ချယ်လ်ဆီးအသင်းမှာ ဂျာမနီဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဝင် RB လိုက်ပ်ဇစ်အသင်းမှ ဂျာမနီလက်ရွေးစင် တိုက်စစ်မှူး တီမို ဝါနာ အား အပြီးသတ် ခေါ်ယူနိုင်ရန် လက်ရှိကျင်းပနေသော ဘွန်ဒက်စ်လီဂါ ပွဲစဉ်များ ပြီးဆုံးချိန် (သို့မဟုတ်) ဗြိတိန်နိုင်ငံရှိ ကွာရန်တင်း သတ်မှတ်ချက်များ ပြောင်းလဲချိန်ကို စောင့်ဆိုင်းနေရကြောင်း သတင်းများက ဖော်ပြခဲ့သည်..။
ချယ်လ်ဆီးအသင်းမှာ တီမို ဝါနာ အား ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၅၃) သန်းဖြင့် ခေါ်ယူနိုင်ရန် သဘောတူညီနိုင်ခဲ့ပြီ ဖြစ်သော်လည်း သူ၏စာချုပ်ပါ ပြောင်းရွှေ့ကြေး (release clause) ကို ဇွန်လ (၁၅) ရက်နေ့မတိုင်မီ ပေးချေရမည်ဖြစ်သည်..။ (အီတလီသတင်းဌာန Gazetta dello Sport သတင်းထောက် Nico Schrica ကမူ တီမို ဝါနာ ၏ release clause မှာ ဇူလိုင် (၁၅) ရက်နေ့တွင်မှ သက်တမ်းကုန်ဆုံးမည်ဟု ဖော်ပြခဲ့သည်..။)
အဆိုပါသတင်းများ ထွက်ပေါ်လာအပြီးတွင် လိုက်ပ်ဇ်အသင်း အားကစား ဒါရိုက်တာ အိုလီဗာ မင့်ဇ်လပ်ဖ် က တီမို ဝါနာ နှင့် ချယ်လ်ဆီးအသင်းတို့အကြား တီမို ဝါနာ ၏ အပြောင်းအရွှေ့အတွက် ဆွေးနွေးထားခြင်း လုံးဝမရှိသေးကြောင်း ပြောဆိုခဲ့သည်..။ သို့သော် တီမို ဝါနာ နှင့် လိုက်ပ်ဇစ်အသင်းတို့ကြားမှ စာချုပ်ပါ အချက်အလက်များအရ ချယ်လ်ဆီးအသင်းအနေဖြင့် လိုက်ပ်ဇစ် အသင်းနှင့် ဆွေးနွေးမှုများ ထပ်မံပြုလုပ်ရန် မလိုအပ်တော့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်..။ သို့သော်လည်း ယခုအချိန်ထိ သူ၏အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး မည်သူကမှ အတည်ပြုချက် မထုတ်ပြန်နိုင်သေးသည့်အပေါ် ချယ်လ်ဆီးပရိသတ်များက စိုးရိမ်၊ကြောင့်ကြမှု ရှိနေခဲ့သည်..။
သို့သော်ယခုအချိန်တွင် တီမို ဝါနာ မှာ ဘွန်ဒက်စ်လီဂါ ပွဲစဉ်များ ယှဉ်ပြိုင်နေရပြီး ဆေးစစ်မှုခံယူနိုင်ရန်အတွက် ဗြိတိန်နိုင်ငံသို့ သွားရောက်နိုင်ခြင်း မရှိသေးသလို ချယ်လ်ဆီးအသင်းဘက်ကလည်း အသင်းဆရာဝန်များအား ဂျာမနီနိုင်ငံသို့ စေလွှတ်နိုင်ခြင်း မရှိသေးပေ..။
စာရွက်စာတမ်းကိစ္စများနှင့် ပတ်သက်ပြီး အပြီးသတ်နိုင်ရန် အခက်အခဲ မရှိနိုင်သော်လည်း ချယ်လ်ဆီးအသင်းမှာ အပြောင်းအရွှေ့ အပြီးသတ်နိုင်ရန်အတွက် လက်ရှိဘွန်ဒက်စ်လီဂါ ပွဲစဉ်များပြီးဆုံးမည့် ဇွန်လ (၂၇) ရက်နေ့အထိ စောင့်ဆိုင်းရဖွယ် ရှိနေသည်ဟု The Athletic သတင်းဌာနက ဖော်ပြခဲ့သည်..။ ယခုနောက်ဆုံးသတင်းများအရ အပြောင်းအရွှေ့ အတည်ပြုချက်ကို မည်သည့်အချိန်တွင် ထုတ်ပြန်မည်ဟု မသိရသေးသလို ချယ်လ်ဆီးအသင်းအနေဖြင့် ဆေးစစ်မှုများ လုံးဝပြီးပြတ်သွားသည့်အချိန်မှသာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖွယ်ရှိသည်ဟု သိရသည်..။
Ref: Metro Sport