မနေ့ကပြုလုပ်ခဲ့သော ဝက်စ်ဟမ်းအသင်းနှင့် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် ချယ်လ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ် က အသင်းသို့ရောက်ရှိလာမည့် တီမို ဗာနာ နှင့် ဟာကင် ဇိုင်းယက်ချ် တို့အား အသင်းကြီးနှင့်အတူ ချက်ချင်းလေ့ကျင့်စေမည် မဟုတ်ပဲ သီးခြားခွဲခြား လေ့ကျင့်မှုများဖြင့် စတင်ဖွယ်ရာရှိကြောင်း ပြောကြားခဲ့သည်..။
အိုင်းယက်စ် နှင့် RB လိုက်ပ်ဇစ်အသင်းများမှ ပြောင်းရွှေ့လာခဲ့ကြသည့် ဇိုင်းယက်ချ် နှင့် ဗာနာ တို့မှာ ဇူလိုင် (၁) ရက်နေ့မှစတင်ပြီး ချယ်လ်ဆီးကစားသမားအဖြစ် ရောက်ရှိလာကြပြီ ဖြစ်သော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ စည်းးမျဉ်းများအရ ယခုနှစ်ဘောလုံးရာသီ လက်ကျန်ပွဲစဉ်များတွင် ပါဝင်ကစားနိုင်ခြင်းမရှိသေးပေ..။
တီမို ဗာနာ မှာ လိုက်ပ်ဇစ်အသင်း၏ ချန်ပီယံလိဂ် လက်ကျန်ပွဲစဉ်များတွင် ပါဝင်ပေးရန် ငြင်းဆန်ခဲ့သောကြောင့် သူတို့နှစ်ဦးစလုံးမှာ အသင်းဖော်များနှင့်အတူ စတင်လေ့ကျင့်နိုင်ပြီဖြစ်သည်..။ အင်္ဂလန်ကျွန်းပေါ်သို့ ပြင်ပမှလာရောက်သည့်သူများကို (၁၄) ရက်သီးခြား ခွဲခြား နေထိုင်ရန် (self isolate) သတ်မှတ်ထားသော်လည်း ယခုအပါတ် တနင်္လာနေ့မှစတင်ပြီး ဥရောပသမ္မဂ္ဂဝင်နိုင်ငံများမှ ရောက်ရှိလာသည့်သူများ ကင်းလွတ်ခွင့်ပေးခဲ့သောကြောင့် သူတို့နှစ်ဦးစလုံးမှာ အသင်းနှင့်အတူ လေ့ကျင့်ခွင့်ရရှိလိမ့်မည်ဟု မျှော်လင့်နေရသည်..။ ထို့အပြင်ချယ်လ်ဆီးအသင်း ကစားသမားတိုင်းမှာ COVID-19 စစ်ဆေးမှုများကို တစ်ပါတ်လျှင်နှစ်ကြိမ် စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်..။
သူတို့နှစ်ဦးနှင့် ပတ်သက်ပြီး ဖရန့် လမ်းပတ် က ယခုလိုပြောကြားခဲ့သည်..။
“အခုလောလောဆယ်မှာ သူတို့နှစ်ယောက်နဲ့ ပတ်သက်ပြီး အစီအစဉ်တွေ ပြုလုပ်နေတုန်းပါ..။ သူတို့ဟာ ကျွန်တော်တို့ကစားသမားတွေအဖြစ် ရောက်ရှိလာတော့မှာပါ…။ ဟာကင် ကတော့ ပွဲမကစားရတာ အတော်ကြာနေပြီ ဖြစ်ပေမယ့် တီမို ကတော့ မကြာသေးခင်ကပဲ ကစားခဲ့ပါတယ်..။
သူတို့နှစ်ယောက်ကို တစ်ဦးချင်းသီးခြား လေ့ကျင့်ခန်းတွေနဲ့ စတင်စေဖို့ အစီအစဉ် ဆွဲထားပါတယ်..။ ဒါ့အပြင်ကော့ဘ်ဟမ် လေ့ကျင့်ကွင်းမှာ သူတို့ရဲ့အခြေအနေကို ကြည့်ရှုဖို့ ရှိပါတယ်..။ အဲဒါပြီးမှ အသင်းနဲ့အတူ ပူးတွဲလေ့ကျင့်မလား..? ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေနဲ့ပဲ ဆက်သွားရမလား..? ဆုံးဖြတ်ရပါလိမ့်မယ်..။
သူတို့နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က နောက်ရာသီစမယ့်အချိန်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အကောင်းဆုံးအခြေအနေ ရောက်ရှိနေဖို့ပဲ ဖြစ်ပါတယ်..။ သူတို့နှစ်ယောက်စလုံးဟာ တခြားကစားသမားတွေထက် နားချိန်ပိုရထားတဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ..။ အဲဒီအချက်ပေါ် မူတည်ပြီး သူတို့နှစ်ယောက်ကို အသင်းရဲ့လူစာရင်းမှာ သူတို့ကိုထည့်သွင်းဖို့ သင့်တော့်တဲ့အချိန်ကို ဆုံးဖြတ်ရမှာပါ..။”