၂၀၂၀/၂၁ ဘောလုံးရာသီ၊ အင်္ဂလန်ဘောလုံးအသင်းများ၏ နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကို သြဂုတ်လမှ အောက်တိုဘာလအထိ ပြောင်းလဲသတ်မှတ်ရန် အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် (FA) မှ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ထံသို့ အဆိုပြုရန် ပြင်ဆင်နေကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်..။
ပုံမှန်အားဖြင့် အင်္ဂလန်အသင်းများ၏ နွေရာသီ အပြောင်းအရွှေ့ ဘောလုံးရာသီကို ဇွန်လ (၁၈) ရက်နေ့တွင် စတင်ဖွင့်လှစ်လေ့ ရှိသော်လည်း ယခုအချိန်တွင် ၂၀၁၉/၂၀ ဘောလုံးရာသီ၏ ပွဲစဉ်များ မပြီးပြတ်သေးသောကြောင့် အဆိုပါရက်အတိုင်း အပြောင်းအရွှေ့ရာသီကို ဖွင့်လှစ်ခွင့်ပြုဖွယ် မရှိသေးကြောင်း သိရသည်..။ ထို့အပြင်အင်္ဂလိပ်ဘောလုံး အဖွဲ့ချုပ်မှာ အပြောင်းအရွှေ့ရာသီ ဖွင့်လှစ်ချိန်နှင့် အောက်တိုဘာလ (၂) ရက်နေ့တွင် ရာသီပိတ်သိမ်းနိုင်ရန် အခြားဥရောပနိုင်ငံများနှင့် ဆွေးနွေးတိုင်ပင်သွားမည်ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်..။
လက်ရှိဘောလုံးရာသီကို ဖျက်သိမ်းခဲ့သော ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) မှာ ယခုတစ်ပါတ် တနင်္လာနေ့မှစတင်ပြီး နွေရာသီ အပြောင်းအရွှေ့ရာသီကို ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း သြဂုတ်- အောက်တိုဘာ အပြောင်းအရွှေ့ရာသီကို ဥရောပအပြောင်းအရွှေ့များအတွက် လက်ခံစဉ်းစားရန် တိုင်ပင်လျှက်ရှိသည်..။ အီတလီ ဘောလုံးအဖွဲ့ချုပ် (FIGC) မှာ အီတလီဘောလုံးလောက၏ လာမည့်နွေရာသီ အပြောင်းအရွှေ့ရာသီကို စက်တင်ဘာ (၁) ရက်နေ့မှ အောက်တိုဘာ (၅) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကြေငြာခဲ့ပြီးဖြစ်သည်..။
ပုံမှန်အားဖြင့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်မှာ ကျင်းပနေဆဲ ဘောလုံးရာသီပွဲစဉ်များ ပြီးပြတ်ချိန်မှသာ အပြောင်းအရွှေ့ ဘောလုံးရာသီသစ်ကို ဖွင့်လှစ်လေ့ရှိသဖြင့် ဟာကင် ဇိုင်းယက်ချ် အပါအဝင် ကစားသမားသစ်များမှာ သြဂုတ်လဆန်းမှသာ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာဖွယ်ရှိနေကြောင်း ခန့်မှန်းနေကြသည်..။
မူလက ချုပ်ဆိုထားသော သဘောတူစာချုပ်အရ ဇိုင်းယက်ချ် မှာ ဇူလိုင် (၁) ရက်နေ့တွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာရမည် ဖြစ်သော်လည်း ယခုကြုံတွေ့နေရသော အပြောင်းအလဲများကြောင့် သူ့အားမူလစာချုပ်အတိုင်း အသင်းသစ်နှင့် မှတ်ပုံတင်ခွင့်ပြု၊ မပြု (သို့မဟုတ်) လာမည့်သြဂုတ်လဆန်း အပြောင်းအရွှေ့ရာသီ စတင်ချိန်မှ အသင်းသစ်သို့ ပူးပေါင်းခွင့်ပြုမည်.. ဆိုသည်ကို FIFA က ပြောကြားခြင်း မရှိသေးပေ..။