Covid- 19 ရောဂါကြောင့် နှစ်လကျော်ရပ်နားထားရသည့် လေ့ကျင့်ခန်းအစီအစဥ်များကို ယခုတစ်ပါတ် အင်္ဂါနေ့မှစတင်ပြီး ကစားသမားများနှင့် နည်းပြ၀န်ထမ်းအချို့မှာ ကေ့ာဘ်ဟမ် လေ့ကျင့်ကွင်းသို့ ပြန်လည်ရောက်ရှိလာကြပြီဖြစ်သည်..။
နည်းပြဖရန့် လမ်းပတ် နှင့် နည်းပြအဖွဲ့၀င်များ၊ ကစားသမားများမှာ ပရီးမီးယားလိဂ် အဖွဲ့ချုပ်၏ ‘Return to training’ စည်းမျဥ်းများ၊ အင်္ဂလိပ်အစိုးရက ပြဌာန်းထားသော social distancing ညွန်ကြားချက်များအတိုင်း လိုက်နာပြီး ကစားသမား (၅) ယောက်အများဆုံး ပါ၀င်သော ‘အုပ်စုငယ်အလိုက် လေ့ကျင့်ခန်း(small group training)’ များကို အင်္ဂါနေ့ နေ့လည်ပိုင်းမှ ပြန်လည်စတင်ခဲ့သည်..။
ပရီးမီးယားလိဂ် အသင်းများမှ ရှယ်ယာရှင်များ၊ တာ၀န်ရှိပုဂ္ဂိုလ်များမှာ တနင်္လာနေ့က မဲခွဲဆုံးဖြတ်မှု ပြုလုပ်ခဲ့ပြီး ဘောလုံးပွဲများကို ပြန်လည်စတင်ရန် ပြင်ဆင်နေသည့် ‘Project Restart’ အရ social distancing ကို လိုက်နာပြီး လေ့ကျင့်ခန်းအစီအစဥ်များကို အကန့်အသတ်ဖြင့် ပြန်လည်စတင်ရန် တညီတညွတ်တည်း သဘောတူခဲ့ကြသည်..။ မနေ့ကအထိ ပြုလုပ်သော လေ့ကျင့်ခန်းအစီအစဥ်များတွင် အုပ်စုငယ်အလိုက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများသာ ပါ၀င်ပြီး တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုများ လိုအပ်သည့် လေ့ကျင့်ခန်းများ (contact training) ကို ခွင့်ပြုခြင်းမရှိသေးပေ..။
ချယ်လ်ဆီးအသင်း ဘယ်အချိန်ကစပြီး ပြန်လည်လေ့ကျင့်ခဲ့သလဲ…?
ပရီးမီးယားလိဂ် အဖွဲ့ချုပ်က ချမှတ်ထားသော ‘ပထမအဆင့် လေ့ကျင့်ခန်း (Phase One Training)’ အစီအစဥ်အရ ယခုအပါတ် အင်္ဂါနေ့၊ နေ့လည်ပိုင်းမှ စတင်ပြီး ဖရန့် လမ်းပတ် နှင့် လက်ထောက်နည်းပြများ ဦးဆောင်၍ ကစားသမားများမှာ လူငါးယောက် အများဆုံး ပါ၀င်သည့် အုပ်စုငယ်များအလိုက် အပြေးလေ့ကျင့်ခန်းများ၊ အကြောလျော့ လေ့ကျင့်ခန်းများကို ပြုလုပ်လျှက်ရှိသည်..။
ဘယ်သူတွေ ပြန်လည်လေ့ကျင့်နေကြပြီလဲ..?
နည်းပြဖရန့် လမ်းပတ် နှင့် လက်ထောက်နည်းပြ ဂျိုဒီ မောရစ်စ်၊ ဂျိုး အက်ဒ်၀ဒ် ခရစ်စ် ဂျုံးစ် တို့ ပြန်လည်ရောက်ရှိပြီး အင်္ဂါနေ့က လေ့ကျင့်ခန်းအစီအစဥ်များတွင် အသင်းကြီးကစားသမားအများစု ပါ၀င်ပူးပေါင်းခဲ့ကြသည်..။
အန်ဂိုလို ကန်တေး မှာ အင်္ဂါနေလေ့ကျင့်ခန်း အစီအစဥ်များတွင် ပါ၀င်ခဲ့သော်လည်း သူ၏မိသားစု၀င်များ၏ ကျန်းမာရေး ပြဿနာမှာ ကိုဗစ်ရောဂါပိုးကြောင့် ပိုမိုဆိုးရွားလာနိုင်မည်ကို စိုးရိမ်သောကြောင့် နေအိမ်တွင်သီးခြားလေ့ကျင့်ရန် တောင်းဆိုခဲ့ရာ အသင်းက ခွင့်ပြုခဲ့ကြောင်း၊ ကော့ဘ်ဟမ်လေ့ကျင့်ကွင်းသို့ မည်သည့်အချိန်တွင် ပြန်လည်ရောက်ရှိလာမည်ကို မသိရသေးကြောင်း သိရသည်..။ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း မှာ ဗုဒ္ဓဟူးနေ့ လေ့ကျင့်ခန် အစီအစဥ်များကို နေမကောင်းဖြစ်ခဲ့သောကြောင့် ပျက်ကွက်ခဲ့သော်လည်း သူ၏နေမကောင်းဖြစ်မှုမှာ ကိုဗစ်ရောဂါနှင့် ပတ်သက်မှုမရှိကြောင်း သိရသည်..။
‘Phase One Training’ ဆိုတာဘာလဲ..?
တနင်္လာနေ့က ပြုလုပ်ခဲ့သော မဲခွဲဆုံးဖြတ်မှုများအရ ပရီးမီးယားလိဂ် အသင်းများမှာ အင်္ဂါနေ့ကစတင်ပြီး အုပ်စုငယ်လိုက် လေ့ကျင့်ခန်းအစီအစဥ်များကို ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်..။ ပရီးမီးယားလိဂ် အဖွဲ့ချုပ်၏ ‘Return to training’ စည်းမျဥ်းများအရ ကစားသမားများမှာ လေ့ကျင့်ခန်းများ ပြုလုပ်ရာတွင် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆) ပေ အကွာအ၀ေးခြားပြီး social distancing စည်းမျဥ်းများကို လိုက်နာရမည်ဖြစ်သည်..။ အင်္ဂါနေ့က ပြန်လည်စတင်ခဲ့သော ‘Phase One’ လေ့ကျင့်ခန်းအစီအစဥ်များတွင် တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုများ လိုအပ်သည့် လေ့ကျင့်ခန်းများ (contact training) ပါ၀င်ဦးမည်မဟုတ်ပေ..။
အဆိုပါ ‘Phase One Training’ လေ့ကျင့်ခန်းအစီအစဥ်များအား ကစားသမားများ၊ မန်နေဂျာများ၊ ပရီးမီးယားလိဂ် အသင်းဆရာ၀န်များ၊ သီးခြားလွတ်လပ်သည့် ကျွမ်းကျင်ပညာရှင်များ၊ အစိုးရအဖွဲ့ တာ၀န်ရှိသူများပါ၀င်ဆွေးနွေးပြီး အတည်ပြုချက် ရယူနိုင်ခဲ့ခြင်းဖြစ်သည်..။ ထို့အပြင်ယခုလေ့ကျင့်ခန်းအစီအစဥ်တွင် ပါ၀င်သူတိုင်းအနေအား ဆေးဘက်ဆိုင်ရာ စည်းကမ်း၊ သတ်မှတ်ချက်များကို တင်းတင်းကျပ်ကျပ် လိုက်နာစေရန် ညွန်ကြားထားသည်..။
ပရီးမီးယားလိဂ်အဖွဲ့ချုပ်မှ ဆေးဘက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မာ့ခ် ဂျီးလတ် က ယခုပြန်လည်စတင်ခဲ့သော ပထမအဆင့် လေ့ကျင့်ခန်းအစီအစဥ်များအား တစ်ကြိမ်လျှင်အများဆုံး (၇၅) မိနစ်သာ လေ့ကျင့်သင့်ကြောင်း အကြံပေးထားပြီး ကုသမှုခံယူရန် လိုအပ်ခဲ့ပါက နောက်ထပ် (၁၅) မိနစ် အပိုဆောင်းရန်၊ အကယ်၍ Gym ကိရိယာများ အသုံးပြုမည်ဆိုပါက ပစ္စည်းတစ်ခုနှင့်တစ်ခု အနည်းဆုံး (၆) ပေခန့် အကွာအ၀ေး ထားရှိရန်နှင့် အသုံးပြုပြီးတိုင်း ကိရိယာများကို ပိုးသတ်၊ ဆေးကြောမှု ပြုလုပ်ရန် ညွန်ကြားထားပါသည်..။
ဒုတိယအဆင့် လေ့ကျင့်ခန်းများကို ဘယ်အချိန်မှာ စတင်မှာလဲ..?
ပရီးမီးယားလိဂ်အဖွဲ့ချုပ် CEO ဖြစ်သူ ရစ်ချက် မာစ်တာ က လာမည့် ဇွန်လ (၂၆) တွင် ‘Return to training’ စည်းမျဥ်းများကို ပြန်လည်သုံးသပ်မည်ဖြစ်ပြီး နောက်တစ်ဆင့် လေ့ကျင့်ခန်းများအတွက် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်..။ အဆိုပါ ဒုတိယအဆင့် လေ့ကျင့်ခန်းများ (Phase Two Training) တွင် တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုများ လိုအပ်သည့် လေ့ကျင့်ခန်းများ (contact training) ပါ၀င်လာပါမည်..။
ကော့ဘ်ဟမ် လေ့ကျင့်ကွင်း အပြင်အဆင်
ကစားသမားများအား social distancing အစီအမံများကို အပြည့်အ၀ လိုက်နာနိုင်စေရန်အတွက် ချယ်လ်ဆီးအသင်းမှာ ကော့ဘ်ဟမ်လေ့ကျင့်ကွင်း၏ အစိတ်အပိုင်းအများစုကို အသင်းကြီးလေ့ကျင့်ခန်းများအတွက် ပြင်ဆင်ထားကြောင်း အသင်းမှထုတ်ပြန်ကြေငြာခဲ့သည်..။ ထို့အပြင် ကစားသမားများ၊ နည်းပြများနှင့် အသင်း၀န်ထမ်းအားလုံးကို ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှု ပြုလုပ်ပြီးမှသာ ကော့ဘ်ဟမ်လေ့ကျင့်ကွင်းအတွင်းသို့ ၀င်ရောက်ခွင့်ပြုထားသည်..။
ပရီးမီးယားလိဂ် ပြိုင်ပွဲများကို ဘယ်တော့ပြန်စမှာလဲ..?
ပြိုင်ပွဲများ ပြန်လည်စတင်မည့်ရက်ကို ထုတ်ပြန်ကြေငြာခြင်း မပြုသေးပေ..။ ပရီးမီးယားလိဂ် အဖွဲ့ချုပ်အနေဖြင့် ကစားပွဲများကို ပြန်လည်စတင်ရန် စီမံချက် (Project Restart) အရ ယခုပြုလုပ်နေသည့် ‘အုပ်စုငယ်အလိုက် လေ့ကျင့်ခန်းများ’ ကို ကနဦးစတင်ခဲ့ခြင်းဖြစ်သည်..။