လူငယ်သွေးသစ်များကို မြေတောင်မြှောက်ပေးရာတွင် ထင်ရှားသည့် အသင်းတစ်သင်းဖြစ်သည့် ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ၀င် ဘိုရုရှား ဒေါ့မွန်အသင်းမှာ ချယ်လ်ဆီးအသင်းမှ အသက် (၁၆) နှစ်သား လူငဃ်ကစားသမား 'ချာလီ ၀က်ဘ်စတာ' အား ခေါ်ယူနိုင်ရန် ကြိုးစားနေကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်..။ အထူးသဖြင့် ဥရောပအသင်းကြီးများက ခေါ်ယူနိုင်ရန် ကြိုးစားနေသည့် အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား ဂျာဒွန် ဆန်ချို ထွက်ခွာသွားပါက ၀က်ဘ်စတာ အား သူ၏နေရာကို အစားထိုးနိုင်ရန် ရည်မှန်းထားသည်ဟု ရည်ညွန်းနေကြသောကြောင့် အသက် (၁၆) နှစ်သား ကွင်းလယ်ကစားသမားလေး၏ ကစားဟန်၊ လူငယ်အကယ်ဒမီတွင် ထွန်းတောက်လာပုံများနှင့် အဘယ်ကြောင့် သူ့အား ဒေါ့မွန် လိုအသင်းကခေါ်ယူရန် ကြိုးစားလာရသနည်း? ဆိုသည့်အချက်များကို လေ့လာကြည့်ပါမည်..။
သူ့ရဲ့ခြေစွမ်း ဘယ်လောက် ကောင်းမွန်လဲ..?
ချာလီ ၀က်ဘ်စတာ မှာ ၂၀၀၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ယခုအချိန်တွင် ကျောင်းသားတစ်ဦးအဖြစ်သာ ရှိနေသေးသော်လည်း ထူးခြားသည့်ခြေစွမ်းကြောင့် ချယ်လ်ဆီးလူငယ် (အသက် ၁၈ နှစ်အောက်) အသင်း၏ ယခုနှစ်ဘောလုံးရာသီပွဲစဥ်များတွင် မကြာခဏ ပါ၀င်ခွင့်ရခဲ့သည်..။ ပထမဆုံး ထွန်းတောက်ခဲ့သည့် ပွဲစဥ်မှာ မနှစ်ကဘောလုံးရာသီ ဘယ်လ်ဂျီယမ်နိုင်ငံတွင် ကျင်းပခဲ့သည့် ‘ကီဗင် ဒီ ဘရိုင်းဖလား’ လူငယ် (အသက် ၁၅ နှစ်အောက်) ပြိုင်ပွဲဖြစ်ပြီး ထိုပြိုင်ပွဲ၏အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည်..။
အဆိုပါခြေစွမ်းကြောင့် ချယ်လ်ဆီးလူငယ်အသင်း၏ ၀ုလ်ဖ်အသင်း၊ စတုတ်အသင်းတို့နှင့် ပရီးမီးယားဖလား ပွဲစဥ်များ၊ ဖေဖော်၀ါရီလတွင် ယှဥ်ပြိုင်ခဲ့သည့် ဆောက်ပ်သမ်တန်အသင်းနှင့် လူငယ်အမှတ်ပေးပွဲစဥ်များတွင် ပါ၀င်ခွင့်ရခဲ့သည်…။ ထို့နောက်အင်္ဂလန်လူငယ် (အသက် ၁၆ နှစ်အောက်) အသင်း? အင်္ဂလန်လူငယ် (အသက် ၁၇ နှစ်အောက်) အသင်းများတွင်ပါ ရွေးချယ်ခံခဲ့ရသလို အသင်းခေါင်းဆောင်အဖြစ်ပါ တာ၀န်ယူခဲ့ရသည်..။ သူ၏အင်္ဂလန်လူငယ်အသင်းအတွက် ပထမဆုံး သွင်းဂိုးကို အိုင်ယာလန်လူငယ်၊ ဂျပန်လူငယ်အသင်းများနှင့် ပွဲစဥ်များတွင် သွင်းယူပေးနိုင်ခဲ့သည်..။
ထိုသို့အချိန်တိုအတွင်း ထွန်းတောက်လာခဲ့သည့် ခြေစွမ်းကြောင့်လူငယ်အသင်းနည်းပြများအပြင် စတန်းဖို့ဒ် ဘရစ်ခ်ျရှိ အသင်းကြီးနည်းပြများကပါ မျက်စိကျလာခဲ့သည်..။
သူ၏ကစားဟန် ဘယ်လိုရှိလဲ…?
၀က်ဘ်စတာ မှာ ချယ်လ်ဆီးလူငယ်အသင်းတွင် ကွင်းလယ်ကစားသမားအဖြစ် အများဆုံးကစားလေ့ရှိသော်လည်း အင်္ဂလန်လူငယ်အသင်းများတွင် တိုက်စစ်ပိုင်း ပိုမိုလိုက်ပါကစားရလေ့ရှိသည်..။
၀က်ဘ်စတာ မှာ ခန္ဓာကိုယ် ကြံ့ခိုင်မှုကောင်းမွန်သလို လျှင်မြန်မှု ကောင်းမွန်သူဖြစ်သည်..။ သူ့အားဘေယန် မြူးနစ်အသင်း လူငယ်နည်းပြများကလည်း ချယ်လ်ဆီးအသင်း ကစားသမားများအနက် အကောင်းဆုံးကစားသမားဖြစ်သည်ဟု ၂၀၁၈ ခုနှစ် Champions Cup Futures ပြိုင်ပွဲ အစီရင်ခံစာတွင် ဖော်ြပခဲ့သည်.။ သူတို့အသင်း၏ အစီရင်ခံစာတွင် “ချယ်လ်ဆီးအသင်းမှ နံပါတ် (၈) ကစားသမားမှာ ကွင်းလယ်နှင့် တိုက်စစ်ဇုန်တွင် မနားတမ်းရွှေ့လျားနေပြီး ဘေယန်အသင်း၏ ဂိုးသမားနှင့် နောက်တန်းလူများကို တစ်ချိန်လုံး ဒုက္ခပေးနေသူဖြစ်သည်..။” ဟု ဖော်ြပခဲ့သည်..။ အဆိုပါ ဘေယန်အသင်းနှင့် ပွဲစဥ်တွင် ချာလီ ၀က်ဘ်စတာ မှာ ချယ်လ်ဆီးအသင်းအတွက် ချေပဂိုးကို ဘေယန်နောက်တန်းနှင့် ဂိုးသမားကြားမှ အမှားကိုအသုံးချကာ ပါးပါးနပ်နပ် သွင်းယူပေးခဲ့သည်..။
‘ဂျာဒွန် ဆန်ချို’ ရဲ့ ခြေရာကိုနင်းပြီး ဂျာမနီ ကို ရောက်ရှိနိုင်ခြေ ရှိသလား..?
ချယ်လ်ဆီးအသင်းမှာ လူငယ်အကယ်ဒမီ ကစားသမားများအား အသင်းကြီးသို့ ခေါ်ယူရာတွင် ကြန့်ကြာလေ့ရှိသဖြင့် ဒေါ့မွန်အသင်းက ခြေမြန်လက်မြန် ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်..။ ဒေါ့မွန်အသင်းမှာ မန်ချက်စတာ စီးတီးလူငယ်အသင်းမှ အသက် (၁၇) နှစ်သား ဆန်ချို ကို ၂၀၁၇ ခုနှစ်ကလည်း ယခုပုံစံမျိုးဖြင့် ကြားဖြတ်ခေါ်ယူခဲ့ဖူးပြီး ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိလာအောင် ပျိုးထောင်ပေးနိုင်ခဲ့သည်..။
ယခုအချိန်တွင် ဆန်ချို မှာ ဥရောပ၏ အထွန်းတောက်ဆုံး လူငယ်ကစားသမားများထဲတွင် အပါအ၀င်ဖြစ်ပြီး သက် (၁၈) နှစ်သား အရွယ်မှာပင် အင်္ဂလန်အသင်းကြီး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်..။ ထို့အပြင် ဒေါ့မွန်အသင်းမှာ ယခုအချိန်တွင် ဥရောပတစ်၀န်းရှိ လူငယ်ကစားသမားများ မျက်စိကျရာ အသင်းတစ်သင်းဖြစ်နေပြီး ပြီးခဲ့သည့် ဇန်န၀ါရီလကလည်း အသက် (၁၉) နှစ်သား တိုက်စစ်မှူး အားလင်း ဟာလန်း ကို ဥရောပအသင်းကြီးများ စိတ်၀င်စားနေသည့်ကြားမှ အရခေါ်ယူနိုင်ခဲ့သည်..။
ထို့ကြောင့် ၀က်ဘ်စတာ အနေဖြင့် ဒေါ့မွန်အသင်းမှ အမှန်တကယ် ခေါ်ယူလာရန် ကြိုးစားလာပါက ယတိပြတ် ငြင်းဆန်ရန် ခက်ခဲဖွယ်ရှိနေသည်ဟု ခန့်မှန်းမှုများ ပေါ်ထွက်လျှက်ရှိနေသည်..။
သို့သော် ဖရန့် လမ်းပတ် မှာ လူငယ်များကို နေရာပေးနေသည် မဟုတ်ပါလား..?
ယခုနှစ်နွေရာသီတွင် ချယ်လ်ဆီးအသင်းသို့ မန်နေဂျာအဖြစ် ရောက်ရှိလာသည့် ဂန္တ၀င်ကစားသမာဟောင်း ဖရန့် လမ်းပတ် မှာ လူငယ်အကယ်ဒမီထွက် တန်မီ အေဘရာဟမ်၊ မေဆန် မောင့်၊ ရိစ် ဂျိမ်းစ် နှင့် ဖီကာရို တိုမိုရီ တို့အား ချန်ပီယံရှစ် အသင်းများသို့ အသီးသီး အဌားချ၊ အတွေ့အကြုံ ရှာမှီးအပြီး အသင်းကြီးသို့ ခေါ်ယူခဲ့သည်..။
တကယ်တော့ သူရောက်ရှိလာချိန်တွင် အသင်းမှာ အပြောင်းအရွှေ့ ရာသီအတွင်း ကစားသမားသစ် ခေါ်ယူခွင့် ပိတ်ပင်ခံထားရသောကြောင့်သာ ယခုလိုလူငယ်ကစားသမားများကို မဖြစ်မနေ သုံးစွဲရခြင်းဖြစ်သည်ဟု ငြင်းချက်များရှိခဲ့သော်လည်း ဖရန့် လမ်းပတ် ကတော့ ထိုသို့မဟုတ်ကြောင်း၊ လူငယ်ကစားသမား၏ အမှန်တကယ် ထိုက်တန်သော ခြေစွမ်းများကြောင့်သာ ယခုလိုနေရာရခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်..။
ဖရန့် လမ်းပတ် အနေဖြင့် ယခုအချိန်တွင် ကစားသမားသစ်များကို ပြန်လည်ခေါ်ယူခွင့် ရရှိနေပြီ ဖြစ်သောကြောင့် အပြောင်းအရွှ့စျေးကွက်မှ အရည်အသွေးမြင့် ကွင်းလယ်ကစားသမားများကို ကြိုက်ကြေးပေး၊ ခေါ်ယူနိုင်နေပြီ ဖြစ်သလို အန်ဂိုလို ကန်တေး၊ ဂျော်ဂျင်ဟို၊ ရော့စ် ဘာကလေ နှင့် မတ်တီယို ကိုဗာဆစ် တို့လို ၀ါရင့်ကစားသမားများလည်း အသင်းတွင် ရှိနေပါသည်..။ သို့သော်ထိုသို့သော အခွင့်အရေးများကြားမှ ပြီးခဲ့သည့် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလတွင် ဖရန့် လမ်းပတ် မှာ ကစားသမားသစ် ခေါ်ယူခြင်းမပြုလုပ်ခဲ့သည့်အပြင် လူငယ်အသင်းမှ ဘီလီ ဂေးလ်မား ကိုပါ အသင်းကြီးသို့ ခေါ်ယူ နေရာပေးခဲ့သည်..။
၀က်ဘ်စတာ အနေဖြင့် ဖရန့် လမ်းပတ် လက်ထက်တွင် ဖြောင့်ဖြူးနေပြီဖြစ်သော အကယ်ဒမီမှ အသင်းကြီးသို့ လမ်းကြောင်းအတိုင်း လမ်းလျှောက်နိုင်ပြီဖြစ်ကြောင်း ထင်ရှားသည့် သာဓကများ ရှိနေပြီဖြစ်သည်..။ သို့သော်ထိုအချက်မှာ ဒေါ့မွန်အသင်းမှ သူ့အားအာမခံချက် ဘယ်လိုပေးနိုင်မည်နည်း? ဆိုသည့်အပေါ် မူတည်နိုင်သေးသည်ဟူသော သုံးသပ်ချက်များက ရှိနေဆဲဖြစ်သည်...။
ထို့ကြောင့်ဒေါ့မွန်အသင်း အပါအ၀င် ဥရောပထိပ်တန်းအသင်းများက ခေါ်ယူရန် စိတ်၀င်စားနေသည့် ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီ နောက်ဆုံးထွက် ကြယ်ပွင့်သစ် ချာလီ ၀က်ဘ်စတာ အနေဖြင့် မကြာတော့မည့် အနာဂတ်ကာလ အသက် (၁၇) နှစ်ပြည့်ချိန်တွင် professional ကစားသမား တစ်ဦးအဖြစ် လက်မှတ်ထိုးရတော့မည်ဖြစ်သည်.။ ထို့ကြောင့်သူ့အနေဖြင့် လက်ရှိအချိန်တွင် အခွင့်အလမ်းကောင်းများ ပွင့်လန်းနေသည့် ချယ်လ်ဆီးလူငယ် အကယ်ဒမီမှ အသင်းကြီးသို့ ရောက်ရှိနိုင်မည့်လမ်းကြောင်းကိုပဲ ရွေးချယ်မလား..? ရေမြေသစ်ကို စွန့်စားပြီး ဘွန်ဒက်စ်လီဂါမှ နောင်တော်များရဲ့ ခြေရာနင်းဖို့ စဥ်းစားမလား..? ဆုံးဖြတ်ရမည့် လမ်းဆုံ၊ လမ်းခွ ကာလကို ရောက်ရှိနေပြီ ဖြစ်ပါကြောင်း တင်ဆက်လိုက်ရပါသည်..။
(Daily Mail မှ ဆောင်းပါးရှင် Kathlyn Batthe ၏ ‘Charlie Webster is the 16-year-old Chelsea starlet who has been labelled the 'next Jadon Sancho'... but with Borussia Dortmund circling, will he be tempted to move or is Frank Lampard going to give him a chance?’ သတင်းဆောင်းပါးကို ပြန်ဆိုပါသည်..။)