ပရဟိတဘက်ကိုအားသန်တဲ့ ကျွန်တော်ရဲ့အတွင်းစိတ်ဟာ ကလေးဘ၀ ကတည်းကစတင်ခဲ့တာ ဖြစ်နိုင်ပါတယ်..။ ကျွန်တော့်ရဲ့မိဘများကလည်း ကိုယ့်အိမ်မှာအတူတူ နေထိုင်ကြတဲ့ ဦးလေးတွေ၊ အဒေါ်တွေ၊ ညီအစ်ကိုတွေနဲ့အတူတူကစားရမယ်..၊ စားစရာတွေကို အတူတူမျှဝေရမယ်ဆိုတာ ငယ်စဉ်ကတည်းက သင်ကြားပေးထားပါတယ်..။ သူတို့ဟာ ကျွန်တော်တို့ထက် ချို့တဲ့ကြပါတယ်..။ ဒါ့အပြင် ကျွန်တော်ဟာအကြီးဆုံးသား ဖြစ်နေတာကြောင့် အဖေ့လိုပဲ မိသားစုကိုကာကွယ်ရမယ်..၊ အားလုံးအတွက်စံနမူနာပြ ဖြစ်ရမယ်ဆိုတဲ့ စိတ်ထားလည်းရှိပါ တယ်.။ အခုဆိုရင် အသက်လည်းရလာပြီမို့ လိုအပ်ချက်တွေရှိနေတဲ့နေရာတွေမှာ ကူညီချင်တဲ့စိတ်ဟာ တစ်နေ့တစ်ခြားတိုးလို့လာပါတယ်..။
အဲဒီစိတ်ဖြစ်ပေါ်လာရခြင်းဟာ ကျွန်တော့်မိသားစုနဲ့ နိုင်ငံကိုငယ်ငယ်ကတည်းက ခွဲခွာခဲ့ရတာနဲ့လည်း သက်ဆိုင်နိုင်ပါတယ်..။ ဒီလိုအိမ်နဲ့ခွဲခွာခဲ့ရပေမယ့် ဦးလေးများ၊ အဒေါ်များနဲ့ ကျွန်တော်တို့မိသားစုဟာ သိုက်သိုက်ဝန်းဝန်းရှိတာကြောင့် ကိုယ့်ရဲ့အိမ်နဲ့၊ မိသားစုတွေနဲ့ အနီးဆုံးမှာရှိနေတယ်လို့ ခံစားရပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့လို ကံမကောင်းတဲ့သူတွေ အများကြီးပါ..။ အဲဒီတစ်ချက်ရယ်.. ငယ်ငယ်ကတည်းက အိမ်နဲ့ခွဲနေခဲ့ရတဲ့ နောက်အကျိုးဆက်ဖြစ်တဲ့ ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့မွေးရပ်မြေကို အရမ်းခင်တွယ်၊ လွမ်းဆွတ်တဲ့ စိတ်ကလည်း တွန်းအားတစ်ခုဖြစ်စေခဲ့ပါတယ်..။ အဲဒီလို ကိုယ်အရမ်း ချစ်မြတ်နိုးရတဲ့ အမိမြေကို တစ်ခုခု ပြန်လည်ပေးဆပ်ချင်စိတ် အမြဲတမ်းရှိနေခဲ့ပါတယ်..။
အိုင်ဗရီကို့စ်နိုင်ငံအတွက် ပထမဆုံးကိုယ်စားပြု ကစားခွင့်ရခဲ့တဲ့အချိန်ကို မှတ်မိနေပါသေးတယ်..။ ၂၀၀၂ ခုနှစ်၊ စက်တင်ဘာလ တောင်အာဖရိကအသင်းနဲ့ ကစားတဲ့ပွဲမှာ အိုင်ဗရီကို့စ်မြေပေါ်ကို ပြန်လည်ခြေချ ဖြစ်ပါတယ်..။ အမျိုးသားအားကစားရုံအတွင်းကို ဝင်လိုက်တယ်ဆိုတာနဲ့ ကွင်းလုံးပြည့်လျှံ ပရိသတ်ကြီးရဲ့ သောင်းသောင်းဖျဖျအားပေးမှုဟာ ကြက်သီးဖြန်းဖြန်းထစေခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီလိုစိတ်ကြည်နူးဖွယ် ခံစားချက်လေးဟာ ဒီပွဲပြီးလို့ဆယ်ရက်အကြာမှာ စတင်ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ ပြည်တွင်းစစ်ကြောင့် တုန်လှုပ်ချောက်ချားခဲ့ရသလို ဝမ်းနည်းကြေကွဲ စရာအဖြစ် ပြောင်းလဲသွားခဲ့ ရပါတယ်…။ အဲဒီမှာတစ်ခုနားလည်လိုက်တာက နိုင်ငံရေးအခြေအနေဆိုတာ မှန်းရခက်ပြီး အပြောင်းအလဲမြန်လွန်း လှတယ်ဆိုတာပါပဲ..။
အဲဒီအချိန်ကစပြီး နိုင်ငံလက်ရွေးစင်အသင်းကိစ္စနဲ့ အိုင်ဗရီကို့စ်ကိုပြန်ရောက်တိုင်း တိုင်းရေး၊ ပြည်ရေးရာ၊ လူမှုရေး၊ စီးပွားရေးစတဲ့ လက်ရှိအခြေအနေတွေအားလုံးကို သေသေချာချာ လေ့လာခဲ့ပါတယ်…။ ယေဘူယျ အားဖြင့်ပြောရမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်သာမက အာဖရိကတိုက်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်အများစုဟာ စိတ်ထိခိုက်ဖို့ ကောင်းနေပြီး ဝမ်းနည်းစရာအဖြစ်အပျက်တွေ ပိုများပါတယ်..။ ဒါ့ကြောင့်နိုင်ငံပွဲအတွက်နဲ့ အခြားတိုင်းပြည်တွေကို ရောက်ခဲ့ရင်လည်း အတတ်နိုင်ဆုံး အကူအညီတွေ ဘယ်လိုပေးနိုင်ရင်ကောင်းမလဲ စဉ်းစားခဲ့ပါတယ်..။
၂၀၀၅ ခုနှစ်မှာ အိုင်ဗရီကို့စ်အသင်းခေါင်းဆောင်အဖြစ် ကျွန်တော်စတင် တာဝန်ယူရပါပြီ..။ လက်ရွေးစင်အသင်းနဲ့ကော၊ ချယ်လ်ဆီးအသင်းမှာပါ နာမည်တစ်လုံးရရှိလာပြီ ဖြစ်ခဲ့သလို ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်တဲ့နေ့က နိုင်ငံတော်ရုပ်မြင်သံကြားကတဆင့် ပြည်တွင်းစစ် တိုက်ခိုက်နေတာကို ရပ်တန့်ဖို့ မေတ္တာရပ်ခံ၊ ပန်ကြားမှုတစ်ခု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။ ကြိုတင်စီစဉ်မထားပဲ ပြောကြားခဲ့တဲ့ ကျွန်တော့်ရဲ့ပန်ကြားမှုဟာ အိုင်ဗရီကို့စ်နိုင်ငံသားများရဲ့ ကျွန်တော့်အပေါ်အမြင်များကို လုံးဝပြောင်းလဲသွားစေခဲ့ပါတယ်..။ ရုတ်ခြည်းဆိုသလိုပဲ ကျွန်တော့်ကို အမျိုးသားခေါင်းဆောင်တစ်ယောက်လို မြင်ကုန်ကြပြီး လူတွေကမျှော်လင့်ချက်တွေ ပိုမိုထားရှိ လာကြပါတယ်..။ ကျွန်တော်ဟာ ကိုယ့်ရဲ့မိသားစုအတွက် သာမာန်အိမ်ထောင်ဦးစီး ဘဝကနေ ပြည်သူတွေကို ဦးဆောင်ရမယ့် ခေါင်းဆောင်တစ်ဦးအဖြစ် ရောက်ရှိသွားသလိုပါပဲ..။
တစ်ကယ်တော့ ဒီလိုအနေအထားရောက်ဖို့ မျှော်လင့်လည်း မထားခဲ့ပါဘူး။ သူတို့မျှော်လင့်နေတဲ့အရာ၊ သူတို့လိုအပ်နေတဲ့အရာကို ရရှိဖြစ်မြောက်အောင် ယူဆောင်ပေးနိုင်မယ့်သူတစ်ယောက်အဖြစ် ကျွန်တော့်ကို မြင်လာကြာတာကြောင့်ဖြစ်နိုင်ပါတယ်။ ကျွန်တော့်ရဲ့ပုံရိပ်ဟာ ကိုယ့်ရဲ့နိုင်ငံအတွင်းမှာ သာမက တခြားကမ္ဘာ့နေရာအနှံ့ကိုလည်း ကျယ်ပြန့်လာပါတယ်..။ သူငယ်ချင်းတွေက ကျွန်တော့်ကိုလာပြီး ပြောနေကြတာရှိပါတယ်။ အိုင်ဗရီကို့စ်နိုင်ငံကလို့ပြောရင် ကျွန်တော်တို့နိုင်ငံကို သူတို့မကြားဖူးဘူး.၊ မသိဘူးဆိုတဲ့အဖြေပဲ ပြန်ရပါတယ်တဲ့.၊ ဒါပေမယ့်ဒီဒီယာ ဒရော့ဘာရဲ့တိုင်းပြည်လေလို့ ပြောလိုက်ရင်တော့ “သြော်.. အိုကေ.. ငါတို့သိပြီ..။” ဆိုတဲ့အဖြေကို ပြန်ရကြတယ် ဆိုတဲ့အကြောင်းပါ..။
ဒီလိုပုံရိပ်ကြီးမားလာတာနဲ့ အရှိန်အဝါပိုကြီးလာတာဟာ ဂုဏ်ယူဖို့ကောင်းသလို တာဝန်လည်း ပိုကြိးလာတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါကိုကျွန်တော်ကျေနပ်ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်ဟာ ဒီလိုကြီးမားလာတဲ့ပုံရိပ်ကိုအသုံးပြုပြီး ကျွန်တော့်ရဲ့တိုင်းပြည်၊ ကျွန်တော့်ရဲ့ အာဖရိကတိုက်မှာရှိတဲ့ အကူအညီလိုအပ်နေတဲ့သူတွေဆီကို ထောက်ပံ့ပေးနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာရင်ကောင်းမယ်ဆိုတာ သိရှိလာခဲ့ပါတယ်။ ဒါ့ကြောင့်ဘယ်နေရာကနေစရရင် ကောင်းမလဲ အရင်သိဖို့ လိုအပ်ပါတယ်..။
ကျွန်တော်ဟာ မိဘမဲ့ဂေဟာတွေ၊ ဆေးရုံတွေအနှံ့ သွားရောက် လေ့လာတယ်၊ သူတို့လိုအပ်နေတဲ့ အဝတ်အစား၊ အသုံးအဆောင်၊ အစားအသောက်တွေ လှူဒါန်း၊ ထောက်ပံ့ပေးပါတယ်.။ ဒီလိုလူမှုရေး လုပ်ငန်းတွေကို စတင်လုပ်ဆောင်တဲ့အခါမှာ ကျွန်တော့် အမျိုးသမီးကလည်း ဒိုးတူ၊ ဘောင်ဖက်ပါပဲ..။ တဖြည်းဖြည်းနဲ့ ဒါဟာကျွန်တော်တို့လုပ်ကိုလုပ်ရမယ့် တာဝန်တစ်ရပ်အဖြစ်လည်း မြင်လာပါတယ်။ ကုန်းကောက်စရာ ဘာမှမရှိတဲ့ ကလေးတွေ၊ မိသားစုတွေရဲ့ဘဝကို မြင်လိုက်ရင် သူတို့အတွက် တစ်ခုခုလုပ်ပေးမှကို ဖြစ်မှာပါ..။ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး မသိသလို ဖြတ်လျှောက်သွားဖို့ဆိုတာ စိတ်တောင်ဘယ်လိုမှမကူးနိုင်ပါဘူး..။ သို့ပေမယ့် လိုအပ်နေတဲ့သူတွေကို ကူညီဖို့ ကျွန်တော့်ရဲ့စိတ်ပိုင်းဖြတ်မှု၊ ခံယူချက်တွေ နောက်ထပ်တစ်ဆင့် တက်ရောက်သွားစေဖို့ နှိုးဆော်၊ တွန်းပို့လိုက်တဲ့ ဖြစ်ရပ်နှစ်ခုကိုတော့ အမှတ်ရနေဆဲ ဖြစ်ခဲ့ပါတယ်။
ပထမဖြစ်ရပ်ကတော့ စတက်ဖနီဆိုတဲ့ ကျွန်တော့်ညီလေးရဲ့အချစ်ဆုံး သူငယ်ချင်းနဲ့ သက်ဆိုင်ပါတယ်..။ ပထမဆုံး နိုင်ငံလက်ရွေးစင်အသင်းအတွက် ကျွန်တော်အရွေးခံရတော့ အဘီဂျန်းမှာရှိနေတဲ့စတက်ဖနီဟာ “Fan Club Didier Drogba” ဆိုပြီး အလံတစ်ခုထောင်၊ အမျိုးသားအားကစားကွင်းထဲမှာ ချိတ်ပါတယ်..။ အဲဒီအချိန်က ကျွန်တော့်ကို ဘယ်သူကမှ မသိကြသေး ပါဘူး..။ ဒါ့ကြောင့်အဲဒီနေ့ကကစားနေရင်း ဒီလိုအားပေးတဲ့ အလံကိုမြင်မိတိုင်း ကျွန်တော့်အတွက် ခွန်အားသစ်တွေ တိုးပွားလို့လာပါတယ်..။ နောက်ပိုင်းမှာပရိသတ်တွေ တဖြည်းဖြည်းများလာပေမယ့် စတက်ဖနီနဲ့တွေ့တိုင်း သူကကျွန်တော့်ကိုရယ်ရယ်မောမာနဲ့ “ဟားဟား.. အခုတော့ ဟုတ်နေပြီပေါ့…၊ ဒါပေမယ့်ကျွန်တော်ဟာ ခင်ဗျားကိုစပြီးသိတဲ့ပထမဆုံးပရိသတ်ပဲ” လို့ ပြောလေ့ရှိပါတယ်..။
၂၀၀၅ ခုနှစ်အစောပိုင်းမှာ သူ့ရဲ့အစ်ကိုတစ်ယောက်ကဖုန်းဆက်လာပါတယ်..။ စတက်ဖနီဟာ သွေးကင်ဆာရောဂါနဲ့ အဘီဂျန်ဆေးရုံမှာ ကုသမှုခံနေရတယ်.။ ဒါပေမယ့် အဘီဂျန်မှာက ဒီရောဂါအတွက် ဘာမှထိထိရောက်ရောက် ကုသမှုမပေးနိုင်ဘူးဆိုတဲ့အကြောင်းပါ..။ အဲဒီဖုန်းလက်ခံပြီးပြီးချင်းပဲ ကျွန်တော်ဟာ စတက်ဖနီအတွက် ပြင်သစ်ဗီဇာရနိုင်ဖို့ ဘယ်သူကများ ကူညီနိုင်မလဲဆိုတာ လှည့်ပြီးအကူအညီ တောင်းကြည့်ပါတယ်..။ ဒါပေမယ့်အဲဒီအချိန်မှာက ပြင်သစ်နဲ့အိုင်ဗရီကို့စ်တို့ရဲ့ ဆက်ဆံရေး အလွန်ဆိုးဝါးနေတာမို့ ဘယ်သူကမှ သူ့ကိုဗီဇာရဖို့ အာမမခံနိုင်ဘူး ဖြစ်နေပါတယ်..။ ဒီကောင်လေးအတွက် လိုအပ်တဲ့ဗီဇာကို ချက်ချင်းပြုလုပ်ပေးနိုင်မယ့် အဆက်အသွယ်ကောင်းတစ်ခုကို ကျွန်တော်အသည်းအသန် အလိုရှိနေခဲ့ပါတယ်..။
အဲဒီအချိန်က ကျွန်တော်လည်း ချယ်လ်ဆီးကိုရောက်စ ရှိသေးတာမို့ မိတ်ဆွေအသိုင်းအဝိုင်းစက်ဝန်းဟာ မကျယ်ပြန့်သေးပါဘူး..။ နောက်ပိုင်းမှာဒီလူငယ်လေးတွက် ဗီဇာရအောင်ကြိုးစားနိုင်ခဲ့ပေမယ့် ပြင်သစ်ကို သွားနိုင်ဖို့ အရမ်းကို နောက်ကျနေပါပြီ...။ သူဟာခရီးသွားနိုင်ဖို့ လုံးဝမဖြစ်နိုင်အောင် အားနည်းနေပြီး နောက်ထပ်နှစ်ပါတ်လောက်အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်..။ အဲဒီအချိန်က သူ့အသက်ဟာ (၁၆) နှစ်ပဲ ရှိပါသေးတယ်..။ သူ့ရဲ့မိသားစုလည်းကြေကွဲရသလို ကျွန်တော်လည်း ဘာမှလုပ်မပေးနိုင်ခဲ့တဲ့အတွက် ယူကြုံးမရ ဖြစ်ခဲ့ရပါတယ်..။ တစ်ကယ်တော့ သူ့ဆက်ပြီးအသက်ရှင်နိုင်ခွင့်ဟာ ပစ္စည်းကိရိယာနဲ့ အခြေခံအဆာက်အဦး မလုံလောက်ခဲ့မှုကြောင့် ငြင်းပယ်ခံလိုက်ရတာပါ..။
ဒီဖြစ်ရပ်ကနေသင်ခန်းစာရခဲ့တာက ကျွန်တော့်အနေနဲ့ သူများကိုကူညီနိုင်ဖို့တင်မကပဲ လိုအပ်တဲ့ အဆက်အသွယ်တွေ၊ အဆုံးအဖြတ်လုပ်နိုင်တဲ့ အကောင်ကြီးကြီးတွေကိုထိမိအောင် ရောက်ရှိနိုင်ဖို့လည်း အရေးကြီးတယ်ဆိုတာ သိလာရပါတယ်..။ သူတို့ဆီမှာပိုက်ဆံရှိတယ်..၊ အာဏာရှိတယ်..၊ အပြောင်းအလဲတွေ ဖြစ်လာစေမယ့် ခလုပ်တွေကိုနှိပ်နိုင်တယ်..။ ဒါကြောင့် ကျွန်တောဟာ သမ္မတတွေ၊ နိုင်ငံခေါင်းဆောင်တွေ၊ သံအမတ်တွေနဲ့ ပိုပြီးရင်းနှီးမှုရဖို့ လိုအပ်လာပါတယ်..။ ဒီလိုကွန်ယက်ကြီးကြီးတွေ တည်ဆောက်ထားခဲ့ရင် တစ်နေ့မှာ ကျွန်တော်ပေးဆပ်ချင်တဲ့ အကူအညီကို ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်..။
ကံကောင်းတဲ့တစ်ချက်က ကျွန်တော်ဟာ တစ်နေ့တစ်ခြား လူသိပိုများလာတာကြောင့် ကျွန်တော်နဲ့သိချင်၊ ကျွမ်းချင်တဲ့သူတွေ ပိုများလာတာကလည်း အခုလိုကွန်ယက် ပိုမိုကျယ်ပြန့်လာစေဖို့ အထောက်အကူ ဖြစ်လာစေပါတယ်..။ အစောပိုင်းကာလတွေမှာ ကိုယ်ပိုင်အစွမ်းနဲ့ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ဖို့အတွက် အခုလိုလူအများရဲ့ အကူအညီတွေတောင်းခံဖို့ လိုအပ်ပါ့မလားဆိုပြီး သံသယရှိခဲ့ပါသေးတယ်..။ ဒါပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ သိလာတာက လူအများရဲ့အင်အားကိုယူပြီးဆောင်ရွက်တာဟာ ပိုပြီးမြန်ဆန်သလို ရလဒ်တွေ ပိုပြီးလည်း ထိရောက်ပါတယ်..။
ဒီလိုပရဟိတဖောင်ဒေးရှင်းတွေအတွက် အချိန်တွေ၊ ငွေတွေပေးဆပ်ပြီး ဆောင်ရွက်ခြင်းဟာ ကုသိုလ်ရသလို ကြာလေလေပိုပြီးတော့ ဆောင်ရွက်ချင်လေလေပါပဲ..။ ဒါပေမယ့်ကျွန်တော်ဟာ လှူဒါန်းမှုတွေ၊ ကူညီမှုတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုပိုပြီးရှိစေချင်တဲ့အပြင် ဘယ်နေရာကို လှူဒါန်းပေးေ၀ သင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ကိုယ်တိုင်ချမှတ်နိုင်တဲ့အဖွဲ့တစ်ခု တည်ထောင်ချင်တဲ့ဆန္ဒ ဖြစ်ပေါ်လာပါတယ်.။ အဲဒါကြောင့် ၂၀၀၇ ခုနှစ်မှာ ကျွန်တော်ရရှိတဲ့ စီးပွားရေးလုပ်ငန်း၊ ကြော်ငြာတွေက အကျိုးအမြတ်တွေအားလုံးကို ကျွန်တော့်နာမည်နဲ့ ဖောင်ဒေးရှင်းတစ်ခု ထူထောင်ပြီး လှူဒါန်းမှုတွေပြုလုပ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကျွန်တော့်ရဲ့ ဖောင်ဒေးရှင်းကို ပျော်ပွဲ၊ ရွှင်ပွဲ၊ ညစာစားပွဲကြီးကြီးမားမားနဲ့ ထူထောင်ကြောင်း ကြေငြာ၊ ပြီးတော့ အလှူငွေတွေ အများကြီးကောက်ခံ…၊ နောက်ပိုင်းကျ ဘယ်ရောက်သွားမှန်းမသိတော့တဲ့ ဖောင်ဒေးရှင်းမျိုး မဖြစ်စေချင်ပါဘူး..။ နောက်ပြီးကျွန်တော်ဟာ ကိုယ်လုပ်တဲ့လုပ်ငန်းတစ်ခုဟာ ဘာမှပီပီပြင်ပြင် မဖြစ်ထွန်းလာပဲ ကောက်ရိုးမီးလို တိမ်မြုပ်သွားတဲ့အဖြစ်မျိုးလည်း မကြုံချင်ပါဘူး။ ဒါ့ကြောင့် ၂၀၁၀ ခုနှစ်မှာ ဖောင်ဒေးရှင်း ထူထောင်ကြောင်း တရားဝင်ကြေငြာမှုမပြုလုပ်ခင်အထိ ကျွန်တော့်ရဲ့ ငွေကြေးတွေ သုံးနှစ်လုံးလုံးထည့်သွင်းပြီး အခြေခိုင်အောင်သေသေချာချာအစီအစဉ်ဆွဲ ဆောင်ရွက်ခဲ့ပါတယ်..။
ကျွန်တော့်ကိုပရိဟတလုပ်ငန်တွေ၊ လူမှုရေးလုပ်ငန်းတွေထဲ ခြေစုံပစ်ဝင်ရောက်စေဖို့ နှိုးဆော်လိုက်တဲ့ နောက်ထပ်ဒုတိယဖြစ်ရပ်ကတော့ ၂၀၀၉ ခုနှစ်၊ မတ်လမှာ ဖြစ်ပွားခဲ့ပါတယ်..။ ကျွန်တော်တို့ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် မာလာဝီအသင်းနဲ့ အဘီဂျန်မြို့တော်က အမျိုးသား အားကစားကွင်းကြီး အတွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်..။ ပွဲမစခင်လေးမှာပဲ ပွဲကြည့်စင်တစ်ခုရဲ့ နောက်က အုတ်နံရံပြိုကျပြီး လူ (၁၉) ယောက် အသက်ဆုံးရှုံး..၊ လူ (၁၀၀) ကျော် ဒဏ်ရာရခဲ့ပါတယ်..။ အံ့သြဖို့ကောင်းတာက ဘောလုံးပွဲကို ဖျက်သိမ်းခြင်းမပြုပဲ ဘာမှမဖြစ်သလို ပွဲကိုစတင်ခဲ့ ပါတယ်။ ဒီလိုဖြစ်သွားတာကို ကွင်းထဲက ပရိသတ်အများစုလည်း မသိရှိလိုက်ပါဘူး..။ လူနာတင် ယာဉ်တွေ ဝင်လိုက်၊ ထွက်လိုက် လုပ်နေတာမြင်နေပေမယ့် ရာသီဥတုအရမ်းပူပြင်းသလို ပရိသတ် ကျပ်ညှပ်နေလို့ သာမာန်အသေးစား မူးမေ့တာလောက်ပဲ ထင်မိခဲ့ပါတယ်..။ ဒီလိုအခြေအနေမှာ အရေးပေါ်ကုသမှုလိုမယ့်သူတွေ အများကြီးရှိခဲ့မှာ အသေအချာပါပဲ..။
ပွဲပြီးအဖြစ်အပျက်သိသိချင်းမှာပဲ ကျွန်တော်တို့တစ်သင်းလုံး ဆေးရုံကိုလိုက်သွားပြီး ဒဏ်ရာရသူတွေကို တွေ့ဆုံ၊ အားပေးခဲ့ပါတယ်..။ အိုင်ဗရီကို့စ်မှာရှိနေတုန်း ကျွန်တော်ဟာ နိုဘယ်လ်ဆိုတဲ့ သူငယ်လေး တစ်ဦးဆီလည်း သွားရောက်ခဲ့ပါသေးတယ်..။ သူ့ကိုပြင်သစ်က နာမည်ကျော်ရက်ပ်အဆိုတော် ဒီယမ်က ငွေကြေးထောက်ပံ့ နေတာပါ..။ ဒီယမ်ဟာ မိဘမဲ့ကလေး တွေနဲ့ အကူအညီလိုအပ်နေတဲ့သူတွေအတွက် ငွေကြေးနဲ့ အစားအစာတွေ ထောက်ပံ့ချင်တဲ့ အကြောင်း ကျွန်တော့်ကိုဆက်သွယ်လာပါတယ်..။ နောက်တော့သူမကိုယ်တိုင် အိုင်ဗရီကို့စ်ကို လိုက်လာတဲ့အချိန်မှာ နိုဘယ်လ်နဲ့ဆုံမိပါတယ်..။ နိုဗယ်လ်ဟာ သွေးကင်ဆာရောဂါ ခံစားနေရသူ ဖြစ်ပြီး သူ့ကိုတွေ့တွေ့ချင်းဒီယမ်က တစ်နှစ်စာ ဆေးဝါးကုသမှုစရိတ် ထောက်ပံ့ပေးဖို့ မဆိုင်းမတွ အာမခံလိုက်ပါတယ်.။ သူမရဲ့ရက်ရောမှုအတွက် ကျွန်တော်ဝမ်းသာ ကြည်နူးမိသလို ဒီတစ်နှစ်ပြီး နောက်နှစ်မှာတော့ နိုဘယ်လ်လေးကို ကျွန်တော်ကပဲ ဆက်လက်တာဝန်ယူ လိုက်ပါတယ်..။ ဒီလိုနဲ့ ပွဲကြည့်စင်ပြိုကျလို့ ဒဏ်ရာရနေတဲ့သူတွေကို သွားရောက်တွေ့ဆုံတဲ့နေ့မှာ သူလည်းဆေးရုံမှာ ရှိနေပါတယ်..။
ကျွန်တော်က သူ့ဆီကိုသွားပြီး သာကြောင်း၊ မာကြောင်း မေးရုံလောက်ပဲ ရည်ရွယ်ခဲ့ပါတယ်..။ ဒါပေမယ့်အခန်းထဲရောက်သွားချိန်မှာတော့ အခန်းကျဉ်းကျဉ်းလေးထဲမှာ ကလေးကိုးယောက်လောက် စုပြုံပြီး ကျဉ်းကျဉ်းကြုပ်ကြုပ် နေနေရတဲ့အဖြစ်ကို မြင်မိတာကြောင့် ကျွန်တော်အကြီးအကျယ် စိတ်ဓါတ်ကျ သွားပါတယ်..။ ဒီကလေးငယ်တွေအားလုံးဟာ ကင်ဆာရောဂါဆိုတဲ့ ဝေဒနာဆိုးကြီးကို ရင်ဆိုင်အံတု နေရသူတွေပါ..။ ကလေးအမေတွေကတော့ ကုတင်တွေကြားမှာ ဖျာခင်းပြီးအိပ်ပေါ့.။ သူတို့အားလုံးဟာ ကျွန်တော့်ကို တွေ့တယ်ဆိုတာနဲ့ သူတို့ရဲ့ကလေးငယ်တွေ ကို ကယ်တင်ပေးဖို့ ဝိုင်းဝန်းစုပြုံပြီး တောင်းဆိုကြတော့တာပါပဲ..။ ကိုယ်တိုင်မိသားစုရှိတဲ့ ဖခင် တစ်ယောက်အနေနဲ့ ဒီလိုမြင်ကွင်းကို မြင်လိုက်ရတာ တစ်ကယ့်ကိုဝမ်းနည်းစရာ ကောင်းလှပါတယ်..။ အဲဒီနေ့မှာပဲ ဒီလိုကလေးငယ်တွေကို ကူညီဖို့ တစ်ခုခုလုပ်မှဖြစ်မယ်..၊ ကျွန်တော်စတင် တည်ထောင်နေတဲ့ ဖောင်ဒေးရှင်းကို တရားဝင်ဖြစ်အောင် အမြန်ဆုံးလုပ်တော့မယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါတယ်..။
ဒီအချိန်မှာတော့ ဗီဇာရဖို့ဆိုတာ အရင်တုန်းကလို အခက်အခဲတွေ မရှိတော့ပါဘူး..။ နောက်ပြီးကျွန်တော်ကိုယ်တိုင် နာမည်ကျော်ကြားလူသိများနေပြီဖြစ်သလို အဆက်အသွယ်တွေလည်း ကောင်းနေတာကြောင့် နိုဘယ်လ်ကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့က ဆေးရုံတစ်ခုမှာ ကုသပေးဖို့ အလွယ်တကူပဲ စီစဉ်နိုင်ခဲ့ပါတယ်..။ နိုဘယ်လ်လေးဟာ သုံးလတိတိ ဂျနီဗာမြို့မှာ အကောင်းဆုံးဆိုတဲ့ ကုသမှုတွေကို ရရှိခဲ့ပါတယ်.။ သူ့ဆီကိုလည်း ကျွန်တော်သွားလည် ခဲ့ပါသေးတယ်..။ သူ့ဆီရောက်တဲ့အချိန်မှာ သူငယ်လေးဟာချယ်လ်ဆီးကိုအမာခံအားပေးတဲ့ ပရိသတ်တစ်ယောက် ဖြစ်နေပါပြီ..။ သူကတစ်နေ့မှာ ချယ်လ်ဆီးအသင်းကိုလာရောက်ပြီး ဖရန့် လမ်းပတ်၊ ဆော်လမွန် ကာလူးတို့နဲ့ တွေ့ချင်တယ်..၊ လူတိုင်းကို နှုတ်ဆက်စကား ပြောချင်တယ်ဆိုတဲ့အကြောင်း ပြောပြပါတယ်..။ သူ့ရဲ့စကားကိုကြားတဲ့အချိန်မှာ ကျွန်တော်စိတ်အရမ်း လှုပ်ရှားခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ “ငါ့လူရေ.. သူတို့နဲ့နောက်မှ သွားတွေ့တာပေါ့..၊ လောလောဆယ် မင်းနေကောင်းအောင်သာ ဂရုစိုက်” ဆိုပြီး အားပေး၊ နှစ်သိမ့်ရုံသာ တတ်နိုင်ခဲ့ပါတယ်..။
ဒီလိုဝေဒနာဆိုးကြီးကို နိုဘယ်လ်တစ်ယောက် ကြိုးစားရင်ဆိုင်နေပေမယ့် တစ်နေ့မှာ ဆရာဝန်တွေက ကျွန်တော့်ဆီဆက်သွယ်ပြီး သူခံစားနေရတဲ့ရောဂါဟာ အရမ်းရှားပါးသလို ဆိုးရွားတဲ့ သွေးကင်ဆာ အမျိုးအစားဖြစ်တာကြောင့် ရလဒ်မကောင်းနိုင်ဘူးဆိုတာ ရှင်းပြပါတယ်။ အဲဒီအချိန်မှာ ကာယကံရှင် ကောင်လေးထက်စာရင် ကျွန်တော်ကပိုပြီး ခံစားရပါတယ်။ သူကတော့ ဘယ်လိုရောဂါမျိုးဆိုတာ မသိတာကြောင့် ခံသာပါလိမ့်မယ်..။ သူ့ရဲ့မိဘတွေလည်း ဆရာဝန်တွေရဲ့ ရှင်းပြချက်ကို အပြည့်အ၀ နားလည်ရဲ့လား ကျွန်တော်မပြောနိုင်ပါဘူး.။ ဒီလိုသေသေချာချာ မသိတာ တစ်မျိုးတော့ ကောင်းပါတယ်..။ သူတို့အနေနဲ့ နောက်ဆုံးအချိန်အထိ မျှော်လင့်ချက်မလျော့ပဲ အားတင်းထားနိုင်မှာ ဖြစ်ပါတယ်..။ ဆရာဝန်တွေ ခန့်မှန်းထားတဲ့အတိုင်းပါပဲ. သူ့ရဲ့ရောဂါဝေဒနာဟာ တစ်နေ့တစ်ခြားဆိုးဝါးလာပြီး တစ်နေ့မှာတော့ ဂျနီဗာဆေးရုံကကျွန်တော့်ဆီ ဆက်သွယ်လာပါတယ်..။ ဆေးရုံက သူငယ်လေးဟာ လူ့လောကမှာနေဖို့ ရက်ပိုင်းပဲလိုပါတော့တယ်လို့ အကြောင်းကြားပါတယ်။ အခုအချိန်အထိ အဲဒီဖုန်းဝင်လာတဲ့အချိန်ကို မနေ့ကလိုပဲ မှတ်မိနေတုန်းပါပဲ..။ ဆေးရုံရဲ့ အကြောင်းကြားချက်ကို ကြားကြားချင်းမှာ ဆွံ့အသွားသလို မယုံကြည်နိုင်အောင်ခံစားလိုက်ရပါ တယ်..။ ဒါပေမယ့် ဆရာဝန်တွေကများ တစ်ခုခုလုပ်ပေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်ကိုတော့ မစွန့်လွှတ်ချင်သေးပါဘူး..။
အဲဒီအချိန်ကစပြီး နောက်ရက်အတော်ကြာတဲ့အထိ ဝင်လာတဲ့ဖုန်းတွေကို ကျွန်တော် မကိုင်တော့ပါဘူး..။ အဲဒီကိုးနှစ်သားလေးနဲ့ ပတ်သက်တဲ့အဆိုးဆုံးသတင်းကို ကြားရမှာစိုးတဲ့ အတွက်ပါ..။ ဒါပေမယ့် တစ်နေ့မှတော့ စိတ်အားတင်းပြီး သူတို့ဆီက ဖုန်းခေါ်မှုကို လက်ခံစကားပြောခဲ့ပါတယ်..။ “ကျွန်တော်တို့ နားမလည်နိုင်အောင် ဖြစ်နေရတယ်” လို့ ဆရာဝန်ကပြောပါတယ်..။
“ဆေးပညာအရ ဘာလိုမှ မျှော်လင့်ချက်မရှိနိုင် တော့ပေမယ့် သူအခုထိ အသက်ရှင် နေသေးတယ်ဗျ..။ တစ်နေရာက ခွန်အားတစ်ခုကြောင့်လား၊ သူတစ်ခုခုကို မျှော်လင့်နေသေးလို့လား မပြောတတ်ဘူး.. သူအခုထိ အသက်ရှင်နေသေးတယ်..”။ အဲဒါနဲ့ ကျွန်တော်လေယာဉ်ချက်ချင်းစီစဉ်ပြီး နောက်ဆုံးအကြိမ်အဖြစ် သူ့ကိုသွားတွေ့ပါတယ်.။ ဒီတစ်ကြိမ်တွေ့ဆုံတာကို သူရော၊ ကျွန်တော်ပါ ကြည်နူးခဲ့ပါတယ်.။ နောက်ထပ်တစ်လ သူဆက်ပြီးအသက်ဆက် သွားနိုင်ခဲ့ပါတယ်.။ ဒီသူငယ်လေးကို ကျွန်တော်ဘယ်လိုမှ မေ့နိုင်မှာ မဟုတ်ပါဘူး..။ စတက်ဖနီလိုပဲ သူ့ကိုလည်း ကျွန်တော်မကယ်တင်နိုင်ခဲ့ပါဘူး..၊ အဲဒီအတွက် စိတ်မကောင်း ဖြစ်မိပေမယ့် နောက်ဆုံးအချိန်ထိ အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားနိုင်ခဲ့တဲ့အတွက် စိတ်သက်သာရာရခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာလည်း ကျွန်တော့်အတွက် နာကျင်၊ ကြေကွဲရတဲ့ ဖြစ်ရပ်တစ်ခုပါပဲ..။