feature-image

အခန်း (၁၈) - ဘယ်မှာနားခိုမလဲ??

ကျွန်တော့်ရဲ့ဘဝတစ်လျှောက် ဖြတ်သန်းခဲ့တဲ့လမ်းကြောင်းတွေကို ပြန်ကြည့်စဉ်းစားမိတဲ့အခါတိုင်း အံ့သြတဲ့စိတ် အမြဲတမ်းဖြစ်ပေါ်ရပါတယ်..။ ဘောလုံးသမားတစ်ယောက် ဖြစ်ချင်ခဲ့ပေမယ့် အခုလို ဘယ်နေရာကိုသွားသွား..၊ ကိုယ့်ကိုသိနေတဲ့အဆင့်ထိ ရောက်ခဲ့မယ်လို့ လုံးဝမထင်မှတ် ထားခဲ့ပါဘူး..။ ဒီလိုအခြေအနေတွေ ပြောင်းသွားပေမယ့် ကျွန်တော့်ရဲ့မူရင်းစိတ်ဓါတ်က ပြောင်းလဲမသွားသေးဘူးလို့ ထင်ပါတယ်..။ ဒါပေမယ့် အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရတာတွေတော့ ရှိပါတယ်..။ ကျွန်တော့်ရဲ့မိတ်ဆွေတစ်ချို့က ဒရော့ဘာဟာ အရင်တုန်းကလိုမဟုတ်ဘူးလို့ လာပြောကြပေမယ့် ကျွန်တော်ကိုယ်တိုင် ပြောင်းလဲသွားတာထက်စာရင် ကျွန်တော့်ကိုမြင်တဲ့ သူတို့အမြင်တွေသာ ပြောင်းလဲသွားတာ ဖြစ်ပါမယ်..။ တစ်ခါတစ်ရံမှာ တခြားသူတွေရဲ့ ကိုယ့်အပေါ် မျှော်မှန်းထားတဲ့ မျှော်လင့်ချက်တွေကို ပြည့်မှီစေဖို့ဆိုတာလည်း ခက်ခဲပါတယ်..။

အိုင်ဗရီကို့စ်မှာဆိုရင် ကျွန်တော့်ရဲ့လွှမ်းမိုးမှုဟာ ကိုယ်ထင်မှတ်မထားတဲ့ အခြေအနေအထိ ရောက်နေခဲ့ပါတယ်..။ တစ်ခါတစ်လေဆိုရင် ကိုယ်တိုင်ကြုံခဲ့တာမဟုတ်ပဲ သူများဆီက ကြားရတဲ့ တစ်ဆင့်စကားဆိုရင် ဘယ်လိုမှတောင်ယုံနိုင်မှာ မဟုတ်ပဘူး..။ ဥပမာအားဖြင့်ဆိုရင် အမျိုးသမီးတစ်ယောက်က ကျွန်တော့်ကိုလာပြောပါတယ်..။ သူမဆီမှာ သားတစ်ယောက်ရှိပြီး ဒရော့ဘာလို့ နာမည်ပေးထား ပါတယ်တဲ့..။ ဒီဒီယာ မဟုတ်ပါဘူး.. ‘ဒရော့ဘာ’ ပါ..။ ဒီလိုအဖြစ်မျိုးကို အရင်က မယုံနိုင်အောင် ဖြစ်မိပေမယ့် တဖြည်းဖြည်းနဲ့လက်ခံလာအောင် ကြိုးစားရပါတယ်..။ ဒီလိုလွှမ်းမိုးမှုမျိုးကို ဂိုးတွေသွင်းပြီးတော့ ရရှိခဲ့တာပဲလို့ ရိုးရိုးလေးတွေးပါတယ်..။

တစ်ခါတစ်လေမှာ ဘာကြောင့်မို့ ကျွန်တော့်ဆီမှာကျမှ ဒါမျိုးတွေ လာဖြစ်နေတာလဲလို့ တွေးမိပါတယ်..။ ဒါပေမယ့်ကျွန်တော်ဟာ ကံကြမ္မာနဲ့ဘုရားသခင်ကို ယုံကြည်ပါတယ်..။ ထာဝရ ဘုရားသခင်ဟာ လူသားတွေကို တတ်နိုင်တဲ့ဘက်က ကူညီဖို့စေလွှတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်..။ ဘောလုံးအားကစားနည်းကနေ ကျွန်တော်ရရှိခဲ့တာအများကြီးပါ.. အခုတော့ ဒီအရာတွေကို ကောင်းတဲ့နေရာတွေမှာ အသုံးချဖို့ပြန်လည်ပေးဆပ်ရပါတော့မယ်..။ ကျွန်တော့်ရဲ့ပုံရိပ်၊ ကျော်ကြားမှုကို အသုံးချပြီး လိုအပ်နေတဲ့နေရာတွေမှာ ကူညီပေးရပါမယ်..။ အဲဒီလို သူတပါးကို ကူညီဖို့ဆိုတာ အနာဂတ်အတွက် ကျွန်တော့်ရဲ့ ဘဝလမ်းညွှန်ပဲ ဖြစ်ပါမယ်..။

အခုအချိန်မှာ ချယ်လ်ဆီးအသင်းအတွက် ပြန်ကစားပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပေမယ့် တစ်နေ့မှာတော့ အသင်းကိုအခြားတစ်နေရာနဲ့ပြန်လည်ရောက်ရှိဦးမယ်လို့ မျှော်လင့်ထားပါတယ်..။ ၂၀၁၄- ၁၅ ဘောလုံးရာသီနောက်ဆုံးပွဲမတိုင်ခင်တစ်ရက်အလိုမှာ မန်နေဂျာ၊ အသင်းတာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ အစည်းအဝေး ထိုင်ဖြစ်တဲ့အခါမှာ သူတို့ကကျွန်တော့်ကို အခုလို ပြောပါတယ်..။ “မင်းအသင်းနဲ့ အဆက်အသွယ် ရှိနေရပါမယ်..၊ အဆက်အသွယ်ဖြတ်ပြီး ခြေရာပျောက်သွားလို့ လုံးဝမရဘူးနော်..။ မင်းဟာအသင်းရဲ့သမိုင်းကြောင်းကို အရေးကြီးတဲ့ နေရာတစ်ခုကနေ ရေးထိုးထားတဲ့သူတစ်ဦးလည်း ဖြစ်တယ်..၊ ဘောလုံးလောကမှာ ဆက်လက်ရှင်သန် နေချင်သေးတဲ့ မင်းရဲ့စိတ်ဓါတ်နဲ့ ပြင်းပြမှုကို လေးစားပါတယ်..၊ ဒါပေမယ့် ဘောလုံးလောကနေ အနားယူလိုက်တဲ့ တစ်နေ့မှာတော့ ဒီအသင်းကို ပြန်လာဖို့ကို ပထမဦးဆုံးစဉ်းစားပါ”..။ အနာဂတ်မှာ ကျွန်တော့်အတွက် အဖြစ်ချင်ဆုံးဆန္ဒတစ်ခု ပြောပါဆိုရင်တော့ ဖရန့်နဲ့အတူလက် တွဲပြီး ချယ်လ်ဆီးမှာ ဘဝကိုအဆုံးသတ်ဖို့ပါ..။



အသင်းမှာနှစ်တွေ ကြာလာလေလေ အသင်းပိုင်ရှင်မစ္စတာ အေဘရာမိုဗစ်ချ်အကြောင်း ပိုပြီးသိလာလေလေပါပဲ..။ သူဟာအရမ်းကို ရိုးသားပြီး အရှက်အကြောက် ကြီးပါတယ်..။ ဘောလုံးအားကစားကိုလည်း အရမ်းချစ်မြတ်နိုးသူ တစ်ယောက်ပါ.။ သူနဲ့မကြာခဏဆုံဖူးပြီး သူဟာကိုယ့်ကစားသမားတွေ ဘယ်လိုခံစားနေရတယ်..၊ အသင်းရဲ့အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ ဘယ်တော့မှ မျက်ခြေမပြတ်ပါဘူး.။ သူဟာသိုသိုသိပ်သိပ် နေတတ်သူတစ်ဦးလည်း ဖြစ်တာကြောင့် သူ့ရဲ့အကြောင်းကို ဒီနေရာမှာအများကြီးပြောပြဖို့ မသင့်တော်ပါဘူး..။ ဒါပေမယ့် ကျွန်တော်တို့ကြားမှာ နားလည်မှုရှိသလို သူဟာလူကြီးလူကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်..။ သူနဲ့ ဆုံဆည်းခွင့်ရခဲ့တာ၊ ခင်မင်ရင်းနှီးခွင့် ရခဲ့တာဟာ အင်မတန် ဂုဏ်ယူဖို့ကောင်းပါတယ်..။

နောက်ထပ်အမှတ်ရတဲ့သူတစ်ယောက်ကတော့ ဟိုဆေး မော်ရင်ဟိုပါ..။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ထူးရှယ်ဆက်ဆံရေးတစ်ခု ရှိနေပြီး ဖော်ပြဖို့ခက်ခဲလှတဲ့ နားလည်မှုမျိုးလည်း ဖြစ်တည်နေပါတယ်..။ သူကျွန်တော့်ကို ချယ်လ်ဆီးအသင်းဆီခေါ်လာတယ်..၊ ပြီးတော့နောက်ထပ်တစ်ကြိမ် ထပ်ပြန်ခေါ်တယ်.၊ ဒုတိယအကြိမ် ပြန်လည်ခေါ်ယူတဲ့အချိန်မှာ မိတ်ဆွေရင်းတွေ ဖြစ်တာကြောင့် ပြန်လည်ခေါ်ယူတာမျိုး မဟုတ်ပဲ အသင်းအတွက် အများကြီး ပေးဆပ်နိုင်ဦးမှာ သေချာတဲ့အတွက် ခေါ်ယူခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်..။ ဒီလိုကျွန်တော့်အပေါ် အပြည့်အ၀ ယုံကြည်ထားတာဟာ တခြားနည်းပြတွေနဲ့ အဓိကကွဲပြားချက်ပါပဲ..။

အခြားသောနည်းပြများဟာ အသင်းသစ်ကို ရောက်လာပြီဆိုရင် “ကျွန်တော်အနိုင်ရဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်” လို့ ပြောတတ်ကြပေမယ့် ဟိုဆေးရဲ့လက်သုံးစကားက “အောင်မြင်မှုတွေ ဆောင်ယူပေးဖို့ ကျွန်တော် ရောက်လာတာပါ” ဆိုပြီးဖြစ်ပါမယ်..။ သူ့ရဲ့ပြင်းပြတဲ့ယုံကြည်မှုဟာ ကစားသမားတွေဆီကိုပါ ကူးစက်လာပြီး အောင်မြင်မှုကိုဆာလောင်တဲ့စိတ်၊ နိုင်ပွဲတစ်ပွဲကို နောက်ဆုံးမိနစ်အထိတိုက်ခိုက် တတ်တဲ့ စိတ်ဓါတ်တွေ ဖြစ်ပေါ်လာပါတယ်..။ ကျွန်တော့်ကို တစ်ကယ့်ကစားသမားစစ်စစ် ဖြစ်လာအောင် မြေတောင်မြှောက်ပေးခဲ့တဲ့ ဟိုဆေးကို အမြဲတမ်းကျေးဇူးတင်ရှိနေမှာ ဖြစ်ပါတယ်..။

မကြာခင်မှာအနားယူရတော့မယ်ဆိုတာ သိနေပေမယ့် နောက်ထပ်တစ်ကြိမ်တော့ နယ်မြေသစ်တစ်ခုကို စွန့်စားခန်ထွက်ချင်လာပါတယ်..။ ဘောလုံးကစားခြင်းကိုလည်း ကျွန်တော့် ခန္ခာကိုယ်က ခွင့်ပြုသရွေ့ မစွန့်လွတ်ချင် သေးပါဘူး..။ ဒါ့အပြင်ကျွန်တော်ဟာ ကိုယ်ရောက်ခဲ့တဲ့၊ ကျင်လည်ခဲ့တဲ့ နေရာတိုင်းမှာလည်း ပျော်ရွှင်ပါတယ်.. အင်္ဂလန်၊ ပြင်သစ်၊ အာဖရိက၊ တရုတ်၊ တူရကီ.. အခုနောက်ဆုံး ‘မွန်ထရီယယ်လ်’ ပေါ့..။ အမေရိကန် ပြည်ထောင်စုက မေဂျာလိဂ် ဘောလုံး ပြိုင်ပွဲဟာလည်း တစ်ကယ့်ကို စိတ်ဝင်စားဖို့ ကောင်းလှတဲ့ စွန့်စားခန်းတစ်ခု ဖြစ်ပါတယ်..။ ဒီနေရာ သစ်မှာ ဘယ်လောက်စွမ်းဆောင် ပြနိုင်မလဲဆိုတာ သိချင်ပါသေးတယ်..။



နောက်ဆုံးအနားယူပြီးတဲ့ တစ်နေ့မှာ ချယ်လ်ဆီးအသင်းကို ပြန်လာခွင့်ရဖို့ မျှော်လင့်ပါတယ်..။ အခုအချိန်မှာတော့ ကျွန်တေ်ာ့ရဲ့စိတ်၊ ကျွန်တော့်ရဲ့ခန္ခာက တောင့်တနေတဲ့ ဘောလုံး ကစားခြင်းကို မစွန့်လွတ်နိုင်သေးပါဘူး..။ ၂၀၀၅ ခုနှစ်၊ နွေရာသီမှာ မွန်ထရီယယ်လ် အင်ပက် အသင်းကို ပြောင်းရွှေ့ခွင့် ရခဲ့တဲ့အတွက် အရမ်းကိုပျော်ရွှင် ကျေနပ်ခဲ့ရပါတယ်.။ ဒါ့အပြင် ပထမဆုံး ပွဲဦးထွက်မှာပဲ သုံးဂိုးသွင်းပြီး Hattrick ရခဲ့လို့ ပိုပြီးကျေနပ်စရာ ကောင်းခဲ့ပါတယ်..။ ဆယ်ပွဲကစားပြီးချိန်မှာ (၉) ဂိုးသွင်းနိုင်ခဲ့တဲ့စံချိန်ကို ဆက်ထိန်းနိုင်ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်..။ ကျွန်တော်ဟာ လွန်ခဲ့တဲ့ငါးနှစ်ကကစားသမားမျိုး မဟုတ်တော့ဘူးဆိုတာ သိပါတယ်..။ ဒါပေမယ့် ပွဲတစ်ပွဲရဲ့ အခြေအနေကို သုံးသပ်နိုင်တဲ့နေရာမှာတော့ (၂၁) နှစ်သား လူငယ်တွေထက် ပိုကောင်းပါတယ်..။

ကျွန်တော့်ရဲ့နောက်ဆုံးအန္တိမ အိပ်မက်များထဲကတစ်ခုဟာ ချယ်လ်ဆီးအသင်းတည်ရှိတဲ့ အင်္ဂလန်မြေမှာ ပြန်လည်အခြေခြဖို့ဖြစ်ပြီး နောက်ထပ်ရည်မှန်းချက်တစ်ခုက ကျွန်တော့်ရဲ့ ဖောင်ဒေးရှင်းကြီး ပိုမိုတိုးပွားခိုင်မာလာဖို့ ဖြစ်ပါတယ်..။ ကျွန်တော်ဟာ ပြီးပြည့်စုံတဲ့လူသား တစ်ယောက်မဟုတ်သလို အားနည်းချက်တွေ ရှိပါတယ်..။ ဒါပေမယ့်ကျွန်တော်ဟာ မြေကြီးကို ဘယ်တော့မှမမေ့သလို ဘယ်ကနေ ဆင်းသက်လာသလဲဆိုတဲ့ ဇာတိချက်မြေကိုလည်း ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး..။ ဘာမှမရှိခဲ့တဲ့ ဘဝကစခဲ့တာမို့ အခုအချိန်မှာ အားလုံးဟာအမြတ်ပါပဲ..။ ဘဝဆိုတာ အတက်အကျမြန်ဆန်သလို ဘယ်အရာမှ မတည်မြဲဘူးဆိုတာသိပါတယ်..။ လူတွေရဲ့ အမြင်မှာ ဘယ်လောက်ပဲ ကြီးမြင့်နေပါစေ..၊ ဘယ်လောက်ပဲ အာဏာအရှိန်အဝါတွေ ကြီးကျယ်နေပါစေ..၊ ဘယ်လောက်ပဲ ကျိကျိတက်အောင် ချမ်းသာနေပါစေ.. အရေးအကြီးဆုံးအရာဟာ ဒီကမ္ဘာမြေပေါ်က လူသားတွေရဲ့ကောင်းကျိူးကို ဘယ်လောက် ပေးစွမ်းနိုင်ခဲ့သလဲ..၊ ပေးဆပ်နိုင် ခဲ့သလဲဆိုတာပဲ အရေးအကြီးဆုံးဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်..။

ဘောလုံးလောကမှာတော့  ကျွန်တော်ဟာ နေရာတစ်နေရာချန်ထားခဲ့ပြီးပါပြီ..။ ဒါ ပေမယ့် ကျွန်တော် ဖြစ်စေချင်တာက အနာဂတ်မှာကျွန်တော်နဲ့ ပတ်သက်ပြီး “သူဟာဘောလုံး သမားကောင်းတစ်ယောက်ပါ..၊ ဒါ့အပြင်သူဟာ စိတ်ကောင်းရှိပြီး လူသားအကျိုးအတွက် တတ်နိုင် သမျှ ပေးဆပ်ခဲ့သူ” လို့ သမိုင်းကျန်ခဲ့စေချင်ပါတယ်..။ တစ်ကယ်တော့ကျွန်တော်ဟာ ကိုယ့်အကြောင်းကိုယ် ကိုယ်ရည်သွေးရတာ မကြိုက်ပါဘူး..၊ ဒါပေမယ့်အခုရောက်ရှိနေတဲ့ အနေအထားမှာ ဒရော့ဘာ ဘာလုပ်နေသလဲ ရှင်းရှင်းလင်းလင်း ပြောပြနိုင်ခြင်းဖြင့် ကောင်းကျိုးတွေ ဆောင်ယူလာနိုင်မယ်ဆိုတာ သိရှိထားပါတယ်..။



အခုလို ကျွန်တော့်ရဲ့ ဖောင်ဒေးရှင်း၊ ပရဟိတလုပ်ငန်းတွေကို ကျွန်တော့်အမျိုးသမီး၊ မိသားစုဝင်များကပါ တက်တက်ကြွကြွ ပါဝင်ကြပါတယ်..။ ကျွန်တော်တို့ အားလုံးလိုအပ်နေတဲ့သူတွေကို အတတ်နိုင်ဆုံး ကူညီချင်ပါတယ်..၊ ဒါဟာကျွန်တော်တို့ရဲ့ မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ကလေးတွေဟာ လိုချင်တာရနိုင်တဲ့ အနေအထားမှာ ရှိနေတာကြောင့် ကံကောင်းပါတယ်..၊ ဒါ့ကြောင့်သူတို့ဟာ သူတစ်ပါးကို ပြန်လည်မျှဝေပေးရမယ့် တာဝန်၊ ဝတ္တရားရှိပါတယ်..။ ဒီလို ‘မျှဝေခြင်း’ ဆိုတဲ့ အသိစိတ်ဓါတ်ကို သွတ်သွင်းနိုင်ခဲ့ပြီး မျိုးဆက်သစ်ကို လက်ဆင့်ကမ်းနိုင်ဖို့ဆိုတာ ကျွန်တော်လုပ်ခဲ့သမျှထဲမှာ အကောင်းဆုံး အလုပ်တစ်ခုပဲ ဖြစ်မှာပါ..။

တစ်နေ့မှာတော့ ကမ္ဘာမြေကို ကျွန်တော်နှုတ်ဆက်ရမှာပါ..။ အဲဒီနေ့မှာ ကျွန်တော့်ရဲ့ မိသားစု၊ ကျွန်တော့်မျိုးဆက်များဟာ ကျွန်တော်ချန်ထားခဲ့တဲ့၊ ကျွန်တော်စတင်ခဲ့တဲ့ လုပ်ငန်းများကို ဆက်လက်သယ်ဆောင်သွားပြီဆိုရင် ကျွန်တော်ဟာ အားလုံးကို ပျော်ပျော်ရွှင်ရွှင်ကြီး နှုတ်ဆက်သွားနိုင် ပါလိမ့်မယ်လို့ ထင်မြင်မိကြောင်းပါ…။