ပြီးခဲ့သည့် သောကြာနေ့က ချယ်လ်ဆီးအသင်းမှာ မန်ချက်စတာ စီးတီးအသင်းအား ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိပြီး လီဗာပူးလ်အသင်းအား နှစ်ပေါင်း (၃၀) အတွင်း ပထမဆုံး ချန်ပီယံဆုကို သေချာစေခဲ့သည်..။ အဆိုပါပွဲစဉ်အပါအဝင် တနင်္ဂနွေနေ့က လက်စ်တာအသင်းအား အနိုင်ရရှိပြီး FA ဖလားပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲအဆင့်ကို တက်ရောက်သွားနိုင်ခဲ့သည်..။
ချယ်လ်ဆီးအသင်းမှာ ဘောလုံးပွဲများ ပြန်လည်စတင်ခဲ့ချိန်နောက်ပိုင်း ယှဉ်ပြိုင်ခဲ့သည့် သုံးပွဲစလုံး အနိုင်ရရှိခဲ့သလို ငါးပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့ခြင်းလည်းဖြစ်သည်..။ ထိုသို့ရလဒ်ကောင်းများကြောင့် ချယ်လ်ဆီးအသင်းမှာ အဆင့် (၄) နေရာတွင် ဆက်လက်ရပ်တည်ပြီး နောက်နှစ်ဘောလုံးရာသီ၊ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အခြေအနေကောင်းနေဆဲဖြစ်ခဲ့သည်..။
အဆိုပါအနေအထားအပေါ် Sky Sports ရုပ်သံဌာနတွင် ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် အာဆင်နယ်အသင်းနှင့် အင်္ဂလန်အသင်း ဂန္တဝင်ကစားသမားဟောင်း ပေါလ် မာဆန် က ချယ်လ်ဆီးအသင်းအနေဖြင့် လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပါက အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ် ၏ စဉ်ဆက်မပြတ် ငွေကြေးပံ့ပိုးမှုများနှင့် ပေါင်းစပ်ပြီး လာမည့်နှစ်အနည်းငယ်အတွင်း အောင်မြင်မှုကြီးများကို ရရှိလိမ့်မည်ဟု ယုံကြည်မိကြောင်း ယခုလိုပြောကြားခဲ့သည်..။
“မန်ချက်စတာ စီးတီးအသင်းကို အနိုင်ရခဲ့တာဟာ တကယ့်ကို ကြီးမားတဲ့နိုင်ပွဲတစ်ပွဲပါ...။ ဒါ့အပြင်အသင်းတိုင်းဟာ လီဗာပူးလ်နဲ့ မန်ချက်စတာ စီးတီးနဲ့ သူတို့ကြားမှာရှိနေတဲ့ ကွက်လပ်ကြီးကို နည်းနိုင်သမျှ နည်းပါးအောင် ကြိုးစားနေတာကြောင့် အဲဒီနိုင်ပွဲဟာ အရမ်းတန်ဖိုးမြင့်မားပါတယ်..။ နောက်ပြီးချယ်လ်ဆီးအသင်းရဲ့ ရာသီကုန်ထိ ပွဲလက်ကျန်တွေဟာ သိပ်မကျပ်လှပါဘူး..။ ဒါ့ကြောင့်သူတို့ဟာ အဆင့်လေးအတွင်း မဝင်စရာ အကြောင်းမရှိဘူးလို့ မြင်မိပါတယ်..။
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဘယ်နောက်ခံလူတစ်ယောက်နဲ့ ဗဟိုခံစစ်မှူးတစ်ယောက် ထပ်ပြီးအားဖြည့်ဖို့ လိုအပ်ပါဦးမယ်..။ အဲဒါဆိုရင် နောက်လာမယ့် ဘောလုံးရာသီမှာ တကယ့်ကို အင်အားကြီးတဲ့ အသင်းတစ်သင်း ဖြစ်လာနိုင်ပါတယ်..။ နောက်လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် ရနိုင်လောက်မယ့် အခြေအနေမရှိပါဘူး..၊ ဒါပေမယ့် ထိပ်ဆုံးကအသင်းတွေနဲ့ သူတို့ကြားက ခြားနားချက်ကတော့ နည်းပါးသွားပါလိမ့်မယ်..။
အခုလက်ရှိအချိန်မှာ သူတို့ရဲ့ ဈေးကွက်ထဲက လှုပ်ရှားမှုတွေ ကောင်းမွန်နေသလို အသင်းပိုင်ရှင်ရဲ့ ပံ့ပိုးမှုကလည်း သိပ်ကောင်းပါတယ်..။ သူကသင့်တော်တဲ့အချိန်ကိုစောင့်တယ်..၊ ချင့်ချိန်တယ်..၊ သင့်တော်ပြီ ဆိုတာနဲ့ ‘ရော့.. ပိုက်ဆံ’ ဆိုပြီး ပေးလိုက်ပါတယ်.. Bang..!! အခုအချိန်မှာ တော့တင်ဟမ် အသင်းက ရုန်းကန်နေရသလို ပက်ပ် ဂွာဒီယိုလာ ဟာ မန်ချက်စတာ စီးတီးအသင်းမှာ အမြဲတမ်းရှိနေမှာ မဟုတ်ပါဘူး..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်း အနေနဲ့ အဆင့်လေးအတွင်း ဝင်ရောက်အောင် ကြိုးစားရမယ်..၊ တခြားအသင်းတွေနဲ့ကြားက ကွာခြားချက်ကို နည်းပါးနိုင်အောင် ကြိုးစားရမယ်..၊ အခွင့်အရေးပေးရင် ဆုဖလားကို စိန်ခေါ်နိုင်အောင် ကြိုးစားရပါမယ်..။
ဒီနှစ်ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းဟာ ရလဒ်ကောင်းတွေ..၊ စံချိန်ပေါင်းများစွာကို မှတ်တမ်းတင်နိုင်ခဲ့သလို သူတို့အသင်းက ကစားသမားတွေကလည်း ခြေစွမ်းအရမ်းကို ကောင်းမွန်နေပါတယ်..။ ဒါပေမယ့် ဘာစီလိုနာ၊ ရီးရဲလ် မက်ဒရစ်လို အသင်းတွေက အဲဒီလိုကစားသမားတွေကို ခေါ်ယူသွားမယ့်အချိန်ကိုလည်း သူတို့ရင်ဆိုင်ရဦးမှာပါ..။
ဒါ့ကြောင့်နောက်လာမယ့် သုံးနှစ်၊ လေးနှစ်အတွင်း ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ဖလား မရခဲ့ဘူးဆိုရင် ကျွန်တော်အရမ်းကို အံ့သြမိပါလိမ့်မယ်..။”
ဖရန့် လမ်းပတ် မှာ ယခုနှစ်ဘောလုံးရာသီ ချယ်လ်ဆီးအသင်းကို တာဝန်ယူချိန်တွင် အပြောင်းအရွှေ့ ပိတ်ပင်ခံခဲ့ရသည့် ပြစ်ဒဏ်ကြောင့် ကစားသမားသစ် ဖြည့်တင်းနိုင်ခြင်းမရှိခဲ့ပေ..။ ထို့ကြောင့်လူငယ် အကယ်ဒမီထွက် ကစားသမားများကို နေရာပေးခဲ့ရသည်..။
ရာသီစတင်ချိန်တွင် ဖရန့် လမ်းပတ် ၏ ချယ်လ်ဆီးအသင်းမှာ ပရိသတ်များကို စိတ်ကျေနပ်မှုရအောင် ဖျော်ဖြေမှု ပေးနိုင်ခဲ့သော်လည်း အသင်းငယ်များနှင့် တွေ့ဆုံခဲ့သည့် ပွဲစဉ်အချို့တွင် မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ရသည်..။ အဆိုပါရလဒ်များမှာ ဖရန့် လမ်းပတ် အတွက် အဖိုးမဖြတ်နိုင်သည့် သင်ခန်းစာများ ဖြစ်နိုင်ကြောင်း ပေါလ် မာဆန် က ယခုလို မှတ်ချက်ပေးခဲ့သည်..။
“အသင်းလေးတွေနဲ့ ပွဲစဉ်တွေမှာ မထင်မှတ်တဲ့ ရလဒ်တွေ ထွက်ခဲ့တာဟာ ဖရန့် လမ်းပတ် ရဲ့ အတွေ့အကြုံ အားနည်းမှုကို ပြသတာပါ..။ သူ့အနေနဲ့ အဲဒီပွဲစဉ်တွေမှာ ဖျော်ဖြေမှုပေးနိုင်ဖို့၊ တိုက်စစ်ဦးစားပေး ကစားဖို့ကိုပဲ အာရုံစိုက်လွန်းခဲ့တာကြောင့် မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ရပါတယ်..။ တကယ်တမ်း အတွေ့အကြုံများတဲ့ မန်နေဂျာတွေဆိုရင် ခံစစ်ပိတ်ဆို့ကစားမယ့် အသင်းတွေကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ နားလည်ပြီး ဖြစ်မှာပါ..။ ဒါပေမယ့် အခုနောက်ပိုင်း သူဟာတဖြည်းဖြည်း တိုးတက်လာပြီး ပွဲချိန်အတွင်းမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်လာပါပြီ..။”