တနင်္လာနေ့ ညနေပိုင်းမှာ ကျွန်တော်တို့ လက်စ်တာကိုရောက်ပါတယ်။ ညစာကို ပေါ့ပေါ့ပါးပါး စားသောက်ပြီး ရုပ်ရှင်ကြည့်တဲ့သူကြည့်၊ တီဗွီကြည့်သူကကြည့် နှစ်သက်ရာ အပန်းဖြေကြပါတယ်..။ ယေဘူယျအားဖြင့်အားလပ်ချိန်တွေမှာ ကျွန်တော်တို့ကိုယ်နှစ်သက်သလို နေထိုင်နိုင်ကြပါတယ်..။ နောက်တစ်ရက်မနက်စာကိုတော့ ကိုယ့်ရဲ့ဆန္ဒအတိုင်းပါပဲ..။ စားလည်းရတယ်..၊ မစားပဲ ဆက်အိပ်နေလို့လည်း ရပါတယ်..။ တစ်ချို့ကဆက်အိပ်နေကြပြီး (၁၂) နာရီ တစ်ချက်တီးမှ နေ့လည်စာ စားပါတယ်..။
ကျွန်တော်တို့သွားလေရာမှာ ကိုယ်ပိုင်စားဖိုမှူးများပါအတူပါလာလေ့ ရှိတာကြောင့် အစားအသောက်အတွက် အထူးတလည် ဒုက္ဓမရောက်ပါဘူး..။ အပြင်လူတစ်ချို့က ကျွန်တော်တို့ကို အစားအသောက် အရမ်းဂရုစိုက်ရတယ်လို့ ယူဆနေကြပေမယ့် ကိုယ်စားချင်တဲ့ အပေါ်မူတည်ပြီး အဆင်ပြေအောင်ချက်ပြုတ်၊ စားသောက်ကြရပါတယ်..။ ကြက်သား..၊ ပါစတာ ခေါက်ဆွဲ၊ ထမင်း၊ စပိန်ထမင်းကြော်.. စသဖြင့် ရွေးစရာတွေအများကြီးရှိနေတာကြောင့် ပူပန်စရာ သိပ်မရှိပါဘူး..။ ဒါပေမယ့် များသောအားဖြင့် လောင်ကျွမ်းအားကောင်းစေမယ့် ကယ်လိုရီများများ အစားအစာတွေ စားရတာ များပါတယ်..။
အင်္ဂါနေ့မနက်ပိုင်း၊ နေ့လည်စာမစားခင် နာရီဝက်လောက် အပေါ့စားလေ့ကျင့်ခန်း ပြုလုပ်ကြရပါတယ်..။ လမ်းလျှောက်တာ၊ အကြောလျော့တာလောက်ပါပဲ..။ တစ်ခါတစ်လေ အလယ်မှာ လူနှစ်ယောက်က သူတို့ကိုဝိုင်းထားတဲ့ လူရှစ်ယောက် ဒါမှမဟုတ် ကိုးယောက်ဆီ ကနေ ဘောလုံးလိုက်လုရတဲ့ ကစားနည်း (မြန်မာလို ခွေးရူးလိုက်ကစားနည်း) ကစားကြပါတယ်..။ သွေးပူအောင် လေ့ကျင့်တဲ့သဘောလောက်ပါ..။ နေ့လည်စာစားပြီး နေ့ခင်းကို အနားပေးထားပါတယ်.။ ညစာမစားခင် အသင်းအစည်းအဝေးမှာ ဟိုဆေးက လက်စ်တာအသင်းရဲ့ပွဲတွေထဲက ကောင်းနိုးရာရာတွေ၊ သူတို့ရဲ့နည်းစနစ်တွေကို ပြသပါတယ်..။ နောက်ကျွန်တော်တို့ခံစစ်ဘယ်လို ကစားသင့်တယ်၊ တိုက်စစ်ဘယ်လိုဆင်သင့်တယ်၊ စတာတွေကို ညွန်ကြားပါတယ်.။ သူတို့ဟာ လွန်ခဲ့တဲ့တစ်လလောက်ကမှ နောက်ထပ်ကစားကွက်တစ်မျိုး ပြောင်းခဲ့တာဖြစ်ပြီး နိုင်ပွဲတွေ ဆက်တိုက်ရခဲ့ပါတယ်..။
ဟိုဆေးကအရင်တုန်းက သူတို့ကစားကွက်နဲ့ အခုကစားကွက်ကို နှိုင်းယှဉ်ပြပါတယ်..။ သူ့ရဲ့ကောင်းကွက်တစ်ခုက အသင်းအစည်းအဝေးများဟာ သိပ်မကြာတတ်ပါဘူး..။ လိုအပ်တဲ့အချက်အလက်တွေကို အစည်းအဝေးမတိုင်ခင် ကြိုပေးထားတဲ့အပြင် အခြားပြင်ဆင်မှုများကိုလည်း အဆင့်ဆင့်ကြိုတင်စီစဉ်ခဲ့ပြီးဖြစ်တာကြောင့် အဲဒီလို တိုတောင်းရတာ ဖြစ်ပါမယ်..။ ကန်မယ့်မနက် ပွဲထွက်လူစာရင်းထွက်လာတဲ့အချိန်မှာတော့ အားလုံးဟာ ကိုယ်ဘာလုပ်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိထားပြီး ဖြစ်နေပါပြီ..။
ပွဲကန်မယ်နေ့မနက်ပိုင်းမှာတော့ ခဏလေးလမ်းလျှောက်ထွက်ကြပါတယ်…။ ပြီးရင် နေ့လည်စား.. နောက်ကျွန်တော်အပါအဝင် တစ်ချို့ကစားသမားတွေက စားပွဲတင်တင်းနစ် ကစားပြီး ကိုယ့်အခန်းကိုယ် ပြန်အနားယူကြပါတယ်..။ ကျွန်တော်တို့အားလုံးကို ကိုယ်ပိုင်အခန်းတွေ စီစဉ်ပေးထားတာမို့ ကိုယ်စိတ်ကြိုက် အနားယူနိုင်ဖို့ ပိုအဆင်ပြေပါတယ်..။ လက်စ်တာကွင်းကိုသွားတဲ့ ဘတ်စ်ကားခရီးစဉ်ဟာ လေးဆယ့်ငါးမိနစ်လောက် ကြာတာကြောင့် မှန်းထားတာထက် ပိုကြာတယ်ပြောရမှာပါ.။ ကွင်းကိုရောက်တဲ့အချိန် နောက်ကျနေပြီ ဖြစ်တာကြောင့် သွေးပူလေ့ကျင့်ခန်းအပါအဝင် အစီအစဉ်တွေကို ကတိုက်ကရိုက် ဆောင်ရွက်ရပါတော့တယ်..။ ဒီလိုအစီအစဉ်တွေ လွဲချော်ရခြင်းဟာလည်း ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ရတဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်.။ ဒါပေမယ့်သူတို့ကစားတာလည်း တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်..။ သူတို့ဟာ တစ်ကွင်းလုံးအနှံ့ ဖိအားပေးနေပြီး ပိုကောင်းတဲ့အသင်းဖြစ်သလို ဦးဆောင်ဂိုးကိုလည်း ထိုက်ထိုက်တန်တန်ရသွားပါတယ်..။ အဲဒီဦးဆောင်ဂိုးကို ပထမပိုင်းပြီးခါနီးမှာ သွင်းယူသွား ခဲ့တာပါ..။
ပထမပိုင်းအပြီးမှာမန်နေဂျာက တစ်ချို့ကစားသမားတွေရဲ့ ပထမပိုင်းကစားပုံဟာ ချန်ပီယံအဆင့်အတန်း ရှိမနေတဲ့အကြောင်း၊ ဒါ့ကြောင့်ခံစစ်ကစားသမားတွေ ဖိအားဝင်ကုန်ရတဲ့အကြောင်း၊ ဒီလိုတိုက်စစ်သမားတွေ တာဝန်မကျေခြင်းဟာ အသင်းအတွက်အန္တရယ်ရှိတဲ့အကြောင်း ပြောပါတယ်..။ ဒါဟာအမှန်တရားပါ..။ ဒီလိုတိုက်ရိုက်ဝေဖန်ခြင်းဟာ တစ်ချို့ကစားသမားတွေအတွက် ဖိအားတွေ ပိုများစေနိုင်ပြီး ခြေစွမ်းပိုပျောက်သွားနိုင်ပေမယ့် ကျွန်တော်ကတော့ ဘယ်လိုတာဝန်ယူပြီး အသင်းကို ကူညီရမလဲဆိုတာ နားလည်လိုက်ပါတယ်..။ ကျွန်တော်တို့ဟာ နောက်တန်းသမားတွေအပေါ် ဖိအားလျော့သွားအောင် မနားတမ်းတိုက်စစ်ဆင်နိုင်ဖို့ ကြိုးစားရပါတော့မယ်..။ ဒီလိုနဲ့ဒုတိယပိုင်းပြန်စပြီး သုံးမိနစ်အတွင်းမှာပဲ ဘရာနီဆလပ်ဗ် အိုင်ဗန်နိုဗစ် တောင်ပံတစ်လျှောက်ဆွဲပြေးပြီး ဖြတ်တင်ပေးလိုက်တာကို ကိုးကိုက်အကွာကနေ ကျွန်တော်ကန်သွင်း အဆုံးသတ်လိုက်ပါတယ်.။ ဒီတစ်ကြိမ်လည်း ပွဲရဲ့ချိန်ခွင်လျှာကို အပြောင်းအလဲဖြစ်စေမယ့် အရေးကြီးတဲ့ဂိုးတစ်ဂိုး ရယူပေးနိုင်ခဲ့ပြန်ပါပြီ..။
ဒီဂိုးဟာ ၂၀၁၅ ခုနှစ်အတွင်း ကျွန်တော် ပထမဆုံး သွင်းယူနိုင်ခဲ့တဲ့ဂိုးလည်း ဖြစ်ပါတယ်..။ အခုဆိုရင်ကျွန်တော်ဟာ ပထမဦးစားပေးတိုက်စစ်မှူးမဟုတ်တော့တာကြောင့် ပုံမှန်ကစားခွင့်ဝေးနေပြီး ဂိုးတစ်ဂိုးရဖို့ အကြာကြီးစောင့်ရတာ ဖြစ်ပါတယ်..။ ဒီလိုခက်ခဲတဲ့ပွဲမျိုးမှာ အရေးကြီးတာက တတိယဂိုး၊ စတုတ္ထဂိုးတွေမဟုတ်ပဲ စိတ်ဓါတ်ရေးရာအားတက်စေမယ့် အခုလို အဆုံးအဖြတ်ဂိုးမျိုး သွင်းနိုင်ဖို့ လိုအပ်တာပါ..။ အဲဒီအချိန်ကစပြီး ကျွန်တော်တို့အသင်းဟာ ပွဲကိုစိုးမိုးနိုင်ခဲ့ပါတယ်..။ နောက်ထပ်ဂိုးရနိုင်မယ့် အခွင့်အရေးကောင်းနှစ်ကြိမ်လောက် ကျွန်တော် လွဲခဲ့သော်လည်း JT၊ ရာမီးရက်စ်တို့ရဲ့ သွင်းဂိုးများနဲ့ ပွဲအပြီးမှာ ၃ဂိုး၊ ၁ဂိုး ရလဒ်အနိုင်ရခဲ့ပါတယ်..။ ပွဲပြီးလို့လန်ဒန်ကို ပြန်ခဲ့တဲ့အချိန် အားလုံးပျော်ရွှင်နေကြပြီး သက်တောင့်သက်သာပါပဲ..။ အောင်ပွဲခံဖို့အတွက် စောလွန်းနေပါသေးတယ်..၊ ဒါပေမယ့်အခုအချိန်မှာ ဆုဖလားဟာ ကျွန်တော်တို့အတွက် သေချာနေပြီဆိုတဲ့ ခံစားချက်တွေတော့ရလာနေပါပြီ..။ နောက်တစ်ပွဲကခရစ်စ်တယ် ပဲလေ့စ်နဲ့ အိမ်ကွင်းမှာဖြစ်ပြီး ဒီပွဲကိုနိုင်ခဲ့ရင် ဖလားရပါပြီ..။ အိမ်ကွင်းမှာ အောင်ပွဲခံရမယ့် ခံစားချက်ဟာ အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းမှာပါ..။
ခရစ်စ်တယ် ပဲလေ့စ်အသင်းဟာ ကန်ရခက်တဲ့အသင်းတစ်သင်းဖြစ်ပေမယ့် ဒီပွဲကို အနိုင်ရမယ်ဆိုတာ ကျွန်တော်တို့ လုံးဝသံသယမရှိခဲ့ပါဘူး..။ ဒါပေမယ့် ဒီပွဲဟာသရဖူရယူမယ့် အသင်းသားတွေရဲ့ပွဲ ဖြစ်တာကြောင့် ပွဲကိုချဉ်းကပ်ပုံ ကွာခြားနိုင်ပါတယ်..။ တစ်ချို့ကစားသမားတွေဟာ ဒီလိုအတွေ့အကြုံမျိုး မရှိဖူးတာကြောင့် စိတ်လှုပ်ရှားပြီး အမှားအယွင်းတွေ ရှိနိုင်ပါတယ်.။ ဒါပေမယ့်ကျွန်တော်ကတော့ အသင်းလိုက်စုစည်းမှုဟာ ပိုအရေးကြီးပြီး ညီညွတ်မှုနဲ့ လိုအပ်တဲ့ပန်းတိုင်ကို အရောက်သွားနိုင်ရပါမယ်လို့ ယုံကြည်ထားပါတယ်.။ ကိုယ်တိုင်လည်း လူငယ်ကစားသမားဘဝက ဖြတ်သန်းလာခဲ့တဲ့အတွက် သူတို့တွေ ဘယ်လိုခံစားချက် ရှိလိမ့်မယ်ဆိုတာ နားလည်ပါတယ်..။
သူတို့ရဲ့စိတ်ထဲမှာ ဒီအောင်ပွဲခံရမယ့် ပွဲစဉ်မျိုးကို အကောင်းဆုံးကစားပြီး ဂိုးပြတ်အနိုင်ရမယ်..၊ ဒါ့အပြင်ကိုယ်တိုင်ဂိုးတွေအများကြီးသွင်း၊ အဲဒီနေ့ရဲ့ အကောင်းဆုံးကစားသမားအဖြစ် အောင်ပွဲခံနိုင်ဖို့ စိတ်ကူးယဉ်မိပါလိမ့်မယ်..။ ဒါပေမယ့် တကယ့်လက်တွေ့ဘဝဟာ ခြားနားပါတယ်..။ တဖြည်းဖြည်းနဲ့ ကျွန်တော်နားလည်လာတာက အသင်းကို အကောင်းဆုံး ကူညီနိုင်ဖို့ဟာ အဓိကပါပဲ..။ ကိုယ်ကိုယ်တိုင် ဂိုးသွင်းနိုင်ဖို့၊ အကောင်းဆုံးကစားနိုင်ဖို့ဆိုတာ ဦးစားပေးမဟုတ်ပါဘူး..။ ဒါ့ကြောင့်ကိုယ့်ကိုယ်ကို ဖိအားပေးတာလျော့ချပြီး အသင်းအတွက် ပေးဆပ်ဖို့ကိုပဲ အာရုံပိုစိုက်လိုက်ချိန်မှာ အရင်ထက်ပိုပြီးခြေစွမ်းကောင်းလာဖို့ စိတ်ဓါတ်ပိုင်းဆိုင်ရာလွတ်လပ်မှု ရလာပါတယ်..။ ဒါဟာအသင်းအတွက် အကောင်းဆုံးပေးဆပ်ခဲ့မယ်ဆိုရင် ကိုယ့်အတွက် ရောင်ပြန်ဟပ်လိမ့်မယ်ဆိုတဲ့ သဘောတရားပါပဲ...။ ကျွန်တော့်ရဲ့ခံယူချက်ဆိုလည်း မမှားပါဘူး..။
အသင်းလိုက်စိတ်ဓါတ်အကြောင်းဆက်ရမယ်ဆိုရင် သာမာန်အားဖြင့် တိုက်စစ်မှူးတွေဟာ ခံစစ်မှာသိပ်ပြီး လိုက်ပါလေ့မရှိပါဘူး.။ သူတို့ဟာ နောက်ကိုသိပ်မဆင်းပဲ ရှေ့မှာသာအာရုံ စိုက်ပြီး ဂိုးဖန်တီးဖို့၊ ဂိုးသွင်းနိုင်ဖို့ ကြိုးစားလေ့ ရှိပါတယ်.။ ကျွန်တော်ဟာတိုက်စစ်မှူးပါ.။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အသင်းရဲ့ ကစားသမားတစ်ယောက်လို့ပဲ ခံယူထားပါတယ်…။ တစ်ချို့ တိုက်စစ်မှူးတွေဟာ ကိုယ့်အသင်း ၃ဂိုးရှုံးနေလည်း ဂရုမစိုက်ပဲ ကိုယ်ချေပဂိုးတစ်ဂိုးရလို့ ၃ဂိုး- ၁ဂိုး ဖြစ်သွား တာမျိုးကို ကျေနပ်တယ်၊ သူရဲ့အလုပ် ပြီးမြောက်ခဲ့တယ်..၊ တခြားသူတွေ တာဝန်မကျေလို့ အသင်းရှုံးတာ သူနဲ့မဆိုင်ဘူးလို့ ခံယူချက် ရှိကြပါတယ်။ ကျွန်တော်ကတော့ ကိုယ်တိုင်ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ကိုယ့်ရဲ့ကြိုးစားမှုကြောင့်၊ ဒါမှမဟုတ် ဖန်တီးမှုကြောင့် ရခဲ့တဲ့ ၁ဂိုး၊ ဂိုးမရှိ အနိုင်ရလဒ်မျိုးကို ကျွန်တော်ကိုယ်တိုင်ဂိုးရပြီး ၂ဂိုး၊ ၁ဂိုးနဲ့ ရှုံးပွဲထက် ပိုတန်ဖိုးထားပါတယ်.။ ခြုံ့ပြီး ပြောရရင် ကျွန်တော်ဟာ လက်စ်တာအသင်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ အရေးပါတဲ့ သွင်းဂိုးမျိုး ရချင်နေတဲ့သူပါ။
ကျွန်တော့်ရဲ့ဘဝတစ်လျှောက်မှာ ကိုယ်ပိုင်အောင်မြင်မှုကိုပဲ အာရုံစိုက်ပြီး တစ်ကိုယ်ကောင်း ကစားတတ်တဲ့ တိုက်စစ်မှူးမျိုးကို မကြာခဏတွေ့ဖူးပါတယ်..။ ချယ်လ်ဆီးမှာလည်း အဲဒီလိုတစ်ကိုယ်ကောင်းဆန်တဲ့ ခံယူချက်မျိုးရှိတဲ့ လူငယ်တိုက်စစ်မှူးတွေကို တွေ့ဖူးပါတယ်..။ တခြားအသင်းကို သူတို့ပြောင်းတော့မယ်ဆိုရင် စကားလက်ဆောင်အခုလိုပါးလိုက်ပါတယ်..။
“မင်းအတွက် အောင်မြင်မှုရဖို့ အကောင်းဆုံးနည်းက ပေးဆပ်ဖို့ပဲ.။ မင်းရဲ့ကွင်းလယ်ကစားသမားက မင်းကိုအမြဲတမ်း ဖန်တီးပေးစေချင်တယ်ဆိုရင် ကိုယ်ကလည်းသူ့အတွက် အခွင့်အရေးတွေ ဖန်တီးပေးပြီး တောက်ပအောင် ကူညီပေးရမယ်..။ တစ်ကယ်လို့မင်းရဲ့အသင်းထဲမှာ နေပျော်တဲ့၊ မျှတတဲ့ ပတ်ဝန်းကျင် အနေအထားတစ်ခု မဖန်တီးနိုင်ဘူးဆိုရင် ကောင်းမွန်တဲ့ရလဒ် ဘယ်တော့မှရလာမှာ မဟုတ်ဘူး.။ တစ်ခါတစ်လေ အများကောင်းဖို့ပေးဆပ်ရတတ်တယ်ဆိုတာ သိထားရတယ်။”
ခရစ်စ်တယ် ပဲလေ့စ်အသင်းနဲ့ ကန်ရမယ့်မနက်ခင်းကို ရောက်လာပါပြီ..။ အိမ်ကွင်းပွဲတွေရဲ့ ပုံမှန်အစီအစဉ်တွေဟာ အမြဲတမ်းထပ်တူပါပဲ..။ ပြီးခဲ့တဲ့ညနေကတည်းက ကျွန်တော်တို့ဟာ ကွင်းနဲ့ငါးမိနစ်ပဲဝေးတဲ့ ဟိုတယ်တစ်ခုမှာ ရောက်နေပါပြီ..။ ညနေအစောပိုင်းမှာ ပြိုင်ဘက်နဲ့ပတ်သတ်တဲ့ အသေးစိတ် အချက်အလက်တွေပေးမယ်..၊ လေ့ကျင့်ကွင်းအပြင်ဘက်မှာ အသင်း အစည်းအဝေး ကျင်းပမယ်..၊ အဲဒီအစည်းအဝေးမှာ (၁၀) မိနစ်စာ ဗွီဒီယိုသင်ခန်းစာရယ်၊ ပြိုင်ဘက်တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေ ပါဝင်ပါတယ်..။ ဒါ့ကြောင့်ဟိုတယ်ကိုရောက်ပြီဆိုရင် ပြင်ဆင်မှုတွေ ပြီးဆုံးပြီလို့ ယူဆထားတာကြောင့် ပွဲမစခင်အထိ တခြားအစီအစဉ်တွေ မရှိတော့ပါဘူး..။ ကန်မယ့်မနက်ထိ ဟိုတယ်မှာ အေးအေးသက်သာအနားယူပြီး နောက်ဆုံးပွဲနီးလာတော့မှ အစည်းအဝေးတစ်ခု ခပ်မြန်မြန်လုပ်၊ တည်ကန်ဘောတွေ ဘယ်လိုကာကွယ်မယ်..၊ ဘယ်လိုလူကပ်မယ်စတဲ့ ဇာတ်တိုက်လေ့ကျင့်မှုတွေဆွေးနွေးပါတယ်..။ ဒါပါပဲ..။
ခရစ်စ်တယ် ပဲလေ့စ်အသင်းမှာ ကစားသမားကောင်းတစ်ချို့ရှိနေပါတယ်..။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ဒီပွဲကို သုံးမှတ်ရဖို့ကစားတဲ့ လိဂ်ပွဲစဉ်တစ်ပွဲအနေနဲ့ သဘောထားဖို့၊ ဆုဖလားအတွက် လိုအပ်တဲ့ သုံးမှတ်လို့ သဘောမထားဖို့ ကိုယ့်ကိုယ်ကိုဆုံးမရင်း ဖိအားတွေမများရအောင် ကြိုးစားပါတယ်..။ ပွဲအစမှာ သူတို့ကစားပုံကောင်းခဲ့လို့ အံ့အားသင့်မိပါတယ်..။ သူတို့ဟာ အမှတ် ပေးဇယားအလယ်မှာရောက်နေပြီး တန်းဆင်းဇုန်လည်း စိတ်ချရပြီဖြစ်တာကြောင့် ဖိအားကင်းကင်း စိတ်အေး၊ လက်အေးကစားနိုင်ပါပြီ..။ ဒါ့ကြောင့်ဒီပွဲဟာ ထင်ထားတာထက်ပိုပြီး ခက်ခဲပြီဆိုတဲ့ အတွေးဝင်လာပါပြီ..။
ပထမပိုင်းပြီးခါနီးမှာ ကျွန်တော်တို့ပင်နယ်တီပြစ်ဒဏ်ရခဲ့ပါတယ်.။ ဒါဆိုအလားအလာ ကောင်းပါပြီ..။ အီဒင် ဟာဇက်ကန်မယ် ဆိုတာသိလိုက်တော့ နည်းနည်းစိုးရိမ်သွားပါတယ်..။ သူဟာလက်စ်တာနဲ့ပွဲမှာ ခြေခေါက်ပြီးနောက်ပိုင်း နှစ်ရက်စလုံး လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့ပါဘူး..။ ဒါ့အပြင် ဒီပွဲစတည်းကကန်ရတာ သိပ်မကောင်းတဲ့အကြောင်း ကျွန်တော့်ကို လာပြောနေပါသေးတယ်..။ ဒါ့ကြောင့်လွဲများသွားမလားဆိုပြီး စိုးရိမ်မိတာပါ..။ အလယ်တည့်တည့်ကို သူကန်လိုက်ပါတယ်။ တစ်ခါတစ်လေ ကန်မယ့်သူဟာ ဘယ်ဘက်ကန်ရမှန်း မသိရင် အဲဒီလို အလယ်တည့်တည့် ကန်မိတတ်ပါတယ်၊ ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်..။ သူ့ရဲ့ကန်ချက်လွဲပါပြီလို့ တွေးမိလိုက်တယ်၊ ကံကောင်းထောက်မစွာနဲ့ ဂိုးသမား ကောင်းကောင်းမဖမ်းနိုင်ပဲ လျှံထွက်လာပြီး သူ့ရှေ့ကို ဘောလုံးပြန်ကျပါတယ်..။ ဒါကိုသူကောင်းကောင်း အဆုံးသတ်နိုင်ခဲ့ပါတယ်.။ ပုံမှန်အတိုင်းဆိုရင် အီဒင်ဟာ ပင်နယ်တီကန်ရာမှာ စိတ်ချရတဲ့သူ တစ်ယောက်ပါ။ သွေးအေးအေးနဲ့ အဆုံးသတ်နိုင်ပြီး လွဲချော်တာအတော်နည်းပါတယ်.။ ရာသီစပြီဆိုတာနဲ့ ပင်နယ်တီရရင် ဘယ်သူကပထမ၊ ဒုတိယ၊ တတိယ အစီအစဉ်ဆွဲကြရင် အဲဒီစာရင်းမှာ သူအမြဲတမ်းပါပါတယ်..။ ကျွန်တော်လည်း ပင်နယ်တီကန်ရင် အနည်းဆုံးဖိအားက (၅%) လောက်တော့ ရှိတတ်ပါတယ်..။ ဒါကအနည်းဆုံးပါ..၊ အီဒင်မှာလည်း အဲဒီလိုဖိအားနည်းနည်းတော့ ရှိပါလိမ့်မယ်..။
ကျွန်တော်ကတော့ ပင်နယ်တီကန်တိုင်း နောက်ဆုံးအချိန်ကျမှဘယ်ဘက်ကိုကန် မယ်ဆိုတာ ဆုံးဖြတ်လေ့ရှိပါတယ်..။ ကျွန်တော်လွဲခဲ့တဲ့ပင်နယ်တီကန်ချက်တိုင်းကို ပြန်ကြည့်မယ်ဆိုရင် ဘယ်ဘက်ကို ကန်မလဲဆိုတာ ကြိုတင်ဆုံးဖြတ်ထားတာမို့ ဂိုးသမားကြိုတင်ရိပ်မိပြီး ကာကွယ်နိုင်ခဲ့တာ များပါတယ်..။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုကိုကြည့်ပြီး ခန့်မှန်းတာလည်း ဖြစ်နိုင်တာပေါ့..။ ဂိုးသမားတွေဟာ ပင်နယ်တီကန်ဖို့ ဖြစ်နိုင်ချေများတဲ့သူတွေရဲ့ ဗွီဒီယိုတွေကို လေ့လာပြီး သူတို့ရဲ့အမူအကျင့်၊ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို မှတ်ထားပါတယ်..။ ကန်မယ့်သူရဲ့ အနေအထားကို မြင်လိုက်ရင် ဘယ်လိုလုပ်ရမလဲဆိုတာ သိပါတယ်..။ ဥပမာ- ဘယ်လက်ကို မြှောက်လိုက်တာ..၊ ခန္ဓာကိုယ်ယိမ်းလိုက်တာ အဲဒီလှုပ်ရှားမှုတွေကို ဆိုလိုတာပါ..။ ဒါ့ကြောင့် ပင်နယ်တီကန်မယ့်သူတွေဟာ သူတို့ထက ်ခြေတစ်လှမ်းဦးဖို့ လိုအပ်ပါတယ်..။
အမြဲတမ်းဒီလိုကြိုးစားနေပေမယ့် တစ်ခါတစ်လေ ဆိုးဆိုးဝါးဝါးလွဲချော်တာတွေ ရှိတတ်ပါတယ်။ ၂၀၁၂ အာဖရိက နိုင်ငံများ ဖလားပြိုင်ပွဲမှာဆိုရင် ကျွန်တော့်ရဲ့ ပင်နယ်တီကန်ချက် လွဲချော်ခဲ့ပါတယ်။ တစ်ခါတစ်လေ ဒီလိုဖြစ်တတ်တယ်ဆိုတာ လက်ခံရပါမယ်..။ အဲဒီလွဲချော်မှုအတွက် စိတ်ပျက်ခဲ့ရပေမယ့် ကိုယ့်အပေါ်သက်ရောက်မှု မရှိစေရပါဘူး..။ ဒါ့ကြောင့်နောက်တစ်ကြိမ် ပင်နယ်တီကန်တော့မယ်ဆိုရင် အရင်ကလွဲချော်မှုတွေအကြောင်း လုံးဝမစဉ်းစားတော့ပါဘူး..။
ပင်နယ်တီကန်တော့မယ်ဆိုရင် ကျွန်တော်လုပ်လေ့ လုပ်ထရှိတာ သုံးချက်ရှိပါတယ်..။ ဘောလုံးဆီကို ပြေးလာတဲ့အချိန် ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုကိုဂရုစိုက်ရန်၊ ကန်တဲ့အချိန်မှာ အားပါပါကန်နိုင်ဖို့် ခြေခိုင်ခိုင်ထားရန်၊ တတိယအချက်က ဘောလုံးကို သေသေချာချာကြည့်ရန် ဖြစ်ပါ တယ်..။ ဒီလိုဘောလုံးကို အာရုံစိုက်နေပေမယ့် ဂိုးပေါက်နဲ့ဂိုးသမားရဲ့အနေအထားကိုတော့ စိတ်ထဲကမှတ်ထားဖို့ လိုပါတယ်။ ဒီနည်းဗျူဟာကို ဂွမ်အောင်းန်အသင်းမှာကတည်းက သင်ကြားခဲ့ရတာပါ။ အသက် (၂၃၊ ၂၄) နှစ်အရွယ်ကတည်းက စသုံးခဲ့တာမို့ တစ်ခါတစ်လေ မသိစိတ်နဲ့တောင် အဲဒီ အတိုင်းကန်ဖြစ်ခဲ့ပါတယ်..။ ပင်နယ်တီကန်ခြင်း အတတ်ပညာဟာ ဘယ်ကစားသမားမဆို၊ ဘယ် အသက်အရွယ်မှာမဆို လေ့ကျင့်သင်ယူပြီး တိုးတက်အောင်လုပ်ယူလို့ရတယ်လို့ ထင်ပါတယ်။
အီဒင်ကတော့ပြန်လျံထွက်လာတဲ့ဘောလုံးကို ပိတ်သွင်းနိုင်ခဲ့လို့ စိတ်သက်သာရာရသွားပုံ ရှိပါတယ်..။ ဘေးစည်းအတိုင်း ပြေးသွားပြီး ခေါင်းတိုက်ခဲ့တဲ့နဖူးကို လက်နဲ့ပွတ်ပြီး အောင်ပွဲခံခဲ့ပါတယ်..။ တစ်ကယ်တော့ စိတ်သက်သာရာရသွားတာ သူတစ်ယောက်တည်း မဟုတ်ပါဘူး.။ ဒုတိယပိုင်းတစ်ပိုင်းလုံးဟာ ပွဲကိုအေးသွားအောင်ထိန်းချုပ်ရတဲ့ လေ့ကျင့်ခန်းတစ်ခုလိုပါပဲ..။ ကျွန်တော်တို့ဟာ နောက်ထပ်တိုက်စစ်ဆင်ပြီး ဂိုးသွင်းနိုင်ဖို့ထက်စာရင် မမျှော်လင့်ပဲ ဂိုးမပေးလိုက်ရအောင် ဂရုစိုက်ဖို့ အဓိကဦးတည်ချက်ဖြစ်သွားပါပြီ။ ခရစ်စ်တယ် ပဲလေ့စ် အသင်းဟာ အဲဒီလို မထင်မှတ်ပဲ ဂိုးသွင်းနိုင်တဲ့အသင်းမျိုးဖြစ်တဲ့အတွက် ကျွန်တော်တို့စိတ်အေး၊ လက်အေးမကစားနိုင်ခဲ့ပါဘူး..။
ပွဲပြီးခရာမှုတ်ပြီးချိန်မှာတော့ အားလုံးအကြီးအကျယ် အောင်ပွဲခံကြပါတယ်..။ ဒါဟာ ၂၀၁၀ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလား ပြန်လည်ရရှိခြင်းပါ..။ ဂျွန် တယ်ရီ ဟာ ကွင်းထဲမှာ ဒူးထောက်ပြီး အောင်ပွဲခံနေပါတယ်..။ သူအပါအဝင် ၂၀၁၀ ကတည်းက ရှိနေခဲ့တဲ့ ကစားသမားတွေအတွက် ပရီးမီးယားလိဂ်မရခဲ့တဲ့ ငါးနှစ်ဆိုတာ အချိန်အတော်ကြာလွန်းပါတယ်..။ ခံစားချက်တွေကို သိပ်ပြီးထုတ်ပြလေ့မရှိတဲ့အသင်းပိုင်ရှင်တောင်မှ လေထဲကို လက်သီးလက်မောင်းတန်းပြီး ဖွင့်ထုတ်၊ အောင်ပွဲခံခဲ့ပါတယ်…။ ကျွန်တော့်အတွက်လည်း ဒီတစ်ကြိမ် ပြန်လာရခြင်းရဲ့ ပင်မရည်ရွယ်ချက် အထမြောက်ခဲ့တယ်လို့ သတ်မှတ်နိုင်ပါတယ်။ ကျွန်တော်ပြန်လာတုန်းက ပရီးမီးယားလိဂ်သရဖူရဖို့ ရည်မှန်းထားတယ်လို့ ပြောကြားခဲ့တာ အခုကွက်တိဖြစ်လာတယ်လို့ ဆိုရမှာပါ။ တိုက်တိုက်ဆိုင်ဆိုင် ဆိုရရင်တော့ ဒီနှစ်ဘောလုံးရာသီမှာ ဆွတ်ခူးခဲ့တဲ့ ဆုဖလားများဟာ အသင်းကို စတင်ရောက်ရှိခဲ့တဲ့ ၂၀၀၄- ၀၅ ခုနှစ်က ဖလားတွေနဲ့ ထပ်တူဖြစ်နေတာပါပဲ..။
အခုနှစ်ပရီးမီးယားလိဂ်ဗိုလ်စွဲခဲ့ရာမှာ ကျွန်တော်တို့ဟာဖွင့်ပွဲနေ့ကတည်းက ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပြီး ဖလားရတဲ့ ဒီနေ့အထိ စုစုပေါင်း (၂၇၄) ရက်တိတိ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်စံချိန်တင် နိုင်ခဲ့ပါတယ်။ ဘယ်အသင်းကမှ မလုပ်နိုင်ခဲ့တဲ့ စံချိန်တစ်ခုပါ…။ တစ်ကယ်တော့ လက်ရှိအသင်းဟာ သိပ်ကိုကောင်းတဲ့အသင်းပါ… ဂျွန် တယ်ရီ၊ ပီတာ ချက်နဲ့ ကျွန် တော်တို့လို သမ္ဘာရင့် ကစားသမားတွေ ရှိသလို ဆက်စ် ဖာဘရီဂတ်စ်၊ အီဒင် ဟာဇက်နဲ့ ဒီယေဂို ကော်စတာ တို့လို ပါရမီကော၊ အတွေ့အကြုံ ပါရှိနေတဲ့ ကစားသမားတွေလည်း ရှိနေပါတယ်...။ ချယ်လ်ဆီးကို ပြောင်းခဲ့တာဟာ အီဒင်အတွက်တော့ အကောင်းဆုံး ပြောင်းရွှေ့မှုပါပဲ..။ ချယ်လ်ဆီးက လူတိုင်းမှာ အောင်မြင်မှုကို ဆာလောင်တဲ့စိတ်ဓါတ် ရှိနှင့်ပြီးဖြစ်တာကြောင့် အခုဆိုရင်သူ့ဆီမှာလည်း အဲဒီလို စိတ်ဓါတ်ရရှိသွားပြီ ဖြစ်ပါတယ်..။ ဒီလိုအောင်မြင်မှုမျိုးကို အသင်းကောင်းတစ်သင်းမှာ ဆက်လက်ထိန်းသိမ်းဖို့၊ နိုင်ပွဲတွေဆက်နေအောင် ကစားနိုင်ဖို့ဆိုရင် စိတ်ဓါတ်တက်ကြွမှုကို ရေရှည်ဘယ်လို ထိန်းသိမ်းရမလဲ သိဖို့လိုအပ်ပါတယ်။ ကျွန်တော်လည်း ချယ်လ်ဆီးကိုရောက်မှ အသင်းသားတွေကို စိတ်ဓါတ်တက်ကြွလာအောင်၊ နိုင်လိုစိတ်တွေ ပြည့်ဝလာအောင် ဘယ်လိုစွမ်းဆောင်ရသလဲဆိုတာ သိရှိလာပါတယ်..။
ဒါ့အပြင် ဘောလုံးရာသီဆိုတာ တစ်သတ်မှတ်တည်း မဟုတ်ပဲ အလှည့်အပြောင်းတွေ ရှိနေတာကြောင့် မန်နေဂျာနဲ့ ထိပ်တန်းကစားသမားတွေအတွက် ဘောလုံးရာသီရဲ့ ဘယ်လို အခြေအနေမျိုးမှာ အသင်းကို စိတ်ဓါတ်ပိုင်းဆိုင်ရာ ပြန်လည်မြှင့်တင် သင့်သလဲဆိုတဲ့ အချိန်အခါလည်း အရေးကြီးပါတယ်..။ ဒီနှစ်ဘောလုံးရာသီ တစ်လျှောက်လုံးမှာ ကျွန်တော်ဟာ အသင်းသား အားလုံးကို စိတ်ဓါတ်မြင့်တက်လာအောင်၊ နိုင်လိုစိတ်ပြင်းပြလာအောင် အမြဲတမ်းလှုံ့ဆော်ပေးသလို အဝတ်လဲခန်းထဲမှာလည်း လွှမ်းမိုးမှုရအောင်ကြိုးစားခဲ့ပါတယ်..။ ပွဲရဲ့အလှည့်အပြောင်းကိုရအောင် ဘယ်လိုစွမ်းဆောင်ရသလဲ၊ အရေးပါတဲ့သွင်းဂိုးတွေရအောင် ဘယ်လိုစွမ်းဆောင်ရသလဲဆိုတဲ့ ကျွန်တော့်ရဲ့ အသိပညာ၊ အတွေ့အကြုံတွေကို အီဒင်ဆီမျှဝေပေးနိုင်ခဲ့ပါတယ်..။ သူဟာ ချယ်လ်ဆီးအတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာတော့မှာပါ..။
ဒီယေဂို ကော်စတာဟာ ချယ်လ်ဆီးကိုမရောက်လာခင်ကတည်းက ပြည့်စုံတဲ့ကစားသမား ဖြစ်ပြီးသားပါ။ သူဟာသန်မာတယ်..၊ ခန္ဓာကိုယ် ကြံ့ခိုင်မှုကောင်းသလို နည်းစနစ်ပိုင်းလည်း ကောင်းမွန်ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့လို အင်္ဂလိပ်ဘောလုံးလောကအကြောင်းကို ကောင်းကောင်းသိပြီးသား ဖြစ်တဲ့သူတွေက သူသိဖို့လိုအပ်တဲ့ အချက်အလက်အသေးစားလေးတွေ၊ အင်္ဂလန်ကနောက်ခံလူတွေရဲ့ အလေ့အထ၊ အကျင့်စရိုက်လေးတွေ၊ ဘယ်ကစားသမားက ဘယ်လိုကစားတတ်တယ်..၊ ဘယ်လိုဖျက်ထုတ်တတ်တယ်.. စသဖြင့် ကြိုတင်၊ ပြောပြပေးထားနိုင်တာကြောင့် သူ့အတွက် အထောက်အကူ ဖြစ်စေခဲ့ပါတယ်..။ အင်္ဂလိပ်ဘောလုံးလောကမှာ အခြေကျလာအောင် ကူညီပေးတဲ့ သဘောပါ..။ ကော်စတာဟာမြန်မြန်ဆန်ဆန် အထိုင်ကျခဲ့သလို ဒဏ်ရာရခဲ့တဲ့ အချိန်ကာလလေးကို ဖယ်ထုတ်လိုက်မယ်ဆိုရင် သိပ်ကောင်းတဲ့ပထမဦးဆုံး ဘောလုံးရာသီလို့ သတ်မှတ်နိုင်ပါတယ်..။
ပရီးမီးယားလိဂ်ဆုဖလားကို ရရှိခြင်းဟာ ကစားသမားတွေ အတွက်သာမက ပရိသတ်အတွက်လည်း အရမ်းကို ပျော်ရွှင်၊ ကြည်နူးစေပါတယ်..။ တစ်ကယ့်ဆုဖလားကိုတော့ နောက်ထပ်သုံးပတ်အကြာမှ ယှဉ်ပြိုင်ရမယ့် နောက်ဆုံးပွဲစဉ်အပြီးမှာ ချီးမြှင့်ပေးမှာပါ..။ ဒါပေမယ့် ကျွန်တော်တို့အားလုံးဟာ ကွင်းထဲမှာ အကြာကြီးဆက်နေပြီး ပရိသတ်တွေရဲ့အပျော်တွေကို ခံစား၊ အားပေးခဲ့ပါတယ်..။ ဒီအပြာရောင်ပရိသတ်ကြီးနဲ့ ကျွန်တော်တို့အသင်းသားတွေကြားက နားလည်မှုကို ကျွန်တော်ချစ်မြတ်နိုးတယ်..၊ အသင်းအပေါ် ချစ်မြတ်နိုးစိတ်၊ တန်ဖိုးထားတဲ့စိတ် တူညီနေတဲ့ အပေါ်မှာလည်း လေးစားခဲ့ပါတယ်..။ အပြာရောင်ပရိသတ်ဟာ ဒီလိုအချိန်မျိုးကို နှစ်ပေါင်းများစွာ စောင့်ခဲ့ရတာမို့ သူတို့လည်းအရမ်းပျော်ရွှင်နေမယ်ဆိုတာ တွေးမိခဲ့ပါတယ်..။
အဲဒီနောက်တော့ အဝတ်လဲခန်းထဲကိုပြန်ဝင်ကြပြီး နောက်ထပ်အောင်ပွဲခံ အခမ်းအနား ဆက်လုပ်ကြပါတယ်..။ လူတိုင်းဟာဆိုကြ၊ ကကြ..၊ ရှန်ပိန်ပုလင်းတွေနဲ့ လောင်းကြနဲ့ အောင်ပွဲခံ နေကြပါတယ်.။ အောင်မြင်မှုဆိုတာ ကြိုးစားခြင်းရဲ့ရလဒ်ပဲလို့ ကျွန်တော်ယုံကြည်သလို လိုအပ်တဲ့အချိန်၊ သင့်တော်တဲ့အချိန်မှာ ပျော်ရွှင်မှုတွေကို ခံစား၊ ရှာဖွေဖို့ လိုအပ်တယ်လို့လဲ ခံယူထားပါတယ်..။ အခုအချိန်ဟာ ဒီလိုပျော်ရွှင်မှုတွေကိုခံစားရမယ့် အသင့်တော်ဆုံးအချိန်ပါပဲ..။ ကျွန်တော်တို့တွေရဲ့ အောင်ပွဲခံအခမ်းအနားလေးဟာ အချိန်အတော်ကြာတဲ့အထိ မပြီးဆုံးသေးပေမယ့် နောက်ဆုံးပွဲစဉ်ပြီးရင် ဒီထက်ပိုကြီးကျယ်တဲ့ အခမ်းအနားထပ်ပြီးလာဦးမယ်ဆိုတာ အား လုံးသိနေကြပါတယ်..။
နေ့လည်ခင်းမှာတော့ အိမ်ကိုပြန်ပြီးမိသားစုနဲ့အတူဆက်ပြီး ပျော်ရွှင်ဖွယ်အချိန်ကို အသုံးချခဲ့ပါတယ်..။ နောက်တော့စိတ်ရော၊ ကိုယ်ပါ နှစ်နှစ်ခြိုက်ခြိုက် အနားယူလိုက်ပါတယ်..။ အခုဆိုရင် ကျွန်တော့်အတွက် နောက်ထပ်ပြင်ဆင်စရာ၊ သက်သေပြစရာ ဘာမှမရှိတော့ပါဘူး..။ ပရီးမီးယားလိဂ်ကို နောက်ဆုံးရရှိခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ ကျွန်တော်တို့ဟာ ရာသီနောက်ဆုံးနေ့ကျမှ ဆုဖလားကို ရရှိခဲ့တာပါ..။ ဒီတစ်ကြိမ်မှာ စောစောစီးစီးဖလားရခဲ့ပေမယ့် လွယ်ကူတယ်လို့ မပြောနိုင်ပါဘူး..။ ဒါပေမယ့်အရင်တစ်ကြိမ်လောက် ပြိုင်ဆိုင်မှု မပြင်းထန်သလိုပါပဲ..။ ဒီလိုအစအဆုံး တစ်ကောင်တည်းပြေးပြီး အောင်ပွဲခံနိုင်ခဲ့တဲ့ အနေအထားမျိုးဟာ ရှားပါးသလို နောက်တစ်ကြိမ်ထပ်ပြီးရရှိဖို့လည်း မလွယ်ကူပါဘူး..။ ဒါ့ကြောင့်ကိုယ်ရရှိခဲ့တဲ့ အောင်မြင်မှုကို တန်ဖိုးထားသလို ထိုက်ထိုက်တန်တန် အောင်ပွဲခံပေးနိုင်ဖို့်လည်း လိုအပ်လှပါတယ်..။