နောက်ရာသီအစ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ရာသီကြိုပြိုင်ပွဲအဖြစ် အာဆင်နယ်အသင်းနဲ့ အင်းမရိတ်ဖလားပွဲ ယှဉ်ပြိုင်ခဲ့ပါတယ်..။ အဲဒီပွဲစဉ်မှာ နှစ်ဂိုးသွင်းပေးနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းနဲ့ ကျွန်တော်ရဲ့ ဂိုးသွင်းစံချိန်ကို (၁၅) ပွဲမှာ (၁၅) ဂိုးသွင်းယူခဲ့တဲ့ မှတ်တမ်း စိုက်ထူနိုင်ခဲ့ပါတယ်..။ သြဂုတ်လလယ်မှာတော့ တူရကီစူပါဖလားပြိုင်ပွဲအဖြစ် အမှတ်ပေးပြိုင်ပွဲ ဗိုလ်စွဲခဲ့တဲ့ ကျွန်တော်တို့ အသင်းနဲ့ တူရကီဖလားရခဲ့တဲ့ ဖီနာဘာချီအသင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်..။ ဒီတစ်ကြိမ်မှာတော့ ပရိသတ်ရဲ့အားပေးမှုအရှိန်ဟာ တစ်ကယ့်ဒါဘီပွဲစဉ်အတိုင်းပါပဲ..။
မိနစ် (၉၀) အချိန်ပြည့်တဲ့အထိ ဂိုးမရှိသရေကျ နေတာကြောင့် အချိန်ပိုထပ်ပြီး ကစားရပါတယ်..။ ဒီတစ်ကြိမ် မှာလည်း ကျွန်တော်ထပ်ပြီး အဆုံးအဖြတ် ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်..။ ကျွန်တော့်ရဲ့သွင်းဂိုးနဲ့ပဲ အခါးသီးဆုံးမြို့ခံပြိုင်ဘက်ကြီးကို အနိုင်ယူပြီး စူပါဖလား ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်..။ အခုဆိုရင် ကျွန်တော့်ရဲ့နောက်ထပ်ရည်မှန်းချက်တစ်ခု ပြည့်စုံသွားပါပြီ..။ ကျွန်တော်ဟာ တစ်ကယ့်ကိုတင်းပြည့်၊ ကျပ်ပြည့် ဂါလာတာစာရေး ကစားသမားတစ်ဦး ဖြစ်လာပါပြီ..!! ဒီပွဲမှာပရိသတ်တွေ ပြသခဲ့တဲ့ချစ်မြတ်နိုးမှုမျိုးကို အရင်တုန်းက ကျွန်တော်မတွေ့ခဲ့ဖူးပါဘူး.။ သူတို့ဟာအသင်းကို ဘာသာတစ်ခုအနေနဲ့ ကိုးကွယ်ကြသလို အဲဒီလိုချစ်မြတ်နိုးမှုကိုလည်း မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းသွားခဲ့ကြတာပါ..။ ဒါကိုအပြင်ကလူတွေ နားလည်ဖို့ ခက်ပါလိမ့်မယ်..။
ဒီလိုပြိုင်ဆိုင်မှုပြင်းထန်လွန်းပြီး မျှော်လင့်ချက်တွေအရမ်းများလွန်းတာကြောင့် ရာသီအစပိုင်းမှာတင် အမှတ်ပေးဇယားမှာ ဖီနာဘာချီအသင်းရဲ့အောက်ဒုတိယနေရာကို ရောက်သွားတဲ့ပြစ်ချက်နဲ့ ကျွန်တော်တို့မန်နေဂျာ အထုတ်ခံလိုက်ရပါတယ်..။ ဒီလိုတိုင်းပြည်မှာ အခါးသီးဆုံးပြိုင်ဘက်နောက်ကို အမှတ်နည်းနည်းလေးလျော့ပြီး အောက်တစ်နေရာ ရောက်သွားတာနဲ့ အမှတ်ပေးပြိုင်ပွဲတစ်ခုလုံးမှာ ရှုံးသွားသလိုပါပဲ..။ ဘောလုံးရာသီမှာ အချိန်အများကြီးကျန်သေးတာမို့ ပြန်လာဖို့ အခွင့်အရေးတွေ ရှိနေသေးပေမယ့် သူတို့အတွက် ဒါမျိုးကိုလုံး၀ ခွင့်မလွတ်နိုင်ပါဘူး..။ သူ့ရဲ့နေရာကို ရောက်လာသူက ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာ စီးတီးအသင်းက ထုတ်ပယ်ခံခဲ့ရတဲ့ ရော်ဘတ်တို မန်စီနီ ပါ..။
ရော်ဘတ်တို မန်စီနီလက်ထက်မှာ ကျွန်တော်တို့အိမ်ကွင်း (၁၂) ပွဲ ဆက်တိုက် အနိုင်ရခဲ့ပေမယ့် အမှတ်ပေးပြိုင်ပွဲမှာ ဒုတိယနေရာကိုသာ ရခဲ့တာကြောင့် ရော်ဘတ်တို မန်စီနီလည်း ဖာတစ် တာရင်ရဲ့ လမ်းကြောင်းအတိုင်း လိုက်သွားခဲ့ရပါတယ်.။ ဒါပေမယ့်တူရကီဖလား ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် ချန်ပီယံလိဂ် အုပ်စုအဆင့်ကို ကျော်ဖြတ်ပြီး ရှုံးထွက်ပွဲစဉ်တက်ရောက်နိုင်ခဲ့ပါတယ်..။ ကျွန်တော်တို့အုပ်စုမှာ ရီးရဲလ် မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့လိုအသင်းကြီးတွေ ပါဝင်တာကြောင့် ကြီးမားတဲ့အောင်မြင်မှုတစ်ခုလို့ ပြောနိုင်ပါတယ်..။
အခုအချိန်မှာတော့ ရီးရဲလ်အသင်းကို ကာလို အန်စလော့တီ ကိုင်တွယ်နေတာဖြစ်ပြီး ကျွန်တော်တို့ကို နှစ်ပွဲစလုံး အလွယ်တကူပဲ အနိုင်ယူသွားပါတယ်..။ ဒါပေမယ့် ဂျူဗင်တပ်စ်အသင်းကို တူရင်မြို့မှာ နှစ်ဂိုးစီ သရေကျအောင် ခြေစွမ်းပြပြီး ကန်နိုင်ခဲ့တာဟာ ကျွန်တော်တို့အတွက် အရေးပါခဲ့တဲ့ ရလဒ်တစ်ခုလို့ ပြောရမှာပါ..။ ဒုတိယအကျော့ကို ဒီဇင်ဘာလဆန်းမှာ ကန်ရပါမယ်..။ ပွဲမကန်ခင်ည အစ္စတန်ဘူလ်က အသင်းဟိုတယ်လ်မှာ အပြင်ဘက်မိုးရွာတာကို ငေးကြည့်နေရင်း အဲဒီမိုးစက်တွေဟာ နှင်းပွင့်တွေအဖြစ် ပြောင်းလဲကုန်တာကို အမှတ်ရနေမိပါတယ်..။
နောက်ရက်မှာပွဲကန်နိုင်ဖို့ ကွင်းကိုအတတ်နိုင်ဆုံး ရှင်းလင်းခဲ့ပေမယ့် ပွဲစပြီးဘာမှမကြာခင်မှာပဲ နှင်းတွေသိပ်သည်းစွာ ကျလာပါတယ်..။ နောက်ပြီးနှင်းမုန်တိုင်းအဖြစ် ဖွေးဖွေးလှုပ်အောင်ကျဆင်းခဲ့တာမို့ ဘောလုံးကွင်းတစ်ခုလုံး ဘာမှမမြင်ရတော့တဲ့အပြင် ကောင်းကောင်းတောင် မပြေးနိုင်တော့ပါဘူး.။ ကျလာတဲ့ နှင်းပွင့်တစ်ချို့ဟာ သခွားသီးအသေးစားလောက် ရှိမယ်ထင်ရပါတယ်.။ တစ်ကယ့်ကို သိပ်သိပ်သည်းသည်းနဲ့ ပိန်းပိတ်အောင် ကျဆင်းလာတာမို့ ကစားပွဲကို ဖျက်သိမ်းလိုက်ရပါတော့တယ်..။ နောက်ရက်မှာ ပွဲကိုဆက်ပြီး ကစားနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်..။ တစ်ကယ်လို့ လက်ရှိဂိုးမရှိသရေ ရလဒ်အတိုင်းသာဆိုရင် ဂျူဗင်တပ်စ်အသင်းဟာ ရီးရဲလ် မက်ဒရစ်နဲ့အတူ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်မှာ ဖြစ်ပါတယ်..။
နောက်ရက်မှာ ကွင်းလုပ်သားတွေရဲ့ကြိုးစားမှုနဲ့ နှင်းထုကြီးကိုရှင်းထုတ်နိုင်ခဲ့တာ ကြောင့် ကစားပွဲကို ဆက်နိုင်ခဲ့ပါတယ်.။ အင်မတန်မှကို အေးခဲလှတဲ့ ဗုဒ္ဓဟူးနေ့ညခင်းဖြစ်ပေမယ့် ကစားကွင်းတစ်ခုလုံး ပရိသတ်အပြည့်ပါပဲ..။ ကျဆင်းနေတဲ့နှင်းထုကြီးဟာ မနေ့ကလို အရမ်းမများလှပေမယ့် တစ်ပွဲလုံးနီးနီး ဖွဲဖွဲလေးကျဆင်းနေတာကြောင့် ကစားရခက်ခဲပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့အတွက် အခြားရွေးချယ်စရာလမ်း မရှိတော့တာကြောင့် ကြိုးစားပြီး တိုက်စစ်ဆင်ရင်း ပွဲပြီးခါနီး (၅) မိနစ်အလိုမှာ ကျွန်တော်ခေါင်းနဲ့လှန်တိုက်ပြီးချပေးလိုက်တဲ့ အမြင့်ဘောတစ်လုံးကို ဝက်စ်လေ ရှနိုက်ဒါက အဆုံးသတ်အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်..။ မျှော်လင့်မထားတဲ့ အခြေအနေကနေရရှိခဲ့တဲ့ ၁ဂိုး၊ ဂိုးမရှိ အနိုင်ရလဒ်ဟာ ဂျူဗင်ဘီလူးကြီးကိုကျော်ဖြတ်ပြီး နောက်တစ်ဆင့် တက်ရောက်စေနိုင်ခဲ့တဲ့ အောင်ပွဲကို ရရှိစေခဲ့ပါတယ်..။
(၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်အတွက် အသင်းတွေမဲခွဲပြီး ရွေးချယ်တဲ့အခါ ကျွန်တော်တို့ဟာ ချယ်လ်ဆီးနဲ့ ကစားရပါမယ်တဲ့.. ဒီတစ်ကြိမ် ဟိုဆေး မော်ရင်ဟို ပြန်လည်ကိုင်တွယ်နေတာ ဖြစ်ပါတယ်..။ ဒီပွဲစဉ်ကို ပိုပြီးလှပစေတဲ့ ဇာတ်ညွန်းထဲမှာ ၂၀၀၈ ခုနှစ်က ရော်ဘတ်တို မန်စီနီ ကိုင်တွယ်ခဲ့တဲ့ အင်တာ မီလန်အသင်းကို မော်ရင်ဟိုဆက်ခံပြီး အောင်မြင်မှုတွေ ရယူပေးခဲ့ကာ အဲဒီကတဆင့် ရီးရဲလ်၊ အခုချယ်လ်ဆီးအရောက် မန်စီနီနဲ့ ပြန်လည်ဆုံတွေ့ကြပြန်တဲ့ အကြောင်းလည်း ပါဝင်ခဲ့တာကြောင့် မီဒီယာတွေအတွက် ရေးဖွဲ့လို့ မကုန်နိုင်စရာပါပဲ..။ ပထမ အကျော့ပွဲစဉ်ကို အစ္စတန်ဘူလ်မှာစကန်ရပြီး ပွဲစကိုးမိနစ်မှာပဲ ဖာနန်ဒို တောရက်စ်က အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်..။ ဟိုဆေးလ်ရဲ့အသင်းအပီပီ အနိုင်ဂိုးကို ဘယ်လိုထိန်းရမလဲဆိုတာ သူတို့ ကောင်းကောင်းသိပါတယ်.။ လုံးဝနေရာလွတ်မရှိအောင် ပိတ်ဆို့ကစားနေတဲ့အပြင် ကျွန်တော့်ကိုပါ လှုပ်မရအောင်ထိန်းချုပ်ထားတာကြောင့် အထောင်တိုက်စစ်မှူး နေရာကနေ နောက်ကိုဆင်းပြီး လှုပ်ကစားရပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ချေပဂိုးသွင်းနိုင်ခဲ့ပေမယ့် စတန်းဖို့ဒ် ဘရစ်ချ်မှာ ပြန်ကစားမယ့် ဒုတိယအကျော့ဟာ အင်မတန် ခက်ခဲလိမ့်မယ်ဆိုတာ နားလည်ခဲ့ပါတယ်..။
ဒီတစ်ကြိမ်လန်ဒန်ကို ပြန်ခဲ့တဲ့ခရီးဟာ ထူးဆန်းတယ်လို့ပြောရမှာပါ..။ ပွဲမကန်ခင်တစ်ရက် စတန်းဖို့ဒ် ဘရစ်ချ်မှာ လေ့ကျင့်ကွင်းဆင်းတော့ ကျွန်တော့်ရဲ့ကစားပုံ အရမ်းကောင်းနေတာကြောင့် အသင်းဖော်တွေက အံ့သြတကြီး ချီးမွမ်းကြပါတယ်.။ သူတို့ကနောက်ရက်ကန်မယ့် အရေးကြီးတဲ့ပွဲအတွက် ကျွန်တော်ကြိုးစား ပြင်ဆင်နေတယ်ထင်မှတ်ကြပေမယ့် ကျွန်တော်ကတော့ မသိစိတ်ရဲ့ စေ့ဆော်မှုကြောင့်လို့ပဲ ထင်ပါတယ်..။ ကျွန်တော့်အတွက် ဒီကွင်းရဲ့အကျယ်အဝန်း၊ ဂိုးပေါက်တွေရဲ့ အနေအထားစတဲ့ တစ်ချိန်ကအင်မတန်ရင်းနှီးခဲ့တဲ့ပတ်ဝန်းကျင်ဟာ စိတ်ထဲ၊ မှတ်ဉာဏ်ထဲ အကုန်ပြန်ပေါ်လာပါတယ်..။ ဘယ်အချိန်ကန်သွင်းရမယ်..၊ ဘယ်နေရာမှာ ဘယ်လိုကစားရမယ် စသဖြင့်ပေါ့..။ တင်စားပြီး ပြောရမယ်ဆိုရင် ဒီစတန်းဖို့ဒ် ဘရစ်ချ်ကွင်းတစ်ခုလုံးဟာ ကျွန်တော့်ရဲ့ လက်ဖမိုးလေးလိုပါပဲ.။ အခုကျွန်တော့်ရဲ့စိတ်ထဲမှာ အဝေးကလူတစ်ယောက် အိမ်ပြန်ရောက်တဲ့ ခံစားမှုမျိုးကို ရရှိနေပါတယ်..။ ဒီကွင်းနဲ့ပတ်သက်ရင် အမှောင်ထဲမှာတောင် ဘယ်နားမှာမီးခလုတ်ရှိတယ်..၊ ဘယ်နေရာမှာ လှေကားဘယ်နှစ်ထစ်ရှိတယ် စသဖြင့် အသေးစိတ် မှတ်မိနေပါတယ်..။ ဒီနေ့ကွင်းထဲရောက်တော့မှ ဒီနေရာကို ဘယ်လောက်တောင် သတိရ၊ လွမ်းဆွတ်ခဲ့တယ်ဆိုတာ သိရှိ၊ ခံစားမိခဲ့ပါတယ်..။
ဒုတိယအကျော့ပွဲမှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားနေခဲ့တာကြောင့် ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး..။ ဒီကိုပြန်ရောက်လာပြီး အရမ်းရင်းနှီးခဲ့တဲ့ အားပေးသံတွေ ပြန်ကြားရတယ်၊ အပြာရောင်ပရိသတ်ပင်လယ်ကို ပြန်မြင်တွေ့ရတယ်.. စတဲ့ခံစားမှုတွေကို မေ့ပျောက်ပြီး ကစားပွဲအပေါ်မှာ အာရုံစိုက်လို့ လုံးဝမရနိုင်အောင်ပါပဲ..။ ပွဲစပြီးသိပ်မကြာခင်မှာပဲ ကျွန်တော်တို့တစ်ဂိုး ပေးလိုက်ရပါတယ်..။ စတန်းဖို့ဒ် ဘရစ်ချ်မှာ နောက်ကလိုက်ရပြီဆိုရင် ပြိုင်ဘက်အသင်းအတွက် သိပ်ကိုခက်ခဲတဲ့ အလုပ်တစ်ခုပါပဲ..။ နောက်ဆုံး ၂ဂိုး၊ ဂိုးမရှိနဲ့ ပွဲပြီးသွားပါတယ်..။ နောက်တစ်ဆင့်ကို မတက်ရောက်နိုင်တော့လို့ စိတ်ပျက်ခဲ့ရသလို ကျွန်တော့်အတွက်လည်း ချယ်လ်ဆီးအသင်းကို ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ရတာ ဘယ်လောက်ခက်ခဲသလဲဆိုတာ နားလည်လိုက်ပါတယ်။ ဒီခံစားမှုမျိုးဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က မာဆေးလ်အသင်းကို ပြန်လည်ရင်ဆိုင်စဉ်က အတိုင်းပါပဲ..။ တစ်ချို့ကစားသမားတွေကတော့ အသင်းဟောင်းကို ရင်ဆိုင်တဲ့အချိန်မှာ သူတို့ရဲ့အသင်းဟောင်းအပေါ် ချစ်တဲ့စိတ်တွေကို ခွာချလို့ ရကောင်းရနိုင်မှာပါ..။ ကျွန်တော့်အတွက်တော့ မဖြစ်နိုင်ပါဘူး.. အထူးသဖြင့် ရှစ်နှစ်ကျော် ဖြတ်သန်းလာခဲ့ပြီး အောင်မြင်မှုတွေအတူတူ ဆွတ်ခူးခဲ့တဲ့အသင်းကို မေ့ပျောက်ဖို့ဆိုတာ ဘယ်လိုမှဖြစ်နိုင်မှာ မဟုတ်ပါဘူး..။
ဂါလာတာစာရေးအသင်းနဲ့ ကျွန်တော့်ရဲ့စာချုပ်သက်တမ်းဟာ ၂၀၁၃- ၁၄ ဘောလုံး ရာသီကုန်မှာ ပြီးဆုံးသွားပါတယ်..။ သူတို့ကအသင်းမှာ ဆက်ပြီးရှိနေစေချင်သလို အခြားကမ်းလှမ်းမှုအဖြစ် ဂျူဗင်တပ်စ်အသင်းရဲ့ နောက်တစ်ကြိမ်ကမ်းလှမ်းမှုကို လက်ခံရပါတယ်..။ အသင်းမန်နေဂျာ အန်တိုနီယို ကွန်တီက ကျွန်တော့်ကို အသည်းအသန် ခေါ်ယူချင်နေသလို ကျွန်တော်ကလည်း အီတလီစီးရီးအေမှာ ကစားဖို့ စိတ်ဝင်စားပါတယ်..။ ဒါပေမယ့် ဂါလာတာစာရေးအသင်းမှာ ပျော်ရွှင်နေတဲ့အတွက် ဆက်ပြီးလက်တွဲရမလား? ခွဲခွာရမလား? ဆိုတာ မဆုံးဖြတ်နိုင်အောင်ပါပဲ..။
မျှော်လင့်မထားပဲ အလှည့်အပြောင်းဖြစ်စေခဲ့တာကတော့ “ဟိုဆေး မော်ရင်ဟို” ကြောင့်ပါ..။ အစောပိုင်း အခန်းတွေမှာ ဖော်ပြခဲ့သလိုပါပဲ.. ဟိုဆေးဟာ ချယ်လ်ဆီးကခွဲခွာပြီး နောက်ပိုင်းမှာလည်း ကျွန်တော်တို့နဲ့ အဆက်အသွယ် ပုံမှန်ရှိနေပါတယ်။ ကျွန်တော်ချယ်လ်ဆီးက ထွက်လာတဲ့အချိန်သူက “မင်းချယ်လ်ဆီးကို တစ်နေ့ပြန်လာရဦးမယ်..။ ဒါဟာမင်းရဲ့အသင်း..၊ မင်း ပိုင်တဲ့နေရာပဲ..။” လို့ ပြောပါတယ်..။ အဲဒီအချိန် သူဟာရီးရဲလ် မက်ဒရစ်မှာပဲ ရှိနေပါသေးတယ်။ သူကအခုလိုတောင် ဆက်ပြီးပြောပါတယ်.. “တစ်ကယ်လို့ ငါပြန်လာဖြစ်မယ်ဆိုရင်တောင်မှ မင်းမရှိပဲနဲ့ ပြန်လာနိုင်မှာမဟုတ်ဘူး.. အဲဒါကြောင့် လမ်းကြောင်းရှာပြီး ရအောင်သာပြန်လာတော့..။” ၂၀၁၃ ခုနှစ်၊ နွေရာသီ ချယ်လ်ဆီးကိုသူရောက်လာပြီး ကျွန်တော့်ကိုခေါ်ယူဖို့ ကြိုးစားပေမယ့် ဂါလာတာစာရေးက ငြင်းပယ်ခဲ့ပါတယ်.။
ဒီလိုဂျူဗင်တပ်စ်အသင်းကိုပြောင်းဖို့ အခွင့်အရေးရလာတာကို သူနဲ့တိုင်ပင် ဖြစ်ပါတယ်..။ ဟိုဆေးက “မင်းစောင့်မှဖြစ်မယ်..၊ ခဏစောင့်ပါဦး..” လို့ ပြောပါတယ်..။ သတင်းကောင်း အနေနဲ့ ရိုမန် အေဘရာမိုဗစ်ချ်ကလည်း ကျွန်တော့်ကိုပြန်ပြီး ခေါ်ယူချင်နေပါတယ်..။ ဒါ့ကြောင့် ဇူလိုင်လကုန်မှာ ချယ်လ်ဆီးက ကျွန်တော့်ကိုတစ်နှစ်သက်တမ်းစာချုပ်နဲ့ ကမ်းလှမ်းပါတယ်…။ ဟိုဆေးက ကျွန်တော့်ကို သံယောဇဉ်ကြောင့် ပြန်လည်ခေါ်ယူတာမဟုတ်ဘူး..၊ အခုအချိန်အထိ ကျွန်တော်ဟာ ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် ရှိနေတာကြောင့် ခေါ်ယူရခြင်းဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်…။ သူ့ဆီကဒီလိုကြားရတာ ဝမ်းသာဖို့ကောင်းလှပါတယ်..။ ကျွန်တော့်အတွက် ချယ်လ်ဆီးဆိုတာ ကိုယ့်ရဲ့အိမ်လိုဖြစ်နေသလို ဟိုဆေးနဲ့လည်းထူးရှယ် ဆက်ဆံရေးရှိနေတာကြောင့် ဆုံးဖြတ်ချက်ချရတာ သိပ်ကိုလွယ်ကူပါတယ်..။ သူနဲ့နောက်တစ်ကြိမ် လက်တွဲခွင့်ရမယ့်အခွင့်အရေးကို ငြင်းပယ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး..။ ရိုးရိုးရှင်းရှင်းလေးပါပဲ..။