feature-image

အခန်း (၁၇) - ကျွန်တော့်ရဲ့ ပရဟိတဘဝ (၂)

ဒီဖြစ်ရပ်ကနေ ကောင်းတဲ့တစ်ချက်ပြောရမယ်ဆိုရင် နောက်ရှေ့ဆက်ပြီး ဘာလုပ်ရမလဲ  ကျွန်တော်သိမြင်လာတာ ဖြစ်ပါတယ်..။ “ဆေးရုံတစ်ရုံ ဆောက်ချင်တယ်” လို့ ကျွန်တော်ကြေငြာ ခဲ့ပါတယ်.။ “ကျွန်တော်ဆေးရုံတစ်ရုံ ဆောက်ချင်တယ်..၊ အိုင်ဗရီကို့စ်မှာရှိတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ကလေးငယ်တွေအတွက် ဆေးရုံတစ်ရုံ ဆောက်ချင်ပါတယ်..။ ဒီဆေးရုံအတွက် အချိန်ကာလ ဘယ်လောက်ကြာချင်ကြပါစေ..၊ ဘာတွေဖြစ်ဖြစ်လုပ်ချင်လုပ်ရပါစေ.. ဖြစ်မြောက်အောင် ဆောင်ရွက်ချင်ပါတယ်..။”

ဒီစီမံချက်ရဲ့ ပထမအဆင့်အနေနဲ့ သင့်တော်တဲ့သူတွေ၊ ကောင်းမွန်တဲ့အကြံပေးနိုင်မယ့်သူတွေ ရှိနေဖို့ ဖြစ်ပါတယ်..။ ကျွန်တော်စတင် ဖွဲ့စည်းလိုက်တဲ့အသင်းမှာ ကျွန်တော်ယုံကြည်ရတဲ့သူတွေ ပါသလို ဒီလိုလုပ်ငန်းတွေမှာ ကျွမ်းကျင်ပြီးသားပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်..။ ကျွန်တော်တို့စီမံချက်ရဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ ငွေကြေးတွေ ဘယ်လိုမတည်ကြမလဲဆိုတာတွေကို ဆွေးနွေးကြပါတယ်.။ သူတို့အားလုံးဟာ ကျွန်တော်မျှော်မှန်းထားတဲ့ အနာဂတ်ပန်းတိုင်ကို  ကောင်းကောင်းနားလည် နေကြသူတွေပဲ ဖြစ်ကြပါတယ်..။ ပထမအဆင့်မှာ ကြုံတွေ့ရတဲ့အခက်အခဲက ကျွန်တော့်ရဲ့ လုပ်ငန်းတွေမှာ ငွေကြေးထည့်ဝင်ချင်စိတ်ဖြစ်ပေါ်လာဖို့ လူတွေကိုဘယ်လိုစွဲဆောင်စည်းရုံးမလဲ ဖြစ်ပါတယ်..။ သူတို့က “မင်းကိုယ်တိုင်ဟာ ဝင်ငွေအရမ်းကောင်းနေတဲ့ နာမည်ကျော် ဘောလုံးသမားပဲ..၊ ကိုယ်ဖာသာ တစ်ယောက်တည်းဖြစ်အောင်လုပ်ပါလား” လို့ ပြောကြမှာ ကျွန်တော်စိုးရိမ်ပါတယ်..။

တစ်ကယ်တမ်းတော့ ၂၀၀၇ ခုှနှစ်ကစတင်ပြီး ပက်ပ်စီ၊ နိုက်ကီ၊ ဆမ်ဆောင်းစတဲ့ ကုမ္ပဏီကြီးများနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် စာချုပ်တိုင်းက ရရှိတဲ့အကျိုးအမြတ် တွေအားလုံးကို ဖောင်ဒေးရှင်းအတွက် အသုံးချဖို့ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ စံနမူနာပြ ဖြစ်ခဲ့သလို ကျွန်တော်ဟာ ရေရှည်အတွက် စီမံချက်ချပြီး ဆောင်ရွက်ဖို့ ပြင်ဆင်နေမှန်း သူတို့တွေတဖြည်းဖြည်းနဲ့ နားလည်လာခဲ့ပါတယ်..။ ဒါ့ကြောင့် ကျွန်တော်နဲ့လက်တွဲခဲ့တဲ့ ပက်ပ်စီ၊ တူရကီ လေကြောင်းလိုင်းတို့လို တစ်ချို့ကုမ္ပဏီကြီးများဟာ နောက်ထပ်သီးခြား ပံ့ပိုးမှုတွေထည့်ဝင်ပြီး ကျွန်တော့်ရဲ့ ဖောင်ဒေးရှင်းကိုပံ့ပိုးခဲ့ကြပါတယ်..။



ကျွန်တော့်ဖောင်ဒေးရှင်းရဲ့ အဓိကရည်မှန်းချက်က ပညာရေးနဲ့ ကျန်းမာရေးဖြစ်ပါတယ်..။ ပြည်သူတွေရဲ့ အဓိကလိုအပ်ချက်တွေ ပြည့်စုံဖို့ ဒီကဏ္ဍနှစ်ရပ်ကို အသေအချာ ပံ့ပိုးနိုင်ခဲ့ရင် ကောင်းမွန်တဲ့ လူမှုဘဝတွေ ရရှိနိုင်မှာဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်..။ ကျန်းမာရေးကဏ္ဍမှာ ကျွန်တော်တို့ရဲ့ အဓိကဦးတည်အုပ်စုက မိခင်များနဲ့ကလေးများပဲ ဖြစ်ပါတယ်။ ပညာရေးကဏ္ဍမှာတော့ ကျောင်းတွေကို စာအုပ်နဲ့စာရေးကိရိယာ ဖြန့်ဖြူးပေးဖို့ ရည်မှန်းထားပါတယ်..။

တစ်ခုသတိချပ်ဖို့လိုတာက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကို ပြည့်မှီဖို့ ကြိုးစား ရာမှာ အလောတကြီး ဆောင်ရွက်ဖို့ မလိုအပ်ပါဘူး..။ ကျွန်တော့်စီမံချက်ရဲ့ မူရင်းရည်ရွယ်ချက်က ကလေးတွေအတွက် ဆေးခန်းတစ်ခု ထောင်ပေးဖို့ဖြစ်ပါတယ်..။ နိုဘယ်လ်လေးဆီသွားခဲ့တုန်းက ကြုံခဲ့ရတဲ့ အခြေအနေထက် ပိုကောင်းတဲ့ဆေးခန်းလေးတွေ ဖွင့်ပေးနိုင်မယ်ဆိုရင် ကလေးတွေနဲ့ မိခင်တွေအတွက် ပိုပြီးကောင်းမွန်တဲ့ ပြုစု၊ စောင့်ရှောက်မှုများကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်..။ နောက်တစ်ဆင့်အနေနဲ့က ဒီကလေးတွေအတွက် ရည်မှန်းထားတဲ့ ဆေးခန်းမှာ နာတာရှည်လူနာ များကို စောင့်ရှောက်ဖို့ ဆေးခန်းတစ်ခုကို တွဲဖက်ဖွင့်လှစ်လိုတဲ့ဆန္ဒ ဖြစ်ပါတယ်..။

နောက်ဆုံးအနေနဲ့ကတော့ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့် မရခဲ့တဲ့ ကလေးတွေအတွက် ကျောင်းဖွင့်လှစ် ပေးချင်တာပါ..။ အထက်က ရည်မှန်းချက်တွေဟာ အိုင်ဗရီကို့စ်နဲ့ အာဖရိကတိုက်မှာ ဆောင်ရွက်ပေးချင်တဲ့ ကျွန်တော့်ရဲ့ အခြေခံလုပ်ငန်းတွေပဲ ဖြစ်ပါတယ်..။ ပညာရေးဟာ အာဖရိကနိုင်ငံတွေ ခံစားနေရတဲ့ အခြေအနေအရပ်ရပ်ကနေ လွတ်မြောက်စေဖို့ တစ်ခုတည်းသော ဆေးနည်းပဲဖြစ်တယ်လို့ ကျွန်တော်ခံယူထားပါတယ်..။ အိုင်ဗရီကို့စ်တိုင်းပြည်ဟာ ပြည်တွင်းစစ်နွံထဲကို ၂၀၀၂ ခုနှစ်ကတည်းက ကျရောက်ခဲ့တာဖြစ်ပြီး ဒီလိုပြည်တွင်းစစ်မီးကို ဘယ်သူကမှ မလိုချင်ပါဘူး..။ လူတွေရဲ့အသက်ပေါင်းများစွာဟာ အကြောင်းပြချက် မယ်မယ်ရရမရှိပဲနဲ့ ပျက်သုန်းကုန်ကြပါတယ်..။ အကြောင်းအမျိုးမျိုးနဲ့ အာဖရိကတိုက်အတွင်းက တိုင်းပြည်များကို သွားလာဖြစ်တဲ့အခါမှာလည်း ဒီလိုစစ်မီးတောက်လောင်ခြင်းရဲ့ ဆိုးကျိုတွေကို မျက်မြင်ကိုယ်တွေ့ ခံစားမိခဲ့ရပါတယ်..။ ဒီလိုတိုင်းပြည်တွေမှာ စာတတ်မြောက်နှုန်းဟာ အရမ်းနည်းပါတယ်..။ ဒါဟာအတော်ဆိုးဝါးတဲ့ အချက်ပါ..။ ဒါ့ကြောင့်ပညာရေး မြင့်တင်ပေးခြင်းဟာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနဲ့ ဒီမိုကရေစီထွန်းကားရေးတို့မှာ အခရာအကျဆုံး ကဏ္ဍလည်း ဖြစ်ပါတယ်.။

ကျွန်တော်ရဲ့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့မိတ်ဆွေတွေကို တိုင်ပင်ကြည့်တဲ့အခါမှာ အများစုက လှိုက်လှိုက်လှဲလှဲ အားပေးပါတယ်.။ ကျွန်တော်တို့ဆေးခန်ဆောက်ဖို့ ရည်ရွယ်ထားတဲ့နေရာနားက မြေကွက်တစ်ခုကို အဘီဂျန်းမြို့တော်ဝန်ကပိုင်ဆိုင်ခွင့်ရအောင် ကြိုးစားပေးပါတယ်.။ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကလည်း အကူအညီမတောင်းရပဲ ရက်ရက်ရောရော ကူညီပေးပါတယ်..။ သူတို့ရဲ့ကူညီမှုတွေဟာ ကျွန်တော့်အတွက် ခွန်အားဖြစ်ရပါတယ်..။ အခုလို အသေးစိတ်ဂရုစိုက်တတ်တဲ့ သူ့ရဲ့အလေ့အကျင့်ဟာ ချယ်လ်ဆီးအသင်းကို ကျွန်တော်ချစ်မြတ်နိုးရခြင်း အကြောင်းရင်းထဲက တစ်ခုဖြစ်ပါတယ်..။ ချယ်လ်ဆီးအသင်းကို ရရှိခဲ့တဲ့အောင်မြင်မှုတွေကြောင့် ချစ်တာလား? အသင်းပိုင်ရှင်ရဲ့ ကြွယ်ဝလှတဲ့ဥစ္စာဓနတွေကြောင့် ချစ်တာလား? ဆိုတဲ့ မေးခွန်းတွေဟာ မှားပါတယ်..။ အသင်းနဲ့ ကျွန်တော့်ရဲ့ကြားက သံယောဇဉ်၊ မြတ်နိုးမှုတွေကို သေသေချာချာသိဖို့ဆိုရင် ဒီထက်ပိုပြီး ထဲထဲဝင်ဝင် လေ့လာကြည့်ဖို့ လိုပါတယ်.။ ကျွန်တော့်အတွက်တော့ ချယ်လ်ဆီးဟာ ဘောလုံးအသင်းတစ်သင်းထက် ပိုပါတယ်..။ ကျွန်တော်တို့ဟာ မိသားစုတွေလိုပါပဲ..။



ဒါပေမယ့် ဆေးရုံကြီးတစ်ရုံတည်း တည်ဆောက်ခြင်းဟာ မှန်ကန်တဲ့လမ်းကြောင်း မဖြစ်နိုင်ဘူးဆိုတာ တဖြည်းဖြည်းနဲ့ ကျွန်တော်သိလာပါတယ်.။ အဆောက်အဦးကောင်းကောင်း တည်ဆောက်ဖို့ တတ်နိုင်ပေမယ့် ဒီဆေးရုံကြီးကိုထိန်းသိမ်းဖို့၊ ရေရှည်တည်တံ့နိုင်ဖို့ အခက်အခဲတွေ ရှိပါတယ်..။ ဆေးရုံကြီးတစ်ရုံပုံမှန်လည်ပတ်ဖို့ဆိုတာ ကုန်ကျစရိတ်အရမ်းများပါတယ်..။ ဒါ့ကြောင့်ဆေးခန်း အသေးလေးတွေကို နိုင်ငံအနှံ့အပြားမှာဖွင့်လှစ်လိုက်ရင် ကောင်းမလားဆိုပြီး စဉ်းစားကြည့်ပါတယ်။ ဒါပေမယ့် ဒီလိုဆေးခန်းလေးတွေကို ပြည်သူလူထုက ခက်ခက်ခဲခဲနဲ့ လာရောက်ကြပါ့မလားဆိုတာ စဉ်းစားမိရင်း အခက်တွေ့နေပါတယ်..။

ဒီလိုနဲ့တစ်နေ့မှာတော့ လန်ဒန်မြို့က နှလုံးခွဲစိတ် အထူးကုဆရာဝန်တစ်ဦးနဲ့ စကားပြောဖြစ်ပါတယ်။ သူဟာ ရွှေ့လျားဆေးခန်းများ တည်ထောင်ပြီး ဟေတီ၊ နိုက်ဂျီးရီးယားစတဲ့နိုင်ငံတွေမှာ နယ်လှည့်ဆေးကု နေသူတစ်ဦးပါ.။ သူရဲ့လမ်းကြောင်းဟာ လိုအပ်နေတဲ့သူတွေဆီ အနီးစပ်ဆုံး ရောက်ရှိနိုင်တဲ့ လမ်းကြောင်းဖြစ်တယ်ဆိုပြီး ရှင်းပြပါတယ်..။ ဘတ်စ်ကားတစ်စင်းနဲ့ တစ်နေရာမှာ တစ်လတန်သည်..၊ နှစ်လတန်သည် နေထိုင်၊ ဆေးကုလို့ရတဲ့ အားသာချက်တွေရှိတယ်လို့ ဆိုပါတယ်…။ ဒါ့အပြင် ဆရာဝန်တွေနဲ့ အခြားဆေးဝန်ထမ်းတွေကို လိုတဲ့အချိန်ကျမှသာ ခေါ်ယူဖို့လည်းဖြစ်တာကြောင့် အထွေထွေ ကုန်ကျစရိတ်တွေမှာလည်း သိသိသာသာ သက်သာပါတယ်..။

ရွေ့လျားဆေးခန်းတွေ တည်ဆောက်ဖို့ဟာ ပထမဦးစားပေး အစီအစဉ် ဖြစ်လာပါတယ်..။ အဘီးဂျန်မြို့မှာ တည်ဆောက်နေတဲ့ ဆေးခန်းအဆောက်အဦးဟာလည်း ပြီးစီးသွားပြီး ဖြစ်တာကြောင့် မကြာခင်ဖွင့်လှစ် နိုင်တော့မှာပါ..။ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ တပ်ဆင်ပြီး ဖြစ်သလို ဆေးဝန်ထမ်းတွေလည်း ဌားရမ်းပြီး ဖြစ်ပါတယ်..။ ဆေးခန်းဖွင့်လှစ်တော့မယ့်အချိန်ကို တွေး ရင်းစိတ်လှုပ်ရှားနေရပါပြီ..။ ဒီဆေးခန်း ဖွင့်လှစ်ပြီးရင်တော့ ရွေ့လျားဆေးခန်းတွေ ဆက်လက်ဖွင့်လှစ်ပြီး အဝေးကလိုအပ်နေသူတွေကို ဆေးကုပေးဖို့ ဖြစ်ပါတယ်..။ ဒီလိုကျွန်တော့်ရဲ့စီမံချက်အကောင်အထည် ပေါ်လာရအောင် ဝိုင်းဝန်းပံ့ပိုး ကူညီပေးကြတဲ့အတွက် အရမ်းဂုဏ်ယူမိသလို ရှေ့ဆက်ရမယ့် အနာဂတ်လမ်းကြောင်းအတွက်လည်း ခွန်အားတွေ တိုးပွားလာရပါတယ်..။



ပညာရေးပံ့ပိုးမှုကဏ္ဍမှာတော့ နိုင်ငံအတွင်းမှာရှိတဲ့ကျောင်းများအတွက် Shool Kits ထောင်နဲ့ချီပြီး ပံ့ပိုးသွားဖို့ ဖြစ်ပါတယ်.။ နှစ်စဉ်နှစ်တိုင်း အကူအညီပေးတဲ့ ကျောင်းချင်း မထပ်အောင် ထောက်ပံ့ပေးခြင်းဖြင့် တစ်နှစ်ထက်တစ်နှစ်ပိုပြီး ကလေးငယ်များဟာ သူတို့ရဲ့ပညာရေးအတွက် လိုအပ်တဲ့ အခြေခံပစ္စည်းကိရိယာတွေ ရရှိမှာဖြစ်ပါတယ်..။ အခြားပံ့ပိုးမှုအနေနဲ့ အာဖရိကတိုက်မှာရှိတဲ့ အခြားစီမံချက်တွေအတွက် ရန်ပုံငွေထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်..။ အဲဒီစီမံချက်တွေထဲမှာ ဆီနီဂေါနဲ့ ဘူကီနာဖာဆိုနိုင်ငံများက ရေဘေးဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီပေးခြင်းစတဲ့ စီမံချက်တွေလည်း ပါဝင်ပါတယ်..။ ကျွန်တော်တို့ဟာ အိုင်ဗရီကို့စ်နိုင်ငံ တစ်ခုတည်းကိုပဲ ကွက်ပြီးကြည့်တာ မဟုတ်ပါဘူး..။

၂၀၀၇ ခုနှစ်တုန်းကဆေးရုံတစ်ခုဆောက်ဖို့၊ ပုံမှန်လည်ပတ်နိုင်ဖို့ဆိုတာ လွယ်လွယ်လေးလို့ပဲဆိုပြီး ထင်မှတ်ခဲ့ပါတယ်..။ ဘယ်လောက်ခက်ခဲပြီး ဘယ်လောက်ပင်ပန်းလိမ့်မယ်ဆိုတာ ကြိုတင်မသိခဲ့တာ ကံကောင်းတယ်လို့ဆိုနိုင်ပါတယ်..။ အဲဒီလိုအခက်အခဲတွေ ကြိုသိခဲ့မယ်ဆိုရင် စောစောစီးစီး အားလျော့၊ လက်လျော့ သွားနိုင်ပါတယ်..။ နိုင်ငံအတွင်းမှာဖြစ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ပြည်တွင်းစစ်တွေကြောင့် ကျွန်တော်တို့ရဲ့ စိတ်ကူးထဲက စီမံချက်ဟာ ဆယ်နှစ်လောက် နောက်ကျခဲ့သလို အစီအစဉ်တွေလည်း ရှုပ်ထွေးကုန်ပါတယ်..။ နောက်ပိုင်းမှာ အဖွဲ့အစည်းတစ်ခု၊ ဖောင်ဒေးရှင်းတစ်ခု အောင်အောင်မြင်မြင် လည်ပတ်နိုင်ဖို့ဆိုတာ မူလရည်မှန်းချက်တွေပြည့်စုံနေပြီး ငွေရေးကြေးရေး ထောက်ပံ့မှု ကောင်းမွန်နေရုံတစ်ခုတည်းနဲ့ မရဘူးဆိုတာ သိရှိခဲ့ပါတယ်..။ ကျွန်တော့်ရဲ့ ရေရှည်ရည်မှန်းချက်ကတော့ အဘီးဂျန်က ဆေးခန်းအတွက် ကျွမ်းကျင်တဲ့ အဖွဲ့အစည်းတစ်ခု တည်ထောင်ပြီး စနစ်တကျလည်ပတ်နိုင်ဖို့ ဖြစ်ပါတယ်.။ ကျွန်တော်ပိုင်နိုင်တဲ့ ဘာသာရပ်ဟာ ဘောလုံးဖြစ်ပြီး ဆေးဝါးပစ္ခည်းတွေ၊ ဆေးခန်း ကိစ္ခရပ်တွေကို မတတ်ကျွမ်းပါဘူး..။ အဲဒီလိုဆေးခန်းတွေရဲ့ နေ့တဓူဝကိစ္ခရပ်တွေမှာ ပါဝင်နေဖို့ဆိုတာဖြစ်လည်း မဖြစ်နိုင်ပါဘူး..။

မဝေးတော့တဲ့အနာဂတ်မှာ ကျွန်တော့်ရဲ့ ဖောင်ဒေးရှင်းလေးကို လူမှုကူညီရေးအဖွဲ့ အစည်းကြီးကြီးတစ်ခု၊ ဒါမှမဟုတ် NGO တစ်ခုခုနဲ့ ချိတ်ဆက်လည်ပတ်နိုင်ဖိူ့ စိတ်ကူးထားပါတယ်..။ ဒီလိုနည်းနဲ့ ကျွန်တော်တို့ရဲ့ ပုံရိပ်ပိုမိုကြီးမားလာမှာဖြစ်သလို အကူအညီတွေလည်း ပိုမိုပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်..။ အဲဒီရည်မှန်းချက်ကို လွယ်လွယ်နဲ့ကျွန်တော် လက်လျော့မှာမဟုတ်ပါဘူး..၊ တစ်နေ့နေ့မှာ ဖြစ်လာမှာပါ..၊ ကျွန်တော့်ကို စောင့်ကြည့်နေကြပါ..။