ကွင်းလယ်စက်ဝိုင်းမှာ ကျွန်တော်ဘောလုံးလာတည်ရင်း “မဟုတ်သေးဘူး.. မဟုတ်သေးဘူး” လို့ အကြိမ်ကြိမ် ရေရွတ်မိပါတယ်..။ ဒီတစ်ကြိမ်ကျွန်တော် စိတ်ဓါတ်ကျနေချိန်မှာလာပြီး စိတ်ဓါတ်မြှင့်တင်ပေးခဲ့တဲ့ သူကတော့ အသက် (၂၄) နှစ်ပဲ ရှိသေးတဲ့ ဂျူအန် မာတာပါ..။ သူက “ဒီဒီယာ.. မင်းယုံကြည်မှရမယ်.. အနိုင်ရမယ်လို့ မင်းယုံကိုယုံကြည်ရမယ်..။”
ဆော်လမွန် ကာလူးရဲ့နေရာကို ဖာနန်ဒို တောရက်စ် လူစားဝင်ရောက်လာပါတယ်..။ ပွဲပြီးခါနီး သုံးမိနစ်အလိုမှာ ဖာနန်ဒို တောရက်စ်ရဲ့ ကြိုးစားမှုကနေ ကျွန်တော်တို့ ထောင့်ကန်ဘော ကန်ခွင့်ရခဲ့ပါတယ်..။ ဂျူအန် မာတာ ကန်တင်ပါမယ်..။ ဘေယန် ဂိုးဧရိယာထဲမှာ ကစားသမားတွေ အများကြီး ရှိနေပါတယ်..။ ဒေးဗစ် လူးဝစ်ဇ်က ဘတ်စတီယန် ရှဝိန်းစတိုင်းဂါးကို တိုးတိုလေး ပြောလိုက်တာ ကျွန်တော်ကြားလိုက်တယ်.. “ကြည့်နေ.. ငါတို့အခုဂိုးပြန်သွင်းတော့မယ်..။”
ဘောလုံးဟာကျွန်တော်တို့ရှိရာကို မြောက်ပြီးဝဲကျလာပါတယ်..။ ဂိုးဧရိယာထိပ်ကနေ ဖြတ်ပြီး ကျွန်တော်ပြေးလိုက်တယ်၊ ကျွန်တော့်ကို ကပ်ထားတဲ့သူကို လှည့်စားပြီး အချိန်ကိုက်ပြေး..၊ အတိအကျ လှမ်းခုန်လိုက်ပါတယ်..။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကျွန်တော့်ဦးလေး သင်ထားတဲ့အတိုင်းပါပဲ..။ ကျွန်တော့်ခေါင်းနဲ့ထိပြီး အရှိန်နဲ့ထွက်သွားတဲ့ ဘောလုံးဟာ ဂိုးသမား နူအာရဲ့ လက်ဖျားကြားက ဖြတ်ထွက်သွားပြီး ဂိုးပိုက်နဲ့မိတ်ဆက်သွားပါတယ်..။ ပြီးခဲ့တဲ့လပိုင်းကပဲ ချန်ပီယံလိဂ်ကို ရအောင်ကူညီပေးဖို့ ဂျူအန်ကိုကျွန်တော် အကူအညီတောင်းခဲ့တယ်..၊ အခုကျွန်တော်တို့ကို သူကယ်တင်ခဲ့ပါပြီ..။ သူ့ရဲ့သိပ်ကိုကောင်းမွန်၊ တိကျတဲ့ ထောင့်ကန်ဘောလုံး ကန်တင်မှုကနေ ကျွန်တော်တို့ ပြန်လာခဲ့ပါပြီ..။ ကျွန်တော့်မှာတော့ အိပ်မက်မက်နေသလို ခံစားလိုက်ရပါတယ်..။ ပြီးခဲ့တဲ့မိနစ်ပိုင်းကပဲ ဘုရားသခင်ကို “ကိုယ်တော်အမှန်တကယ်တည်ရှိနေတယ်ဆိုရင် ကိုယ်ထင် ပြပြီး ကယ်တင်ဖို့” တိုင်တည်ခဲ့ပါသေးတယ်..။ အခုအချိန် အမှန်တကယ် ဂိုးသွင်းနိုင်ခဲ့တော့ လက်ညှိုးနှစ်ချောင်းကို ကောင်းကင်ဘုံဆီညွှန်ပြရင်း ကျေးဇူးတော်ကို အထပ်ထပ် ချီးမွမ်းနေမိ ပါတော့တယ်..။
အချိန်ပိုကန်ရတဲ့အချိန်ပိုင်းဟာ ကျွန်တော်တို့အတွက် တစ်ကယ့်ကို ပင်ပန်း၊ ခက်ခဲခဲ့ပါတယ်..။ အားလုံးခြေကုန်၊ လက်ပန်း ကျနေပါပြီ..။ ကျွန်တော်ဆိုရင် ကြွက်တက်ချင်သလို ဖြစ်နေပြီး ကောင်းကောင်းတောင် မပြေးနိုင်တော့ပါဘူး..။ ခံစစ်ကြောင်းကိုကူနိုင်ဖို့ အတတ်နိုင်ဆုံး အားတင်းထားပေမယ့် ကိုယ့်ခန္ဓာကိုယ်ကိုတောင် ဟန်ကျအောင် မသယ်နိုင်တော့ပါဘူး..။ ဒီလိုနဲ့ ဂိုးဧရိယာထဲက ဖျက်ထုတ်ချက်တစ်ကြိမ်မှာ ဖရန့် ရီဘာရီရဲ့ ခြေဖနောင့်ကို သွားချိတ်မိပါတယ်..။ မသပ်မရပ် လုပ်မိတယ်ပဲ ပြောရမှာပါ.. ပင်နယ်တီ..!! ပါတဲ့..။ ကျွန်တော့်မှာ မယုံကြည်နိုင်အောင် ဖြစ်ရပါတယ်.. “ဘုရားရေ.. ဘာလို့များ ငါဒီလိုလုပ်မိပါလိမ့်? ဒီလိုဖြစ်လိုက်ရင် ဘာလို့ငါကြီးပဲ ဖြစ် နေရတာလဲ?၊ ဘာစီလိုနာမှာတုန်းကလည်း တစ်ခါ..၊ အခုနောက်တစ်ကြိမ် ထပ်ဖြစ်ပြန်ပြီ..။” တစ်ကယ်လို့ ရရှိတဲ့ပင်နယ်တီ ပြစ်ဒဏ်ဘောကနေ သူတို့အနိုင်ဂိုး သွင်းသွားနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်လန်ဒန်ကို ဘယ်လိုမှ ပြန်လို့ရတော့မှာ မဟုတ်ပါဘူး..။
ပင်နယ်တီကို ကန်သွင်းမယ့်သူက “အာဂျင် ရော်ဘင်..”၊ ကျွန်တော်တို့ရဲ့ အသင်းဖော်ဟောင်း၊ သူငယ်ချင်းကောင်းတစ်ယောက် ဆိုလည်းမမှားပါဘူး..။ အဲဒါနဲ့သူ့နားကို အားလုံးဝိုင်းပြီး စိတ်ဓါတ်စစ်ဆင်ရေးတွေ စလုပ်ကြပါတယ်..။
“အာဂျင်.. မင်းကလည်း ချယ်လ်ဆီး ကစား သမားပဲနော်.. ဒီလိုလုပ်လို့ မဖြစ်ဘူး.၊ မလုပ်ပါနဲ့.. ဟုတ်ပါပြီ.. မင်းဘယ်ဘက်ကန်မယ်ဆိုတာ ငါ တို့ ကြိုသိပြီးသား...” စသဖြင့် သူ့နားကပ်သွားပြီး တီးတိုးပြောကြပါတယ်..။ ကျွန်တော်တို့ရဲ့ စိတ်ဓါတ် စစ်ဆင်ရေး စကားလုံးများဟာ သူ့ရဲ့ခေါင်းထဲ ထိထိမိမိ ဝင်သွားခဲ့ပုံရပါတယ်.။ သူ့ရဲ့ကန်ချက် ဟာ ပုံမှန်ကန်နေကျထက် အရမ်းကိုပျော့လွန်းတာကြောင့် ပီတာ ချက် ကာကွယ်နိုင်ခဲ့ပါတယ်.။ ပီတာဟာ သူ့ရဲ့လေ့ကျင့်ခန်းတိုင်းမှာ ဂိုးနည်းပြနဲ့အတူတူ ကစားသမားတွေ ဘယ်လိုကန်တတ်တယ်..၊ ဘယ်ကစားသမားက ဘောလုံးကို ဘယ်လိုတည်တတ်ပြီး ဘယ်လိုပြေးလာတတ်တယ်..၊ ပထမ ခြေလှမ်းကဘယ်လို၊ သူတို့ရဲ့ ခန္ဓာကိုယ် အနေအထားအရ ဘယ်ဘက်ကိုကန်လိမ့်မယ်.. စသဖြင့် အထပ်ထပ် အခါခါ လေ့ကျင့်ထားခဲ့ပါတယ်..။ အခုလို တစ်ကယ့်ကို ရူးသွပ်ဖို့ကောင်းတဲ့ ဒီညနေခင်းမှာ သူ့ရဲ့အနှစ်နှစ်၊ အလလက လေ့ကျင့်ခန်းတွေအကျိုးပြန်ဖြစ်တာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး..။
တစ်ကယ့်ကိုစိတ်လှုပ်ရှားဖို့ကောင်းလှတဲ့ ပင်နယ်တီအဆုံးအဖြတ်ရယူမယ့်အချိန်ကို ရောက်လာပါပြီ..။ ပွဲမစခင်ကတည်းက ကြိုတင်တိုင်ပင်ထားပြီးသားမို့ ဘယ်သူတွေပင်နယ်တီ ကန်ကြမယ်ဆိုတာ ကြိုတင်သိရှိပြီးသားပါ..။ ဒါပေမယ့် တစ်ကယ်ကန်ရတော့မယ်ဆိုတော့ ကွင်းဘေးမှာ ပြန်ပြီးဆွေးနွေးမှုတွေလုပ်ရသလို လူစားလဲမှုတွေကြောင့် ဘယ်သူတွေကျန်ခဲ့သလဲ၊ ဘယ်သူကဖြင့် ဒီနေ့မှာစိတ်အေး၊ လက်အေး ကန်နိုင်မလဲဆိုတာ ပြန်ပြီးစိစစ်ရပါတယ်..။ ဒ့ါကြောင့် ရော်ဘီရဲ့ဘေးမှာ ကျွန်တော်တို့ အားလုံးဝိုင်းပြီး ပင်နယ်တီကန်မယ့်စာရင်းအတွက် ကူညီစိစစ် ပေးကြပါတယ်..။ ကျွန်တော်ကတော့ ပထမဆုံး ဒါမှမဟုတ် နောက်ဆုံးအလုံးကို ကန်နေကျပါ..။
“ဖရန့်.. အရင်ဆုံးကန်ပါလား” လို့ ကျွန်တော်က ပြောပါတယ်..။ ဒါပေမယ့် ဂျူအန် မာ တာက ပထမဆုံးအလုံးကို ကန်ချင်နေတယ်..။ “မဟုတ်ဘူး.. ဖရန့်ကိုအရင်ပေးကန်လိုက်..၊ မင်းက ဒုတိယအလုံး.. ဒါမှမဟုတ် တတိယအလုံးကို ကန်ပေါ့.. ဒါပေမယ့်…”
“ကျွန်တော်ပထမဆုံးအလုံးကို ကန်ချင်တယ်..” သူထပ်ပြောပါတယ်..။
“OK.. ဒါလောက်တောင်းဆိုလည်း မင်းပထမဆုံးအလုံးကန်ပေတော့..”
ဖရန့် လမ်းပတ်ဟာ ပင်နယ်တီကန်မယ့်စာရင်းမှာ တတိယနေရာကို ရောက်သွားပါ တယ်..။ ကျွန်တော်က “အကောင်းဆုံး ကန်သွင်းမယ့်သူတွေကို ပထမ၊ တတိယနဲ့ ငါးလုံးမြောက် အလုံးတွေမှာ ထားသင့်တယ်..။ ဒါမှဒုတိယအလုံး မဝင်ခဲ့ပေမယ့်လည်း တတိယအလုံးကန်မယ့်သူက စိတ်ချရမယ်..၊ လေးလုံးမြောက် မဝင်ခဲ့ရင် အရေးကြီးဆုံး ငါးလုံးမြောက်အလုံးကို ကန်မယ့်သူ ကောင်းကောင်းကျန်ဦးမယ်..။” လို့ အကြံပေးပါတယ်..။ ဒီလိုပင်နယ်တီကန်မယ့် နည်းဗျူဟာဟာ သိပ်ကောင်းပေမယ့် အလုပ်ဖြစ်တယ်ဆိုတာ တစ်ကယ်သက်သေပြနိုင်ဖို့ပဲ ကျန်ပါတော့တယ်..။ နောက်ဆုံးလူစာရင်းကို အတည်ပြုပြီး ကျွန်တော်တို့အားလုံး ပင်နယ်တီကန်ကြဖို့ ကွင်းလယ်စက်ဝိုင်းမှာ တန်းစီနေကြပါပြီ..။ ကျွန်တော်တို့အသင်းကို အားပေးတဲ့ပရိသတ် အနည်းငယ်လောက် ကလွဲလို့ ကစားကွင်းတစ်ခုလုံးဟာ အနီရောင်ပင်လယ်ပြင်ထဲ ရောက်ရှိနေသလိုပါပဲ…။ ဂျွန် တယ်ရီလည်း ကွင်းထဲကိုဆင်းလာပြီး နည်းပြအဖွဲ့တွေ၊ အရန်ခုံတန်းက ကစားသမားတွေနဲ့အတူတူ ရှိနေပါတယ်..။
ဘေယန်ဘက်က စတင်ကန်သွင်းခွင့်ရပါတယ်.။ အသင်းခေါင်းဆောင် ဖိလစ် လမ်းက ပီတာ ချက်ရဲ့ ဘယ်ဘက်ကို အနိမ့်ဘော၊ အပြင်းကန်သွင်းပြီး အဖွင့်ဂိုးစတင်သွင်းယူပါတယ်..။ ကျွန်တော်တို့ဘက်က ဗွေဆော်ဦးအလုံးကို ဂျူအန် မာတာကန်သွင်းဖို့ ဖြစ်ပါတယ်.။ သူ့ရဲ့ ကန်ချက်ဟာထိချက်မှန်ပေမယ့် အလယ်ကျကျ ဖြစ်နေတာကြောင့် မင်နူရယ်လ် နူအာ ကာကွယ် နိုင်ခဲ့ပါတယ်..။ ကျွန်တော့်စိတ်ထဲမှာတော့ “Oh! No.. နောက်တစ်ခါတော့ မလုပ်ပါနဲ့တော့ကွာ” လို့ပဲ တွေးမိပါတယ်..။ မာရီယို ဂိုးမက်ဇ်ရဲ့ ဒုတိယပင်နယ်တီကန်ချက်ဟာ အမှားအယွင်းမရှိခဲ့သလို ဒေးဗစ် လူးဝစ်ဇ်ကလည်း ဂိုးဧရိယာအပြင်ဘက်ကနေ ပြေးလာပြီး ဂိုးပေါက်ရဲ့ ညာဘက်ထိပ်ထောင့်ထဲကို အတိအကျ အပြင်းကန်သွင်း ရယူခဲ့ပါတယ်..။ မင်နူရယ်လ် နူအာက တတိယမြောက် ပင်နယ်တီကန်သွင်းမှာပါ..။
ဒါဟာဖြစ်ရိုးဖြစ်စဉ်မဟုတ်ပေမယ့် တစ်ခါတစ်ရံဂိုးသမားတွေလည်း ပင်နယ်တီ အဆုံးအဖြတ်တွေမှာ ကန်သွင်းတတ်ပါတယ်..။ ဒါဟာပီတာ ချက်အပေါ် စိတ်ဓါတ်ရေးရာ တိုက်စစ်ဆင်တဲ့အနေနဲ့ ပြုလုပ်တာလည်း ဖြစ်နိုင်ပါတယ်..။ လက်နဲ့တားနိုင်တာအပြင် ခြေနဲ့လည်း မင်းထက်သာအောင် ကန်နိုင်တယ် ဆိုတဲ့သဘောပေါ့..။ သူ့ရဲ့ကန်ချက်ဟာ အကောင်းဆုံးမဟုတ် ခဲ့ပေမယ့်လည်း ပီတာ ချက် ဖမ်းမမိနိုင်အောင်တော့ ကန်သွင်းနိုင်ခဲ့ပါတယ်..။ ဖရန့် လမ်းပတ်က နူအာရဲ့ညာဘက် အပြင်းကန်သွင်းပြီး တတိယမြောက် ပင်နယ်တီကို အဆုံးသတ် နိုင်ခဲ့ပါတယ်.။ အခုဆိုရင် ဘေယန်က ၃ဂိုး၊ ၂ဂိုးနဲ့ အသာစီးရနေပါတယ်..။
အခုအချိန်အထိ ဂျာမန်အသင်းရဲ့ကန်ချက်တွေဟာ အမှားအယွင်းမရှိကောင်းမွန်နေဆဲပါ။ ဒါပေမယ့် ကျွန်တော်တို့ဘက်က အလျော့ပေးလိုက်မယ်ဆိုတဲ့စိတ်လုံးဝမရှိခဲ့ပါ.။ တစ်ယောက်နုဲ့တစ်ယောက် အားပေးရင်းနဲ့ ကိုယ့်အတွက် အသာရလာမယ့်အချိန်ကို မျှော်လင့်နေကြပါတယ်..။
“တစ်ဘက်ကိုသာရွေးပြီး ခပ်ပြင်းပြင်းသာကန်..၊ အနိမ့်ကန်မယ်ဆိုရင် အားမပါပဲနဲ့ လုံးဝမကန်ပါနဲ့..။ ကိုယ့်ရဲ့ကန်ချက် လွဲချင်လွဲပါလိမ့်မယ်.. ထိထိမိမိတော့ကန်ဖြစ်အောင်ကန်လိုက်ပါ”.. ကျွန်တော်တို့အားလုံး တစုတစည်းတည်း တစ်ယောက်ကိုတစ်ယောက် ဖေးမနေကြပါတယ်..။ ကျွန်တော်အပါအဝင် ကစားသမားတစ်ချို့က မြက်ခင်းစိမ်းပေါ် ဒူးထောက်ရင်း ကောင်းကင်ဘုံက ဖေးမပါစေကြောင်း မျှော်လင့်၊ ဆုတောင်းနေကြပါပြီ..။
စတုတ္ထမြောက် ပင်နယ်တီအထိ ရောက်ရှိလာပါပြီ..။ အီဗီကာ အိုလစ်ကန်သွင်းဖို့ ဖြစ်ပါတယ်..။ သူဟာအချိန်ပိုကန်တဲ့ အချိန်ကျမှ ဖရန့် ရီဘာရီအစား ဝင်ခွင့်ရခဲ့တာ ဖြစ်တဲ့အတွက် သွေးမပူသေးပါဘူး.။ ဒါ့ကြောင့်ကန်မယ့်အချိန်သူ့မှာ ယုံကြည်ချက်အပြည့်အဝရှိမယ့်ပုံမရပါဘူး။ သူ့ရဲ့ ကန်ချက်ပျော့ပျော့ကို ပီတာ ချက် သူ့ရဲ့ဘယ်ဘက်လှဲအိပ် ကာကွယ်နိုင်ခဲ့ပါတယ်.။ ဒါ့ကြောင့် အခုဆိုရင် ကျွန်တော်တို့ဟာ ကစားပွဲထဲကို ပြန်လည်ရောက်ရှိဖို့ အခွင့်အရေး ရလာပါပြီ..။
ကျွန်တော်တို့အတွက် ဒီတစ်ခါကန်ဖို့ အလှည့်ကျတဲ့သူက အက်ရှ်လေ ကိုးလ်..၊ သူကကျွန်တော်တို့အသင်းရဲ့ အကောင်းဆုံးပင်နယ်တီကန်သမားတွေထဲကတစ်ဦးပါ..။ သူ့ကိုကြည့်ရတာ ပေါ့ပေါ့ပါးပါးပါပဲ..။ ခပ်အေးအေးပဲကန်သွင်းလိုက်တာ ဂိုးသမားရဲ့ညာဘက်ကို တိတိကျကျ ဂိုးဝင်သွားပါတယ်..။ ၃- ၃..။ ဘတပြန်၊ ကျားတပြန်ဖိအားတွေက ဒီတခါ ဘိုင်ယန်အလှည့်..၊ အနီတွေရဲ့ ငါးယောက်မြောက် ကန်သွင်းမယ့်သူက “ဘက်စတီယန် ရှဝိန်းစတိုင်းဂါး” ပါ..။ အခုအချိန် ကျွန်တော်လုပ်နိုင်တာက ဆုတောင်းနေရုံပါပဲ..။ “သူကန်ချက်လွဲခဲ့မယ်ဆိုရင် အဆုံးအဖြတ် က ငါ့ဆီရောက်လာတော့မယ်..၊ ဒီလူဂိုးမဝင်ခဲ့ရင် အားလုံးက ငါ့အပေါ်ပဲ မူတည်တော့မယ်..” ကျွန်တော့်ရဲ့ အတွေးများပါ..။
ဘောလုံးကိုတည်ထားပြီး သူခြေလှမ်းနည်းနည်း ဆုတ်လိုက်ပါတယ်..။ နောက် ဘောလုံးဆီကို အသာပြေးလာတယ်..၊ ပြေးလာရင်း ခဏတုံ့ကနဲ ဖြစ်သွားတယ်.. (စိတ်ကူးပြောင်း သွားပုံရပါတယ်..)၊ ကန်သွင်းတယ်..၊ ဘောလုံးဟာ ဂိုးတိုင်ကိုမှန်ပြီး ပြန်ထွက်လာပါတယ်..။ လွဲပါပြီ..!!..။ ဒီအဖြစ်အပျက်ဟာ မျက်စိတစ်မှိတ်ပဲ ကြာပါတယ်..။ အားလုံးခုန်ပေါက် မြူးတူး ကုန်ပါပြီ.. ဒါပေမယ့်ကျွန်တော်ကတော့ မပျော်နိုင်သေးဘူး..။ ကျွန်တော်သိနေတယ်.. အခုအချိန် ဟာ အနိုင်ရဖို့ အကောင်းဆုံးအခွင့်အရေးပဲ..၊ ဒါကြောင့် ကိုယ့်ကိုယ်ကို ငြိမ်အောင်ထိန်းရမယ်..၊ ကျွန်တော့်ရဲ့စိတ်ကိုတည်ငြိမ်အောင်ထိန်းရင်း နှုတ်ဖျားက “ငြိမ်စမ်း.. ငြိမ်စမ်း..” တိုးတိုးလေး ရွတ်ဆိုနေပါတယ်..။ ရုတ်တရက်ဆိုသလို “ဒရော့ဘာရေ လုပ်စမ်းပါဟ” ပရိသတ်ထဲက စူးထွက် လာတဲ့ အားပေးသံတစ်ခုကို ကြားလိုက်တယ်..။
ပင်နယ်တီအမှတ်အသားကို လျှောက်သွားရင်း ဂိုးပေါက်ကိုတစ်ချက်ကြည့်လိုက် ပါတယ်..။ ဂိုးပေါက်ဟာ ရုတ်ခြည်းပဲ အရမ်းကြီးလာသလို ခံစားလိုက်ရပါတယ်.။ နူအာတစ်ယောက် ရွရွလေးခုန်လိုက်၊ ဂိုးဘားတန်းကို လှမ်းဆွဲလိုက် လုပ်နေတာမြင်မိတယ်..၊ ကျွန်တော့်ကိုအာရုံထွေပြားအောင် လုပ်နေတာပါ..။ အမှတ်အသားပေါ်မှာ တိတိကျကျဘောလုံးကိုတည်..၊ ခြေအိပ်ကိုဆွဲတင်..၊ ဘောလုံးကိုတစ်ချက် သေသေချာချာ ကြည့်လိုက်ပါတယ်..။ ဒီအချိန်မှာ ထူးထူးခြားခြား စိတ်တွေတည်ငြိမ်နေတာ သတိပြုမိပါတယ်။ ယုံလည်းယုံကြည်တယ်..၊ “အပြောင်းအလဲတစ်ခု ဖြစ်ကိုဖြစ်ရမယ်..” လို့ တွေးနေမိတယ်..၊ ကိုယ့်ရဲ့အတွေးကို ပြန်မှတ်မိနေတာမို့ စိတ်နဲ့ ကိုယ်နဲ့ရော ကပ်မှကပ်ရဲ့လား..။
ကန်ခါနီးမှာ အတွေးတစ်ခု ဝင်လာပါတယ်.၊ “အင်း.. နူအာဟာ ငါတို့ကန်သမျှဘက်ကို မှန်းဆနိုင်နေတယ်..၊ ဒါ့ကြောင့်ခါတိုင်းလို ခပ်ဝေးဝေးက ပြေးမလာတော့ပဲ နှစ်လှမ်း၊ သုံးလှမ်းလောက်ပဲ အရှိန်ယူမယ်” လို့ ဆုံးဖြတ်လိုက်ပါတယ်..။ ဒီလိုခပ်တိုတို အရှိန်ယူလိုက်ခြင်းကြောင့် သူ့အတွက် ကျွန်တော့်ရဲ့အနေအထား၊ ဟန်ချက်ကို မှန်းနိုင်ဖို့ခက်သွားလိမ့်မယ်..။ ဘောလုံးနားမရောက်ခင် အခိုက်အတန့်လေးမှာကို ဘယ်လိုကန်ရမလဲလို့ စဉ်းစားခဲ့ပါတယ်.. အားလုံးအတွက် အမှတ်တရ ဖြစ်သွားအောင် “Paneka” ပုံစံ ကန်သွင်းရမလားလို့ပါ..၊ ဒါပေမယ့် ရုတ်ခြည်းဆိုသလို သတိပြန်ဝင်လာတယ်.. ကံကောင်းလို့!!!..၊ အခုလို အရေးကြီးလွန်းတဲ့အချိန်မှာ ဒီလိုကန်ချက်က အန္တရာယ်များလွန်းတယ်..။ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်တယ်..”အခွင့်အရေးက ကိုယ့်ဘက်မှာရှိနေတယ်..၊ ဒါဟာမင်းအတွက်ပဲ.. ရအောင်ယူရမယ်..။”
ဂိုးပေါက်ကို မကြည့်ဖြစ်အောင်မျက်လုံးကိုအောက်စိုက်ပြီး ဘောလုံးကိုပဲ အာရုံထား လိုက်တယ်..၊ ဒိုင်လူကြီးကိုတစ်ချက်လှမ်းကြည့်လိုက်ပါတယ်..၊ ခရာမှုတ်သံ ကြားလိုက်တာနဲ့ ဘောလုံးရှိရာ ခြေနှစ်လှမ်းစာ ပြေးလိုက်ပါတယ်.. ကန်တော့မယ့်ဟန်.. နောက်ခဏဆိုင်းလိုက်ပါတယ်.. ဒီလိုခဏလေးဆိုင်းလိုက်တဲ့ တစ်စက္ဏန့်ရဲ့ ဆယ်ပုံတပုံလောက်အတွင်းမှာပဲ ဂိုးသမားဟာ ဘယ်ဘက်ကို ယိမ်းသွားတာ သတိထားမိလိုက်တယ်.။ ညာဘက်ကို ကန်ရတော့မယ်..။ ကျွန်တော် အားထည့်ပြီးတောင် မကန်ပါဘူး.. အသာလေးလှိမ့်သွင်းလိုက်ပါတယ်.. “ဂိုး..!!”
ဂိုးဝင်ပြီး စက္ဏန့်ပိုင်းလောက်အတွင်းမှာတော့ “Oh! My God!” “Oh! My God!” ဆိုတဲ့ စကားလုံးကိုပဲ အခါခါ ရေရွတ်မိနေတော့ပါတယ်..။ ခေါင်းထဲမှာ တခြားဘာမှ မရှိတော့ပါဘူး..။ နောက်ဖြတ်ကနဲ သတိပြန်ဝင်လာတဲ့အချိန် သိလိုက်ရတာက “ပီတာ ချက်” ဆီကို ကျွန်တော် ပြေးနေပြီ.။ တစ်ကယ်တော့ ဒီဖလားကြီးဟာ သူ့ကြောင့်ရတာပါ..၊ သူ့ကိုအရင်ဆုံး ကျေးဇူးတင်ရမယ်..။ ကျွန်တော်သူ့ကိုပြေးဖက်ဖို့ အချိန်ခဏလေး ရလိုက်ပါတယ်..။ နောက်တော့ တစ်သင်းလုံးရဲ့အောက်မှာ ကျွန်တော်မြုပ်လို့သွား… ဘယ်သူတွေမှန်းလည်း မသိတော့ပါဘူး.. တစ်ယောက်ပြီး တစ်ယောက်..။ ဒီလိုလူအုပ်ကြီးကြားကရုန်းထွက်လို့ရချိန်မှာ ဖလောရင့် မာလူဒါကို မြင်လိုက်ပါတယ်..။ ဒါနဲ့သူ့ဆီပြေးသွားပြီး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ဖက်ရင်း အခုလိုထူးခြားလွန်းတဲ့ အခိုက်အတန့်ကို မျှဝေခံစားကြပါတယ်..။ ဂွမ်းအောင်းန်ကနေ အတူတူစတင်လာခဲ့တဲ့ ကျွန်တော်တို့ရဲ့ ခရီးရှည်ဟာ ဒီနေ့မှာဆိုရင် တခြားကမ္ဘာကို ရောက်ရှိနေသလိုပါပဲ..။ အခုလိုကျွန်တော့်ဘဝရဲ့ပျော်ရွှင်၊ ကျေနပ်ဖွယ် အကောင်းဆုံးအခိုက်အတန့်ကို အချစ်ဆုံး သူငယ်ချင်းတစ်ယောက်နဲ့ အတူတကွ မျှဝေခွင့်ရခဲ့တာလည်း ကျေနပ်စရာပါ..။
နောက်တော့ကွင်းရဲ့တစ်ဘက်ခြမ်းမှာရှိတဲ့ ချယ်လ်ဆီးပရိသတ်ဆီကို ကျွန်တော်ပြေးသွားပါတယ်..။ ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးနေ့ရက်ကို သူတို့တွေနဲ့ မျှဝေရပါမယ်..။ ဒီဆုဖလားကြီးကို စောင့်ခဲ့ရတာ သိပ်ကိုကြာလှပါပြီ..၊ အခုတော့ သူတို့တွေနဲ့ ထိုက်တန်တဲ့ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါပြီ..။ ကျွန်တော့်အတွက် အခုလိုအရမ်းတောင့်တခဲ့ရတဲ့ ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့အသင်းမှာ ကစားခဲ့ရရုံသာမက သူတို့တွေနဲ့အတူတူ အောင်မြင်မှုတွေမျှဝေခွင့် ရခဲ့တာကြောင့် အရမ်းကိုအံ့သြ၊ ကျေနပ်မိပါတယ်..။ အိပ်မက်မက်နေသလား ထင်မိတာကြောင့် ကိုယ့်ကိုယ်ကို ပြန်ပြီးစကားပြော၊ သတိပေးနေရပါတယ်.. “ဘုရားသခင်.. အောင်ပွဲရဲ့ အရသာဟာ ဒီလိုပါလား.. ဒီဒီယာ.. ဒီလိုခံစားမှုမျိုးကို ငါရှာနေခဲ့တာ ကြာလှပြီ.. အခုတော့ တွေ့ရှိလိုက်ပြီ.။
ဒီမြက်ခင်းစိမ်းပေါ်ကနေ ကျွန်တော်လုံးဝမထွက်ချင်ပါဘူး..။ JT၊ ဖရန့်၊ ပီတာတို့နဲ့အတူ စင်မြင့်ထက်မှာ ရှိနေခွင့်ရခဲ့တဲ့အတွက် သူတို့တွေရဲ့ ပေးဆပ်မှု၊ စွမ်းဆောင်ပေးခဲ့မှုတွေအပေါ် ကျေးဇူးတင်ကြောင်း၊ သူတို့လို တစ်ကယ့်ပြီးပြည့်စုံတဲ့ ကစားသမားတွေနဲ့ အတူတူ ကစားခွင့်ရခဲ့လို့ ဂုဏ်ယူမိတဲ့အကြောင်း သူတို့ကို ပြောကြားခဲ့ပါတယ်.။ ကျွန်တော်တို့ အရမ်းကိုပျော်ရွှင်နေကြသလို စကားတွေလည်း ဖောင်ဖွဲ့လို့ မဆုံးနိုင်အောင် ဖြစ်နေရပါတယ်..။ ဘေယန်ကစားသမားတွေ ဘယ် လောက်ကြေကွဲနေကြသလဲဆိုတာ ခံစားမိပေမယ့် ကျွန်တော်တို့အောင်ပွဲခံလို့ မဆုံးနိုင်အောင် ဖြစ်နေရပါတယ်..။ သူတို့ကြေကွဲခံစားနေရတာကို ကျွန်တော်တို့ဘက်က ကစားသမားတစ်ချို့ နှစ်သိမ့်ပေးဖို့ ကြိုးစားကြပေမယ့် အခုလိုအချိန်မှာ ပြောစရာစကားတွေ အများကြီးမရှိပါဘူး.။ ဒါပေမယ့် လွန်ခဲ့တဲ့လေးနှစ်လောက်က ဒီလိုခံစားချက်မျိုးကို ကျွန်တော်ကိုယ်တိုင်ခံစားဖူးတာကြောင့် သူတို့အပေါ် နားလည်မှုရှိကြောင်း ပြသပေးဖို့ လိုအပ်မယ်လို့ ထင်ပါတယ်..။
ဖလားလက်ခံယူတဲ့ ဆုပေးအခမ်းအနားကို အခုအချိန်မှာ ပြန်ပြီးစဉ်းစားလို့ မရတော့ပါဘူး။ အဝတ်လဲခန်းထဲကို ပြန်ရောက်တဲ့အချိန်မှာတော့ ဖလားကြီးကို တစ်ယောက်နဲ့တစ်ယောက် လက်ဆင့်ကမ်းနေရင်း ဖလားကြီးကျွန်တော်တို့လက်ထဲ လက်ဝယ်ပိုင်ပိုင် ရောက်ရှိနေတဲ့ခံစားမှုကို ကျေနပ်နေမိပါတယ်.။ ရှန်ပိန်အရက်တွေချောင်းစီးနေသလို အဆိုတွေ၊ အကတွေ၊ အမှာစကား တွေ မဆုံးနိုင်အောင်ပါပဲ..၊ မန်နေဂျာကနေ ကစားသမားတစ်ဦးချင်းစီအထိ တစ်ယောက်ပြီးတစ်ယောက် ကျေနပ်၊ ပျော်ရွှင်တဲ့စကားတွေ တစ်သီကြီးပြောနေပေမယ့် အသင်းပိုင်ရှင်ကတော့ ခပ်ဆိတ်ဆိတ်ပါပဲ..။ ဒါပေမယ့်သူဟာအရမ်းကိုပျော်ရွှင်နေပြီး ကျွန်တော့်ကိုလည်း ကျေးဇူးတအားတင်နေတယ်ဆိုတာ အမူအရာတွေကနေ သိသာနေပါတယ်..။
ဒီလိုနဲ့တစ်ချိန်မှာ အိုင်ဗရီကို့စ်အလံတော်ကိုခြုံလွှမ်းရင်း ဖလားကြီးကိုတစ်ဖက်က ကိုင်မြှောက်ရင်း ကျွန်တော်စကားပြောပါတယ်..။ အဝတ်လဲခန်းတစ်ခုလုံး ရုတ်တရက်ဆိုသလို ငြိမ်ကျသွားတယ်..။ အသင်းပိုင်ရှင်၊ မန်နေဂျာနဲ့ အသင်းသားတွေ အားလုံးရဲ့ရှေ့မှာ အခုလို ပြောခဲ့ပါတယ်..။ “ဘာကြောင့်လဲ? ဘာကြောင့်လဲ? မင်းဘာကြောင့် ငါတို့ကိုဒီလောက်တောင် ရှောင် ပြေးနေရတာလဲ?” အဲဒီလိုအစချီပြီး ဘာစီလိုနာနဲ့ ၂၀၀၉၊ မော်စကို ၂၀၀၈၊ စတဲ့ လက်မတင် လွဲခဲ့တဲ့ ပွဲစဉ်တွေကနေ အခုနောက်ဆုံး ကျွန်တော်တို့ လက်ဝယ်ပိုင်ပိုင် ရရှိလာတဲ့အကြောင်း ခရေတွင်းကျ စီကာပတ်ကုံးပြောပြပါတယ်။ ကျွန်တော့်ရဲ့စကားကို အစအဆုံး နားထောင်ပေးခဲ့တဲ့သူတစ်ချို့က တရားဟောနေတာနဲ့ တူတယ်လို့ ပြန်ပြောကြပါတယ်..။ နောက်ဆုံးတော့ ချန်ပီယံလိဂ်ဖလားကြီးနဲ့ ကျွန်တော်ငြိမ်းချမ်းရေးရခဲ့ပါပြီ..။ တစ်သင်းလုံးဟာ အဝတ်လဲခန်းထဲမှာ သန်းခေါင်ကျော်အထိ ရှိနေကြပါတယ်..။
ဟိုတယ်ကိုပြန်တဲ့ဘတ်စ်ကားပေါ်မှာလဲ အားလုံးဟာ ရူးသွပ်နေကြပါတယ်..။ သီချင်းသံတွေကြားကနေ သိပ်ကိုလှပနေတဲ့ ကစားကွင်းကြီးကို တစ်ချက် ပြန်လှည့်ပြီး လည်ပြန်ကြည့်မိပါတယ်..။ Allianz ကစားကွင်းကြီးဟာ အခုဆိုရင် ကျွန်တော်တို့ အောင်ပွဲခံတဲ့ အထိမ်းအမှတ်အတွက်တစ်ခုလုံးကို အပြာရောင်မီးတွေ ထွန်းညှိ၊ ဆင်မြန်းထား ပါတယ်..။ တစ်ကယ့်ကို မင်္ဂလာကျက်သရေ ပြည့်ဝတဲ့မြင်ကွင်းတစ်ခုပါပဲ..။
ကျွန်တော့်ရဲ့ဖုန်းဆိုတာ မနားတမ်းခေါ်ဆိုမှုတွေ ဝင်နေတာကြောင့် ပူကျက်နေပါပြီ..။ ဟိုတယ်ရောက်တော့ ကျွန်တော်တို့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ပြန်ဆုံကြပါပြီ..။ ကျွန်တော့်ဇနီး၊ ကလေးတွေ အပါအဝင် သူငယ်ချင်းတွေ၊ ကျွန်တော့်ဘဝအတွက် အရေးပါခဲ့တဲ့ လီ မန်းစ်တုန်းကနည်းပြ မာ့စ် ဝက်စ်တာလုခ်ပ်နဲ့ တခြားနည်းပြအများကြီးကို ကျွန်တော်ဖိတ်ခေါ် ထားပါတယ်..။ ဒီနေ့ဟာ သူတို့နဲ့လည်း သက်ဆိုင်ပါတယ်..။ ကျွန်တော့်ရဲ့ အပျော်တွေကို သူတို့နဲ့လည်း မျှဝေချင်ပါတယ်.။ ကျွန်တော့်ရဲ့ဇနီးက စိတ်ဖိစီးလွန်းတဲ့အတွက် ပင်နယ်တီကန်တာကိုကြည့်ဖို့ သူ့မှာအားမရှိကြောင်း၊ သူတို့ဂိုးသွင်းပြီးတဲ့အချိန် သားလေးအိုင်ဆက်စ်ကလည်း ချုံးပွဲချ ငိုပွဲဆင်တဲ့အကြောင်းတွေ ပြောပြပါတယ်..။ ပွဲပြီးခါနီးနောက်ဆုံးဆယ်မိနစ်၊ အချိန်ပိုကစားချိန်နဲ့ ပင်နယ်တီအဆုံးအဖြတ်ကာလများဟာ ရုပ်ရှင်ကားတစ်ကား ရှူစားနေရသလိုပါပဲ..။ ကျွန်တော်တို့အတွက် ဇာတ်သိမ်းလှပခဲ့တဲ့ အကောင်းဆုံး ရှုပ်ရှင်ကားတစ်ကားလို့ ဆိုရမှာပါ..။
တဖြည်းဖြည်းညဉ့်နက်လာတာနဲ့ ကလေးတွေတစ်ယောက်ပြီးတစ်ယောက် အိပ်သွားခဲ့ပေမယ့် လူကြီးတွေကတော့ ဟိုတယ်အပေါ်ဆုံးက အမိုးဖွင့်ဟင်းလင်းထက်မှာ ပျော်မြူးနေကြဆဲပါ..။ ကျွန်တော်တို့အားလုံး ရော်ဘီကိုရေကူးကန်ထဲ တွန်းချပြီး ဂုဏ်ပြုခဲ့ပါသေးတယ်..။ အဲဒီနေ့က တစ်ညလုံး ကျွန်တော်တို့ တစ်မှေးမှမအိပ်ခဲ့ပါဘူး..။ တစ်ကယ့်ကိုပျော်ရွှင်ဖွယ်ကောင်းခဲ့တဲ့ညတစ်ညပါပဲ..။ ဟိုတယ်အပေါ်ဆုံးထပ်ကနေ တစ်မြို့လုံးရဲ့ ဝေလီဝေလင်းရှုခင်းကို ခံစားကြည့်ရှုပါတယ်.။ နေမင်းဟာ နောက်ထပ်နေ့သစ်ကိုစတင်ဖို့ လင်းအရုဏ်ကိုစတင်ဖြန့်ကျက်၊ တာစူနေ ပါပြီ..။ ဒီညအတွက်တော့ ကျွန်တော်တို့ဟာ မြူးနစ်မြို့တော်ကြီးကို အပိုင်သိမ်းထားနိုင်လိုက်ပါပြီ..။
မနက် (၈) နာရီ ထိုးတဲ့အချိန်မှာ လန်ဒန်ကိုပြန်မယ့်လေယာဉ်ဆီကို ကျွန်တော်တို့ ခရီးဆက်နေပါပြီ..။ ဂျာမနီမြေပေါ်ကနေ လေယာဉ်ဘီးလုံးကြွတာနဲ့ ဒေးဗစ် လူးဝစ်ဇ်ဟာ လေယာဉ်မောင်ဆီက မိုက်ခရိုဖုန်းကိုလုယူပြီး သီချင်းတွေ ပျော်ရွှင်စွာဟစ်ကြွေးပါတော့တယ်။ ဘယ်သူမှ တစ်မှေးတောင် အိပ်လို့မရခဲ့ပါဘူး..။ ဟိသရိုးလေဆိပ်ကို ရောက်ရှိတဲ့အချိန်မှာတော့ ပရိသတ်တွေ ဖွေးဖွေးလှုပ်အောင် ကြိုဆိုနေကြပါပြီ..။ ပရိသတ်ရဲ့အင်အားဟာ ကျွန်တော်တို့ထင်မှတ်ထားတာ ထက်ပိုများပါတယ်..။
ချယ်လ်ဆီးရဲ့လမ်းတွေပေါ်မှာ အောင်ပွဲခံအခမ်းအနားဟာ ပျော်ရွှင်ဖွယ် ကောင်းလှသလို စိတ်လှုပ်ရှားဖွယ်အတိလည်းဖြစ်ရပါတယ်..။ FA ဖလားနဲ့ ချန်ပီယံလိဂ်ဖလား နှစ်ခုစလုံးနဲ့ အောင်ပွဲခံ လမ်းကြောင်းတစ်လျှောက် ပရိသတ်တွေထောင်နဲ့ချီ ကြိုဆို၊ နှုတ်ဆက်ခဲ့ကြပါတယ်..။ လူတိုင်းဟာသီချင်းတွေကိုယ်စီဟစ်ကြွေးရင်း ဒီအခိုက်အတန့်ကို ပျော်ပျော်ရွှင်ရွှင် အောင်ပွဲခံခဲ့ကြပါတယ်.။ ကျွန်တော့်အတွက် ဒီအခမ်းအနားဟာ ပျော်ရွှင်ဖွယ်ကောင်းသလို ခါးသီးဖို့လည်း ကောင်းပါတယ်..။ ဒီနေ့အောင်ပွဲခံအခမ်းအနားဟာ ကျွန်တော့်အတွက် နောက်ဆုံးဆိုတာ ကြိုပြီးသိနေခဲ့တဲ့အတွက်ပါ..။ ကစားသမားတစ်ယောက်က မိုက်ခရိုဖုန်းကိုရုတ်တရက် လုယူပြီး အခုလို သီချင်းလုပ်၊ ပရိသတ်ကို တိုင်ပေးခဲ့ပါတယ်..“ငါတို့မင်းကိုဆက်ပြီး ရှိနေစေချင်တယ်..၊ ဆက်ပြီးရှိနေစေချင်တယ်… ဆက်ပြီး… ဒီဒီယာ ဆက်ပြီးနေပေးပါ..”။ ကျွန်တော့်မှာ နားထောင်ရင်း နင့်ကနဲ ခံစားလိုက်ပါတယ်..။ ဒါပေမယ့် ကျွန်တော်ဝမ်းနည်းသွားတာကို သူတို့မသိအောင် ခပ်မြန်မြန်ပဲ ဖုံးကွယ်လိုက်ရပါတယ်.။ မြို့ထဲကိုတစ်ပါတ်လှည့်ပြီး စတင်ထွက်ခဲ့တဲ့ ကျောင်းရှေ့ကားရပ်နားရာနေရာကို ပြန်ရောက်ပါတယ်။ ကျောင်းဝင်းထဲက အားကစားရုံထဲမှာ အသင်းသား တွေ အားလုံးရဲ့ရှေ့မှာ ကျွန်တော်က
“ခင်ဗျားတို့နဲ့လက်တွဲပြီး ဒီလိုအောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့အတွက် အရမ်းကိုပျော်ရွှင်ပါတယ်..။ ခင်ဗျားတို့ဟာ ကျွန်တော်အလိုချင်ဆုံး၊ အကောင်းဆုံးလက်ဆောင်မွန်ကို ဆောင်ယူပေးခဲ့ပါတယ်။ ခင်ဗျားတို့ကို တစ်ခုပြောချင်တာက ကျွန်တော်ဒီက ထွက်တော့မယ်ဆိုတာသေချာပါ..” မျက်ရည်တွေ ဒလဟောကျလာတာကြောင့် ကျွန်တော်ဆက်မပြောနိုင် တော့ပါဘူး..၊ ဒီအသင်း၊ ဒီကစားတွေနဲ့ ခွဲခွာရမယ်ဆိုတဲ့အတွေးဟာ အင်မတန်မှဝမ်းနည်းဖို့ကောင်းလှပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် ဖလားကို ရပြီးပြီးချင်း ဒီအချိန်မှာ စွန့်ခွာသင့်ပြီလို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်..။ နှုတ်ဆက်စကား ပြောဆိုဖို့ဟာ တစ်ကယ်တမ်းကျခက်ခဲလှပါတယ်..။ နှစ်ရှည်လများတွဲလာခဲ့တဲ့ ဆော်လမွန် ကာလူး၊ ဟိုဆေး ဘော့ဆင်ဝါ၊ ဖရန့်၊ ပီတာ.. စတဲ့ ကစားသမားတွေနဲ့ အင်မတန်မှနက်ရှိုင်းလှတဲ့ သံယောဇဉ်ကြိုး၊ ရင်းနှီးမှုတွေ တည်ဆောက်မိပြီးပါပြီ..။ ဒီလိုခိုင်မြဲလှတဲ့ရင်းနှီးမှုကြိုးများကို ရုတ်တရက် ဖြတ်တောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..။
အိမ်ပြန်ရောက်တဲ့အချိန်မှာ ကျွန်တော့်ဇနီးနဲ့ ကလေးတွေအားလုံးဟာလည်း ဝမ်းသာ၊ ဝမ်းနည်းဖြစ်နေကြပါတယ်..။ ရုတ်တရက်ဆိုသလို ဖုန်းဝင်လာလို့ နားထောင်လိုက်တဲ့အခါ ကျွန်တော်တို့ကို အပြင်ထွက်လာခဲ့ဖို့ လှမ်းခေါ်တာ ဖြစ်နေပါတယ်..။ အပြင်ကိုထွက်ပြီး ညနေခင်းကို ပျော်ပျော်ရွှင်ရွှင် အောင်ပွဲခံဖို့ ဖိတ်ခေါ်သံပါ..။ အဲဒါနဲ့ ကျွန်တော်တို့ ကစားသမားတွေ၊ ဇနီးတွေ၊ ရင်းနှီးတဲ့ သူငယ်ချင်းတွေ စုပေါင်းပြီး နောက်ထပ်တစ်ပွဲအောင်ပွဲခံကြပါတယ်..။ အခုတစ်ကြိမ် အောင်ပွဲခံပါတီလေးဟာ ဝမ်းနည်းနေတဲ့ ကျွန်တော့်ရဲ့စိတ်တွေကို အတော်လေး လျော့ပါးစေခဲ့ပါ တယ်..။
တစ်ကယ်တော့ အကြိမ်ကြိမ်အဖန်ဖန် ကြားနေတဲ့ “Goodbye” ဆိုသော နှုတ်ဆက် စကားများဟာ ကျွန်တော့်ဘဝရဲ့ တစ်စိတ်တစ်ဒေသလိုပါပဲ..။ ငယ်ရွယ်စဉ်အချိန်၊ လူမှန်းကောင်း ကောင်းသိတတ်ကတည်းက ရေကြည်ရာ မြက်နုရာ.. တစ်နေရာပြီးတစ်နေရာ ရွှေ့ပြောင်း ထွက်ခွာ ခဲ့ရပါတယ်..။ ကလေးဘဝ.. လီမန်းစ်၊ ဂွမ်အောင်းန်၊ မာဆေးလ်.. အခုတစ်ကြိမ် နှုတ်ဆက်ရပြန်ပါပြီ..။ နှုတ်ဆက်ရတဲ့အကြိမ်တိုင်းဟာ တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြီးခက်ခဲလာပါတယ်.။ ဒါပေမယ့် ဘဝဆိုတာ ဒီလိုပါပဲ.. ကြုံလာသမျှကို လက်ခံ၊ ရင်ဆိုင်ရုံပါပဲ..။