feature-image

ကြေးကြီးကစားသမား ခေါ်ယူမှုများဖြင့် ဖရန့် လမ်းပတ် ကို ပံ့ပိုးသွားမယ့် ချယ်လ်ဆီး

လာမည့်အပြောင်းအရွှ့ကာလတွင် ချယ်လ်ဆီးအသင်းပိုင်ရှင် မစ္စတာ အေဘရာမိုဗစ်ခ်ျမှာ နည်းပြဖရန့် လမ်းပတ် အား အနည်းဆုံး ကြေးကြီးကစားသမား နှစ်ယောက်ခေါ်ယူ ခေါ်ယူ၊ အားဖြည့်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါကစားသမားများထဲတွင် ဖရန့် လမ်းပတ် အလိုရှိနေသည့် ဘယ်နောက်ခံလူနှင့် တိုက်စစ်မှူးတစ်ဦးကို ဦးစားပေးခေါ်ယူသွားဖွယ်ရှိကြောင်း The Athletic သတင်းဌာနမှ သတင်းထောက် Simon Johnson က ဖော်ပြသွားခဲ့သည်..။

ချယ်လ်ဆီးအသင်းမှာ ယခုနောက်ပိုင်းနှစ်များတွင် ကြေးကြီးကစားသမား ခေါ်ယူမှုများ နည်းပါးသွားခြင်းကြောင့် အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျ ၏ အသင်းအပေါ် စိတ်၀င်စားမှု နည်းပါးလာကြောင်း၊ အထူးသဖြင့် အင်္ဂလန်နိုင်ငံသို့ ၀င်ရောက်ခွင့်အခက်အခဲကြောင့် အသင်းအပေါ် ရင်းနှီးမြုပ်နှံမှု လျော့နည်းလာကြောင်း ခန့်မှန်းချက်များ ပေါ်ထွက်ခဲ့သည်..။

သို့သော် The Athletic သတင်းဌာနက ဖော်ပြခဲ့သော နောက်ဆုံးသတင်းတွင် မစ္စတာ အောဘရာမိုဗစ်ခ်ျ မှာ ချယ်လ်ဆီးအသင်းအပေါ်တွင် စိတ်၀င်စားမှု လျော့ကျခြင်း မရှိသေးပဲ အသင်း၏အပြောင်းအရွှေ့ မူ၀ါဒနှင့် ကိုက်ညီပါက ကြေးကြီးသည့်အပြောင်းအရွှေ့၊ ခေါ်ယူမှုများကို ပြုလုပ်ပေးသွားမည်ဟု ပါရှိခဲ့သည်..။



ထို့အပြင် ချယ်လ်ဆီးအသင်းမှာ အယ်လ်ဗာရို မိုရာတာ၊ အီဒင် ဟာဇက် တို့ အပြောင်းအရွှေ့များမှ စတာလင်ပေါင်သန်း (၁၅၀) ခန့် ရရှိထားသလို ယခုနှစ်နွေရာသီတွင် ဒယ်နီ ဒရင့်ခ်၀ါးတား၊ တီမူယီ ဘာကာယိုကို၊ ဗစ်တာ မော့ဆက်စ် နှင့် ဒေးဗစ် ဇာပါကော့စ်တာ တို့အား အသင်းပြောင်းရွှေ့ခွင့် ပြုသွားဖွယ် ရှိနေသည်..။

ချယ်လ်ဆီးအသင်းမှာ တီမို ၀ါနာ (RB လိုက်ပ်ဇစ်)၊ မူဆာ ဒမ်ဘယ်လီ (လိုင်ယွန်)၊ ဂျာဒွန် ဆန်ချို (ဘိုရုရှား ဒေ့ါမွန်)၊ ကိုင် ဟားဗက်ဇ် (လေဗာကူဆင်) တို့အား ခေါ်ယူသွားရန် စိတ်၀င်စားနေသည်ဟု ခန့်မှန်းမှုများ ပေါ်ထွက်လျှက်ရှိသည်..။

ယခုနှစ်နွေရာသီတွင် အိုင်းယက်စ်အသင်းမှ ဟာကင် ဇိုင်းယက်ခ်ျ ရောက်ရှိလာမည်ဖြစ်သော်လည်း အသင်းမှ ၀ါရင့်ကစားသမားဖြစ်သည့် ၀ီလီယံ နှင့် ပီဒရို တို့ ထွက်ခွာရန် ရှိနေသောကြောင့် တိုက်စစ်ကစားသမားများကို ထပ်မံအားဖြည့်ရန် ဆန္ဒရှိနေကြောင်း အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်..။



ထို့အပြင် ဖရန့် လမ်းပတ် မှာ ဘယ်နောက်ခံလူနေရာကို အားဖြည့်ရန် စိတ်၀င်စားနေပြီး ဘင် ချီး၀ဲလ် (လက်စ်တာ)၊ အဲလက်စ် တဲလက်စ် (ပေါ်တို) နှင့် နီကိုလာ တက်ဂ်လီယာဖီကို (အိုင်းယက်စ်) တို့အား ချိတ်ဆက်နေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း လက်စ်တာအသင်းမှ အင်္ဂလန်ဘယ်နောက်ခံလူ ဘင် ချီး၀ဲလ် အား ပထမဦးစားပေး ခေါ်ယူနိုင်ရန် စိတ်၀င်စားနေသည်ဟု ဖော်ပြခဲ့သည်..။