feature-image

ပရီးမီးယားလိဂ် ပြိုင်ပွဲတွေ ပြန်လည်စတင်တဲ့အချိန် လိုက်နာရမည့် အချက်များ…

၂၀၁၉/ ၂၀ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲမျာ၏ လက်ကျန်ပွဲစဉ်များကို ဇွန်လ (၁၇) ရက်နေ့တွင် အက်စ်တွန် ဗီလာအသင်းနှင့် ရှက်ဖီးလ် ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်ဖြင့်ပြန်လည်စတင်ရန် ပရီးမီးယားလိဂ် အဖွဲ့ချုပ်နှင့် အသင်းများကြားတွင် သဘောတူညီမှုု ရရှိခဲ့ပြီးဖြစ်သည်..။ ယခုအချိန်တွင် ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုများ ရှိနေဆဲကာလဖြစ်သောကြောင့် ပြိုင်ပွဲများ ပြန်လည်စတင်ချိန်တွင် အသင်းများ၊ ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များနှင့် ထန်ထမ်းများ လိုက်နာရမည့် အချက်များကို BBC သတင်းဌာနက ဖော်ပြပေးခဲ့သည်..။

အဆိုပါစည်းကမ်းသတ်မှတ်ချက်များကို မနေ့ကပြုလုပ်ခဲ့သည့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်နှင့် အသင်းများ၏ အစည်းအဝေးတွင် ဆွေးနွေးပြီး အတည်ပြုခဲ့ခြင်းဖြစ်သည်..။

⚽️ ပြိုင်ပွဲများစတင်ချိန်တွင် ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များမှာ ကစားကွင်းအတွင်း နှာခေါင်းစည်းများ (masks) များ ဝတ်ဆင်ရန် မလိုအပ်သော်လည်း တံတွေးထွေခြင်း၊ နှာချေးညှစ်ခြင်း၊ ဂိုးသွင်းအပြီးတွင် ဖက်လှဲတကင်းပြုပြီး social distancing ချိုးဖောက်မှု မပြုလုပ်ရန် တိုက်တွန်းထားသည်..။ (ဂျာမနီ ဘွန်ဒက်စ်လီဂါ ပွဲစဉ်များတွင် ကစားချိန်မှလွဲ၍ နှာခေါင်းစည်းများကို တစ်ချိန်လုံးဝတ်ဆင်ထားရန် စည်းကမ်းသတ်မှတ်ထားပါသည်..။)

ပရီးမီးယားလိဂ် အဖွဲ့ချုပ်က ချမှတ်ထားသော ညွန်ကြားချက်များတွင် အဝတ်လဲခန်းများနှင့် အရန်ခုံတန်းများတွင် နှာခေါင်းစည်းများကို တစ်ချိန်လုံးဝတ်ဆင်ရန် မလိုအပ်ကြောင်း ပါဝင်သော်လည်း စည်းကြပ်ဒိုင်များ၊ အသင်းဆရာဝန်များ အပါအဝင် ဆေးအဖွဲ့ဝင်များကိုမူ နှာခေါင်းစည်းများကို အမြဲတမ်းဝတ်ဆင်ထားရန် တိုက်တွန်းထားပါသည်..။



⚽️ ပြိုင်ပွဲယှဉ်ပြိုင်သည့်နေ့များတွင် ကွင်းအတွင်းဝင်ရောက်ခွင့်ပြုသည့် လူဦးရေကို ကန့်သတ်သွားမည်ဖြစ်ပြီး ကစားကွင်းတစ်ခုတွင် လူဦးရေ (၃၀၀) သာ အများဆုံးခွင့်ပြုသွားပါမည်..။ ထို့အပြင်ကွင်းအား ‘ဇုန်’ များ ခွဲခြားသတ်မှတ်သွားမည်ဖြစ်ပြီး ကွင်းအတွင်း ‘Red Zone’ တွင် ကစားသမားများ၊ အသင်းတာဝန်ရှိသူများနှင့် ဒိုင်အဖွဲ့အပါအဝင် အများဆုံးလူဦးရေ (၁၁၀) သာ ခွင့်ပြုသွားပါမည်..။

⚽️ ပရီးမီးယားလိဂ် ပြိုင်ပွဲများ ပြန်လည်စတင်ချိန်တွင် ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသွားသူများအား ရည်စူး၍ တစ်မိနစ် ငြိမ်သက်ပေးရန်နှင့် National Health Services ကျန်းမားရေးဝန်ထမ်းများကို ဂုဏ်ပြုသည့်အနေဖြင့် အသင်းဝတ်စုံများတွင် အသဲပုံ သင်္ကေတ (Heart shaped badges) တတ်ဆင်ပေးရပါမည်..။

⚽️ ကွင်းဘေးစည်းတွင် ဘောလုံးကောက်များ ထားရှိမည်မဟုတ်ပဲ ပိုးသတ်ထားသော ဘောလုံးများကို အခါအားလျော်စွာ လိုအပ်သလို လဲလှယ်ပေးသွားပါမည်..။ ထို့အပြင် ထောင့်ကန်ဘော အလံတိုင်များ၊ ဂိုးတိုင်နှင့် ဂိုးပိုက်များ၊ လူစားလဲ အချက်ပြုဘုတ်များ၊ ဘောလုံးများကို ပွဲစမီနှင့် ပွဲပြီးတိုင်း စနစ်တကျ ပိုးသတ်၊ သန့်စင်သွားပါမည်..။ ပထမပိုင်းအပြီးနှင့် ဒဏ်ရာကြောင့် အနားပေးချိန်များတွင်လည်း အခါအားလျော်စွာ ပိုးသတ်မှုများ ပြုလုပ်သွားပါမည်..။



⚽️ အသင်းများအား အဝေးကွင်းပွဲစဉ်များသို့ သွားရောက်ရာတွင် ဟိုတယ်များကို အသုံးပြုခြင်း လျော့နည်းစေရန် လေယာဉ်ခရီးစဉ်များကို တတ်နိုင်သမျှ အသုံးပြုသွားရန်နှင့် ကွင်းအတွင်း မဝင်ရောက်မီ ကစားသမားများ၊ နည်းပြအဖွဲ့၊ ဝန်ထမ်းများကို အပူချိန်တိုင်းသွားပါမည်..။ ကစားသမားများကိုလည်း ကွင်းအတွင်း ဝင်ရောက်တိုင်း၊ ကွင်းအတွင်းမှ ထွက်ခွာတိုင်း hand sanitizer ဖြင့် လက်ဆေးပိုးသတ်ရပါမည်..။

အဆိုပါအစည်းအဝေးတွင် ‘Black Lives Matter’ လိုဂိုများကို အအသင်းဝတ်စုံများတွင် တတ်ဆင်ရန်၊ နောက်ကျောတွင် ကစားသမား နာမည်များအစား ‘Black Lives Matter’ စာတမ်းများကို တတ်ဆင်သွားရန်၊ အဆိုပါလှုပ်ရှားမှုကို ဂုဏ်ပြုသည့်အနေဖြင့် ပွဲမစမီ ကွင်းအတွင်း ဒူးတစ်ဖက်ထောက်ရန် စသည့်အချက်များကို ဆက်လက်ဆွေးနွေးသွားကြောင်း သိရသည်..။