ချယ်လ်ဆီးအသင်းမှာ ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဝင် RB လိုက်ပ်ဇစ်အသင်းမှ ဂျာမနီလက်ရွေးစင် တိုက်စစ်မှူး တီမို ဝါနာ အား တစ်ပါတ်လျှင်လစာ စတာလင်ပေါင် (၂၀၀,၀၀၀) နှုန်းဖြင့် လီဗာပူးလ်အသင်းထက်ဦးအောင် ကမ်းလှမ်းခဲ့သည်..။
အဆိုပါသတင်းနှင့်အတူ တီမို ဝါနာ မှာ စတန်းဖို့ဒ် ဘရစ်ချ်အသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၅၀) ဖြင့် ပြောင်းရွှေ့ရန် နှုတ်အားဖြင့် သဘောတူညီမှုရရှိပြီး ဖြစ်သည်ဆိုသည့် သတင်းကိုလည်း အင်္ဂလန်နှင့် ဂျာမနီ သတင်းဌာနများမှ အပြိုင်အဆိုင် ဖော်ပြခဲ့ကြသည်..။
တကယ်တော့ ဝါနာ မှာ ကနဦးတွင် လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ရန် ပိုပြီးအလေးသာခဲ့သော်လည်း အပြီးသတ်နိုင်ရန် ကြန့်ကြာမှုများ ရှိနေသောကြောင့် ချယ်လ်ဆီးအသင်းအတွက် အခွင့်အရေးရလာခဲ့ရသည်..။ ESPN သတင်းဌာန၏ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းမှာ ဂျာမနီလက်ရွေးစင် တိုက်စစ်မှူးအား တစ်နှစ်လျှင် စတာလင်ပေါင် (၉.၆) သန်း လစာပေးချေရန် ကတိပြုခဲ့ကြောင်း ဖော်ပြခဲ့သည်..။
ထို့ကြောင့်ဝါနာ မှာ ချယ်လ်ဆီးအသင်းတွင် တစ်ပါတ်လျှင်လစာ စတာလင်ပေါင် (၂၀၀,၀၀၀) ဖြင့် အန်ဂိုလို ကန်တေး ပြီးလျှင် အသင်းတွင် ဒုတိယလစာအများဆုံး ကစားသမား ဖြစ်လာပါမည်...။ အန်ဂိုလို ကန်တေး မှာ တစ်ပါတ်လျှင်လစာ စတာလင်ပေါင် (၂၂၀,၀၀၀) နှုန်း ရရှိနေသည်ဟု သတင်းများက ဖော်ပြကြသည်..။
ချယ်လ်ဆီးအသင်းအနေဖြင့် တီမို ဝါနာ ၏ စာချုပ်တွင် ပါဝင်သော အပြီးသတ်ခေါ်ယူခွင့် (Release clause) စတာလင်ပေါင် (၄၉) သန်းအား ပေးချေပြီး ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်..။ အဆိုပါ release clause မှာ ဇူလိုင်လ (၁၅) ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်..။ လီဗာပူးလ်အသင်းမှာ အဆိုပါ release clause တွင် ပါရှိသော ပြောင်းရွှေ့ကြေးအတိုင်း ပေးချေလိုခြင်း မရှိကြောင်း၊ အထူးသဖြင့် ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကပ်ရောဂါကြောင့် ဘဏ္ဍာရေးအကျပ်အတည်း ရင်ဆိုင်နေရချိန်တွင် ဂျာမနီတိုက်စစ်မှူးအတွက် ကြီးမားသည့် ပြောင်းရွှေ့ကြေးကို ပေးချေလိုခြင်းမရှိကြောင်း မနေ့ညက သတင်းများတွင် ဖော်ပြခဲ့ကြသည်..။
ထိုသို့ကမ္ဘာ့ကပ်ရောဂါကြောင့် ငွေကြေးအခက်အခဲ ကြုံတွေ့နိုင်မည့် အနေအထားကြောင့် လီဗာပူးလ်အသင်းပိုင်ရှင်များမှာ အသင်း၏သမိုင်းတစ်လျှောက် စတုတ္ထမြောက် ကြေးအကြီးဆုံးခေါ်ယူမှု ဖြစ်လာမည့် တီမို ဝါနာ အား ခေါ်ယူရန် ငြင်းဆန်ခဲ့သည်..။ ထို့အပြင် အန်ဖီးလ်အသင်းမှာ ဂျာမနီလက်ရွေးစင် တိုက်စစ်မှူးအား ပွဲထွက်အာမခံချက် မပေးနိုင်ခဲ့ခြင်းကလည်း အချက်တစ်ချက်အနေဖြင့် ပါဝင်ခဲ့သည်ဟု သုံးသပ်မှုများ ပေါ်ထွက်ခဲ့သည်..။
ချယ်လ်ဆီးအသင်းသို့ တီမို ဝါနာ ရောက်ရှိလာခြင်းသည် ပြီးခဲ့သည့် အပြောင်းအရွှေ့ရာသီနှစ်ခုအတွင်း ကစားသမားခေါ်ယူခွင့် မရခဲ့သည့် နည်းပြ ဖရန့် လမ်းပတ် အတွက် ကြီးမားသည့် အားဖြည့်မှုတစ်ခု ဖြစ်လာပေလိမ့်မည်..။ ထို့အပြင် အိုင်းယက်စ်အသင်းမှ ကွင်းလယ်ဖန်တီးရှင် ဟာကင် ဇိုင်းယက်ချ် မှာလည်း ယခုနှစ်နွေရာသီတွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာမည်ဖြစ်သလို နည်းပြဖရန့် လမ်းပတ် မှာ လက်စ်တာ အသင်းမှ အင်္ဂလန်လက်ရွေးစင် ဘယ်နောက်ခံလူ ဘင် ချီးဝဲလ် အား ခေါ်ယူနိုင်ရန် စိတ်ဝင်စားနေသည်ဆိုသည့် သတင်းများ ထွက်ပေါ်လျှက်ရှိသည်..။
Ref: The Mirrors