feature-image

အခန်း (၁၁) - မန်နေဂျာနှစ်ယောက်နဲ့ ဖလားတစ်လုံး - (၂)

ကျွန်တော်တို့ကလည်း မန်နေဂျာသစ်အတွက် ဆုဖလားတစ်လုံးတော့ရအောင် ဆွတ်ခူးပေးချင်ပါတယ်။ ဒါမှရာသီဒုတိယပိုင်းမှာ ဘယ်လောက်တိုးတက်လာခဲ့သလဲ ပြသနိုင်မှာ ဖြစ်ပါတယ်..။ ဒီလိုစိတ်အားထက်သန်နေမှုတွေကြောင့် ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ဟာ ကျွန်တော်တို့အတွက် အလွန်အမင်းစိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်...။ ကျွန်တော်တို့ဟာ အတွေ့အကြုံရင့် ကစားသမားကောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဥရောပအကောင်း ဆုံးတွေထဲက တစ်သင်းဖြစ်တယ်ဆိုတာ ယုံကြည်ပါတယ်..။ အဝေးကွင်းမှာကစားတဲ့ ပထမ အကျော့ပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့တာကြောင့် ဒုတိယအကျော့ပွဲဟာ ကျွန်တော်တို့အတွက် ဖိအားတွေ များလာခဲ့ရပါတယ်..။ ကျွန်တော်တို့အားလုံးဟာ အောင်ပွဲနဲ့လက်မတင်လေး ကပ်လွဲခဲ့ရတဲ့ မနှစ်က ဗိုလ်လုပွဲအကြောင်းကို မတွေးပဲ မနေနိုင်အောင် ဖြစ်နေရပါတယ်.။ မနှစ်ကရှုံးကြွေးကို ဒီနှစ်မှာတော့ ကျေအောင်ပြန်ဆက်နိုင်ဖို့ လိုအပ်ပါတယ်..။

ဒီပွဲဟာကျွန်တော်တို့ ရည်မှန်းတဲ့အတိုင်း ဖြစ်မလာခဲ့ပေမယ့် အနိုင်ရဖို့ အတော်လေး နီးစပ်ခဲ့ပါတယ်…။ ပွဲစလို့ ဘာမှတောင် မကြာလိုက်ပါဘူး.. ပထမပိုင်း (၉) မိနစ်မှာ မိုက်ကယ် အက်ဆီယန်ရဲ့ ကိုက် (၂၀) အကွာက မြေမကျထူးရှယ်ကန်ချက်ကြောင့် ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ အမြင့်ဆုံးကို ရောက်ခဲ့ပါတယ်..။ ဒီကစလို့ မိနစ် (၈၀) ကျော်အထိ ကျွန်တော်တို့ အသင်းဟာ နောက်ထပ်ဂိုးရဖို့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်..။ ဒီပွဲမှာ ကျွန်တော်တို့အသင်းက သိသိသာသာ ပိုကောင်းပါတယ်။ ဘာစီလိုနာတို့ ဂိုးကန်ချက်တစ်ကြိမ်မှ မရခဲ့ပါဘူး။ (၆၉) မိနစ်မှာ အနယ်လ်ကာကို ဆွဲလှဲတဲ့အတွက် အဘီဒယ်လ် အထုတ်ခံခဲ့ရပါတယ်..။ ကျွန်တော်တို့အတွက် ပိုပြီးအခွင့်သာခဲ့ပြန်ပါပြီ..။ အဘီဒယ်လ်ကိုထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်အဆုံးအဖြတ်ဟာ မှန်ကန်တယ်လို့ တထစ်ချမပြောနိုင်ပါဘူး..၊ ဒီပွဲစဉ်ဟာ ကွင်းလယ်ဒိုင်ရဲ့ ဒွိဟဖြစ်စရာအဆုံးအဖြတ်များကြောင့် နာမည်ကျော်ခဲ့ပါတယ်..။ ပင်နယ်တီပေးလို့ ရနိုင်တဲ့အခွင့်အရေး လေးကြိမ်လောက် ကျွန်တော်တို့ကြုံခဲ့ရပေမယ့် နော်ဝေးကွင်းလယ်ဒိုင် တွမ် ဟန်းနင်း အော့ဘ်ရီးဘိုးက ပယ်ချခဲ့ပါတယ်..။ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တိုင်းဟာ မှားတယ်လို့ကျွန်တော်ထင်ပါတယ်..။

အထင်ရှားဆုံးကတော့ ဂျရတ် ပီကေး ပင်နယ်တီဧရိယာထဲမှာ ဘောလုံးကိုလက်နဲ့ ပုတ်ချလိုက်တာပါ.. သူဒိုင်ဟာ အနီးဆုံးနေရာမှာ ရှိနေပေမယ့် ပွဲကိုဆက်ကစားစေခဲ့ပါတယ်..။ ဘယ်လိုစိတ်ကူးပြိး ပင်နယ်တီမပေးခဲ့မှန်း ကျွန်တော်စဉ်းစားလို့မရနိုင်အောင် ဖြစ်ခဲ့ရပါတယ်..။ အခုပွဲပြီးမှ ပြောတာမဟုတ်ပါဘူး.. ပွဲကစားနေတုန်းမှာလည်း ကျွန်တော်တို့ရသင့်တဲ့အခွင့်အရေးတွေ တစ်ကြိမ်ပြီးတစ်ကြိမ် ပယ်ချခံနေရတဲ့အခါ “ဘာတွေများ ဖြစ်နေတာလဲ.?” လို့တောင် စဉ်းစားမိလာပါတယ်.။ အမှားအယွင်းတစ်ကြိမ်..၊ နှစ်ကြိမ်ဟာ ပြဿနာရှိပေမယ့် အခုလိုပွဲကြီးပွဲကောင်းတစ်ပွဲမှာ လေးကြိမ်လောက် အမှားအယွင်း ဖြစ်နေတာကတော့ ဒိုင်လူကြီးအပေါ်ပဲ မူတည်ပါတယ်..။ သူအနေနဲ့ ခဏတာ ရူးသွပ်သွားလို့ပဲ ဖြစ်နိုင်မှာပါ..။



ပွဲပြီးခါနီး (၁၀) မိနစ်လောက်အလိုမှာ ကျွန်တော့်ကို လူစားလဲပါတယ်..။ ထော့နင်း ထော့နင်းဖြစ်နေပေမယ့် ဆက်ကစားနိုင်သေးမှန်း ကိုယ့်ကိုယ်ကို သိပါတယ်..။ တစ်ကယ်လို့ ကွင်းထဲမှာ ကျွန်တော်ဆက်ရှိနေဦးမယ်ဆိုရင် နောက်ခံလူတွေဖြစ်တဲ့ ပီကေး၊ ဒယ်နီ အဲလ်ဗက်စ်တို့ ရှေ့တက်မလာအောင် ထိန်းထားလို့ ရနိုင်ပါသေးတယ်.။ ဒါပေမယ့် နောက်ကျသွားပါပြီ..။ ဘေးစည်းက လူစားလဲဖို့ နံပါတ်ပြား တက်လာပါတယ်.. ကျွန်တော့်ရဲ့နံပါတ်ပါ.. ကျွန်တော်ကွင်းထဲက ထွက်ရပါတော့မယ်..။ လူစားလဲခံရတာကို အတော်လေးစိတ်ပျက်မိတဲ့အတွက် အဝတ်လဲခန်းထဲကို တန်းဝင်သွားပြီး စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ရပါတယ်..။

ကျွန်တော်ဟာ အယူသည်းတဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး..၊ ဒါပေမယ့် ဆိုးဆိုးဝါးဝါးတစ်ခုခုတော့ ဖြစ်တော့မယ်ဆိုတာ စိတ်ထဲကသိနေပါတယ်..။ အဝတ်လဲခန်းထဲကနေ ပြန်တက်လာပြီး ပွဲပြီးခါနီး နောက်ဆုံးမိနစ်ပိုင်းတွေကို အရန်ခုံတန်းပေါ်ကနေ ဆုတောင်းရင်း ရင်တမမနဲ့ ကြည့်နေပါတယ်..။ နာရီလက်တံကလည်း တဖြည်းဖြည်းနဲ့ မိနစ် (၉၀) နားကို ကပ်လို့လာပါပြီ… ကျွန်တော်တို့အနိုင်ဂိုးကို ထိန်းနိုင်တော့မယ်..။ ရုတ်တရက်ဆိုသလိုပဲ ဂိုးဧရိယာအပြင်ဘက်က အင်နီယက်စတာ ဘောလုံးရလိုက်တယ်..။ ကန်ချက်ဟာ တစ်ကယ့်ကိုသပ်သပ်ရပ်ရပ်ပါ ပဲ.. ပီတာ ချက်ကိုကျော်ပြီး ဂိုးထောင့်ကိုတန်းကနဲ ဝင်သွားပါတယ်..။ “Boom..!!” ချေပဂိုးပါ..။ ချယ်လ်ဆီး ရေ.. တာ့တာ..။

ဒိုင်လူကြီးရဲ့ အမှားအယွင်းဟာ မပြီးဆုံးသေးပါဘူး.. မိုက်ကယ် ဘောလက်ရဲ့ကန်ချက်ဟာ အီတိုးရဲ့လက်ကို ထိမိပေမယ့် ဒီတစ်ကြိမ်လည်း ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပြန်ပါတယ်.။ အဲဒီအချိန်က ဒိုင်လူကြီးဟာ အနီးနားမှာရှိနေပြီး သေသေချာချာ မြင်ခဲ့ပါတယ်..။ ဒီလိုနဲ့ တစ်ဂိုးစီ သရေကျပြီး ပွဲပြီးဆုံးခဲ့ပါတယ်..။



ပွဲသိမ်းခရာမှုတ်လိုက်တာနဲ့ ပရိသတ်..၊ ကစားသမားတွေအားလုံး.. လူတိုင်းဟာ ရူးသွပ်ကုန်ကြပါတယ်..။ ဘာစီလိုနာအသင်းဘက်ကတော့ မမျှော်လင့်တဲ့အနိုင်ရလဒ်ကြောင့် ပျော်ရွှင်ပြီး ရူးသွပ်ကြတာဖြစ်ပေမယ့် ကျွန်တော်တို့အနေနဲ့က မမျှတတဲ့ဆုံးဖြတ်ချက်တွေအပေါ် စိတ်ဆိုးပြီး ရူးသွပ်ကုန်ကြတာပါ..။ ကျွန်တော်ကိုယ်တိုင်လည်း ဘယ်လိုမှထိန်းမရအောင် ဖြစ်သွားပါတယ်..။ ဒိုင်လူကြီးဆီကို တည့်တည့်ကြီးလျှောက်သွား.. လက်ညှိုးငေါက်ငေါက်ထိုးပြီး ဒီဖြစ်ရပ်တစ်ခုလုံးဟာ သိပ်ရှက်စရာကောင်းတယ်လို့ ပြင်းပြင်းထန်ထန် အော်ဟစ်ပြောခဲ့ပါတယ်..။ သူ့ကို စောဒကအရမ်းတက်လို့ အဝါကတ်ဒ်ပြားထပ်ပြီးအပြခံခဲ့တဲ့အပြင် ဒီဖြစ်ရပ်အတွက် သုံးပွဲပယ် ပြစ်ဒဏ် ထပ်ပြီးအချခံခဲ့ရပါတယ်..။

သူတို့အနေနဲ့ ကျွန်တော်တို့ကို စည်းကမ်းပိုင်ဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့် ကျွန်တော့်စိတ်ထဲမှတ်မိတာကတော့ အခြေအနေတစ်ခုရဲ့ မမျှတမှုတစ်ခုတည်းပါပဲ..။ ကျွန်တော်တို့ ဘယ်လိုပဲ ကြိုးစားကြိုးစား..၊ ဘယ်လိုပဲ အကောင်းဆုံးကစားခဲ့ပေမယ့်လည်း တစ်စုံတစ်ယောက်ရဲ့ အမှားအယွင်းတစ်ခုတည်းကြောင့် ရသင့်တဲ့ရလဒ်တွေအားလုံး ပျက်ပြယ်ခဲ့ရပါတယ်..။ မနှစ်က မော်စကိုချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီး ကျွန်တော်ပေးခဲ့ဖူးတဲ့ ကတိတစ်လုံးကို ပြန်ပြီးစဉ်းစားနေမိခဲ့ပါတယ်။ နောက်ပြီးပထမရာသီဝက်အတွင်းမှာ ကျွန်တော့်ကို ဝေဖန်ခဲ့တာတွေအတွက် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲကို ပို့ဆောင်ပြီး ပြန်လည်ချေဖျက်ပြခဲ့ချင်တာပါ..။ ဒီစိတ်ကူးတွေ၊ ဒီအတွေး..၊ မျှော်လင့်ချက်တွေဟာ ဒိုင်လူကြီးကို ပြင်းပြင်းထန်ထန် ပေါက်ကွဲတဲ့အချိန်မှာ ပေါင်းစပ်မိကုန်ပါတယ်..။

သူ့ကိုပြောခဲ့မိတဲ့ စကားလုံးအသုံးအနှုန်းတစ်ချို့အတွက် ကျွန်တော်နောင်တရမိပေမယ့် အဲဒီအချိန်က စေ့ဆော်နေခဲ့တဲ့ စိတ်ထဲကခံစားချက်တွေအပေါ် လုံးဝနောင်တမရမိပါဘူး..။ အခုအချိန်အထိ သူ့အပေါ်ပြောဆိုခဲ့မှုဟာ ထိုက်တန်တယ်လို့ခံယူနေတုန်းပါပဲ..။ ကျွန်တော်တို့ဟာ အနိုင်ပွဲထိုက်တန်ရက်နဲ့ ငြင်းပယ်ခံခဲ့ရတယ်လို့ ယုံကြည်နေဆဲပါ..။ ပရိသတ်က ကျွန်တော့်ကို နားလည်ပါတယ်..။ ဘာလို့လဲဆိုတော့ သူတို့ပြောချင်တဲ့အတိုင်း.. သူတို့ခံစားနေရတဲ့အတိုင်း ဒိုင်လူကြီးကို ကျွန်တော်ပြောပြနိင်ခဲ့လို့ပါ..။ ပရိသတ်အနေနဲ့ခေါင်းကိုငုံ့..၊ ခန္ခာကိုယ်ကိုယို့ပြီး ဖြစ်သမျှ လက်ခံလိုက်တဲ့ ကြောက်စိတ်တွေနဲ့ ကစားသမားမျိုးကိုမလိုချင်ပါဘူး..။ သူတို့မြင်ချင်တာဟာ မတရားတာကို မြင်တဲ့အတိုင်းခံစားပြီး ဖွင့်ထုတ်၊ ပေါက်ကွဲတတ်တဲ့ ကစားသမားမျိုး..၊ သူတို့ ခံစားနေရတာကို ကိုယ်စားပြုပေးနိုင်တဲ့ ကစားသမားမျိုးဖြစ်ပါတယ်..။



ဒီလိုကွင်းအတွင်းက ကျွန်တော်တို့ရဲ့ ခံစားချက်ဒီရေတွေ အရမ်းမြင့်တက်နေတာကို ရုပ်မြင်သံကြားက ရှုစားနေကြတဲ့ ပရိသတ်တိုင်းက နားလည်ပေးနိုင်ကြမှာ မဟုတ်ပါဘူး..။ ကျွန်တော်တို့တစ်တွေဟာ ကိုယ့်ရဲ့အသင်း၊ ကိုယ့်ရဲ့ကစားဖော်တွေအပေါ် အစွမ်းကုန်ပေးဆပ်ခဲ့ကြတဲ့သူတွေမို့ မျှော်လင့်ချက်တွေ အရမ်းမြင့်မားတဲ့ ပွဲကြီးတွေမှာ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုမထိန်းချုပ်နိုင်ပဲ ဖြစ်ရပါတယ်..။ ကျွန်တော်တို့ အမြဲတမ်း မှန်ပါတယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး..။

နောက်ဆုံးမှာ ကျွန်တော်တို့ရနိုင်တဲ့ဖလားတစ်လုံးပဲ ကျန်ပါတော့တယ်.. FA ဖလားပါ။ နောက်ဆုံးဗိုလ်လုပွဲမှာ အဲဗာတန်အသင်းနဲ့ ရင်ဆိုင်ရပါမယ်။ ဆီမီးဖိုင်နယ်မှာ ကျွန်တော်တို့ အာဆင်နယ်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်..။ ဒီပွဲမှာလည်း အရေးကြီးတဲ့ အဆုံးအဖြတ်ဂိုးတစ်ဂိုးကို ကျွန်တော်သွင်းယူပေးနိုင်ခဲ့ပြန်ပါတယ်..။ တိုက်စစ်မှူးတစ်ဦးအနေနဲ့ ဂိုးတွေသွင်းယူ ပေးရတာကို ပျော်ရွှင်ပါတယ်..။ ဒါပေမယ့် ပွဲအဖြေကို ပြောင်းပေးနိုင်တဲ့ အရေးကြီးတဲ့ ချေပဂိုးတွေ၊ ဘယ်သူမှထင်မထားတဲ့အချိန်မှာ ရခဲ့တဲ့အနိုင်ဂိုးတွေဟာ ဘဝမှာအင်မတန်မှ အရေးပါလှပါတယ်.။ ဒီလိုအဆုံးအဖြတ်ဂိုးတွေသွင်းနိုင်ဖို့အတွက် လိုအပ်တဲ့ကံတရားကလည်း ကျွန်တော့်ဘက်မှာ ရှိနေခဲ့တယ်…။ နောက်ပြီးကျွန်တော်ကိုယ်တိုင်ကလည်း ဒီလိုအဆုံးအဖြတ်ပေးနိုင်မယ့် အချိန်ပိုင်းလေးကို အမြဲတမ်းစောင့်နေတယ်..၊ ရလာတဲ့အခွင့်အရေးကိုလည်း မလွတ်တမ်း အသုံးချနိုင်အောင်၊ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်အောင် ကြိုးစားပါတယ်..။ ပွဲကစားနေတုန်းမှာလည်း အခွင့်အလမ်းတွေပေးသနားဖို့ ဘုရားသခင်ကို ကျွန်တော်အမြဲတမ်း ဆုတောင်းပါတယ်..။ ဒီလို ယုံကြည်သက်ဝင်မှုကြောင့်ပဲ ကျွန်တော်ဟာ ကွင်းတွင်း၊ ကွင်းပြင် တိုးတက်ပြောင်းလဲမှုတွေ ရရှိခဲ့ပါတယ်..။



အာဆင်နယ်နဲ့ ကစားခဲ့တဲ့ အကြိုဗိုလ်လုပွဲစဉ်မှာလည်း အဲဒီလိုဘုရားသခင်ရဲ့ ကြည့်ရှု၊ စောင်မမှုရခဲ့တယ်လို့ ယုံကြည်ပါတယ်..။ တစ်ဂိုးစီ သရေကျနေတဲ့အချိန်အထိ အသင်းရဲ့ ကစားပုံဟာ အကောင်းကြီး မဟုတ်သလို ကျွန်တော့်ရဲ့ခြေစွမ်းကလည်း သာမာန်အောက်ကို ရောက်ရှိနေပါတယ်.။ ပွဲပြီးခါနီးဆယ်မိနစ်လောက်အထိ ကိုယ့်ကိုယ်ကိုအားမရမိတာကြောင့် ဘုရား သခင်ဆီကို ဂိုးရနိုင်အောင် လမ်းပြပေးဖို့ တိုင်တယ်မိပါတယ်..။ ဒီလိုနဲ့နောက်ငါးမိနစ်လောက် အကြာမှာ ဖရန့် လမ်းပတ်ဆီက အမြင့်ဘောတစ်လုံး လက်ခံရပါတယ်..၊ တစ်ချက်ထိန်း.. ဂိုးသမား ဖာဘီယန်စကီးကို လှည့်ပတ်ပြီး အနိုင်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်.။ ဂိုးသွင်းအပြီးမှာတော့ ထင်မှတ်မထားတဲ့အချိန်မှာ အခွင့်အရေးရလာခဲ့လို့ အရမ်းကိုအံ့အားသင့်မိပါတယ်..။

FA ဖလားဗိုလ်လုပွဲဟာ ဒီနှစ်ရာသီမှာ ဖလားရနိုင်မယ့် နောက်ဆုံးအခွင့်အရေးလည်း ဖြစ်တာကြောင့် ဖလားရယူပြီး ရာသီအစပိုင်းက ကျွန်တော်တို့ကို ဝေဖန်ခဲ့တဲ့သူတွေကို မှားယွင်းကြောင်း ပြသလိုစိတ် အပြင်းအထန် ဖြစ်ပေါ်နေခဲ့ပါတယ်..။ နောက်ပြီးအသင်းကို ပြန်လည်တည့်မတ်ပေးနိုင်ခဲ့တဲ့ မန်နေဂျာအတွက် အမှတ်တရလက်ဆောင် ပေးချင်တဲ့သဘောလည်း ပါပါတယ်..။ ဒီဗိုလ်လုပွဲဟာ ပွဲအစ (၂၇) စက္ကန့်မှာပဲ လူးဝစ် ဆာဟာ အဲဗာတန်အတွက် သွင်းယူခဲ့တဲ့ အဖွင့်ဂိုးကြောင့် သမိုင်းဝင်ခဲ့ပါတယ်..။ FA ဖလား ဗိုလ်လုပွဲတွေရဲ့ သမိုင်းတစ်လျှောက် အမြန်ဆုံးဂိုးအဖြစ် မှတ်တမ်းဝင်သွားတာပါ..။ ပွဲစကတည်းက နောက်ကလိုက်ရပြီမို့ အစမကောင်းခဲ့ဘူး ဆိုရမှာပါ..။



ဒါပေမယ့် ကျွန်တော်တို့အတွက် မျှော်လင့်ချက်ကို ဆက်ပြီးရှင်သန်စေမယ့် အရေးပါတဲ့ချေပဂိုးကို ကျွန်တော်သွင်းယူပေးနိုင်ခဲ့ပါတယ်.။ (၂၇) မိနစ်မှာရရှိခဲ့တဲ့ ခေါင်းတိုက်သွင်းဂိုးဟာ ကျွန်တော် တို့ကို ယုံကြည်မှုပြန်လည်ရရှိစေခဲ့ပြီး နောက်ပိုင်းမှာကစားပုံပိုကောင်းခဲ့ပါတယ်..။ ကျွန်တော့်ရဲ့ ချေပဂိုးဟာ ပွဲရဲ့အလှည့်အပြောင်းဖြစ်ခဲ့သလို (၇၂) မိနစ်မှာ သွင်းယူပေးနိုင်ခဲ့တဲ့ ဖရန့် လမ်းပတ်ရဲ့ အဝေးကန်ချက် အနိုင်ဂိုးဟာ FA ဖလားကို ဆွတ်ခူးစေနိုင်ခဲ့ပါတယ်..။ တစ်ကယ့်ကို ခက်ခဲခဲ့တဲ့ ဘောလုံးရာသီတစ်ခုဟာ အနိုင်ရလဒ်နဲ့ ရာသီကို ပိတ်သိမ်း၊ အဆုံးသတ်နိုင်ခဲ့တာကြောင့် အင်မတန်မှ စိတ်လှုပ်ရှားဖို့ ကောင်းလှပါတယ်..။ ဧပြီလဆန်းမှာ ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ်.. ဖလားသုံးလုံးလမ်းကြောင်းပေါ် ပြန်ရောက်ခဲ့ပါသေးတယ်..။ ဒါပေမယ့် နောက်ဆုံးမှာ FA ဖလားတစ်လုံးနဲ့သာ နိဂုံးချုပ်ခဲ့ရပါတယ်..။ ဒါပေမယ့် ဇန်နဝါရီနှစ်စပိုင်းမှာ စာရင်းထဲထည့် မစဉ်းစားထားတဲ့အဆင့်အထိ ရောက်ခဲ့ရတဲ့အသင်းအနေနဲ့ အောင်မြင်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်..။

ဒါ့ကြောင့်ကျွန်တော်တို့ လှိုက်လှိုက်လှဲလဲှအောင်ပွဲခံခဲ့ပါတယ်..။ အောင်မြင်မှုတိုင်းကို တန်ဖိုးထားခြင်းဟာ ကျွန်တော်တို့အသင်းရဲ့ လျှို့ဝှက်ချက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်..။ ရရှိခဲ့တဲ့အောင်မြင်မှုတိုင်း၊ ဆုဖလားတိုင်းကို ကျွန်တော်တို့တန်ဖိုးထားတယ်..၊ ဘာကြောင့်လဲဆိုတော့ ဖလားတိုင်းဟာ ခက်ခက်ခဲခဲ ကြိုးစားပြီးမှ ရရှိခဲ့တာပါ..။ အဖိုးတန်တယ်..၊ လှပါတယ်..။