့၊ အကောင်းဆုံး ပေးဆပ်ပြလိုက်ဦး..။ ဒီခြောက်လအတွင်း မင်းရဲ့နေပုံထိုင်ပုံတွေကအစ ပြောင်းလဲလိုက်ပါ..။ အပြင်တွေ ဘာတွေလည်း သိပ်မထွက်နဲ့..၊ ကောင်းကောင်းစား..၊ ကောင်းကောင်းနား၊ ကောင်းကောင်းလေ့ကျင့်..။ လေ့ကျင့်ရင်းနဲ့ နာကျင်လာပြီဆိုရင် ရပ်ပစ်လိုက်..၊ ကျိတ် မှိတ်ပြီး ဆက်လေ့ကျင့်မနေနဲ့..။ ငါပြောတဲ့အတိုင်း ခြောက်လလောက်ကျင့်ပြီးလို့မှ ဘာမှမထူးခြား ဘူးဆိုရင် ငါ့ဆီကိုပြန်လာပြီး မင်းဘာဆက်လုပ်ချင်တယ် ဆိုတာပြောပြပါ..။ ဒါပေမယ့် ဒီခြောက်လအတွင်းမှာတော့ ရှိသမျှအစွမ်းကုန်ပေးဆပ်ရမယ်နော်..။”
သူ့ရဲ့အကြံပေးချက်အတိုင်း ကျွန်တော်တစ်သွေမတိမ်း လိုက်နာခဲ့ပါတယ်..။ ကိုယ်တိုင်ပြောင်းလဲရုံ သာမက မန်နေဂျာရဲ့အဆိုးမြင်မှတ်ချက်တွေကိုလည်း ခေါင်းထဲထည့်မနေတော့ပါဘူး..။ သူတို့ဘာပဲပြောနေနေ အကောင်းမြင်စိတ်နဲ့ ကိုယ့်အတွက် အကျိုးရှိမယ့်အရာလို့ပဲ ခံယူဖို့ ကြိုးစားခဲ့ပါတယ်..။ နောက်ရာသီအစမှာတော့ ကျွန်တော့်အတွက်အစစ၊ အရာရာ အဆင်ပြေပါတယ်..။ ဒဏ်ရာအနာတရလည်း ကင်းစင်နေတာကြောင့် အရင်နှစ် ဘောလုံးရာသီတွေနဲ့စာရင် ပိုပြီးကြံ့ခိုင်၊ လန်းဆန်းနေသလို ခံစားရပါတယ်..။ ဒီလိုနဲ့ကျွန်တော်ဟာ အပယ်ခံဘဝကနေ အရန်လူစာရင်းမှာ ပြန်ပါလာပါတယ်..။ လူစားဝင်ခွင့်ရတယ်ဆိုရင်လည်း ငါးမိနစ်ပဲ ကစားခွင့်ရရ၊ ဆယ်မိနစ်ပဲ ကစားခွင့်ရရ ဂိုးသွင်းပေးနိုင်ဖို့ ကြိုးစားပါတယ်..။ ကြိုးစားမှုရလဒ်ပဲ ဆိုရပါမယ်။ လူစားဝင်ခွင့်ရတဲ့ အကြိမ်တွေမှာလည်း ပွဲအဖြေ ပြောင်းလဲပေးနိုင်တာ တဖြည်းဖြည်းများလာတာမို့ မန်နေဂျာကိုယ်တိုင် အသိအမှတ်မပြုပဲ မနေနိုင်တော့ပါဘူး။
“ဒီဒီယာရေ.. ငါမင်းကိုတစ်ခုပြောစရာရှိတယ်..။ တခြားလူတွေလို မင်းက မိနစ် (၉၀) အပြည့် ကစားပေးစရာ မလိုဘူး..။ ငါးမိနစ်၊ ဆယ်မိနစ်လောက် ဝင်ကစားပေးနေနိုင်ရင်ကို လုံလောက်ပြီ..။” ရာသီအစလေးပွဲ၊ ငါးပွဲလောက်အပြီးမှာ သူခေါ်ပြောပါတယ်..။
“ဒါတော့ဒါပေါ့ဆရာ.. ကျွန်တော် မိနစ် (၉၀) အပြည့် ကစားခွင့်တော့ ရချင်မိတာပေါ့.” ကျွန်တော်စောဒက တက်ပါတယ်..။
“ငါနားလည်ပါတယ်.။ ဒါပေမယ့် မင်းပွဲချိန်ပြည့် ကစားပေးစရာ မလိုဘူးလို့ထင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူဘူူး..၊ တစ်ချို့က ပွဲချိန်ပြည့် ကစားနေကြပေမယ့် အသင်းအတွက် ဘာမှအကျိုးမပြုနိုင်ဘူး..။ မင်းကဆယ်မိနစ်လောက် ဝင်ကစားရင်ကိုပဲ ပွဲအဖြေ ပြောင်းသွားအောင် လုပ်ပေးနိုင်တယ်..။”
“ဟုတ်ကဲ့.. ဒါပေမယ့် ကျွန်တော် မိနစ် (၉၀) အပြည့် ကစားချင်ပါတယ်.. ဆရာ..။” ကျွန်တော်ထပ်ပြီး ခွင့်တောင်းပါတယ်..။ ဒီလိုစကားမျိုးကို အချိန်တော်တော်ကြာကြာပြောနေရ ပါတယ်..။
ကျွန်တော့်မှာတော့ ကံကြမ္မာကောင်းဝင်နေတာလား၊ ရသမျှအချိန်ကို အစွမ်းကုန်ပေးဆပ်ကစားတဲ့ ကြိုးစားမှုတွေကြောင့်လား မပြောတတ်ပါဘူး..၊ လူစားဝင်ခွင့်ရတဲ့ ပွဲတိုင်းလိုလို ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်..။ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ပွဲကတော့ စိန့်အီတိန်းနဲ့ ကစားတဲ့ပွဲဖြစ်ပြီး လူစားဝင်ခွင့်ရခဲ့တဲ့ ဆယ့်ငါးမိနစ်အတွင်း နှစ်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်..။
ဒီပွဲအပြီး သိပ်မကြာခင် ဆောင်းရာသီရာသီဝက်နားချိန်မှာ ဂွမ်အောင်းန်အသင်းက ဆက်သွယ်လာပါတယ်…။ ဂွမ်အောင်းန်ဟာ အဆင့်မြင့်တန်း၊ လီဂူး (၁) ကဖြစ်ပြီး ဘရစ်တ္ကနီဒေသမှာပဲ အခြေစိုက်ပါတယ်..။ သူတို့ဟာ တန်းမဆင်းရအောင် ရုန်းကန်နေရပြီး လတ်တလောမှာ အသင်းရဲ့အဓိကတိုက်စစ်မှူး ပီအက်စ်ဂျီကို ပြောင်းသွားတာမို့ အစားထိုးရမယ့်သူ အသည်းအသန် ရှာဖွေနေတာပါ..။ ကျွန်တော့်အတွက် စိတ်ဝင်စားစရာ ဖြစ်ပေမယ့် အံ့အားသင့်နေပြီး နားမလည်နိုင်အောင်လည်း ဖြစ်ရပါတယ်..။
ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ လီဂူး (၂) မှာတောင် အရန်လူပဲ ဖြစ်နေသေးတာကိုး..၊ ကျွန်တော့်မှာ အလားအလာရှိတာကို သူတို့သတိပြုမိလို့ ဖြစ်နိုင်ပါတယ်..။ အရင်လကပဲ လီမန်းစ်အသင်းနဲ့ နောက်ထပ်လေးနှစ် သက်တမ်းတိုးစာချုပ်ချုပ်ဖို့ ဆွေးနွေးခဲ့ပါသေးတယ်..။ ဒီအသင်းကို သံယောဇဉ်ရှိပေမယ့် ကစားခွင့်သိပ်မရလို့ နောက်ထပ်အခွင့်အရေးများရမလား ကျွန်တော်ခဏ စောင့်ကြည့်ချင်သေးတာကြောင့် အပြီးသတ်သဘောမတူသေးပဲ စောင့်နေတာပါ..။ အခုတော့ ကံကောင်းပြီထင်ပါရဲ့.. တကယ်တော့ ကျွန်တော်ဟာပွဲထွက် ကစားခွင့်ရဖို့ကိုပဲ ပိုအာရုံထားပါတယ်..။
တခြားအသင်းက အမှန်တကယ်ဆက်သွယ်လာတော့ လီမန်းစ်အသင်းဟာ ကျွန်တော့်ကို အသင်းမှာ ဆက်ထားချင်တယ်လို့ ရုတ်တရက် အကြောင်းကြားလာပါတယ်..။ အသင်းဥက္ကဌကိုယ်တိုင် ဆက်သွယ်လာပြီး သေသေချာချာစဉ်းစားဖို့ အကြံပေးလိုကြောင်း၊ သူတို့အနေနဲ့ ကျွန်တော့်ကိုအသင်းမှာ ဆက်ထားဖို့လိုလားကြောင်း ပြောကြားလာပါတယ်..။ ရင်းနှီးသူတစ်ချို့ကလည်း ဂွမ်အောင်းန်ရဲ့ကမ်းလှမ်းမှုဟာ ကျွန်တော့်အတွက် သိပ်ပြီးအလှမ်းကျယ်လွန်း နေမလားဆိုပြီး သံသယရှိပါတယ်.။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်ပါတယ်..။ နောက်ရက်မှာ ဥက္ကဌကိုသွားတွေ့ပြီး အသင်းပြောင်းချင်ကြောင်း ပြောလိုက်ပါတယ်။ ကျွန်တော့်ဘက်ကရှင်းသွားပြီဆိုတော့ အသင်းကလည်း ကျွန်တော့်အေးဂျင့်ကို ဂွမ်အောင်းန်နဲ့ စကားပြောဖို့ ခွင့်ပြုလိုက်ပါတယ်။
တစ်ကယ်အသင်းပြောင်းမယ်ဆိုတော့ လုပ်ရကိုင်ရတာ ထင်သလောက်မလွယ်ပါဘူး.။ အဲဒီအချိန်က ကျွန်တော့်အေးဂျင့် သီယာနို ဆေးဒီဟာ ဆီနီဂေါ လက်ရွေးစင်အသင်းနဲ့ အာဖရိကနိုင်ငံများ ဖလားပွဲအတွက် မာလီနီုင်ငံကိုရောက်နေပါတယ်..။ သူ့ကိုဆက်သွယ်လို့ မရတာကြောင့် သူ့ရဲ့ဖုန်းထဲကိုပဲ မက်ဆေ့ချ်တွေဆက်တိုက်ပို့ပြီး သုံးရက်လောက် စောင့်နေပါတယ်..။ ဒါပေမယ့် ဘာအကြောင်းချက်မှ မပြန်လာတာကြောင့် ကျွန်တော်စိတ်မရှည်နိုင် ဖြစ်လာပါပြီ..။ တစ်ခုခု့လုပ်မှ ဖြစ်တော့မယ်..။ အဲဒါနဲ့ ကျွန်တော့်ဇနီးဖြစ်လာမယ့် လယ်လာကတဆင့် သူ့အဖေကို ဆက်သွယ်ခိုင်းပါတယ်။ သူ့အဖေဟာ မာလီမှာနေတာမို့ သူ့ကိုအကျိုးအကြောင်းပြောပြပြီး ဆီနီဂေါအသင်း တည်းခိုနေတဲ့ဟိုတယ်ကို စုံစမ်းဖို့ အကူအညီတောင်း၊ ဆက်သွယ်ခိုင်းရပါတယ်..။ နောက်ဆုံးတော့ ဆီနီဂေါလက်ရွေးစင်အသင်းနဲ့ အဆက်အသွယ်ရပြီး အခြေအနေတွေရှင်းပြ၊ အသင်းမန်နေဂျာ ဘရူနို မက်ဆုကနေတဆင့် သီယာနိုကို စကားပြောခွင့် တောင်းရပါတယ်..။ နောက်ဆုံးသီယာနိုနဲ့ ဆက်သွယ်ရပြီး အပြောင်းအရွေ့အတွက် ရှေ့ဆက်နိုင်ခဲ့ပါတယ်..။
ဒီအချိန်မှာ ဆောင်းရာသီအပြောင်းအရွှေ့ကာလကုန်ဆုံးဖို့ အရမ်းနီးကပ်နေပြီမို့ ဂွမ်အောင်းန်ဘက်ကလည်း စိတ်မရှည်တော့ပါဘူး..။ သူတို့က နောက်ထပ်လေးရက်အကြာ မက်ဇ်အသင်းနဲ့ အိမ်ကွင်းမှာ ကန်ရမယ့်ပွဲမတိုင်ခင် အပြောင်းအရွှေ့အပြီးသတ်ချင်တယ်လို့ အကြောင်းကြားလာပါတယ်..။ ကျွန်တော့်ကိုဒီပွဲမှာ ထည့်ကစားချင်ပါတယ်တဲ့..။ သီယာနိုဆီက အကျိုးအကြောင်း သိရပြီးတဲ့နောက် ကျွန်တော်ဟာဂွမ်အောင်းန်ကို အပြေးအလွားသွားပြီး စာချုပ်ချုပ်ဖို့ ကမန်းကတန်း ဆွေးနွေးရပါတော့တယ်..။ စာချုပ်ပါအချက်တွေနဲ့ ပတ်သက်ပြီး သိပ်ပြောစရာမရှိတာကြောင့် လွယ်လွယ်ကူကူပဲ အပြီးသတ်နိုင်ခဲ့ပါတယ်..။ အချိန်မှီအားလုံး ပြီးစီးနိုင်ခဲ့တဲ့အတွက် ကျွန်တော်အရမ်းပျော်ခဲ့ရပါတယ်..။
အခုဆို ကျွန်တော်လီမန်းစ်အသင်းကနေ ထွက်ခွာခွင့်ရပါပြီ.။ ဒါပေမယ့် နည်းပြဂိုးဒက် က ကျွန်တော့်ကို အဝတ်လဲခန်းထဲ ပေးမဝင်တော့ပါဘူး..။ ဒါ့ကြောင့်ကျွန်တော့်မှာ အသင်းဖော်တွေကို နှုတ်ဆက်စကားပြောဖို့ အခွင့်မရပဲ ဖြစ်သွားရပါတယ်..။ ဒီအသင်းမှာ လေးနှစ်လောက် နေခဲ့တာကြောင့် သူငယ်ချင်းတွေ အများကြီးရှိသလို သံယောဇဉ်လည်းကြီးပါတယ်..။ ဒါပေမယ့်အခုလို နောက်ဆုံးနှုတ်ဆက်စကားနဲ့ ဆုတောင်းစကားတွေ ပြောခွင့်မရခဲ့တာ ဝမ်းနည်းစရာ ကောင်းသလို စိတ်လည်းစိတ်ပျက်စရာပါပဲ.။ အသင်းက ကျွန်တော့်ရဲ့ပစ္စည်းတွေကို ညနေပိုင်းမှာ လာပို့ပေးပါ တယ်..။ အဲဒါနဲ့ မိုးတော်တော်ချုပ်တော့မှပဲ အသင်းဖော်တွေကို တစ်ယောက်ချင်း ဖုန်းခေါ်ပြီး လူကိုင်တိုင်မတွေ့နိုင်တဲ့အကြောင်း သေသေချာချာ ရှင်းပြလိုက်ရပါတယ်…။ ကျွန်တော့်ကို မြေတောင်မြှောက်ပေးခဲ့တဲ့အသင်း၊ အချိန်ကြာကြီး လက်တွဲခဲ့တဲ့ အသင်းဖော်တွေကို လှပတဲ့ခွဲခွာခြင်းမျိုးနဲ့ နှုတ်မဆက်နိုင်ခဲ့အတွက် အရမ်းကိုနာကျင်ခဲ့ရပါတယ်..။
ဂွမ်အောင်းန်ကိုပြောင်းရွှေ့ခဲ့တဲ့ ၂၀၀၀ ခုနှစ်၊ ဇန်နဝါရီမှာ ဒုတိယသား ကီဗင်ကိုလည်း မွေးဖွားခဲ့တာမို့ ဒီလဟာကျွန်တော့်ဘဝအတွက် အမှတ်တရဖြစ်ရတဲ့ကာလပါပဲ..။ ကျွန်တော့်ရဲ့ ဘောလုံးသမားဘဝမှာ အကောင်းဘက်ကို စတင်ပြောင်းလဲခဲ့တဲ့ကာလဖြစ်သလို ကိုယ်ပိုင်မိသားစု ဘဝမှာလည်း အိမ်ထောင်ဦးစီး၊ ဖခင်ကောင်းတစ်ယောက်အဖြစ် စတင်ရပ်တည်နိုင်လာတဲ့ အလှည့် အပြောင်းလည်း ဖြစ်ခဲ့ပါတယ်..။ အခုဆိုရင် အသက် (၂၄) နှစ်ထဲ ချင်းနင်းဝင်ရောက်လာပြီ ဖြစ်သ လို တစ်ဆင့်မြင့်တဲ့ဘောလုံးသမား ဘဝအနေနဲ့ရော၊ ရင့်ကျက်တဲ့လူသားတစ်ဦးအဖြစ်နဲ့ပါ ဂွမ်အောင်းန်အသင်းနှင့်အတူ ခြေလှမ်းသစ်စတင်ရတော့မှာ ဖြစ်ပါတယ်..။