feature-image

အခန်း (၄) - ဘရစ်တနီမှာနေခဲ့တဲ့ (၁၈) လ

ဘရစ်တနီကို ရောက်သွားတဲ့ညမှာတော့ ဟိုတယ်အသေးလေးတစ်ခုရဲ့ အခန်းကျဉ်းလေးထဲမှာပဲ ကျွန်တော်တို့ မိသားစု ကုန်ဆုံးခဲ့ရပါတယ်..။ ဂွမ်အောင်းန်အသင်းဟာ လီဂူး (၁) အဆင့်မြင့်တန်းကို ရောက်နေပေမယ့် ခမ်းနားတဲ့အသင်းတစ်သင်း မဟုတ်ပါဘူး..။ ဒါပေမယ့် အဲဒါတွေက အရေးမကြီးပါဘူး..။ ဂွမ်အောင်းန်မှာ ကျွန်တော်တို့ လွယ်လွယ်ကူကူပဲ အထိုင်ကျခဲ့ပါတယ်၊ ဒီမြို့လေးထဲမှာ အိမ်သေးသေးလေးတစ်လုံးဌားပြီးတော့ ပျော်ရွှင်ဖွယ် မိသားစုဘ၀ တည်ဆောက် နိုင်ခဲ့ပါတယ်..။

အသင်းမှာကစားရတာလည်း အဆင်ပြေပါတယ်..။ နည်းပြ ဂေး လာကွန်ဘီက ကျွန်တော့်ကို တော်တော်အားကိုးပါတယ်..။ ကျွန်တော်ဆိုတာကလည်း ကိုယ့်ကိုယုံကြည်ရင်၊ အခွင့်အရေးပေးရင် အစွမ်းကုန် ပြန်လည်ပေးဆပ်တတ်တဲ့သူ တစ်ယောက်ပါ..။ ကိုယ့်အပေါ် ယုံကြည်မှုကို အလဟသမဖြစ်စေရအောင် အကောင်းဆုံးပေးဆပ်ပြီး သက်သေပြချင်တာလည်း ပါပါတယ်..။ အသင်းကိုရောက်ပြီးနှစ်ရက်အကြာမှာပဲ မက်ဇ်အသင်းနဲ့ ကစားမယ့်ပွဲ လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်..။ ပြင်သစ်ပြည်ရဲ့ဟိုဘက်ထိပ်ကို ခရီးထွက်ရပါတော့မယ်…။ အဓိကအခက်အခဲ ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ လေ့ကျင့်ခန်းကောင်းကောင်း မဆင်းခဲ့ရတာကြောင့် ကြံ့ခိုင်မှု မပြည့်ဝတာပဲ ဖြစ်ပါတယ်..။ ဆောင်းရာသီ အနားပေးထားတဲ့ကာလနဲ့ တိုက်ဆိုင်နေတာလဲ တစ်ချက်ပါတာပေါ့..။ ဒီအသင်းမှာကျွန်တော်ဟာ ပရိသတ်အချစ်တော်တိုက်စစ်မှူး ဖာဘရစ်စ် ဖီအိုရီးစီးကို အစားထိုးရပါမယ်..။ သူဟာပီအက်စ်ဂျီအသင်းကို ဒီအပြောင်းအရွှေ့ရာသီကမှ ပူပူ နွေးနွေး ပြောင်းရွှေ့သွားတာပါ.။ ဒါ့အပြင် သူဝတ်ဆင်ခဲ့တဲ့ နံပါတ် (၁၁) ကိုလည်း ဆက်ခံရမယ်..။ တာဝန်ကတော့ အရမ်းကြီးပါမယ်..။

နည်းပြလာကွန်ဘီနဲ့ တခြားအသင်းသားတွေအားလုံးက ကျွန်တော့်ကို နွေးနွေးထွေးထွေး ကြိုဆိုကြသလို လိုအပ်တဲ့အကူအညီတွေ လှိုက်လှိုက်လှဲလှဲ ပေးကြတာကြောင့် ကံကောင်းတယ်လို့ ပြောနိုင်ပါတယ်..။ လာကွန်ဘီက ကျွန်တော့်ကို အရမ်းမျှော်လင့်ထားပါတယ်။ ကျွန်တော့်ကို သင်ကြားပေးဖို့၊ မြေတောင်မြှောက်ပေးဖို့ ခေါ်ယူတာမဟုတ်လို့ ကျွန်တော့်အနေနဲ့ လာမယ့်ပွဲအတွက် အသင့်ဖြစ်နေဖို့ လိုအပ်ပါတယ်..။ ဒီအသင်းမှာ ကျွန်တော့်ကို အကောင်းဆုံး ကူညီပေးခဲ့တဲ့သူ နောက်တစ်ဦးကတော့ “ဖလောရင့် မာလူဒါ” ပါ..။ လီမန်းစ်အသင်းမှာ ကစားတုန်းက သူနဲ့ခဏဆုံဖူးပါတယ်..။ အချိန်တိုအတွင်းမှာပဲ ဖလောရင့်နဲ့ကျွန်တော်ဟာ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်လာပါတယ်။ ဂွမ်အောင်းန်ရောက်စနေ့ရက်များမှာ မာလူဒါဟာ အခြား အကူအညီတွေအပြင် ပွဲချိန်အတွင်းဘယ်လိုအရှိန်တင်ရမယ်..၊ ဘယ်လိုနေရာယူရမယ်..စတဲ့ နည်းစနစ်ပိုင်းဆိုင်ရာအကြံဉာဏ်တွေလည်း ပေးခဲ့ပါတယ်..။ သူဟာကွင်းအတွင်း သာမက၊ ကွင်းပြင်ပမှာပါ ဂရုတစိုက် စောင့်ရှောက်ခဲ့တာကြောင့် ဘဝမှာကျေးဇူးတင်ထိုက်သူတစ်ဦးပါ..။



သူတင်မကပါဘူး၊ လီဂူး (၁)၊ အဆင့်မြင့်တန်း အသင်းဖော်တွေဟာ အခြား အောက် တန်းက ကစားသမားတွေထက် လူသစ်တွေကိုပိုပြီးအကူအညီပေးပါတယ်..။ လီဂူး (၂) မှာဆိုရင် တစ်ချို့ကစားသမားများဟာ သူတို့သာလျှင်အသင်းရဲ့အကောင်းဆုံး ကစားသမားတွေအဖြစ် အထင်ခံရအောင် ပြုမူလေ့ရှိကြပါတယ်..။ အမှန်တကယ်အကောင်းဆုံးကစားသမားဖြစ်အောင် ကြိုးစားတာလည်း ဖြစ်နိုင်သလို လက်ရှိထက်ပိုကောင်းတဲ့အသင်းကို ပြောင်းခွင့်ရအောင် ကြိုးစားခြင်းလည်း ဖြစ်နိုင်ပါတယ်..။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ.. လီဂူး (၁)..၊ အဆင့်မြင့်တန်း ကိုရောက်တဲ့အချိန်ကစပြီး မာဆေးလ်..၊ ချယ်လ်ဆီးအသင်းများအထိ ကျွန်တော်တွေ့မိတာက တစ်ကယ့်နာမည်ကြီး ဘောလုံးသမားအများစုဟာ ရိုးရိုးသားသားနဲ့ သိပ်ကိုနှိမ်ချပြီး နေထိုင်ကြတာပါပဲ.။ သူတို့မှာ ဒီထက်ပိုပြီး သက်သေပြစရာ၊ လုပ်ပြစရာ မကျန်တော့တာကြောင့်လည်း ဖြစ်နိုင်ပါ တယ်..။

အဆင့်မြင့်တန်း ပွဲဦးထွက်၊ မက်ဇ်အသင်းနဲ့ပွဲမှာ ဘောလုံးနောက်ကို ကျွန်တော်အသည်းအသန် လိုက်ကစားပါတယ်..။ ဒါပေမယ့်ပထမပိုင်းပြီးတော့  ၁ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနေတာကြောင့် ကျွန်တော့်ရဲ့ကြိုးစားမှုဟာ အသင်းအတွက်အကျိုးမပြုနိုင်သေးဘူးလို့ ပြောရမှာပါ..။ လူကလည်း အရမ်းကိုမောဟိုက်နေပေမယ့် ကိုယ့်ရဲ့ကစားပုံကိုတော့ ကျေနပ်မိပါတယ်.။ ပွဲဦးထွက် ဒီလောက်ကစားနိုင်ရင် မဆိုးဘူးပေါ့..။ ဒါပေမယ့် နည်းပြ လာကွန်ဘီကတော့ ဒီလိုမမြင်ပါဘူး..။

“ဒီဒီယာ.. ဒီလောက်နဲ့တော့ မရသေးဘူး..။ ဒီထက်ပိုပြီး ကစားနိုင်ဖို့ လိုသေးတယ်..။ ဒီထက်ပိုလိုက်ကစားရမယ်..၊ ဒီထက်ပိုကြိုးစားရဦးမယ်….။”
“ဟိုက်!!!” ဘယ်လိုဖြစ်တာပါလိမ့်လို့ စိတ်ထဲမှာ တွေးမိပါတယ်..။ ဒါပေမယ့်သူ့ရဲ့ လမ်းညွန်ချက်ကိုတော့ သဘောတူလိုက်တယ်..။ စိတ်ထဲမှာတော့ “ဒီထက်ပိုပြီး ကစားဖို့ဆိုသေဖို့ပဲ ရှိတော့မယ်..။ ပထမပိုင်းမှာ ငါပြေးနိုင်သလောက် အစွမ်းကုန်ပြေးပြီး..၊ ရသလောက် လိုက်ကစားပြီးပြီ..။ ဒီထက်ပိုပြီး ဘယ်လိုကစားနိုင်တော့မှာလဲ..” လို့ တွေးမိလိုက်ပါတယ်..။

ဒါပေမယ့် ဒုတိယပိုင်းစပြီး နှစ်မိနစ်မှာပဲ ချေပဂိုးကို ကျွန်တော်သွင်းပေးနိုင်ခဲ့ပါတယ်..။ ဒီဂိုးကြောင့် ယုံကြည်မှု ရသွားတာမို့ နောက်ပိုင်းမှာ ကျွန်တော့်အတွက် အဆင်ပြေသွားပါတယ်..။ နာမည်ကျော် L’Equipe သတင်းစာကတောင် “ဒရော့ဘာရဲ့ပွဲတော်” လို့ တင်စားပြီး သတင်းရေးတဲ့ အထိပါပဲ..။ တာထွက်ကောင်းပြီး အရှိန်ရခဲ့တဲ့ကျွန်တော်ဟာ နည်းပြဂေး လာကွန်ဘီ မျှော်မှန်းထား တဲ့ တိုက်စစ်မှူးမျိုးအဖြစ် သက်သေပြနိုင်အောင် ဆက်ပြီးကြိုးစားကစားခဲ့ပါတယ်.။ သူဟာနည်းစနစ်ပိုင်း သိပ်ကောင်းတဲ့သူမို့ ဘယ်လိုနေရာယူရတယ်..၊ ဘယ်လို လှုပ်ရှားရတယ်..၊ ဘယ်လို နေရာမှာ အရှိန်တင်ရတယ်.. စတဲ့နည်းစနစ်ပိုင်း အသေးစိတ်တွေကျွန်တော့်ကို သင်ကြားပေးခဲ့ပါတယ်..။ ဒါပေမယ့်ကိုယ်တွေဘယ်လိုပဲ ကြိုးစား၊ ကြိုးစား.. တစ်ခါတစ်လေ ရလဒ်တွေက ထင်တဲ့အတိုင်း မဖြစ်တာရှိပါတယ်…။ ဒါ့အပြင် ပွဲတိုင်းကျွန်တော့်ကိုထည့်ပြီး ကစားခဲ့ပေမယ့် သူလိုချင်တဲ့ အဆင့်မျိုး မဟုတ်သေးဘူးလို့ အမြဲတမ်းပြောနေခဲ့ပါတယ်..။ တိုးတက်စေချင်လို့ ပြောတာမှန်း သိတဲ့အတွက် အဲဒီဝေဖန်ချက်တွေဟာ ကျွန်တော့်အတွက် ဘာမှမဖြစ်ခဲ့ပါဘူး…။ ကိုယ့်ကို တွန်းအားပေးတယ်လို့တောင် ယူဆမိတာကြောင့် ပိုပြီးသင်ယူချင်စိတ်၊ ပိုပြီးကြိုးစား လေ့ကျင့်လို စိတ်သာ ဖြစ်ပေါ်လာပါတော့တယ်..။



ဂွမ်အောင်းန်အသင်းနဲ့ ဒုတိယရာသီဝက် (၁၂) ပွဲမှာ ကျွန်တော် (၃) ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်..။ ကိုယ့်ကိုယ်ကို တိုးတက်မှုရှိတယ်.. အသင်းမှာလည်း အထိုက်အလျှောက် အရေးပါ တယ်လို့ ယုံကြည်ပါတယ်..။ ဒါပေမယ့် အသင်းပရိသတ်တစ်ချို့က အဲဒီလိုမမြင်ကြပါဘူး..၊ ဒါဟာဝမ်းနည်းစရာ အလွန်ကောင်းပါတယ်..။ တစ်နေ့မှာ ကျွန်တော့်အိမ်ကို စာတစ်စောင် ရောက်လာပါ တယ်..။ ပို့တဲ့သူနာမည်တော့မပါဘူး.. “ဌက်ပျောသီး စားတဲ့ကောင်လေးရေ.. ကိုယ်နဲ့တန်ရာ တန်ရာကိုသာပြန်ပါကွာ..”။ စာရွက်လေးကိုကိုင်နေရင်း တုန်လှုုပ်စွာနဲ့ကျွန်တော်ရပ်နေမိတယ်..၊ ဒီလိုလူမျိုးရေးခွဲခြားတိုက်ခိုက်ခံရတာ ကျွန်တော့်အတွက်ပထမဆုံးအတွေ့အကြုံပါ..။ ဘာကြောင့် သူတို့ဒီလိုလုပ်ရတာလဲ…?

တခြားလူမည်းနိုင်ငံခြားသား ကစားသမားတွေအများကြီးရှိတဲ့အထဲ ကမှ ဘာလို့ကျွန်တော့်ကိုပစ်မှတ်ထားရတာလဲ?ဲ နားမလည်နိုင်အောင်ဖြစ်ရပါတယ်။ အစောပိုင်းမှာ မယုံကြည်နိုင်အောင်ဖြစ်ရပေမယ့် အခုလိုတိုက်ခိုက်ခံရမှုဟာ ပိုပြီးအောင်မြင်ဖို့ ကြိုးစားချင်စိတ် ဖြစ်ပေါ်လာအောင် ကျွန်တော့်ကိုတွန်းပို့လိုက်သလိုပါပဲ…။ ဂွမ်အောင်းန်ကို ရောက်စမှာ တစ်ချို့ပရိသတ်က “ဒီဒီယာ.. ဟုတ်လား.. ဘယ်ကကောင်လေးလဲကွ..??” ဆိုပြီး သိချင်ကြပါတယ်..။ နောက်တော့ လီဂူး (၂)၊ အောက်တန်းက  လူစားဝင်ကစားသမားလေး တစ်ယောက်က လီဂူး (၁) နာမည်ကြီးကစားသမားဖြစ်တဲ့ ဖာဘရစ်စ် ဖီအိုရီးစီးကို အစားထိုးမယ်ဆိုတဲ့ အဖြစ်မှန်ကို သူတို့လက်မခံနိုင်ကြပါဘူး..။ ဒီလိုနာမည်ကြီးကစားသမားကို အစားထိုးရမယ့်သူအဖြစ် ထိုက်တန်ကြောင်း သက်သေပြစရာမလိုဘူးလို့ ကျွန်တော် ခံယူထားတဲ့အတွက် သူ့ရဲ့ခြေရာကိုဆက်ခံရတာ ဖိအားမရှိပါဘူး..။ ဒါပေမယ့် ပရိသတ်တစ်ချို့ အမြင်က ကျွန်တော်နဲ့တစ်ထပ်တည်း မကျနိုင်ပါဘူး.။ အဲဒီတိုက်ခိုက်မှုဟာ စိတ်ဓါတ်ကျစရာ ဆိုပေမယ့် ကျွန်တော့်အတွက်တော့ ထူးခြားတဲ့တွန်းအားတစ်ခု ဖြစ်ပေါ်စေခဲ့ပါတယ်..။

ရာသီကုန်ကာလမှာတော့ တန်းဆင်းဇုန်တိုက်ပွဲတွေဟာ ပြင်းထန်လှပါတယ်..။ ကျွန်တော်တို့ အသင်းလည်း တန်းမဆင်းရအောင် အသည်းအသန်ရုန်းကန်နေရပါတယ်…။ လီဂူး (၂) ကို ပြန်ဆင်းရရင် ဆိုတဲ့အတွေးဟာ အသင်းသားတွေအားလုံးကို ဖိစီးနေပါတယ်..။ ဒါဟာကျွန်တော်တို့အပေါ် သိပ်ကောင်းခဲ့တဲ့ မန်နေဂျာကို အားနာတဲ့စိတ်ပါနေပေမယ့် အဓိကအားဖြင့် ပရိသတ်တွေအတွက်ပါ..။ ဒါ့အပြင် လီဂူး (၂) ဟာ ကြမ်းတမ်းပါတယ်..၊ အရမ်းကို တွန်းတွန်းတိုက်တိုက် ကစားရပြီး ဖျက်ထုတ်ပုံတွေက ကြောက်ခမန်းလိလိပါပဲ..။ ကျွန်တော်တို့ စိတ်ထဲမှာ အကောင်းဆုံးကို ခံစားပြီးပြီမို့ ဒီလိုကြမ်းတမ်း၊ ရက်စက်တဲ့နေရာကို ပြန်မသွားချင်တော့ပါဘူး..။ မိုးထဲရေထဲရောက်နေပေမယ့် ကျွန်တော်တို့အသင်းသားတွေရဲ့ စုစည်းမှုနဲ့ စိတ်ဓါတ်ဟာ အမြင့်ဆုံး ကို ရောက်နေပါတယ်..။ ဒီလိုခွန်အား၊ စိတ်ဓါတ်နဲ့ပဲ ကျွန်တော်တ့ိုဟာ ရာသီနောက်ဆုံးပိတ် ထရွားရ်အသင်းနဲ့ပွဲကို ခက်ခက်ခဲခဲကစားခဲ့ပြီး ၁ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်..။ ကျွန်တော်တို့ တန်းဆင်းဇုန်ကလွတ်ပါပြီ..။ ပွဲပြီးတဲ့အချိန် ဘယ်လောက် ပျော်ခဲ့သလဲဆိုရင် ကျွန်တော့်ရဲ့အတွင်းခံ ဘောင်းဘီတောင် ဘယ်ရောက်သွားမှန်း မသိတော့တဲ့အထိပါပဲ..။ ကျွန်တော်တို့တစ်သင်းလုံးရဲ့ အပျော်နဲ့ အောင်ပွဲခံမှုဟာ ချန်ပီယံလိဂ်ဖလား ရတဲ့အတိုင်းပဲလို့ တင်စားရင် မလွန်ပါဘူး..။



ဒါပေမယ့် ကျွန်တော်တို့အပျော်ဟာ ခဏလေးနဲ့ ပျောက်ကွယ်သွားပါတယ်..။ နည်းပြ ဂေးလ် လာကွန်ဘီဟာ အသင်းကထွက်ပါတော့မယ်..။ ဆိုးချော့စ်အသင်းရဲ့ ကမ်းလှမ်းမှုကို သူလက်ခံလိုက်ပါပြီ.။ သူ့အတွက် နောက်ထပ်တစ်ဆင့်တက်လှမ်းတာ ဆိုပေမယ့် ကျွန်တော့်အတွက် သတင်းဆိုးတစ်ခုပါပဲ.။ သူဟာသိပ်တော်တဲ့နည်းပြတစ်ဦးဖြစ်တဲ့အပြင် အနာဂတ်မှာ အလားအလာ ရှိတဲ့သူတွေကိုလည်း ကောင်းကောင်းမြင်တတ်ပါတယ်..။ ပြင်သစ်ရုပ်မြင်သံကြားဌာနနဲ့ တွေ့ဆုံရာ မှာ သူက

“ပြင်သစ်လီဂူးမှာ ခင်ဗျားတို့ စောင့်ကြည့်ရမယ့်ကစားသမား နှစ်ယောက်ပဲရှိတယ်.။  သူတို့ဟာ ဒီတိုင်းပြည်ဘောလုံးလောကရဲ့ အနာဂတ်ကို ဖော်ဆောင်မယ့်သူတွေဗျ..။ တစ်ယောက် က ဖလောရင့် မာလူဒါ..၊ နောက်တစ်ယောက်ကတော့ ဒီဒီယာ ဒရော့ဘာ..”.. ဒီစကားကို ကြားကြားချင်း ကျွန်တော်အံ့သြမိပါတယ်.. “ကျွန်တော်? ဟုတ်လား?” သူ တစ်ကယ်ပဲ ဒီလို ပြောတာ ပါလား..

လာကွန်ဘီရဲ့ ထွက်ခွာမှုဟာ ကျွန်တော့်အတွက် ဆုံးရှုံးမှု ကြီးမားပါတယ်..။ လေးစားခဲ့ရတဲ့ သူတစ်ဦးကို ဆုံးရှုံးလိုက်ရရုံသာမက သူ့နေရာကိုဝင်လာတဲ့ ဘာထရန် မာချန်ဟာ ကျွန်တော့်ကို မနှစ်သက်ပါဘူး..။ လီမန်းစ်တုန်းကလိုပါပဲ..။ သူ့ကိုကြည့်ရတာ ကျွန်တော့်အပေါ် ယုံကြည်မှု သိပ်ပြီးရှိပုံမရပါဘူး..။ ဒီတစ်ကြိမ်မှာ သူ့ရဲ့အကြောင်းပြချက်ကလည်း “ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုကို အားမရတာပါပဲ” တဲ့..။

တန်းဆင်းဇုန်လွတ်အောင်ရုန်းနိုင်လိုက်တဲ့ အကျိုးဆက်ကတော့ အသင်းလိုက် စိတ်ဓါတ် အရမ်းကောင်းသွားတာပါ..။ အခုလိုနည်းပြဖြစ်သူက ကျွန်တော့်ကိုမယုံကြည်တဲ့အပေါ် အသင်းသားတွေအားလုံးက ကျွန်တော့်ဘက်ကနေ ဝိုင်းပြီးကူညီပေးကြပါတယ်..။ သူတို့တွေရဲ့ အကူအညီနဲ့ နွေရာသီတစ်ခုလုံး ကြိုးစား၊ ပမ်းစား လေ့ကျင့်ခဲ့ပါတယ်။ ဘယ်လိုပဲ ကြိုးစား၊ ကြိုးစား၊ ၂၀၀၂ - ၀၃ ဘောလုံးရာသီဖွင့်ပွဲစဉ် လက်ရှိချန်ပီယံ လိုင်ယွန်အသင်းနဲ့ပွဲမှာ အရန်လူအဖြစ်နဲ့ပဲ ပွဲထွက်ခဲ့ရပါတယ်။ ကျွန်တော်ဝင်ကစားရတော့ ပွဲပြီးဖို့ မိနစ် (၂၀) ပဲ ကျန်ပါတော့တယ်..၊ အသင်းက ၁ -၃ နဲ့ ရှုံးနေတယ်..၊ လီမန်းစ်မှာလည်း ကျွန်တော်ဟာ ဒီလိုလူစားဝင်ပြီး ပွဲအဖြေပြောင်းလဲအောင် လုပ်နေကြပါ..၊ ပွဲပြီးခါနီး နောက်ဆုံးသုံးမိနစ်အတွင်း လိုအပ်တဲ့ ချေပဂိုးနှစ်ဂိုး သွင်းပေးနိုင်ခဲ့ ပါတယ်..။ အရမ်းလိုအပ်နေတဲ့ တတိယချေပဂိုးကို သွင်းပေးသူက “ကျွန်တော်” ပါ..။

ပွဲဦးထွက်စကပြီး ကျွန်တော်နောက်ပြန်မလှည့်ကြည့်တော့ပါဘူး..။ တစ်ရာသီလုံး (၃၄) ပွဲမှာ (၁၇) ဂိုး၊ ပြင်သစ်ဖလား (Coupe de France) မှာ (၄) ဂိုးသွင်းနိုင်ခဲ့ပါတယ်..။ ပြင်သစ်မှာ တတိယမြောက် ဂိုးအများဆုံးသွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဖြစ်ခဲ့ပါတယ်.။ အောင်မြင်တဲ့ ဘောလုံးရာသီတစ်ခုလို့ ဆိုရမှာပါ..။ တစ်ခုအံ့သြမိတာက အဆင့်မြင့်တန်း၊ လီဂူး (၁) မှာ ဂိုးသွင်းရတာ အောက်တန်းတွေမှာထက် ပိုလွယ်နေတာပါပဲ..။ ဘာကြောင့်ဒီလိုတွေးမိလဲဆိုရင် လီဂူး (၁) ဟာ အောက်တန်းတွေမှာလို ကစားပုံမကြမ်းတမ်းပါဘူး..။ ပွဲအရှိန် ပိုမြန်ပေမယ့် နေရာယူပြီး ဘောလုံးတောင်းရင် ကိုယ့်ဆီဘောလုံးရောက်လာတာ များပါတယ်..။ ခွန်အားတော့ ပိုစိုက်ရတယ်..၊ ပိုပြီး မြန်အောင်ကစားရတယ်..။

နောက်ထပ်တစ်ချက်အနေနဲ့ ကျွန်တော်ကိုယ်တိုင် နည်းစနစ်ပိုင်း ပိုကောင်းလာတာ၊ ပွဲအနေအထားကို သုံးသပ်နိုင်စွမ်း ပိုကောင်းလာတာ ပါနိုင်ပါတယ်..။ နောက်ဆုံး ကတော့ လေ့လာမှုပေါ့ဗျာ..၊ တစ်ကယ့်နာမည်ကျော် တိုက်စစ်မှူးတွေဖြစ်တဲ့ သီယာရီ အွန်နရီ၊ ရာအူးလ်တို့ရဲ့ဗွီဒီယိုခွေတွေ သေသေချာချာလေ့လာပြီး နောက်တန်းလူတွေကို သူတို့ဘယ်လို ကျော်ဖြတ်ခဲ့တယ်၊ လူကပ်ခံရရင် လွတ်အောင် ဘယ်လိုလှည့်စားခဲ့တယ်.. စတာတွေ နားလည်အောင် သေသေချာချာ လေ့လာပါတယ်..။ အခြားသူတွေဆီကလေ့လာမှုဟာ အလွန် အရေးကြီး ပါတယ်..။ ကျွန်တော်ဂိုးသွင်းကောင်းမှန်းပြိုင်ဘက်တွေ သတိထားမိလာတာကြောင့် နောက်ပိုင်း ပွဲစဉ်တွေမှာ သေသေချာချာအာရုံစိုက်ကစားလာကြပါတာကြောင့် နည်းစနစ်ပိုင်းဟာ ပိုပြီးအရေး ကြီးလာပါတယ်..။



ဒီလိုခြေစွမ်းကောင်းနေပေမယ့် ဆောင်းရာသီအဝင်မှာ ခြေဆစ်ရိုးတစ်ချောင်း ထပ်ကျိုးပြန်ပါတယ်..။ ဒဏ်ရာမကြာခဏရတတ်တဲ့ကျွန်တော် ကံဆိုးပြန်ပါပြီ..။ ဒီတစ်ခါ အနားယူနေရပေမယ့် ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ ဆက်တိုက်လုပ်ခဲ့တာကြောင့် နိုဝင်ဘာလ ပြန်ကစားနိုင်တော့ အကောင်းဆုံး ခြေစွမ်းရခဲ့ပြီး ရှစ်ပွဲမှာ ခြောက်ဂိုးအထိ သွင်းပေးနိုင်ခဲ့ပါတယ်..။ ပိုပြီးစိတ်ကျေနပ်ဖို့ ကောင်းတာက ဆောင်းရာသီ အနားပေးကာလမရောက်ခင် ခရစ်စ်မတ်ကာလမှာ ကျွန်တော်တို့ အသင်းဟာ မာဆေးလ်အသင်းရဲ့နောက် အမှတ်ပေးဇယား ဒုတိယနေရာကို ရောက်နေခြင်းပါပဲ..။ အဝတ်လဲခန်းထဲမှာဆိုရင် ဥရောပ ဘောလုံးပွဲတွေ အကြောင်းကိုတောင် နောက်ပြောင်၊ ပြောနေကြ ပါပြီ..။ ဒါပေမယ့် ဆောင်းရာသီ အနားပေးကာလအပြီး ပြန်စချိန်မှာတော့ ပြိုင်ဘက်အသင်းတွေ ဟာ ကျွန်တော့်တို့ကို သေသေချာချာပြင်ဆင်ပြီး ရင်ဆိုင်လာကြတာမို့ အသင်းရလဒ်ဟာ တစ်ဟုန်ထိုး ကျဆင်းသွား ပါတော့တယ်..။ ခြောက်ပွဲဆက်တိုက် ရှုံးပွဲဆက်သွားတာပါ..။

ရင်းန်အသင်းနဲ့ ပထမဆုံးစရှုံးတော့ “ကိစ္စမရှိပါဘူး.. တစ်ပွဲတစ်လေတော့ ရှိမှာပေါ့”။ သုံးပွဲဆက်တိုက် ဖြစ်လာတဲ့အခါ အရေးပေါ်အစည်းအဝေးထိုင်ပြီး ဘယ်လိုအနိုင်ရအောင် ကစားကြမလဲ တိုင်ပင်ကြပါတယ်..။ ဒါပေမယ့် ရှုံးပြန်ပါတယ်..။ အမှတ်ပေးဇယားမှာလည်း ဒုတိယ နေရာကနေ တဖြည်းဖြည်းဆင်းလာတာ ဇယားအောက်ခြေပြန်ရောက်သွားပါတယ်..။ အရင်နှစ်က တန်းဆင်းဇုန် ရုန်းကန်ရခဲ့တဲ့ ဖိအားမျိုးကို ပြန်မြင်ယောင်မိတဲ့အတွက် ဒီလိုခံစားမှုမျိုး နောက်တစ် ကြိမ် ပြန်မခံစားချင်တော့ပါဘူး..။ ခြောက်ပွဲဆက်ရှုံးပြီး ကျွန်တော်တို့နဲ့တွေ့မယ့် အသင်းက ပီအက်စ်ဂျီ..၊ သူတို့အသင်းမှာ နာမည်ကျော် ကစားသမား “ရော်နယ်လ်ဒင်ဟို” ကစားနေပါတယ်။ အောက်တိုဘာလမှာ ပထမအကျော့တွေ့တုန်းက ကျွန်တော်တို့ကို ငါးဂိုး၊ ဂိုးမရှိနဲ့ ပြတ်ပြတ်သားသား အနိုင်ယူသွားခဲ့ပါတယ်..။ အဲဒီပွဲမှာ ကျွန်တော်ဒဏ်ရာရနေတာကြောင့် ဝင်မစားနိုင်ခဲ့ပဲ ပွဲကြည့်စင်ကသာ ထိုင်ကြည့်ခဲ့ရပါတယ်…။ ပီအက်စ်ဂျီနဲ့ ရာဇဝင်ကြွေးရှိခဲ့တဲ့ ကျွန်တော့်အတွက် ဒီရှုံးပွဲဟာ နာကျင်လှပါတယ်..။

၂၀၀၃ ခုနှစ်၊ ဖေဖော်ဝါရီ (၂၂) ရက်။

ဒီနေ့ကို ဂွမ်အောင်းန်အသင်း ပရိသတ် ဒါမှမဟုတ် ကစားသမားတွေ ရင်ထဲ၊ အသည်း ထဲက မှတ်မိနေမှာပါ..။ ကျွန်တော်တို့အားလုံး ဒီပွဲကိုအနိုင်ရမယ်လို့ မှန်းထားပေမယ့် လက်တွေ့မှာ ဖြစ်နိုင်ချေ သိပ်မရှိဘူးဆိုတာ သိနေပါတယ်..။ ဒါပေမယ့် ဘောလုံးဆိုတာ အလုံးကြီးပါ.. ပွဲသိမ်း ခရာသံ မကြားရမချင်း စိတ်ကိုမလျော့၊ အလံမလှဲကြေး ဘာမဆို ဖြစ်နိုင်ပါတယ်…။    ဒါဟာဘောလုံးကစားနည်းရဲ့ အနှစ်သာရပါ..

ပွဲမစခင်ကတည်းက ကျွန်တော်တို့တစ်သင်းလုံးရဲ့ သွေးတွေဆူဝေနေပြီ..၊ ကွင်းထဲ မဝင်ခင် အသင်းခေါင်းဆောင်က အောက်တိုဘာလ အရှက်တကွဲ အရှုံးရလဒ်ကို ပြန်ချေပရမယ်၊ ငါတို့အချဉ်မဟုတ်ဘူးဆိုတာ ပြသရမယ်လို့ ခပ်တိုတိုပဲ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဗျူဟာက သူတို့ကစားကွက် မတည်နိုင်ခင် ဇွတ်အတင်း လိုက်ကစား၊ အရှိန်တင်ကစားပြီး အဖွင့်ဂိုးကို စောစောရအောင်ယူဖို့ပါ၊ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ဆိုရမလား? ပါရီသားတွေကသာ အဖွင့်ဂိုး ရသွားပါတယ်။ စောစောစီးစီး ၁ဂိုး ရှုံးနေပါပြီ..၊ သွင်းသွားတဲ့သူက “ရော်နယ်လ်ဒင်ဟို..” ၊ ရာသီကုန်တော့ သူသွင်းသွားတဲ့ဂိုးကို “တစ်နှစ်တာ အကောင်းဆုံးဂိုး” အဖြစ် သတ်မှတ်ခဲ့ကြပါတယ်..။


ကွင်းလယ်စည်းသာသာလောက်ကနေ ဘောလုံးရလာတယ်..၊ အဲဒီနောက် ဂျရမီ လီရွိုင်းနဲ့ “ဝမ်းတူး အပေးအယူ” တစ်ကြိမ်လုပ်ပြီး ဂိုးဧရိယာထိပ်နားကနေ ကျွန်တော့်တို့  နောက် တန်းတစ်ခုလုံးကို ဖြတ်ဆွဲသွားပါတယ်.။ နောက်တော့ဘယ်ဘက်ကို အသာလေးထုတ်၊ လျောထိုး ဝင်လာတဲ့ ဂိုးသမားပေါ် “မ” ပြီး သွင်းယူလိုက်ပါတယ်။ ဘယ်ကစားသမားမဆို ကိုယ့်အသင်း ဂိုးသွင်းခံရရင် အနည်းနဲ့အများ စိတ်ပျက်ကြတာပါ..၊ ဒါပေမယ့် အဲဒီသွင်းဂိုးမှာတော့ စိတ်ထဲကနေ သူ့ကိုလေးစားမိပါတယ်။ လက်ခုပ်တီးပြီး ဂုဏ်ပြုချင်စိတ်ကိုတောင် မနည်းထိန်းချုပ် ထားလိုက် ရပါတယ်..။ စိတ်ထဲမှာတော့ “လှလိုက်တဲ့ဂိုးကွာ.. ကောင်းလွန်းပါတယ်” လို့ပဲ ရေရွတ်မိပါတယ်..။

ဂွမ်အောင်းန် အသင်းနှင့်ပွဲမှ ရော်နယ်လ်ဒင်ဟို ၏ သွင်းဂိုးကို ယခုစာတန်းအား နှိပ်ပြီးကြည့်ရှုနိုင်ပါသည်.. >>>

ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာပဲ သူတို့နောက်ထပ်တစ်ဂိုး ရသွားပြန်ပါတယ်..။ ကျွန်တော်တို့ဘက်မှာ မျှော်လင့်ချက် သိပ်မရှိတော့ဘူး ဆိုပေမယ့် အကောင်းဆုံး ကြိုးစားကစားပါတယ်..၊ ဂိုးရဖို့အခွင့်အရေးတွေရ၊ နီးစပ်ခဲ့ပေမယ့် ဂိုးတိုင်ဘေးက ထွက်သွားတာနဲ့၊ ဂိုးသမား ကာ ကွယ်တာနဲ့ တေ့လွဲလေးတွေ လွဲနေပါတယ်..။ ဒါပေမယ့် ထူးဆန်းတယ်ဆိုရမလား.. ကျွန်တော်တို့ စိတ်မလျော့ကြပါဘူး။ “မဖြစ်နိုင်ဘူးဆိုရင်တောင်မှ ငါတို့ကွင်းထဲက ခေါင်းမော့ပြီး ထွက်လို့ရအောင် တိုက်ရမယ်” ဆိုပြီး တစ်ယောက်ကိုတစ်ယောက်အားပေးရင်း ရေကုန်ရေခမ်း ကစားကြပါတယ်..။ သိပ်မကြာပါဘူး.. နောက်ခံလူ ဂူလန်မဲလ်ရဲ့ ခေါင်းတိုက်ချက်နဲ့ ကျွန်တော်တို့ ချေပဂိုးတစ်ဂိုး ပြန်ရ ပါတယ်.၊ တိကျတဲ့ ဖြတ်တင်ဘောကို ခုန်ပြီးတိုက်သွားတာပါ..။ သူဒီလောက်မြင့်မြင့် ခုန်နိုင်မယ်လို့ မထင်မိပါဘူး..။ ဘာပဲပြောပြော ဒီချေပဂိုးဟာ ကျွန်တော်တို့ကို စိတ်ဓါတ်ခွန်အား အများကြီးတက် စေခဲ့ပါတယ်..။

(၆၈) မိနစ်မှာ ဒုတိယချေပဂိုးကို ကျွန်တော်သွင်းနိုင်ခဲ့တယ်။ တစ်ကွင်းလုံး “အုန်းကနဲ” သောသောညံသွားပါတယ်..။ ဇာတ်လမ်းက ဒီမှာတင် မဆုံးသေးပါဘူး..၊ မိနစ် (၉၀) ပြည့်ခါနီး တန်ုပြန်တိုက်စစ်ကနေ ဆာဆီတင်ပေးလိုက်တဲ့ ဖြတ်တင်ဘောကို ကျွန်တော် တစ်ချက်ထိန်း တယ်၊ ကန်သွင်းလိုက်တယ်..၊ လုံးဝမျှော်လင့်မထားခဲ့တဲ့ အနိုင်ဂိုးပါ..။ ကျွန်တော့်ရဲ့အကျီ ဘယ်ရောက်သွားမှန်း မသိတော့ပါဘူး..။ အောင်ပွဲခံအကကို တစ်သင်းလုံးကပါ ဝင်ကကြတယ်။ တစ်သင်းလုံး ရုးသွပ်ကုန်ကြပါပြီ..။ ဒီအနိုင်ပွဲဟာ ကျွန်တော့်အတွက် အရမ်းကိုချိုမြိန်တယ်..၊ ကျေလည်းကျေနပ်တယ်..၊ ပထမဆုံးအချက်က ကျွန်တော့်ကို သူတို့ခေါ်ချင်ပေမယ့် စာချုပ်ပျက် သွားရတဲ့ အဖြစ်အပျက်ကို ဘယ်တော့မှမမေ့ပါဘူး..။

ဒါ့အပြင် ခရစ်စ်မတ်ကာလ ပြီးကတည်းက ဂိုးပေါက်ပျောက်နေတဲ့အတွက် အဖွင့်ဂိုးတစ်ဂိုး အရမ်းလိုချင်နေတဲ့အချိန်ပါ..။ ဒုတိယအချက် အနေနဲ့က ခြောက်ပွဲဆက်တိုက် ရှုံးပွဲဆက် နေခဲ့တာကြောင့် ဒီပွဲဟာ အသင်းရဲ့ယုံကြည်မှုအတွက် သိပ်ကိုအရေးကြီးလှပါတယ်။ လွန်ခဲ့တဲ့လေးလ ပထမအကျော့တုန်းက ဂိုးပြတ်ရှုံးခဲ့တဲ့အပြင် ကြောင်က ကြွက်ကစားသလို ထိပ်ပုပ်၊ ခေါင်းပုပ်လုပ်သွားခဲ့တဲ့အဖြစ်ကို ပြန်ပြီးလက်စားချေချင် တာလည်း ပါပါတယ်..။ ဂွမ်အောင်းန်ဟာ အကောင်သေးပေမယ့် အဆိပ်ရှိတယ်ဆိုတာ သူတို့လို အသင်းကြီးတွေကို သိစေချင်ပါတယ်..။  



နောက်ထပ်ရာသီပိတ်နောက်ဆုံးပွဲအဖြစ် လိုင်ယွန်နဲ့ကန်တဲ့ပွဲကိုလည်း မှတ်မိနေပါ သေးတယ်..။ ဒီပွဲက တစ်မျိုးထူးခြားပါတယ်..။ ဒီပွဲမတိုင်ခင် မိုနာကိုအသင်းကို ကျွန်တော်တို့ အနိုင်ရခဲ့ပါတယ်..။ မိုနာကိုနဲ့ပွဲဟာ ဘောလုံးရာသီရဲ့ အိမ်ကွင်းနောက်ဆုံးပွဲစဉ်လည်း ဖြစ်တာ ကြောင့် ပွဲအပြီးမြို့ထဲက ဟိုတယ်တစ်ခုမှာ အောင်ပွဲခံပါတီ ဝှီးချဲ ကျင်းပ..၊ တစ်ညလုံး ပျော်ကြ၊ ပါးကြ..၊ ပြီးတော့နောက်ရက် ကောင်းကောင်းတောင် မနားနိုင်ပဲ လိုင်ယွန်ကို အပြေးအလွှား ချီတက်ကြရပါပြီ။ မိုနာကိုနဲ့ပွဲက ကြားရက်မှာ ကန်တဲ့ပွဲ ဖြစ်နေလို့ပါ..။

မိုနာကိုကို ကျွန်တော်တို့ အနိုင်ရလိုက်ခြင်းဟာ လိုင်ယွန်အသင်း ချန်ပီယံ ဖြစ်သွား အောင် ကူညီလိုက်သလိုပါပဲ..။ ဒါ့ကြောင့်ပွဲမစခင် အဝတ်လဲခန်းမှာ အားလုံး အေးအေးဆေးဆေး၊ ပေါ့ပေါ့ပါးပါး..။ ကွင်းထဲကိုဝင်ခါနီး တစ်ယောက်က “ကိုယ့်လူတို့ရေ.. ဒီပွဲက ခုနှစ်ဂိုး၊ ရှစ်ဂိုး ပြတ်ရှုံးလည်း ငါတို့အပြစ်မဟုတ်ဘူးနော်..၊ ဟုတ်တယ်မလား..? ဟိုနေ့က ဒို့ပါတီပွဲမှာ မန်နေဂျာ လည်း ငါတို့နဲ့အတူ ပါတာပဲ.. သူဘာမှပြောမှာ မဟုတ်ပါဘူး..။”

“ဘယ်သူပြောတာလဲကွ..” ကျွန်တော်ပြန်ငေါက်လိုက်ပါတယ်.. “ငါတို့နိုင်အောင် ကန်ဖို့လာတာ.. ကျက်သတုံးတွေ..!!”

ပွဲပြီးတော့ ချန်ပီယံအသင်းကို ကျွန်တော်တို့ ၄ဂိုး၊ ၁ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်..၊ ပြိုင်ပွဲ အတွက် အရေးမပါတော့ပေမယ့် ကျွန်တော်တို့ရဲ့အားထုတ်မှုကို အားလုံးအံ့သြကုန်ကြပါတယ်။ ဖလောရင့် မာလူဒါနဲ့ကျွန်တော် တစ်ယောက်နှစ်ဂိုးစီ သွင်းပေးခဲ့တယ်..။  စာရင်းချုပ်တော့ ကျွန်တော်တို့ အသင်းဟာ အမှတ်ပေးဇယား အဆင့် (၇)၊ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ၃ မှတ်ပဲ လွဲခဲ့ပါတယ်..။ လိုင်ယွန်နဲ့အဲဒီပွဲဟာ အတော်လေးအရေးပါခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ပွဲအပြီး ရက်ပိုင်းလောက် အကြာမှာပဲ လိုင်ယွန်နဲ့ မာဆေးလ်လို အသင်းကြီးတွေကပါ ခေါ်ယူဖို့ စိတ်ဝင်စားတဲ့အကြောင်း ပြောလာခဲ့လို့ ဖြစ်ပါတယ်။ ဒီသတင်းဟာ စိတ်လှုပ်ရှားဖို့ကောင်းပါတယ်..။ ဘယ်အသင်းကို ရွေးရပါ့မလဲ?? ကျွန်တော့်ရဲ့အသည်းနှလုံးထဲက အဖြေကတော့ရှင်းပါတယ်..။ ဒါပေမယ့် အေးဂျင့်ဖြစ်တဲ့ ပါပီ ဒီအော့ပ်က မာဆေးလ်ဟာ ကျွန်တော့်အတွက် ပိုခက်လိမ့်မယ်လို့ အကြံပေးတယ်…၊ မာဆေးလ်မှာ အထိုင်ကျဖို့ခက်သလို နေရာရဖို့ပြိုင်ဆိုင်မှုလည်း ပိုပြီးပြင်းထန်နိုင်မယ်လို့ ပြောပါတယ်..။ ဒါတွေကိုကျွန်တော်စိတ်မဝင်စားပါဘူး။ မာဆေးလ်ဟာ ကျွန်တော်အကြိုက်ဆုံးအသင်း၊ ငယ်ငယ်ကတည်းက အားပေးခဲ့တဲ့အသင်းဖြစ်တာကြောင့် သူတို့ဘယ်လိုပဲ ပြောပြော နှလုံးသားရဲ့ စေစားကိုပဲ လိုက်ချင်နေပါတော့တယ်။


တစ်ဖက်မှာတော့ လိုင်ယွန်အသင်းဟာ အဲဒီအချိန်ကပြင်သစ်မှာ အကောင်းဆုံး၊ အအောင်မြင်ဆုံးအသင်း ဖြစ်နေသလို ဥရောပပြိုင်ပွဲတွေမှာလည်း နှစ်စဉ်ပါဝင်နေကျပါ..။ သူတို့နဲ့ လက်တွဲခြင်းအားဖြင့် ကျွန်တော့်ရဲ့ အနာဂတ် ပိုပြီးလှပနိုင်မလား? အသင်းဥက္ကဌ ယန်း မိုက်ကယ် အောလက်စ်ဟာလည်း လူကြီးလူကောင်းဆန်ပြီး ယဉ်ကျေး၊ သိမ်မွေ့ပါတယ်..။ ဘောလုံးသမား တစ်ယောက်ကို ဘယ်လိုဆက်ဆံရမလဲဆိုတာ ကောင်းကောင်းနားလည်တဲ့သူတစ်ယောက်ပါ..။



ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်း ဖလောရင့် မာလူဒါ လိုင်ယွန်နဲ့ လက်မှတ်ထိုးလိုက်ပြီဆိုတဲ့ အချက်ဟာလည်း လိုင်ယွန်အသင်းဘက်ကို ပိုပြီးယိမ်းယိုင်စေခဲ့ပါတယ်..။ ဒါပေမယ့် အသင်းအထွေထွေမန်နေဂျာ ပေါလ် လီဂွန်းကတော့ ကျွန်တော့်ကိုခေါ်ဖို့ သိပ်ပြီးစိတ်အား ထက်သန်ပုံ မရပါဘူး..။ သူရဲ့သဘောထားက တိုက်စစ်မှူးတယောက်ရှိနေပြီမို့ နောက်တစ်ယောက် ထပ်ရောက်လာခြင်းဟာ အရန်အင်အား တောင့်တာပေါ့တဲ့... မဆိုးပါဘူး..။ နောက်တစ်ခုက အသင်းဥက္ကဌက အသည်းအသန် လိုချင်နေပေမယ့် မန်နေဂျာက ကျွန်တော့်ကို သိပ်သဘောမကျလှပါဘူး..။

မာဆေးလ် မန်နေဂျာ အလိန်း ပါရင်ကတော့ သူနဲ့ဆန့်ကျင်ဘက်ပါ..။ ကျွန်တော့်ဆီ တိုက်ရိုက်ဖုန်းဆက်ပြီး “မာဆေးလ်ကို လာခဲ့စေချင်တယ်..၊ မင်းကိုအထောင် တိုက်စစ်မှူးအဖြစ် မီဒိုနဲ့ တွဲကစားဖို့ စိတ်ကူးထားတယ်။” လို့ ရှင်းပြပါတယ်။ ကျွန်တော့်အတွက် ဒီလောက်ဆို လုံလောက်ပါပြီ..။ ရိုးရိုးသားသားပြောရရင် မာဆေးလ်ကို ရွေးချယ်ခဲ့ခြင်းဟာ ကျွန်တော့်အ ကြောင်းနဲ့ ကျွန်တော်ပါ..။ တစ်ချိန်ကျရင် မာဆေးလ်မှာကစားခဲ့ဖူးတယ်လို့ ဂုဏ်ယူပြီး ပြောချင် တာလည်း ပါပါတယ်..။ ပြင်သစ်လို “I’OM” ဒါမှမဟုတ် “စူပါကလပ်” မှာ ကစားဖူးခဲ့တယ်..၊ သူတို့ သမိုင်းမှာ တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်ခဲ့ဖူးတယ်ဆိုတဲ့မှတ်တမ်း ရေးထိုးခဲ့ချင်တာ ကျွန်တော့်ရဲ့ ငယ်ငယ်ကတည်းက အိပ်မက်တစ်ခုပါ..။

လိုင်ယွန်ဥက္ကဌ မိုက်ကယ် အောလက်စ်ကတော့ နောက်ဆုံးမိနစ်အထိ ကြိုးစားပါသေး တယ်..။ ဒါတောင်ကျွန်တော်မာဆေးလ်ကို ရွေးလိုက်ပြီဆိုတာ ပြောပြပြီးသားပါ..။ အဲဒီအချိန်က အာဖရိကဖလား ခြေစစ်ပွဲအတွက် အိုင်ဗရီကို့စ်ရဲ့မြို့တော် အဘီဂျန်ကို ရောက်နေတဲ့အချိန်ပါ..။ သူ့ရဲ့အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ တိုက်စစ်မှူးဟောင်း ဘားနက် လာကွန်ဘီကို စေလွတ်ပြီး ကျွန်တော့် ကို လာတွေ့ပါတယ်..။ အိုင်ဗရီကို့စ်အသင်း တည်းခိုနေတဲ့ဟိုတယ်မှာ အစည်းအဝေးလုပ်ပြီး အပြန် ကျွန်တော့်နာမည်ရေးထိုးထားတဲ့ လိုင်ယွန်အသင်းအကျီတစ်ထည်ကို အခန်းထဲ ချန်ထားခဲ့ ပါတယ်..။ နံပါတ်က “၁၁”..။ သိပ်ကိုလေးစားဖို့ကောင်းတဲ့ အပြုအမူပါ…။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကို မပြင်တော့ပါဘူး..။ တစ်ကယ်တော့ ဂွမ်အောင်းန်ကို စွန့်ခွာခဲ့ရတာ အလွန်ဝမ်းနည်းစရာကောင်းပါတယ်..။ အသင်းဖော်တွေနဲ့ ပရိသတ် ကိုလည်း သံယောဇဉ်ရှိပါတယ်..။ ဒါပေမယ့် ကျွန်တော်အသက် (၂၅) နှစ် ရှိပါပြီ..။ အခွင့်အရေးရ တုန်း အမိအရ ဖမ်းဆုပ်နိုင်မှ ဖြစ်ပါမယ်..။ အချိန်သိပ်မကျန်တော့ပါဘူး..။