feature-image

အခန်း (၆) - အိပ်မက်တစ်ခု အဆုံးသတ်ခြင်း

အုပ်စုတတိယနဲ့ချန်ပီယံလိဂ် ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပေမယ့် UEFA ဖလား ဝင်ခွင့်တော့ ရခဲ့ပါတယ်။ နည်းပြသစ်လက်အောက်မှာ ပထမဦးဆုံးအပြောင်းအလဲက အယ်လ်ဂျီးယား လက်ရွေးစင် ဘရာဟင် ဟမ်ဒါနီကို အသင်း ခေါင်းဆောင်သစ်အဖြစ် ပြောင်းလဲ ခန့်အပ်လိုက်ခြင်း ဖြစ်ပါတယ်..။ ကျွန်တော်က ပွဲကြိုသွေးပူလေ့ကျင့်ခန်း ဆင်းတဲ့အချိန်တွေ၊ လေ့ကျင့်ကွင်းအတွင်း ပုံမှန်လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ကစားသမားတွေကို စုစည်းပေးတဲ့သူအဖြစ်ဆက်ပြီး တာဝန်ယူရပါမယ်..။ ကျွန်တော်ုအတွက် အသင်းနဲ့ ပထမဆုံးရာသီ ဆိုပေမယ့် တာဝန်ကြီးကြီး တစ်ခု ယူထားရတယ်လို့ ပြောနိုင်ပါတယ်..။ ဒါ့အပြင် အသင်းမှာ ရှိနေတဲ့  အတွေ့အကြုံရင့် ကစားသမားတွေကလည်း ကျွန်တော်ပေးတဲ့ အကြံဉာဏ်၊ နည်းလမ်းတွေကို တလေးတစား နာယူကြပါတယ်..။

အသင်းဖော်တစ်ယောက်ဖြစ်တဲ့ ဖိလစ်ပီ ခရစ်စ်တီယန်ဗယ်လ်က တစ်နေ့မှာ အခုလိုတောင် လာပြောပါတယ်..။ ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင် အသင်းကို စုစုစည်းစည်းဖြစ်အောင် ကျွန်တော်ကပဲ လုပ်ထားတဲ့အကြောင်း၊ ကျွန်တော်ခြေစွမ်းပြတဲ့နေ့ဆိုရင် အသင်းရဲ့ ကစားပုံ ကောင်းတဲ့အကြောင်း.. စသဖြင့် ကျွန်တော့်ရဲ့ လွှမ်းမိုးမှုတွေကို ပြောပြတာပါ..။ ဒီလိုတာဝန်တွေအတွက် ကျွန်တော့်မှာ ဖိအားမဖြစ်ခဲ့ပါဘူး..။

ကွင်းတွင်း၊ ကွင်းပြင်မှာ ကျွန်တော့်ရဲ့အခန်းကဏ္ဍ ပိုမြင့်တက်လာသလို ဂိုးသွင်းနှုန်း၊ ခြေစွမ်းလည်း ပိုမိုကောင်းမွန်လာခဲ့ပါတယ်..။ ၂၀၀၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာတော့ ပရိသတ်အကြိုက် ကစားသမားအဖြစ် တဖြည်းဖြည်း ရောက်လာပါတော့တယ်..။ ကိစ္စတစ်ခုခုနဲ့ အပြင်ထွက်ပြီဆိုရင် ပရိသတ်တွေ တရုန်းရုန်းနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်တဲ့အထိပါပဲ..။ မနက်စာအတွက် အိမ်နားက စတိုးဆိုင်ကို ပေါင်မုန့်ထွက်ဝယ်တာတောင် ပရိသတ်တွေက လိုက်နှုတ်ဆက်ကြပြီး စကားတွေပြော၊ လက်မှတ်ထိုးခိုင်း၊ ဓါတ်ပုံတွေရိုက်ကြလွန်းလို့ တစ်ခါတစ်လေ နာရီဝက်လောက် ကြာတဲ့အထိပါပဲ.။ အစောပိုင်းမှာ အခုလိုပရိသတ်ရဲ့ အာရုံစိုက်မှု ရလွန်းတာကို ကျေနပ်နေမိပေမယ့် တစ်နေ့မှာတော့ “တော်လောက်ပြီ.. ဒါမျိုးတွေကို ငါမလိုချင်ဘူး..၊ ငါရဲ့မိသားစုအပေါ်ကိုလည်း ဒီလိုဖိအားတွေ ရောက်လာမှာ မလိုချင်ဘူး။ ငါဟာ ခင်ဗျားတို့မြင်နေရတဲ့ လူစားမျိုး မဟုတ်ဘူး..၊ အိုင်ဗရီကို့စ်က လာတဲ့ သာမာန်လူ တစ်ယောက်..။” အဲဒီလို စဉ်းစားမိပါတယ်..။



အဲဒါနဲ့အသင်းက အားကစားစိတ်ပညာရှင်တစ်ယောက်နဲ့ တိုင်ပင်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ သူကဒီလိုဖြစ်နေတာကို လက်ခံနိုင်ဖို့နည်းလမ်းတစ်ခု ရှာရမှာဖြစ်တဲ့အကြောင်း၊ ပရိသတ်တွေ အာရုံစိုက်ခံရတာဟာ တာဝန်တစ်ရပ် မဟုတ်ပေမယ့် မာဆေးလ် ဒါမှမဟုတ် အသင်ကြီးတစ်သင်းမှာ ကစားမယ်ဆိုရင် ဘေးထွက်အကျိုးအဖြစ်နဲ့ ဒါမျိုးတွေကို ရင်ဆိုင်ရမှာ ဖြစ်တဲ့အကြောင်း၊ နောက်ပိုင်းကျရင်လည်း ပရိသတ်ကိုရှောင်ရှားပြီး ဥခွံထဲတိုးဝင်နေလို့ မရနိုင်ကြောင်း၊ ကျွန်တော့်ဘဝရဲ့အပြောင်းအလဲကို လက်ခံနိုင်ဖို့ ကြိုးစားရမှာဖြစ်တဲ့အကြောင်း၊ အဓိကအာရုံစိုက်ရမှာက ကိုယ့်ရဲ့ကစားပုံကောင်းဖို့၊ ဂိုးတွေသွင်းပေးဖို့ပဲ ဖြစ်တဲ့အကြောင်း၊ ကျွန်တော်ဂိုးတွေ သွင်းနေ၊ ရလဒ်တွေကောင်းနေရင် ပရိသတ်ကကျေနပ်နေမှာပါ..၊ ဒါ့ကြောင့်ကိုယ့်ရဲ့ကစားပုံ တိုးတက်ဖို့ တစ်ခုတည်းကိုပဲ အာရုံစိုက်သင့်ပြီး ကြာလာရင် အခုလိုပရိသတ်ရဲ့ အာရုံစိုက်ခံရတဲ့အဖြစ်ဟာ တဖြည်းဖြည်းမေ့သွားမှာဖြစ်တယ်လို့ ရှင်းပြပါတယ်.။ သူပြောတာကို ကျွန်တော်နား လည်ပေမယ့် လက်ခံနိုင်အောင်တော့ အတော်ကြိုးစားရပါတယ်..။ ဘဝမှာ ရင်ဆိုင်ကျော်ဖြတ်ရတဲ့ နောက်ထပ်ခြေလှမ်းတစ်ခု၊ အပြောင်းအလဲတစ်ခုပါပဲ..။

နောက်ထပ်အမှတ်တရကတော့ ဖာဘီယန် ဘားက်ဇ်နဲ့ ဆုံစည်းခြင်းပါ..။ ဖာဘီယန်ကို အောက်တိုဘာလ ကတည်းက ခေါ်ယူခဲ့တာဆိုပေမယ့် ဇန်နဝါရီလရောက်မှ ကစားခွင့်ရပါတယ်..။ သူဟာအရှိန်အဝါကြီးတဲ့ ကစားသမားတစ်ယောက်ပါ..။ ၁၉၉၈ မှာ ကမ္ဘာ့ဖလား ရခဲ့တဲ့အသင်း..၊ ၂၀၀၀ ခုနှစ်၊ ဥရောပဖလားရအသင်းမှာ ပထမဂိုးသမားပါ..။ လောလောလတ်လတ် ၂၀၀၃ မှာကိုပဲ မန်ချက်စတာ ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်ဖလားရအောင် ကူညီပေးနိုင်ခဲ့တယ်..။ သူဟာမာဆေးလ်အသင်းကို နောက်တစ်ကြိမ် ပြန်ရောက်လာတာပါ..။

၁၉၉၀ ကျော်ကာလတွေမှာ အသင်းနဲ့အတူ လျှမ်းလျှမ်းတောက် အောင်မြင်မှုတွေ အများအပြားရပြီးတဲ့သူမို့ ပရိသတ်ရဲ့အချစ်တော်တစ်ဦး ဖြစ်ပြီးသားပါ..။ သူဟာခေါင်းဆောင်တစ်ယောက် ဆိုပေမယ့် စကားတွေ အများကြီး ပြောတဲ့သူမျိုး မဟုတ်ပါဘူး..။ အသင်းအစည်းအဝေးတွေမှာဆိုရင် သူများတွေပြောတာ၊ ဆွေးနွေး တာတွေကို အဆုံးထိထိုင် နားထောင်ပါတယ်.၊ ပြီးမှသူပြောချင်တာကို အနှစ်ချုပ်ခပ်တိုတိုပဲ ပြောပါတယ်..။ သူပြောပြီဆိုလို့ကတော့ မှတ်သားစရာတွေကြီးပါပဲ..။ အများတကာ အာရုံစိုက်ခံရအောင် လုပ်လေ့မရှိပေမယ့် သူဟာခေါင်းဆောင်ကောင်းတစ်ဟောက်ပါ..။ ဖာဘီယန်ဟာ ကျွန်တော့်အပေါ် လွှမ်းမိုးမှု အများကြီးရှိခဲ့ပါတယ်။ သူနဲ့ဆုံခဲ့တာ သိပ်မကြာလိုက်ဘူး ဆိုပေမယ့် သူ့ဆီက အများကြီး သင်ယူ၊ လေ့လာခွင့်ရခဲ့ပါတယ်..။



UEFA ဖလားရဲ့နောက်ဆုံး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ လီဗာပူးလ်နဲ့ ကန်ရဖို့ မဲကျပါတယ်..။ အဲဒီအချိန်က ဂျရတ် ဟူလီယေး ကိုင်တွယ်နေပြီး နာမည်ကျော် အန်ဖီးလ်ကွင်းမှာ ကန်ရမယ်ဆိုတဲ့ အတွေးနဲ့တင် ပွဲကန်ရမယ့်ရက်ကို ရောက်စေချင်လှပါပြီ..။ ပထမအကျော့ကန်တဲ့ မတ်လ (၁၁) ရက်နေ့ဟာ ကျွန်တော့်ရဲ့မွေးနေ့လည်း ဖြစ်ပါတယ်..။ ဒီလိုမွေးနေ့ပွဲမှာ ဂိုးသွင်းပေး နိုင်ဖို့ထက် ပိုကောင်းတဲ့လက်ဆောင် မရှိနိုင်ပါဘူး..။ တစ်ကယ်လည်း ကျွန်တော် ဂိုးသွင်းပေးနိုင် ခဲ့ပါတယ်။ အံ့သြစရာကောင်းတာက ကျွန်တော်သွင်းလိုက်တဲ့ဂိုးဟာ (၂၇) နှစ်အတွင်း အန်ဖီးလ်မှာ ပြင်သစ်အသင်းတစ်သင်းက သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးဂိုး ဖြစ်နေတာပါ..။ ၁၉၇၇ မတ်လ၊ စိန့်အီတိန်းအသင်း ဂိုးသွင်းပြီးခဲ့တဲ့နောက် မျိုးဆက်တစ်ဆက်လောက်ကြာမှ အဲဒီစံချိန်ကို ချိုးဖျက်နိုင်ခဲ့လို့ အရမ်းဂုဏ်ယူမိပါတယ်..။

တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီး အဝတ်လဲခန်းထဲ ရောက်တော့ “Happy Birthday” ဆိုတဲ့ ဆုတောင်းသီဆိုသံတွေ ကျယ်လောင်၊ ဆူညံလို့ နေပါ တော့တယ်။ နောက်ပိုင်းမှာ ကြိုးကြာနီတို့နဲ့ မကြာခဏဆုံဖြစ်ခဲ့ကြပေမယ့် မွေးနေ့နဲ့တိုက်ဆိုင်ခဲ့တဲ့ အဲဒီနေ့က အမှတ်တရပွဲကို မှတ်မိနေတုန်းပါ..။

ဒုတိယအကျော့၊ အိမ်ကွင်းမှာတော့ ၂- ၁ နဲ့ အနိုင်ရခဲ့ပြီး ကျွန်တော်တို့ နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ်...။ ဒီပွဲမှာလည်း အရေးပါတဲ့ ပင်နယ်တီတစ်ဂိုးကို ကျွန်တော် သွင်းပေးနိုင်ခဲ့ပါတယ်..။ ကွာတားဖိုင်နယ်မှာတော့ အင်တာ မီလန်အသင်းကို နှစ်ကျော့စလုံး အနိုင်ကန်ပြီး ကျော်ဖြတ်ခဲ့ပါတယ်..။ အိမ်ကွင်းနိုင်ပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို ကျွန်တော်သွင်းယူပေးခဲ့ ပြန်ပါတယ်.။ ဒီတစ်ကြိမ်မှာလည်း ဖာဘီယို ကာနာဗာရို၊ ခရစ်စ်တီယန် ဗီယာရီတို့လို ဂန္တဝင် ကစားသမားကြီးတွေ ပါဝင်တဲ့ ဥရောပဒိတ်ဒိတ်ကြဲ အသင်းတစ်သင်းကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ.။

အခုဆိုရင် ကျွန်တော်တို့နဲ့ နောက်ဆုံးဗိုလ်လုပွဲကြားထဲမှာ နယူးကာဆယ်လ် တစ်သင်းသာ ကျန်ပါတော့တယ်..။ နယူးကာဆယ်လ်ဆိုတာနဲ့ တိုင်နီဆိုက်ဒ်ရဲ့ ဂိုးသွင်းစက် အလန် ရှီးယားရားကို ခေါင်းထဲပြေးမြင်ယောင် လာပါလိမ့်မယ်..။ အဲဒီအချိန်မှာ သူဟာ (၃၃) နှစ်ရှိနေပြီ ဆိုပေမယ့် အဆုံး အဖြတ် ဂိုးတွေသွင်းနေဆဲ..၊ မာကျောတဲ့ တိုက်စစ်မှူးကြီးအဖြစ် ရှိနေဆဲပါ..။ ပထမအကျော့ အဝေးကွင်းမှာ ကျွန်တော်တို့ ဂိုးမရှိသရေပွဲနဲ့ အဆုံးသတ်ခဲ့ပါတယ်.။ ရလဒ်ဟာ ကျေနပ်စရာ ဆိုပေမယ့် ဂိုးဘားတန်းတစ်ကြိမ် ထိထွက်ခဲ့သလို အပိုင်အခွင့်အရေး တစ်ချို့လည်း လွဲချော်ခဲ့တာကြောင့် ကျွန်တော့်အတွက် စိတ်ပျက်စရာနေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်..။



အိမ်ကွင်းပွဲစဉ်မတိုင်မီ ရက်ပိုင်းအလိုမှာ ပေါင်တွင်းကြော ဒဏ်ရာအနည်းငယ် ရနေ တာကြောင့် ကျွန်တော်ဝင်ကန်ခွင့်ရနိုင်မလား.. မသေချာသလို ဖြစ်နေပါတယ်..။ ဒါပေမယ့် ထူးဆန်းတယ် ဆိုရမလား… ကန်ခွင့်ရကိုရရမယ်လို့ ကျန်တော့်စိတ်ထဲမှာ ထင်နေပါတယ်..။ ဒီလို ကန်ခွင့်ရအောင် လုပ်နိုင်သမျှ အရာအားလုံး ဆောင်ရွက်ဖို့ကိုလည်း ဆုံးဖြတ်ထားပါတယ်..။ အသင်းနဲ့ ပရိသတ်ကလည်း ကျွန်တော့်ကိုအားကိုးမှန်းသိနေတာကြောင့် သူတို့လိုလားတောင့်တနေတဲ့ အနိုင်ပွဲတစ်ပွဲကို ကိုယ်တိုင်၊ ဆောင်ယူပေးလိုစိတ်က ဖိအားတစ်ခုလို ဖြစ်နေပါတယ်..။

ကျွန်တော့်ရဲ့ဆုတောင်းပြည့်တယ်လို့ ဆိုရမှာပါပဲ..။ ဒုတိယအကျော့ပွဲမှာ ပထမပိုင်းမှာတစ်ဂိုး၊ ဒုတိယပိုင်းတစ်ဂိုး အရေးကြီးတဲ့ နှစ်ဂိုးစလုံး ကျွန်တော်တစ်ယောက်တည်း သွင်းပေးခဲ့ပါတယ်..။ အရမ်းကိုမျှော်လင့်နေကြတဲ့ အားပေးသူပရိသတ်ကြီးကို အပျော်တွေ အဆုံးစွန် ရောက်စေမယ့် နောက်ဆုံးဗိုလ်လုပွဲကြီးဆီ ကျွန်တော်တို့ ပို့ဆောင်ပေးနိုင်ခဲ့ပါပြီ.။ ပွဲပြီးတော့ ထောင်ပေါင်းများစွာသော ပရိသတ်များဟာ မာဆေးလ်မြို့လမ်းမများပေါ်ရောက်လာကြပြီး ကားဟွန်းသံ တတီတီ၊ အသင်းအလံကွေကို ဝှေ့ယမ်းရင်း နောက်တစ်ရက် မနက်အထိ ပျော်ရွှင်စွာ သီဆို၊ ကခုန်နေကြ ပါတော့တယ်..။ ကျွန်တော် ဂိုးသွင်းပြိးတိုင်း အောင်ပွဲခံလေ့ရှိတဲ့ Coupe’-de’cale’ အကလည်း နေရာအနှံ့မှာ ပါနေတော့တာပေါ့ဗျာ..။

နယူးကာဆယ်လ်နဲ့ပွဲအပြီး မိုနာကိုအသင်းနဲ့ သုံးရက်လောက်အကြာကန်မယ့်ပွဲမှာ ကျွန်တော့်ကို အနားပေးဖို့ မန်နေဂျာက ဆုံးဖြတ်လိုက်ပါတယ်..။ နောက်ဆယ်ရက်လောက်နေရင် ကန်ရမယ့် ဗိုလ်လုပွဲအတွက် အားမွေးတဲ့သဘောပါ..။ ဒါပေမယ့်ပွဲပြီးခါနီး (၁၅) မိနစ်လောက်လိုတဲ့ အထိ  တစ်ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနေတဲ့အတွက် အပြောင်းအလဲများ ဖြစ်လာမလားဆိုပြီး ကျွန်တော့်ကို ထည့်ကစားပါတယ်..။ ကျွန်တော်တို့ထောင့်ကန်ဘော ပေးလိုက်ရပါတယ်..။ သူတို့ကန်တင်လိုက်တဲ့ ဘောလုံးကို ကာကွယ်ဖို့ တခြားသူတွေနဲ့အတူတူ လိုက်ခုန်လိုက်တယ်..။ အနီးနားက နောက်ခံလူတစ်ယောက်လည်း ခုန်နေရင်းဒူးကိုဆန့်ထုတ်လိုက်ရမှာ ကျွန်တော့်တင်ပါးကို ပြင်းပြင်း ထန်ထန် လာခတ်မိပါတယ်..။ ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ပေမယ့် ကြယ်တွေ၊ လတွေ မြင်သွားတဲ့အထိ နာကျင်ခဲ့ပါတယ်။

အောက်ပြန်ကျလိုက်ပြီ ဆိုတာနဲ့ ဒုက္ခရောက်ပြီဆိုတာ သိလိုက်ရပါပြီ..။ အရမ်းကိုနာလွန်းတာမို့ လုံးဝမလှုပ်နိုင်တော့တဲ့အထိပါပဲ..။ ကျွန်တော့်ရဲ့ခန္ဓာကိုယ် အောက်ပိုင်း..၊ ခြေထောက်တွေ လှုပ်လို့မရတော့ပါဘူး။ မိုနာကိုက ဆေးရုံတစ်ခုကို ချက်ချင်းသယ် သွားပြီး ဓါတ်မှန်ရိုက်၊ စကင်ဖတ်၊ စမ်းသပ်မှုတွေမျိုးစုံ ပြုလုပ်ကြပါတယ်..။ ကုသမှုမျိုးစုံ ပြုလုပ်ကြပေမယ့် ငါးရက်လောက်ကြာတဲ့အထိ ကျွန်တော်လမ်းမလျှောက်နိုင်သေးပါဘူး…။ နောက်ဆုံးဗိုလ်လုပွဲ နီးကပ်လာတာနဲ့အမျှ ဒဏ်ရာသက်သာဖို့ဆိုတာ အချိန်လုရတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာပါပြီ..။



ဒီဗိုလ်လုပွဲဟာ မာဆေးလ်အသင်း တစ်ခုတည်းအတွက်သာမကပဲ မြို့သားတွေအဖို့ပါ ဘယ်လောက်အရေးကြီးသလဲဆိုရင် စပိန်ချန်ပီယံ ဗလင်စီယာအသင်းနဲ့ ရင်ဆိုင်ဖို့ ဂိုတေးဘတ် မြို့ကို ထွက်ခွာတဲ့နေ့မှာ မြို့သူ၊ မြို့သားအများအပြားဟာ အသင်းသားတွေနဲ့အတူတူ မာဆေးလ်မြို့ရဲ့ အထင်ကရ နော်တာဒိမ်း ဒီလာ ဂါဒီကျောင်းတော်ကြီးမှာ သွားရောက်၊ ဝတ်ပြု ဆုတောင်းကြပါတယ်.။ ကျွန်တော်လည်း ကိုယ်ပိုင်မာဆေးလ်အကျီတစ်ထည်ဆပ်ကပ်ပြီး လာမယ့်ပွဲမှာ ကံကြမ္မာကောင်းတွေ စောင့်ရှောက်နိုင်ပါစေကြောင်း ဆုတောင်းခြွေခဲ့ပါတယ်..။ ဒီလိုမာဆေးလ်အသင်းအတွက် မြို့လုံးကျွတ်ဆုတောင်းပွဲကို ၁၉၉၃ ခုနှစ်၊ အေစီ မီလန်အသင်းနဲ့ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲ မတိုင်ခင်ကလည်း ပြုလုပ်ခဲ့ပါသေးတယ်..။

ဗိုလ်လုပွဲမှာ ပြေးလိုက်တိုင်း နာကျင်နေပေမယ့် ကောင်းကောင်းတော့ ကစား နိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အမြင့်ဆုံးစွမ်းဆောင်ရည်ရဲ့ (၅၀) ရာခိုင်နှုန်းလောက်ပဲ ရခဲ့တယ်လို ထင်ပါတယ်..။ ပွဲအစပိုင်းမှာ ကျွန်တော်တို့ခြေသာပေမယ့် ပွဲချိန်ကြာလာတာနဲ့ ဗလင်စီယာအသင်းဘက် ကလည်း ပြန်ပြီးထိန်းချုပ် ကစားဖို့ ကြိုးစားလာတာကြောင့် သူ့ဘက်၊ ကိုယ့်ဘက် အပြန်အလှန် ဖြစ်နေပါတယ်..။ ပထမပိုင်းပြီးခါနီးမှာ တိုက်စစ်မှူး မစ္စတာကို ဂိုးဧရိယာထဲမှာ လှဲချတယ်ဆိုပြီး ဂိုသမား ဖာဘီယန် ဘားသက်ဇ်ကို ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်ဒ်ပြ ထုတ်ပယ်လိုက်ပါတယ်.။ ဒိုင်လူကြီးက နာမည်ကျော် ပီယာလူဂီ ကော်လီနာပါ..။

ဖျက်ထုတ်လိုက်တဲ့ ဘားသက်ဇ်ရဲ့ ခြေထောက်ဟာ မြင့်လွန်းတယ်လို့ သူဆုံးဖြတ်လိုက်ပေမယ့် ကျွန်တော့်အမြင်မှာ သိပ်ဆိုးဝါးတဲ့ ဖျက်ထုတ်မှု မဟုတ်သလို အရေးကြီးလှတဲ့ ပွဲရဲ့အနေအထားအရ ဒီလိုဆုံးဖြတ်တာ မှားတယ်လို့ ထင်ပါတယ်…။ ဖာဘီယန်ကို ထုတ်ပယ်လိုက်ခြင်းကြောင့် ပွဲဟာတစ်ဖက်စောင်းနင်း ဖြစ်သွားပါတယ်..။ ဒါပေမယ့် အဲဒီအချိန်က ကော်လီနာကို ကမ္ဘာ့အကောင်းဆုံး ဒိုင်လူကြီးတစ်ဦးအဖြစ် အများက အသိအမှတ်ပြုထားကြပါတယ်..။ သူဟာဆုံးဖြတ်လိုက်ပြီဆိုရင် ဘယ်တော့မှ ပြန်မပြင် တတ်ပါဘူး..။ ကျွန်တော်စောဒတက်ကြည့်တော့ စည်းမျဉ်းအတိုင်း လုပ်ရတာဖြစ်တဲ့အကြောင်း၊ သူ့မှာတခြားရွေးစရာမရှိတဲ့အကြောင်း ပြေပြေလည်လည် ပြန်ပြောပါတယ်.။

ဗလင်စီယာက အဲဒီ ပင်နယ်တီ ပြစ်ဒဏ်ဘောကနေ ဦးဆောင်ဂိုးသွင်းယူသွားနိုင်ခဲ့ပါတယ်..။ ဒုတိယပိုင်း (၁၅) မိနစ် လောက်မှာ သူတို့နောက်ထပ်တစ်ဂိုး ထပ်ရသွားပြန်ပါတယ်..။ ကျွန်တေ်တို့ဘက်ကလည်း အခွင့် အရေးတစ်ချို့ ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး..။ အရှုံးဂိုးတွေကို ချေပနိုင်ဖို့ အားကြိုး မာန်တက်၊ ကြိုးစားခဲ့ပေမယ့် ရလဒ်က အပြောင်းအလဲမရှိခဲ့ပါဘူး။ ရာဖာ ဘင်နီးတက်ဇ် ကိုင်တွယ် နေတဲ့ ဗလင်စီယာဟာ အသင်းကောင်းတစ်သင်းပါ.။ အဲဒီနေ့က သူတို့ပိုကောင်းတယ်ဆိုပေမယ့် ကျွန်တော်သာ နဂိုခြေစွမ်းအတိုင်း ကစားနိုင်ခဲ့မယ်..၊ ဒိုင်လူကြီးရဲ့ တစ်ချို့ဆုံးဖြတ်ချက်တွေ ကျွန်တော်တို့ဘက် အလေးသာခဲ့မယ်ဆိုရင် ကျွန်တော်တို့အနိုင်ရနိုင်တယ်လို့ ခံစားမိပါတယ်.။ နောက်ဆုံးအချိန်ကျမှ အိပ်မက်တစ်ခုကို လက်လွတ်ခဲ့ရတာမို့ ကစားသမားတွေ၊ ပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်..။



ရာသီကုန်ဖို့ အမှတ်ပေးပွဲမှာ နောက်ထပ်တစ်ပွဲကစားဖို့ ကျန်ပါသေးတယ်.။ ကျွန်တော် တို့အသင်းဟာ အဆင့် (၇) ကို ရောက်နေတာမို့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူး ဆိုရမှာပါ.။ အဲဒါကြောင့် လာမယ့်ပွဲရလဒ်ဟာ ကျွန်တော်တို့အတွက် အရေးမပါတော့ဘူး..။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပြိုင်ဘက်အသင်းအတွက် ဒီပွဲဟာအသည်းအသန် အရေးကြီးနေပါတယ်။ ဒီပွဲနိုင်မှ သူတို့ တန်းဆင်းအန္တရာယ် လွတ်ကင်းမှာပါ..။ ဘယ်သူနဲ့ ကန်ရမယ်မှတ်နေပါသလဲ? ဂွမ်အောင်းန်.. ပါ..။ ဘယ်လောက်များ တိုက်ဆိုင်သလဲဗျာ..။ မာဆေးလ်ကို ရောက်ရောက်ချင်း သူတို့နဲ့ စပြီးပွဲထွက် ခဲ့ရသလို ရာသီပိတ် နောက်ဆုံးပွဲဟာလည်း အသင်းဟောင်းနဲ့ပဲ ပြန်ဖြစ်နေပါတယ်..။ ဒါ့အပြင် သူတို့ရဲ့ကံကြမ္မာကို ကျွန်တော်တို့က ဆုံးဖြတ်ပေးရမှာ။

ဒီလိုအနေအထားဟာ ကျွန်တော့် အတွက် သိပ်မလွယ်လှပါဘူး..။ ခံစားချက်ကို ဘေးဖယ်ပြီး ကစားသမား ပီပီသသဖြစ်အောင် ကစားရတော့မှာပါ..။ ဒီပွဲမှာကျွန်တော်ဂိုးမရခဲ့မယ့် ပွဲပြီးတော့ ကျွန်တော်တို့က ၂ဂိုး၊ ၁ဂိုးနဲ့ အနိုင်ရလိုက်တာ ကြောင့် နောက်နှစ်ရာသီမှာ သူတို့လီဂူး (၂) ကို ဆင်းရပါပြီ.။ ပွဲပြီးဆုံးချိန်မှာ မျက်ရည်လည်ရွဲနဲ့ပဲ အသင်းဖော်တွေကို စိတ်မကောင်းခြင်းကြီးစွာ လိုက်ပြီးနှုတ်ဆက်ရပါတော့တယ်..။

အဲဒီနှစ်ဘောလုံးရာသီရဲ့ တစ်ရာသီလုံးအကောင်းဆုံး ကစားသမားဆုကို ကျွန်တော် ရရှိခဲ့ပါတယ်..။ ဒီသတင်းဟာ ကျွန်တော့်အတွက် အင်မတန်မှ ကြီးမားတဲ့ ချီးမြောက်မှု ဖြစ်သလို ကြားကြားချင်း မယုံနိုင်အောင် အံ့သြမိခဲ့ပါတယ်..။ ဆုကိုလက်ခံယူနေတဲ့အချိန်မှာလည်း အိပ်မက်များ မက်နေသလား ထင်ယောင်ထင်မှား ဖြစ်မိသလို ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်တော့ လီမန်းစ်အသင်းမှာတုန်းက အရန်ခုံပေါ်ထိုင်နေတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်နေတာ သတိထားမိလိုက် ပါတယ်.။ တစ်ရာသီလုံး သုံးဆယ့်နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး အမှတ်ပေးပြိုင်ပွဲရဲ့ တတိယ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ဂိုးသွင်းအများဆုံး သွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူး မဟုတ်ခဲ့ပေမယ့် ကျွန်တော့်ကို ဒီဆုပေးရခြင်း အကြောင်းရင်းကို စဉ်းစားမိတဲ့အခါ ကျွန်တော်ဟာ ပြင်သစ်ဘောလုံးလောကရဲ့ လူသစ်တစ်ဦး ဖြစ်နေသလို ဥရောပပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့်လည်း ပါပါလိမ့်မယ်..။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်က ထွက်ခဲ့ရပေမယ့် ခြောက်ဂိုးသွင်းနိုင်ခဲ့ပါတယ်.။ UEFA ဖလားပွဲမှာလည်း နောက်ဆုံးဗိုလ်လုပွဲကလွဲရင် အဆင့်တိုင်းမှာ ဂိုးသွင်းနိုင်ခဲ့ပြီး စုစုပေါင်း (၅) ဂိုး ရခဲ့ပါတယ်..။ ဒီဆုကို လက်ခံရရှိတဲ့အချိန် (၂၆) နှစ်ရှိပြီဖြစ်တာကြောင့် လူငယ်ကစားသမားလို့ မပြောနိုင်တော့ပါဘူး..။

အခုလို ဂုဏ်ပြုခံခဲ့ရခြင်းအတွက် သိပ်ကိုချိုမြိန်ခဲ့ပေမယ့် ကျွန်တော်ဟာ အသင်းရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်တယ်ဆိုတာ ဘယ်တုန်းကမှ မမေ့ခဲ့သလို အသင်းဖော်တွေရဲ့ အထောက်အပံ့မပါပဲနဲ့ ဒီလိုဆုမျိုးမရနိုင်မှန်း သိရှိပြီးဖြစ်ပါတယ်..။ ဘောလုံးကစားနည်းမှာ ဘယ်ကစားသမားကမှ အသင်းထက်ပိုပြီး အရေးမကြီးပါဘူး.။ ဒီဆုရပြီး နောက်ပိုင်းဖြစ်ရပ်တွေကတော့ အသင်းကို ဘယ်လောက်ပဲ ခင်တွယ် ခင်တွယ်၊ သစ္စာဘယ်လိုပဲရှိရှိ၊ မက်မောစရာကောင်းတဲ့ ကမ်းလှမ်းမှုမျိုးကို လက်ခံရပြီဆိုရင် ဘယ်အသင်းကမှ မငြင်းနိုင်ဘူးဆိုတာ လက်တွေ့သိလာရ တော့မှာ ဖြစ်ပါတယ်..။



၂၀၀၄ မတ်လ၊ ဧပြီလလောက်ကတည်းက အသင်းကြီးတစ်သင်းက ကျွန်တော့်ကို စိတ်ဝင်စားနေတယ်ဆိုတာ ပထမဆုံးစကြားခဲ့ပါတယ်..။ သတင်းစာရှင်းလင်းပွဲတစ်ခုအပြီး သတင်း ထောက်တစ်ဦးက ကျွန်တော့်ကိုလာမေးတာပါ..

“ဝိုင်ခြံကိုသွားတုန်း မင်းနဲ့ပတ်သတ်တဲ့ သတင်းတစ်ခု ငါကြားခဲ့တယ်..၊ အင်္ဂလိပ် အသင်းတစ်သင်း က မင်းကိုခေါ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရတယ်..။”
“ဟုတ်ရဲ့လားဗျ..”

“သူတို့ပေးတဲ့ကြေး တော်တော်များတယ်တဲ့.. အသင်းက မင်းကိုလက်လွတ်တော့မယ်ဆိုပဲ..”
“ဟားဟား.. စိတ်မပပူပါနဲ့.. ငါဘယ်မှမသွားပါဘူး..၊ ဘယ်ကိုမှလည်း မပြောင်းဘူး..၊ ဒီစကားကို ခင်ဗျားသေသေချာချာ မှတ်ထား..” ရယ်ရယ်မောမောနဲ့ပဲ ကျွန်တော်ပြန်ပြောခဲ့ပါတယ်..။

သူပြောတဲ့စကားကို မေ့မေ့ပျောက်ပျောက်ပဲ ထားလိုက်ပါတယ်..။ ဒီအကြောင်းကို ဆက်ပြီးတော့လည်း တွေးမနေပါဘူး..။ နောက်ပိုင်းအားလုံး ပြီးဆုံးသွားတဲ့အခါမှ ကျွန်တော်ပြန်သတိရမိလို့ ဆက်စပ်တွေးတောမိတာပါ..။ ဟိုဆေးဟာ ချယ်လ်ဆီးကို မရောက်သေးပေမယ့် ကျွန်တော့်ကို စိတ်ဝင်စားတဲ့အကြောင်း ကျွန်တော့်ကိုပြောခဲ့သလိုမျိုး ချယ်လ်ဆီးဘက်ကိုလည်း ပြောခဲ့သလား? ဒါမှမဟုတ် သူရောက်လာတဲ့အချိန်ကျရင် ကျွန်တော့်ကိုရအောင်ခေါ်ပေးဖို့ အချက်တစ်ချက်အနေနဲ့ ထည့်ပြီးဆွေးနွေးခဲ့သလား? ဒါမှမဟုတ် အသင်းကိုရောက်ရောက်ချင်းပဲ သူတည် ဆောက်မယ့်အသင်းမှာ ကျွန်တော့်ကိုရအောင်ခေါ်ဖို့ ပြောခဲ့သလား? ဘယ်ဟာက အမှန်ဆိုတာ ဘယ်သူသိနိုင်မှာလဲ..??