၂၀၀၆- ၀၇ ဘောလုံးရာသီမစခင် နွေရာသီကာလဟာ နည်းနည်းတော့ ထူးဆန်းပါတယ်..။ အိုင်ဗရီကို့စ်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲကို ပထမဆုံးအကြိမ် အောင်မြင်ခဲ့တာကြောင့် ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ကျွန်တော်တို့ ပါဝင်၊ ယှဉ်ပြိုင်ခွင့်ရခဲ့ ပါတယ်..။ အရမ်းကို မျှော်လင့်ထားခဲ့ပေမယ့် ကျွန်တော်တို့အသင်း ကံမကောင်း၊ အကြောင်းမလှ ဖြစ်ခဲ့တာကြောင့် ပြိုင်ပွဲပြီးကာလမှာ အတော်လေးစိတ်ပျက်ခဲ့ရပါတယ်..။ ဒါပေမယ့် အချိန်အတော်ကြာတဲ့အထိ စိတ်အလိုမကျ ဖြစ်နေဆဲဆိုတာ သတိထားမိလိုက်ပါတယ်..။ ဘာကိုအလိုမကျသလဲ ဆိုတာကို အဲဒီအချိန်က သေသေချာချာ မသိခဲ့ပါဘူး..။
ဒီလိုနဲ့ ချယ်လ်ဆီးအသင်းကို ပြန်ရပါတော့မယ်..။ ဟိုဆေး မော်ရင်ဟိုဟာ အသင်းမှာ ကျွန်တော့်ဘက်က အမြဲတမ်းထောက်ခံ၊ အားပေးနေတဲ့သူ တစ်ယောက်ပါ…။ ဒါ့အပြင် အသင်း ဖော်တွေအကြောင်းကိုလည်း တဖြည်းဖြည်းကျွန်တော်သိလာပါပြီ.။ အသင်းမှာ ကစားရ တာလည်း ပိုပြီးအထာကျလာပါပြီ..။ ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း သွင်းဂိုး (၁၆) ဂိုးအထိ သွင်းနိုင်ခဲ့တာဟာ အတန်အသင့်တော့ ကျေနပ်စရာပါ..။ အသင်းဖော်တွေထဲမှာ ကျွန်တော့်ထက်ပိုပြီး သွင်းဂိုးများတဲ့ သူဆိုလို့ ဖရန့် လမ်းပတ် (သွင်းဂိုး ၂၀) ပဲ ရှိပါတယ်..။ ဖရန့်တစ်ယောက် ကျွန်တော့်ထက်ပို ဂိုးသွင်းနိုင်တာကို ချီးကျူးပါတယ်။ ဒါပေမယ့်ဒီထက်ပိုပြီး သွင်းဂိုးတွေ ရသင့်တယ်လို့ ယူဆပြီး အားမလို၊ အားမရ ဖြစ်မိခဲ့ပါတယ်..။ ကစားခွင့်သာ ဒီထက်ပိုရခဲ့မယ်ဆိုရင် သွင်းဂိုးတွေ ပိုပြီးရနိုင်ပါတယ်..။ ဒါကတစ်ကြောင်းပေါ့..။
နောက်ပြီးကွင်းပြင်ပမှာတော့ မီဒီယာတွေနဲ့ ချယ်လ်ဆီး ပရိသတ်တစ်ချို့ဟာ ကျွန်တော့်ရဲ့ကစားပုံအပေါ် ဝေဖန်မှုတွေ ရှိနေဆဲပါ..။ ဒီလိုအကြောင်းတွေ ကြောင့် ကျွန်တော်ဟာ အသင်းအပေါ် စိတ်အလိုမကျ ဖြစ်ခဲ့ရပြီး အကျိုးဆက်အနေနဲ့ ပြောင်းချင်၊ ရွှေ့ချင်တဲ့စိတ်ဝင်၊ မတည်မငြိမ် ဖြစ်လာခဲ့တာပါ...။ အခုလိုဂယောက်ဂယက် အနေအထားကနေ တည်ငြိမ်အောင် လမ်းပြပေးနိုင်မယ့်သူက တစ်ဦးပဲ ရှိနိုင်ပါတယ်။ ဟုတ်ပါတယ်.. မော်ရင်ဟိုပါ..။ မန်နေဂျာဟာ ကျွန်တော့်အတွက် အလွန်အားကိုးရတဲ့သူပါ..။ သူ့အပြင်နောက်ထပ်တစ်ယောက် ရှိဦးမယ်ဆိုရင်တော့ ဖရန့် လမ်းပတ် ပါ..။ သူရဲ့အားပေးမှုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတစ်ဝက် လောက်ကတည်းက အသင်းပြောင်းဖို့ စဉ်းစားနေတဲ့ ကျွန်တော့်ရဲ့စိတ်တွေကို တမဟုတ်ချင်း ချုပ်ငြိမ်းသွားစေခဲ့ပါတယ်.။ တစ်ကယ်လို့ နွေရာသီနေ့တစ်နေ့မှာ သူပို့လိုက်တဲ့ မက်ဆေ့ချ် တစ်စောင်ကိုသာ မရခဲ့ဘူးဆိုရင် အခုအချိန် ကျွန်တော်ဘယ်သောင်၊ ဘယ်ကမ်းဆီကို ရောက်နေပြီလဲ ပြောနိုင်မှာ မဟုတ်ပါဘူး..။
ကမ္ဘာ့ဖလားပြိုင်ပွဲပြီးလို့ သိပ်မကြာသေးပါဘူး..၊ ကျွန်တော်ဟာ မိသားစုနဲ့အတူ မာရာ ကက်ရှ်ကို အားလပ်ရက်ခရီးတိုလေး ထွက်နေပါတယ်.။ အဲဒီအချိန်မှာ လမ်းပတ်ဆီက မက်ဆေ့ချ် တစ်စောင် ရောက်လာပါတယ်.။ ပြီးခဲ့တဲ့နှစ်ရာသီလုံးလုံး သူ့ဆီက ဒီလိုစာပို့တာမျိုး တစ်ခါမှ မရဖူးတာမို့ ဒီမက်ဆေ့ချ်ဟာ ကျွန်တော့်အတွက် ထူးဆန်းနေပါတယ်..။ သိချင်စိတ်အပြည့်နဲ့ ဖတ်ကြည့်ပြီးချိန်ကစပြီး ဒီနေ့အထိ မက်ဆေ့ချ်ထဲက စာသားတွေကို တစ်လုံးမကျန် မှတ်မိနေတုန်းပါ..။
“Hi! ဒီဒီယာရေ.. မင်းဒီမှာဆက်နေဦးမယ်လို့ ငါမျှော်လင့်နေတယ်..၊ ဘာလို့ဒီလိုပြောရလဲဆိုရင် ပရီးမီးယားလိဂ်ကို ထပ်ရဖို့ ငါတို့အတူတူ ကြိုးစားရဦးမယ်..၊ ပြီးရင်ချန်ပီယံလိဂ်ပေါ့..။”
ဖုန်းကိုအကြာကြီး ကျွန်တော်ဆက်ငေးကြည့်နေပါတယ်..။ ဖရန့်ဟာ စကားများကြီး ပြောတတ် တဲ့သူ မဟုတ်ပါဘူး.။ သူဟာလူအေးတစ်ယောက်..၊ ဒါပေမယ့် ခေါင်းဆောင်ကောင်း တစ်ယောက် ပါ..။ သူဟာအပြောနဲ့မဟုတ်ပဲ သွင်းဂိုးတွေနဲ့၊ ခြေစွမ်းတွေနဲ့ သက်သေပြတဲ့ လူစားမျိုးပါ..။ JT နဲ့သူဟာ အသင်းမှာဘော့စ်တွေပါ..။ သူတို့နှစ်ယောက်..၊ ပြီးရင် ပီတာ ချက်.. သူတို့နဲ့ ကျွန်တော့်ကြားက ဆက်ဆံရေးဟာ အလွန်ထူးခြားပါတယ်…။ ဒီလိုရင်းနှီးမှုတွေရှိတယ် ဆိုပေမယ့် ကျွန်တော့်ရဲ့အခြေအနေ၊ ဘာတွေကို စဉ်းစားနေတယ်ဆိုတာ တစ်ခါမှမတိုင်ပင်ခဲ့ဖူးပါဘူး..။ ကျွန်တော့်ရဲ့ အနေအထားကို သူကောင်းကောင်း နားလည်နေလို့ ဒီလိုစာပို့လိုက်တာ ဖြစ်ပါမယ်..။ သူသိနေတယ်.။
ကျွန်တော့်အတွက်တော့ သူ့ဆီက အဲဒီမက်ဆေ့ချ်လေးဟာ အင်မတန်မှအဖိုးတန်ပါတယ်..။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကို အသင်းက လိုအပ်နေသေးတယ်ဆိုတဲ့ သက်သေလေး ဖြစ်နေတာကြောင့်ပါ..။ အသင်းအတွက် လိုအပ်နေဆဲဖြစ်တယ်ဆိုတာ ကောင်းကောင်းသိလိုက်ရတော့ နွေရာသီတစ်ခုလုံး မတင်မကျ ဖြစ်နေတဲ့ကိစ္စဟာ မီးခိုးငွေ့လို တမဟုတ်ချင်း ပျောက်ကွယ်သွားခဲ့ပါတယ်..။ သူပို့လိုက်တဲ့ မက်ဆေ့ချ်လေးကို ဘယ်လောက်ထိအောင် တန်ဖိုးထားလဲဆိုရင် သူ့ဆီက စာရလိုက်တဲ့အချိန်ကစပြီး အဲဒီဖုန်းလေးကို ဘာမှဆက်မသုံးတော့ပဲ သိမ်းထားလိုက်တဲ့အထိပါပဲ…။ အဓိကကတော့ ဒီမက်ဆေ့ချ်လေးကို အမှတ်တရ သိမ်းထားချင်တဲ့အတွက့် ဖြစ်ပါ တယ်..။ ဒီအကြောင်းကို အချိန်အတော်ကြာတဲ့အထိ ဘယ်သူ့ကိုမှ ပြောမပြခဲ့ပါဘူး..။
အဲဒီနေ့ကစပြီး ယုံကြည်မှုတွေ အပြည့်ရလာာတကြောင့် ကျွန်တော်ဟာ နှောင်ကြိုး လွှတ်လိုက်တဲ့ မြင်းတစ်ကောင်လို ဖြစ်သွားခဲ့ပါတယ်..။ ရာသီစကတည်းက ခြေစွမ်းပြ၊ဂိုးတွေ ဆက်တိုက်သွင်းလာခဲ့တာ ရာသီပြီးဆုံးချိန်မှာတော့ ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံးသွင်းနိုင်တဲ့ တိုက်စစ်မှူးအဖြစ် ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့် အဲဒီနေ့ဟာ မွန်းကျပ်နေတဲ့ကျွန်တော့်ရဲ့စိတ်တွေကို လှောင်ချိုင့်တံခါး ဖွင့်လှစ်ပေးနိုင်ခဲ့တဲ့နေ့ရက်လည်း ဖြစ်ခဲ့ပါတယ်.။ တခြားသူတွေက ကျွန်တော့်ကိုတန်ဖိုထားတယ်၊ ချစ်ခင်တယ်၊ လိုအပ်နေတယ်ဆိုတာ သိရှိနေခြင်းဟာ ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်တဲ့ စိတ်ဓါတ်ခွန်အား..၊ ဆေးတစ်ခွက်ပဲ ဖြစ်ပါတယ်..။
ဒီလိုမမြင်နိုင်တဲ့နှောင်ဖွဲ့မှု၊ ချစ်ခြင်းတရားတွေဟာ အသင်းတစ်သင်းက ကစားသမား တွေရဲ့ အောင်မြင်မှု၊ ကျရှုံးမှုအပေါ် အများကြီးသက်ရောက်မှုရှိပါတယ်..။ တစ်ချို့လူတွေက ကစားသမားဆိုတာ ကိုယ်တာဝန်ကျတဲ့အတိုင်း အာရုံစိုက်ပြီး ကစား၊ ကျန်တာတွေကို ဂရုမစိုက်နဲ့လို့ ပြောကြပါတယ်..။ ဒါပေမယ့် တစ်ကယ်တမ်း အဲဒီလိုလုပ်ဖို့ဆိုတာ သိပ်တော့မလွယ်လှပါဘူး.. အထူးသဖြင့် ကျွန်တော့်အတွက်ဆို ပိုလို့တောင် မဖြစ်နိုင်ပါဘူး.။ ဘောလုံးကစားနည်းဆိုတာဟာ စိတ်ခံစားမှုအပြည့်နဲ့ ကစားရတဲ့ အားကစားနည်းတစ်မျိုး ဖြစ်ပါတယ်..။ နောက်ပြီး ဘောလုံးသမား ဟာ “စက်ရုပ်” မဟုတ်ပါဘူး..။ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုတွေ၊ ကျွန်တော်တို့ရဲ့ဘဝ၊ ပတ်ဝန်း ကျင်က ရိုက်ခတ်မှုတွေကို ကွင်းအတွင်းကခြေစွမ်းနဲ့ သပ်သပ်စီခွဲထုတ်လိုက်ဖို့ဆိုတာ မလွယ်ကူ နိုင်ပါဘူး..။ အထူးသဖြင့် ကျွန်တော့် အတွက်ဆို လုံးဝကို မဖြစ်နိုင်ပါဘူး.။
အဲဒီနှစ်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ချယ်လ်ဆီးအသင်းဟာ အတော် လေးကို အလုပ်ရှုပ်ခဲ့ပါတယ်..။ ဟာနန် ခရက်စ်ပို နောက်တစ်ကြိမ် အဌားထွက်ပြန်တယ်..၊ အေစီ မီလန်က အင်ဒရေ ရှက်ဗ်ချန်ကို အသင်းကိုရောက်လာတယ်..။ ဘေယန် မြူးနစ်က မိုက်ကယ် ဘောလက်၊ ဖီယင်နုက ဆော်လမွန် ကာလူး၊ နော်ဝေနိုင်ငံ လင်း အော်စလိုအသင်းက ဂျွန် အိုဘီ မီခေးလ်စတဲ့ နာမည်ကျော် ကစားသမားတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ပါတယ်.။ အာဆင်နယ်က အက်ရှ်လေ ကိုးလ်ရောက်လာပြီး ကျွန်တော်ရဲ့သူငယ်ချင်း ဝီလီယမ် ဂါးလက်စ်က အမြောက်ကြီးများဆီကို ပြန်ရောက်သွားပါတယ်..။ အက်ရှ်လေ ကိုးလ်ဟာ အသင်းအတွက် အကျိုးအများကြီး ဖြစ်ထွန်းစေခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့် ဝီလီယမ် ဂါးလက်စ်ကို ဆုံးရှုံးလိုက်ခြင်းကို ဝမ်းနည်းခံစားလိုက်ရပါတယ်..။ အထူးသဖြင့် သူနဲ့အင်မတန်ရင်းနှီးတဲ့ ကျွန်တော့်အတွက် ခံစားရဆိုးခဲ့ပါတယ်..။
အသင်းကိုရောက်လာတဲ့ အင်ဒရေ ရှက်ဗ်ချန်ကိုမှာ လေးစားစရာ သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်…။ ယူကရိန်းအသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပြီး ကွာတားဖိုင်နယ်အဆင့်ရောက်အောင် ဦးဆောင်နိုင်ခဲ့တယ်.။ ဒါ့အပြင် စီးရီးအေရဲ့ ရာသီအလိုက် ဂိုးသွင်း အများဆုံး ကစားသမားဆုနှစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလား၊ ၂၀၀၄ ခုနှစ်အတွက် ဥရောပ အကောင်း ဆုံး ကစားသမားဆု၊ စတဲ့တစ်ဦးချင်းအောင်မြင်မှု အများအပြားကို ဆွတ်ခူးနိုင်ခဲ့တဲ့သူပါ..။ ရာသီမစခင်ပြုလုပ်တဲ့ အသင်းအစည်းအဝေးမှာ ဟိုဆေး မော်ရင်ဟိုက
“ဒီဒီယာ.. ငါဟာ ၄- ၃- ၃ ကစားကွက်ကို သဘောကျသူဆိုတာ မင်းသိပါတယ်..။ ဒါပေမယ့် မင်းနဲ့ရှက်ဗ်ချန်ကို နှစ်ယောက် စလုံးကို ရှေ့တင်ပြီး ၄- ၄- ၂ ပုံစံ ငါတို့ပြောင်းကစားရလိမ့်မယ်..။ အရင်ဆုံး အဆင် ပြေ၊ မပြေ စမ်းကြည့်ကြတာပေါ့..၊ အလုပ်မဖြစ်ရင် အထောင်တိုက်စစ်မှူးတင်ကစားတဲ့ ပုံစံဟောင်းကို ပြန်ပြောင်းကြမယ်..။” တစ်ကယ်တမ်းမှာလည်း တိုက်စစ်မှူးနှစ်ယောက်နဲ့ ကစားကွက်ဟာ ကျွန် တော့်အတွက် ပိုပြီးအဆင်ပြေပါတယ်..။ ဒါ့ကြောင့် ရာသီစကတည်းက ကျွန်တော် ဂိုးတွေ ဆက်တိုက် သွင်းပေးနိုင်ခဲ့ပါတယ်..။
တစ်ဖက်ကလည်း ပရိသတ်နဲ့ကျွန်တော့်ကြားက ဆက်ဆံရေးဟာ ပိုပြီးကောင်းလာ တယ်လို့ ခံစားရလာပါတယ်..။ အင်္ဂလိပ်စကားပြော ပိုပြီးတိုးတက်လာတာမို့ ပျက်လုံးတွေ၊ ရယ်စရာတွေတောင် ပြောတတ်၊ ဆိုတတ်လာပါပြီ..။ ကျွန်တော့်ရဲ့ ယုံကြည်မှုကို အဆုံးထိ ဖြည့်စည်းပေး ခဲ့တဲ့အချက်ကတော့ အကျီကျောနံပါတ် “၁၁” ကို ရလိုက်တာပါပဲ..။
တစ်ဖက်ကလည်း ရှက်ဗ်ချန်ကိုဆီကနေ ကျွန်တော်အများကြီး သင်ယူခဲ့ရပါတယ်..။ သူဟာခင်မင်ဖို့ကောင်းတဲ့ သူတစ်ယောက်ဖြစ်ပြီး အရှက်အကြောက်ကြီးပါတယ်..။ တစ်ချိန်က သူ့ကိုအရမ်းကြိုက်ခဲ့တဲ့ ပရိသတ်တစ်ယောက်ဖြစ်ခဲ့ပြီး အခုအချိန်မှာ အသင်းဖော်အဖြစ် တွဲဖက်ကစားရမယ်ဆိုတာ အရမ်းကိုထူးဆန်းနေသလိုပါပဲ..။ သူ့အတွက် ဝမ်းနည်းစရာ ကောင်းတဲ့အချက်က ဒီကိုရောက်လာတဲ့အချိန်မှာ ဒဏ်ရာအကင်းမသေသေးတာကြောင့် အကောင်းဆုံးခြေစွမ်း မရနိုင်ပဲ ဖြစ်နေတာပါ.။ အသင်းအတွက် အရေးကြီးတဲ့ သွင်းဂိုးတစ်ချို့ကို သွင်းပေးနိုင်ခဲ့ပေမယ့် အများမျှော်မှန်းထားတဲ့ ခြေစွမ်းမျိုးကို မရခဲ့ပါဘူး...။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက် တွဲကစား ရတာ အဆင်ပြေသလို ကွင်းပြင်ပမှာလည်း မိတ်ဆွေကောင်းအဖြစ် ရင်းနှီးခဲ့ပါတယ်..။
ဒီနှစ်မှာတော့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်လည်း တစ်ခါတစ်လေ လာလည်တတ်ပါတယ်..။ သူရောက်လာပြီးဆိုရင် အသင်းလေ့ကျင့်ခန်း ဆင်းတဲ့နေရာတို့၊ အဝတ်လဲခန်းတို့ကို ကြည့်ရှုတတ်ပါတယ်.။ သူကလည်း အလွန်ရှက်တတ်ပြီး အနေအထိုင် အေးဆေးပါတယ်..။ များသောအားဖြင့် လာလည်တဲ့အခါတိုင်း ကျွန်တော်တို့ကို လက်ဆွဲနှုတ်ဆက်၊ စကားအနည်းငယ် ပြောဆိုပြီးပြန်တာ များပါတယ်.။ သူ့ရဲ့အသင်း၊ ရလဒ်တွေအပေါ် ဘယ်လောက် ကျေနပ်သလဲဆိုတာ သူ့ရဲ့မျက်နှာကိုကြည့်လိုက်ရုံနဲ့ သိနိုင်ပါတယ်.။ ဒါ့အပြင် ဒီနေရာကို သူ့ပိုင်တဲ့ နေရာအဖြစ် သူ့ရဲ့အရှိန်အဝါကို လုံးဝအသုံးပြုလေ့ မရှိပါဘူး..။
၂၀၀၆- ၀၇ ဘောလုံးရာသီဟာ ကျွန်တော့်အတွက် အကောင်းဆုံးသော ရာသီအဖွင့် ကာလ ဖြစ်ခဲ့ပါတယ်..။ ပထမဆုံးငါးပွဲမှာ ငါးဂိုး..၊ ခုနှစ်ပွဲမှာ ခြောက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်..။ အသင်းလိုက်ဆိုရင်တော့ ဘောလုံးရာသီ တဖြည်းဖြည်းကြာလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ အဓိက ပြိုင်ဘက်ဟာ မန်ချက်စတာ ယူနိုက်တက် ဖြစ်မယ်ဆိုတာ သိသာလာပါတယ်.။ တစ်ရာသီလုံး အနေနဲ့ဆိုရင် ကျွန်တော်တို့ရဲ့ ကစားပုံ၊ ရလဒ်ပိုင်းတွေ အဆိုးဝါးကြီး မဟုတ်ခဲ့ပါဘူး.။ ဒါပေမယ့် နောက်ဆုံးပန်းဝင်တဲ့ကာလမှာ အကောင်းဆုံးအနေအထား မရခဲ့တာကြောင့် ချန်ပီယံသရဖူဆုကို စွန့်လွှတ်လိုက်ရပါတယ်..။ တစ်ရာသီလုံးချုပ်ကြည့်ရင် ကျွန်တော်တို့က နိုင်ပွဲ (၂၄) ပွဲ၊ မန်ချက် စတာ ယူနိုက်တက်က အနိုင်ပွဲ (၂၈) ပွဲ ရရှိခဲ့တယ်.။ ကျွန်တော်တို့ သရေပွဲ (၁၁) ပွဲအထိ ရှိခဲ့တဲ့ အချိန်ှမှာ မန်ယူအသင်းဟာ (၅) ပွဲပဲ သရေကျခဲ့ပါတယ်..။ အဲဒီလို နိုင်သင့်တဲ့ပွဲတွေ သရေကျပြီး အမှတ်လျော့ခဲ့တာကြောင့် သရဖူလက်လွှဲပေးရခြင်းပဲ ဖြစ်ပါတယ်..။ တစ်ဖက်က ရှုံးထွက် ဖလားပွဲ တွေမှာတော့ ဒီလိုမဟုတ်ခဲ့ပါဘူး. ကျွန်တော်တို့ ပထမဆုံး ယှဉ်ပြိုင်ရတဲ့ ဗိုလ်လုပွဲကတော့ ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဆင်နယ်အသင်းနဲ့ ကစားရမယ့် ကားလင်း ဖလား ဗိုလ်လုပွဲ ဖြစ်ပါတယ်။ ဒီနှစ်ဟာ ကာဒစ်ဖ်မြို့ Millenium အားကစားကွင်းကြီးမှာ နောက်ဆုံးအကြိမ်အဖြစ် ကစားမယ့်ပွဲလည်း ဖြစ်ပါတယ်..။
ဒီပွဲမတိုင်ခင် အားလုံးစိတ်ဝင်စားနေတာက အာစင် ဝင်းဂါးအနေနဲ့ ပြိုင်ပွဲတစ်လျှောက် လုံး ကစားခဲ့တဲ့ လူငယ်ကစားသမားတွေကိုပဲ ပွဲထွက်လူစာရင်းမှာ ဆက်ပြီးအသုံးပြု၊ မပြု ဆိုတာပါ..။ သူကချယ်လ်ဆီးအသင်းရဲ့ သမ္ဘာ၊ အတွေ့အကြုံ၊ ခွန်အားတွေကို တစ်ဦးချင်းလျှင်မြန်မှု၊ အသင်းလိုက် လှုပ်ရှားမှုတွေနဲ့ ရင်ဆိုင်မယ်လို့ ဒီပွဲမစခင် ကြိုပြောခဲ့ပါတယ်..။ အဲဒီအချိန်က သူ့အသင်းရဲ့ တစ်ဦးချင်း ပျမ်းမျှအသက်ဟာ (၂၁) နှစ်ပဲ ရှိပါတယ်..။ သီယို ဝဲလ်ကော့ဆိုရင် (၁၇) နှစ်၊ အဘူ ဒီယာဘီက (၂၀)၊ ဆက်စ် ဖာဘရီဂတ်စ်က (၁၉) နှစ်စီ အသီးသီးပဲ ရှိကြပါသေးတယ်..။ ပွဲထွက်လူစာရင်း ကြေငြာတော့ ဝါရင့်ကစားသမားဆိုလို့ ကိုလို တိုရေး၊ ဖိလစ်ပီ ဆန်းဒရို့စ်တို့ပဲ ပါ ဝင်ပါတယ်။ သီယာရီ အွန်နရီ၊ ဝီလီယမ် ဂါးလက်စ်တို့ဆို အရန်လူစာရင်းမှာတောင် မပါပါဘူး..။ ကျွန်တော်တို့ ပွဲထွက်လူစာရင်းက သူတို့နဲ့ ဆန့်ကျင်ဘက်ပါ..။ ပုံမှန်ကစားနေကျ လူစာရင်းအတိုင်း ပွဲထွက်ခဲ့ပြီး အတွေ့အကြုံရင့်၊ မာကျောတဲ့ ကစားသမားတွေပဲ ပါဝင်ပါတယ်..။ အဲဒီနေ့ မတိုင်ခင် ကျွန်တော်တို့ အချင်းချင်း “ဒီချာတိတ်တွေကို ရှုံးလို့တော့ မဖြစ်ဘူးနော.” လို့ ပြောဆို၊ သတိပေး နေကြပါတယ်..။ ဒီပွဲဟာ ကျွန်တော်တို့ရဲ့ ယုံကြည်မှုအတွက် အရမ်းအရေးကြီးပါတယ်..။ ဒီပွဲရှုံးရင် နောက်ပိုင်းမှာ ပြိုလဲသွားနိုင်တယ်..၊ ဒါ့ကြောင့်မရှုံးစေရဘူးလို့ ကျွန်တော်တို့ သံဌိဌာန် ချထား လိုက်ကြပါတယ်..။
ပွဲစစချင်းမှာ သူတို့အသင်းရဲ့ ကစားပုံကြောင့် ကျွန်တော်တို့ အံ့အားသင့်ခဲ့ရပါတယ်..။ တစ်ကွင်းလုံး သူတို့လူတွေနဲ့ပဲ ပြည့်နေသလိုပါပဲ..။ အခွင့်အရေးတွေလည်း အများကြီး ရခဲ့ပါတယ်။ ကျွန်တော်တို့ ဘောလုံးကောင်းကောင်းတောင် ကိုင်လို့မရ ဖြစ်နေပါတယ်..။ (၁၂) မိနစ်မှာတော့ သီယို ဝဲလ်ကော့ဟာ အဖွင့်ဂိုး သွင်းနိုင်လိုက်ပါတယ်. အာဆင်နယ်အသင်းအတွက် သူ့ရဲ့ပထမဆုံး ဂိုး ဖြစ်ခဲ့သလို သူတို့ပရိသတ်တွေ အရမ်းကိုပျော်မြူးကုန်ကြပါတယ်..။ ကျွန်တော်တို့အားလုံး မယုံနိုင်အောင်လည်း ဖြစ်ခဲ့ရပါတယ်..။ ဒီအတိုင်းဆို အခြေအနေသိပ်မကောင်းဘူး..၊ မိနစ်နှစ်ဆယ် လောက်အထိ ကျွန်တော်ဆို ဘောလုံးတစ်ချက်မှ မထိလိုက်သလိုပါပဲ..။ ဒီလိုနဲ့ ရုတ်ခြည်းဆိုသလို မိုက်ကယ် ဘောလက်က ပင်နယ်တီဧရိယာရဲ့ ညာဘက်ကို အသာလေး မျော၊ ချပေးလိုက်ပေး လိုက်တယ်..၊ နောက်ခံလူတွေကိုကျော်ဖြတ်ပြီး ကျွန်တော်ထောင့်ဖြတ်ကန်သွင်းလိုက်ရာမှာ ဂိုးသမား အယ်လ်မူနီးယား မမှီနိုင်ခဲ့တာကြောင့် ချေပဂိုးရခဲ့ပါတယ်..။ ဒီချေပဂိုးဟာ နှစ်သင်းကြားက ချိန်ခွင်လျှာအပြောင်းအလဲကို အစပြုလိုက်နိုင်တယ်ဆိုတာ အားလုံးက သိလိုက်ပါပြီ..။
တဖြည်းဖြည်းနဲ့ ပွဲချိန်ကြာလာလေလေ ကျွန်တော်တို့ပဲ ပွဲကိုစိုးမိုးနိုင်လာလေလေ ဖြစ်ပါတယ်..။ ကွင်းလယ်ကိုလည်း ကျွန်တော်တို့ရဲ့ သမ္ဘာ၊ မာကျောမှုတွေနဲ့ ပွဲကို ထိန်းချုပ်၊ ကစားနိုင်ခဲ့ပါတယ်…။ ဒုတိယပိုင်း တစ်ဝက်လောက် ရောက်တဲ့အချိန်မှာတော့ ခါးဖြတ်ဘောတစ်လုံးကိုရှင်းရင်းနဲ့ အဘူ ဒီယာဘီတစ်ယောက် ဂျွန် တယ်ရီရဲ့ခေါင်းကို မတော်တဆ ကန်မိပါတယ်..။ ဘာပဲပြောပြော ဒီမတော်တဆဖြစ်ရပ်ဟာ ဆိုးဝါးတယ်ဆိုတာ မြင်မြင်ချင်းသိလိုက်ရပါတယ်..။ ဖြစ်ဖြစ်ချင်း တယ်ရီဟာ သတိမေ့သွားခဲ့ပြီး ဆေးရုံချက်ချင်းပို့လိုက်ရပါတယ်..။ သူ့ရဲ့အခြေအနေ ဘယ်လောက်ဆိုးနိုင်မလဲဆိုတာ ချက်ချင်းကျွန်တော်တို့ မသိနိုင်တာကြောင့် အသင်းခေါင်းဆောင် အတွက် ဒီဖလားကြီးကို ရမှကိုဖြစ်မယ်ဆိုတဲ့ စိတ်တွေတဖွားဖွားဖြစ်လာပါတယ်..။
နောက်ဆုံးမှာတော့ ကြိုးစားမှုတွေ အရာထင်လာပါပြီ..။ (၈၄) မိနစ်အရောက်မှာ တန်ပြန်တိုက်စစ်ကနေ မိုက်ကယ် အက်ဆီယန်ဘောလုံးရပြီး ဘယ်တောင်ပံက အာဂျင် ရော်ဘင် ကို ထိုးပေးလိုက်တယ်..၊ သူကပင်နယ်တီဧရိယာထဲကို ခပ်ဝိုက်ဝိုက်လေး ‘မ’ တင်ပေးလိုက်ပါတယ်။ သူဆီက ဘောလုံးထွက်လာလိမ့်မယ်လို့ ကြိုပြိးမျှော်လင့်ထားတာကြောင့် လူကပ်ထားတဲ့ ဆန်းဒရို့စ်ကို အသာဖြတ်ထွက်ပြီး ခေါင်းတိုက်သွင်းယူလိုက်ပါတယ်..။ လှပသလို စိတ်လည်း ကျေနပ်စရာ ကောင်းလှတဲ့ အဆုံးအဖြတ် အနိုင်ဂိုးပါ.။ ၂ဂိုး၊ ၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အဆုံးအဖြတ် နှစ်ဂိုးစလုံးကို ကျွန်တော်တစ်ဦးတည်း သွင်းယူပေးနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် ဒုတိယအနိုင်ဂိုးဟာ အာဆင်နယ်အသင်းဘက်ကို သွင်းသမျှဂိုးတွေထဲမှာ ကျွန်တော့်ရဲ့အကြိုက်ဆုံးဂိုးပါပဲ..။ ဒီဂိုးအကြောင်း ပြန်တွေးလိုက်တိုင်းလည်း အမြဲကြည်နူးခဲ့ရပါတယ်..။ ဂိုးသွင်းလို့အပြီး အောင်ပွဲခံတဲ့အချိန် လက်ချောင်းတွေနဲ့ လေထဲမှာ “၂၆” ပုံရေးဆွဲပြီး အသင်းခေါင်းဆောင်ကို ဂုဏ်ပြုခဲ့ပါတယ်.။ အံ့သြဖို့ကောင်းတာက သူရတဲ့ ဦးခေါင်းဒဏ်ရာ အရမ်းဆိုးဝါးလိမ့်မယ်လို့ အားလုံးက ထင်မှတ်ထား ပေမယ့် ဆေးရုံကနေ သူ့ဖာသာ ခွင့်တောင်းဆင်းလာပြီး ကစားကွင်းထဲမှာ ကျွန်တော်တို့နဲ့အတူ အောင်ပွဲခံခဲ့ပါတယ်..။ တစ်ကယ့်ကို မာကျောတဲ့ “JT” ပါ..။
မဟာပြိုင်ဘက်ကြီး မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် FA ဖလား၊ ဗိုလ်လုပွဲဟာလည်း ကျွန်တော်တို့အတွက် ရှုံးလို့မဖြစ်တဲ့နောက်တစ်ပွဲပါ..။ FA ဖလား၊ ဗိုလ်လုပွဲ မတိုင်ခင် နှစ်ပါတ်မှာ သူတို့ကို ပရီးမီးယားလိဂ် သရဖူလွှဲပေးလိုက်ရပါပြီ..၊ နောက်ပြီးအခု ဗိုလ်လုပွဲဟာ ဝင်ဘလေကွင်းသစ်ကြီးမှာ ပထမဆုံး ယှဉ်ပြိုင်မယ့် ဗိုလ်လုပွဲလည်း ဖြစ်ပါတယ်..။ ကလေးဘဝကတည်းက အဲဒီဝင်ဘလေကွင်းကြီး မြက်ခင်းစိမ်းထက်မှာ ခြေချဖူးဖို့ အိပ်မက်ရှိခဲ့ဖူးပါတယ်..။ ဒါ့ကြောင့်သိပ်ကိုလှပ၊ ခန့်ညားတဲ့ ကစားကွင်းသစ်ကြီးကို တွေ့လိုက်ရချိန်မှာ ဒီလိုကစားကွင်းကြီး အတွင်းမှာ ကစားခွင့်ရခဲ့တာ သိပ်ကိုထူးခြားမှန်း နားလည်ခဲ့ပါတယ်..။ ပွဲမစခင် ကွင်းထဲကို ရောက်တဲ့အချိန် အသင်းဖော်တွေကို တစ်ခုခု ပြောသင့်တယ်လို့ ခံစားမိပါတယ်..။ သူတို့လည်း အံ့သြသွားကြပါမယ်..၊ စက္ကန့်ပိုင်းအတွင်း ပွဲစပါတော့မယ်..။
“ငါမင်းတို့ကို တစ်ခုပြောချင်တယ်..။ မင်းတို့တော့ မသိဘူး..၊ ငါတော့အရမ်းကို စိတ်လှုပ်ရှားနေတယ်..၊ ကြောက်စိတ်လည်း ဝင်နေတယ်..၊ ဒီလိုခံစားနေရတာ ထူးဆန်းတယ်လို့ ပြောနိုင်မလား မဆိုနိုင်ဘူး..၊ ကြောက်နေတာတော့ အမှန်ပဲ.။ ဒါပေမယ့် တစ်ခုတော့ ပြောခဲ့မယ်..၊ ဒီပွဲမှာ ငါအစွမ်းကုန် ပေးဆပ်ကစားခဲ့မယ်..။ အနိုင်ရဖို့အတွက် အစွမ်းကုန် ကြိုးစားကစားမယ် ဆိုတာပါပဲ..။”
စိတ်ထဲက အမှန်တကယ် ခံစားနေရတာကို ပြောပြတာပါ..။ တခြားပွဲတွေနဲ့ မတူပဲ ထူးထူးခြားခြား စိတ်လှုပ်ရှားနေခဲ့ပါတယ်..။ ဝင်ဘလေဆိုတာ ပရိသတ် (၉၀,၀၀၀) ဆန့်တဲ့ အလွန် ကြီးမားတဲ့ ကွင်းတစ်ကွင်းပါ..။ Millennium ကစားကွင်းထက် ပရိသတ် (၂၀,၀၀၀) ကျော် ပိုဆန့်ပါတယ်..။ နောက်ကမ္ဘာကျော် သမိုင်းဝင်ကွင်းတစ်ကွင်းလည်း ဖြစ်နေပါတယ်..။ ကိုယ့်စိတ်ထဲ ခံစားနေရတာကို ပြောပြလိုက်ခြင်းဖြစ်ပေမယ့် အားလုံးရဲ့ကိုယ်စား ခံစားချက်ကို ဖွင့်ထုတ်ပြလိုက်သလို ဖြစ်ခဲ့ပါတယ်…။ ဘာလို့လဲဆိုတော့ ကျွန်တော်အသင်းဖော်တွေအားလုံးဟာလည်း တခြား ပွဲတွေကလို ပုံမှန်အတိုင်း ဖြစ်မနေဘူးဆိုတာ မြင်နေရလို့ပါပဲ..။ သူတို့အားလုံးဟာ ထူးထူးခြားခြား နှုတ်ဆိတ်နေကြပြီး သွားလာ၊ လှုပ်ရှားနေကြပုံတွေဟာ အရင်ပွဲတွေလို မဟုတ်ပါဘူး..။ ဒါ့ကြောင့် တစ်ခုခုတော့ ပြောမှဖြစ်မယ်လို့ စဉ်းစားမိလိုက်တာပါ..။ ပွဲပြီးတဲ့အချိန်မှာတော့ JT ဟာ ကျွန်တော့် လိုပဲ သူတို့လည်း ခံစားနေရတဲ့အကြောင်းကို ဝန်ခံပါတယ်..။ လွန်ခဲ့တဲ့တစ်နှစ်လောက်ကဆိုရင် ဒီလိုမျိုးပြောဖို့အခွင့်အရေး ကျွန်တော်ရမှာ မဟုတ်ပါဘူး..။ အခုတော့ အသင်းဖော်တွေအားလုံး ဟာလည်း ကျွန်တော့်အပေါ် ယုံကြည်မှုရှိတယ်ဆိုတာ သိလိုက်ရပါပြီ..။ သူတို့ကို ကျွန်တော် ယုံကြည်တဲ့အတိုင်း အပြန်အလှန်ပေ့ါဗျာ..။
မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း ကျွန်တော်တို့လိုပဲ ပွဲရှိန်နေပုံ ရပါတယ်..။ ဒါ့ကြောင့်ဒီပွဲဟာ ပွဲကောင်းတစ်ပွဲတော့ မဖြစ်ခဲ့ပါဘူး..။ လူတိုင်းဟာ ဒီဝင်ဘလေ ကွင်းသစ်ကြီးမှာ ပထမဆုံး အနိုင်ပွဲရတဲ့သူတွေ ဖြစ်ချင်နေတာကြောင့် ဖြစ်နိုင်ပါတယ်..။ ဒါ့အပြင် နှစ်နှစ်ဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ဗိုလ်စွဲထားတဲ့အသင်းနဲ့ ဒုတိယရတဲ့အသင်းတို့ တွေ့ဆုံတဲ့ပွဲ ဖြစ်နေတာကြောင့် ဒီပွဲဟာပိုပြီး အရေးပါလာခဲ့ပါတယ်..။ သူတို့ကလည်း တစ်ရာသီအတွင်း ဖလားနှစ်လုံးရတဲ့ အသင်းဖြစ်အောင် ကြိုးစားနေသလို ကျွန်တော်တို့ကလည်း ကားလင်း ဖလားကိုရရှိပြီး ဖြစ်တာကြောင့် အခုဒုတိယမြောက်ဖလားကို အိမ်ပြန်သယ်သွားချင်နေခဲ့တာပါ.။ သာမာန်ပွဲကစားချိန်အတွင်း ဂိုးမသွင်းနိုင်ခဲ့သလို တစ်ဦးကိုတစ်ဦး အသာစီးရအောင်လည်း မကစားနိုင်ခဲ့ပါဘူး။ ဘယ်သူက အနိုင်ဂိုးရလိမ့်မယ်ဆိုတာ ခန့်မှန်းမရနိုင်တဲ့ အခြေအနေမျိုးပါ..။ အချိန်ပို ကစားရင်းနဲ့ ကျွန်တော်ကြွက်တက်ချင်သလို ဖြစ်လာပါတယ်..၊ ဒါနဲ့ကျွန်တော်တစ်ဘက် ဘေးစည်းကို ပြေးသွားပြီး မန်နေဂျာကို ခေါ်ပြောပါတယ်..။ “ခင်ဗျားလူစားလဲဖို့ ပြင်မှဖြစ်မယ်..၊ ကျွန်တော်ဆက်ပြီး မပြေးနိုင်တော့ဘူး..၊ ဒီလောက်ဆို တော်ပါပြီ..။” သူလက်မခံပါဘူး..။
“မဟုတ်ဘူး.၊ မင်းဆက်ပြေးနေဖို့ မလိုဘူး..၊ အဲဒီနေရာမှာသာ စောင့်နေ..၊ မင်းဂိုးရလိမ့်မယ်..၊ ပွဲကိုပဲ အာရုံစိုက်ထားပါ..။ ဘောလုံးတစ်ခါပဲ ရဖို့လိုတာ.. မင်းဂိုးရပါလိမ့်မယ်..”
မန်နေဂျာကိုနားဝင်အောင် မပြောနိုင်တော့တာကြောင့် ဘုရားသခင်ဆီ ကျွန်တော် ဆုပဲတောင်းနေပါတော့တယ်..။ “ထာဝရ ဘုရားသခင်.. ကျွန်တော့်ကိုတစ်ဂိုးပဲ ပေးသနားတော်မူပါ.. တစ်ဂိုးပါပဲ.။” ရုတ်တရက်ဆိုသလိုပဲ ပွဲပြီးခါနီး လေးမိနစ်အလို (၁၁၆) မိနစ်မှာတော့ မီခေးလ်က လမ်းပတ်ကို ဘောလုံးပေးတယ်..၊ လမ်းပတ်က ကျွန်တော့်ကို ပြန်ခင်းလိုက်တယ်..၊ ကျွန်တော်လူတစ်ချက်ကာပြီးကန်လိုက်ပါတယ်.. ဂိုးသမား ဗန်ဒါးဆားကို ကျော်သွားတယ်.. ဂိုး!!! ကျွန်တော်တို့ အနိုင်ရပါပြီ..။ အသင်းရောက်ပြီး သုံးနှစ်အတွင်း မန်ချက်စတာ ယူနိုက်တက်ကို သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးဂိုးပါ..။ ကြိုးစားမှုရဲ့ရလဒ်လို့ ဆိုရမှာပါပဲ..။ ဒါ့အပြင် ဝင်ဘလေကွင်း အသစ်ကြီးရဲ့ ပထမဆုံးဂိုးကို သွင်းယူပေးခဲ့တဲ့သူလည်း ဖြစ်ခဲ့ပါတယ်..။ တစ်ကယ့်ကို ကြီးမားတဲ့ ဆုလာဘ်ကြီးပါ..။ ဒီ FA ဖလား ဗိုလ်လုပွဲဟာ ကျွန်တော့်ဘဝရဲ့ အမှတ်တရအဖြစ်ဆုံး ပွဲတွေထဲမှာ ပါဝင်ပါတယ်..။ ကြွက်တက်တဲ့ အကြောင်းတော့ မပါဘူးပေါ့..။
ပွဲသိမ်းခရာမှုတ်ပြီးချိန်မှာတော့ ဆုဖလားချီးမြှင့်ဖို့ ပြင်ဆင်နေတုန်း ကွင်းထဲမှာ ကျွန်တော်တို့ အောင်ပွဲခံနေပါတယ်..။ ဟိုဆေး မော်ရင်ဟို ပျောက်နေတာကို သတိထားမိ လိုက် တာကြောင့် အဝတ်လဲခန်းအဝင် ဥမင်ထဲကိုဆင်းပြီး သူ့ကိုရှာပါတယ်..။ အဝတ်လဲခန်းထဲမှာ သူ့ဇနီး ဆီကို ဖုန်းဆက်နေတာ တွေ့လိုက်ပါတယ်..။ ကျွန်တော်သူ့ကိုပြောလိုက်တယ်.. ခင်ဗျားကျွန်တော် တို့ဆီကို ထွက်မလာခဲ့ရင် တစ်သင်းလုံး ဖလားတက်မယူတော့ဘူး..၊ “ကျွန်တော်တို့အားလုံး တစ်လှေထဲပါ..၊ ခင်ဗျားကိုယ့်ဖာသာ အပေါ်တက်လာမလား? ကျွန်တော်ထမ်းတင်ရမလား?” လို့ ပြောလိုက်ပါတယ်..။ ကျွန်တော့်အတွက်တော့ သူဟာချယ်လ်ဆီးအသင်း အောင်မြင်မှုတွေရဲ့ ဗဟိုချက်.. အဓိက အရေးအပါဆုံးသူဆိုတာ သံသယရှိစရာ မလိုပါဘူး..။ ဒါ့ကြောင့်ကျွန်တော်တို့ ဆုဖလား လက်ခံယူတဲ့အချိန်မှာ သူရှိကိုရှိနေရပါမယ်..။ ဒီလိုမှမဟုတ်ရင် ဘာမှအဓိပ္ပါယ်မရှိပါဘူး..။
ကားလင်းဖလားအပြီး ဒီ FA နောက်ဆုံးဗိုလ်လုပွဲမှာပါ အဆုံးအဖြတ်အနိုင်ဂိုး သွင်းပေး နိုင်ခဲ့တာကြောင့် ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းရဲ့ ပွဲကြီးပွဲကောင်းမှာ အနိုင်ဂိုးတွေရယူပေးနိုင် တဲ့သူ ဖြစ်ခဲ့ပါပြီ..။ ဒီသွင်းဂိုးတွေဟာ ကျွန်တော့်ကို အသင်း..၊ ပရိသတ်တို့နဲ့ ချစ်ခြင်းတရားကို ပိုမိုခိုင်မြဲစေခဲ့ပါတယ်..။ တစ်ရာသီလုံးအနေနဲ့ဆိုရင်လည်း (၃၂) ဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့် မနှစ်ကထက် နှစ်ဆပိုသွင်းနိုင်ခဲ့တယ် ဆိုရမှာပါ..။ အဲဒီဂိုးတွေထဲမှာ ပရီးမီးယားလိဂ်သွင်းဂိုး (၂၀) လည်း ပါခဲ့တာကြောင့် အဲဒီနှစ်ရဲ့ ရွှေဖိနပ်ဆုကိုရရှိခဲ့ပါတယ်..။ အောင်မြင်မှုတွေ ခညောင်းတဲ့ ဒီရာသီအတွက် “အချိုပေါ်သကာလောင်း”တဲ့ဆုလို့ ပြောရမှာပါ..။ အခုဆိုရင် ချယ်လ်ဆီးအသင်း အတွက် ကျွန်တော့်ဘဝတစ်လျှောက်လုံးကို အပ်နှံလိုက်ပါပြီ..။