feature-image

ချယ်လ်ဆီးအသင်းရဲ့ ကစားသမား ခေါ်ယူမှု နောက်ကွယ်က ကြိုးကိုင်ရှင်များအကြောင်း …

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ…


ပြက္ခဒိန်တစ်ခု၊ ရာသီစက်ဝိုင်းတစ်ခု ပုံမှန်လည်ပတ်နေသလို ‘ဇန်နဝါရီ’ လဆိုတာ နှစ်တစ်နှစ်အစပြုတဲ့ လတစ်လသာ ဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းအတွက်တော့ ကုန်လွန်ခဲ့တဲ့ ဇန်နဝါရီလ ဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ အပြောင်းအရွှေ့ ပိတ်ပင်ခံခဲ့ရတဲ့ ပြစ်ဒဏ်အပြီး အပြောင်းအရွှေ့ဈေးကွက်ထဲကို ပြန်လည်ဝင်ရောက်ခွင့်ရခဲ့တဲ့လ..၊ နည်းပြဖရန့် လမ်းပတ် နဲ့ နည်းစနစ်ပိုင်းအကြံပေး ပီတာ ချက် တို့လက်ထက် ပထမဆုံးအကြိမ် ကစားသမားအသစ် ခေါ်ယူခွင့်ရခဲ့တဲ့လ ဖြစ်ခဲ့ပါတယ်..။

ပုံမှန်အားဖြင့် ဇန်နဝါရီ.. ဆောင်းရာသီ အပြောင်းအရွှေ့ကာလဟာ လိုချင်တဲ့ ကစားသမားတွေရရှိဖို့ ခက်ခဲတတ်တယ်ဆိုတာ နားလည်ထားပေမယ့် အပြာရောင်ခေတ်သစ်တစ်ခုရဲ့ အစပြုတဲ့ အဲဒီအပြောင်းအရွှေ့ ဈေးကွက်ကာလအပေါ် ချယ်လ်ဆီးပရိသတ်တွေ မျှော်လင့်ချက် ကြီးမားခဲ့ပါတယ်..။ တကယ်ရော မျှော်မှန်းသလောက် ‘မှန်းချက်နဲ့နှမ်းထွက်’ ကိုက်ခဲ့ရပါရဲ့လား..?
++++    ++++    ++++++


ပုံမှန်အားဖြင့် နည်းပြအသစ်၊ မန်နေဂျာအသစ် ရောက်လာပြီဆိုရင် သူတို့လိုချင်တဲ့ ကစားသမားသစ် ခေါ်ယူတယ်..၊ သူတို့ရဲ့ကစားပုံနဲ့ မကိုက်ညီနိုင်မယ့် ကစားသမားတွေကို ရောင်းထုတ်မယ်..၊ ဒါဟာထုံးစံပါပဲ…။ ဒါပေမယ့် ခေတ်ကာလတွေရွေ့လျောလာပြီး ယနေ့ခေတ်သစ် ဘောလုံးလောဟာ ဈေးကွက်စီးပွားရေး ပုံစံတစ်ခုလို ပြောင်းလဲလာတဲ့အတွက် အသင်းတစ်သင်း ဖွဲ့စည်းတာ..၊ တည်ဆောက်တာတွေဟာ ပိုမိုပြီး ရှုပ်ထွေးလာသလို ပိုပြီးလျို့ဝှက်လာတယ်..၊ ပဟေဠိ ပိုဆန်လာပါတယ်..။

နိဒါန်းချီလာခဲ့တဲ့ မေးခွန်းကိုမဖြေခင် ပထမဆုံး ဒီနှစ်ရာသီအစကို ပြန်သွားပါ့မယ်..။ အီတလီနည်းပြကြီး မော်ရစ်စ်စီယို ဆာရီ ထွက်ခွာသွားအပြီး အသင်းရဲ့နည်းပြအဖွဲ့အသစ် ဖွဲ့စည်းပုံ၊ ရွေးချယ်ခဲ့ပုံကို ပြန်ကြည့်မယ်ဆိုရင် အသင်းရဲ့အကယ်ဒမီမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ လူငယ်နည်းပြဟောင်းတွေ..၊ အသင်းရဲ့ ကစားသမားဟောင်းတွေ အမျာဆုံးပါဝင်နေခဲ့တဲ့အတွက် သွေးသစ်လောင်းတယ်.. ဆိုတဲ့အပြင် ထိပ်ဆုံးအဆင့်ကို ပြန်လည်ရောက်ရှိဖို့ ရေရှည်အစီအမံနဲ့ ပြင်ဆင်ခဲ့တယ်ဆိုတာ တွေ့နိင်ပါတယ်..။



ပထမအဆင့်အနေနဲ့ အသင်းကြီးနဲ့ လူငယ်အကယ်ဒမီအသင်းတွေကို ပေါင်းစည်းပေးခဲ့အပြီး ကစားသမားသစ် ဖြည့်ဆည်းမယ့်အပိုင်းကို ပြန်ကြည့်မယ်ဆိုရင် အသင်းပိုင်ရှင် မစ္စတာ အေဘရာမိုဗစ်ချ် ဟာ အသင်းဒါရိုက်တာ (club director) မာရီယာနာ ဂရာနော့ဗ်ကီးယား..၊ နည်းစနစ်ပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် (technical and performance advisor) ပီတာ ချက်..၊ ချယ်လ်ဆီးအသင်းရဲ့ ကင်းထောက်ချုပ် (head of internation scoting) စကော့ မက်ခ်လာလန် နဲ့ နည်းပြသစ် (head coach) ဖရန့် လမ်းပတ် တို့လေးယောက်ကနေ ပေါ်ထွက်လာတဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို အတည်ပြုဆုံးဖြတ်ပါတယ်..။

ဂရာနော့ဗ်ကီးယား က ငွေကြေးစီမံခန့်ခွဲမှုအပိုင်းကို တာဝန်ယူမယ်..၊ ပီတာ ချက် က နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးမယ်..၊ မက်ခ်လာလန် ဟာ ကစားသမား ရှာဖွေ၊ ကင်းထောက်တဲ့ ကဏ္ဍကို ကိုင်တွယ်ပြီး ဖရန့် လမ်းပတ် ကတော့ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားအပိုင်းနဲ့ ကစားဟန်၊ နည်းစနစ်ပိုင်းကို ကိုင်တွယ်ပါမယ်..။

အဲဒီငါးယောက်ထဲမှာ လူတွေသိပ်မသိသေးတဲ့ နှစ်ယောက်ကတော့ အသင်းရဲ့ ကင်းထောက်ချုပ် စကော့ မက်ခ်လာလန် နဲ့ မာရီယာနာ ဂရာနော့ဗ်ကီးယား တို့ပဲ ဖြစ်ပါတယ်..။

စကော့ မက်ခ်လာလန်

‘စကော့ မက်ခ်လာလန် မှာ ချယ်လ်ဆီးအသင်းသို့ ၂၀၁၁ ခုနှစ်တွင် ဖူးလ်ဟမ်းအသင်းမှ ပြောင်းရွှေ့လာခဲ့သည်..။ သူသည်ဖူးလ်ဟမ်းအသင်းတွင် ကင်းထောက် (technical scout) တစ်ဦးအဖြစ် တာဝန်ယူခဲ့ရပြီး ဆောက်ပ်သမ်တန်အသင်းတွင် အသင်း၏စွမ်းဆောင်ရည်ပိုင်း သုံးသပ်သူ (head of performance analysis) အဖြစ် တာဝန်ယူခဲ့ရသည်..။’ ဆိုပြီး  အသင်းရဲ့ Official website မှာ သူ့ရဲ့အကြောင်းကို အထက်ကအတိုင်း ဖော်ပြထားပါတယ်..။



သူဟာအားကစားနည်းပြ သိပ္ပံဘာသာရပ်ကို အထူးပြု မာစတာဘွဲ့ ရယူထားခဲ့သူတစ်ယောက် ဖြစ်တယ်..၊ ဘောလုံးသမားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အားသာချက်၊ အားနည်းချက်များကို စနစ်တကျ လေ့လာ၊ သုံးသပ်တဲ့အပိုင်းမှာ ထိပ်ဆုံးက လမ်းဖောက်နည်းလမ်းပြခဲ့သူတစ်ယောက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်..။ အဲဒီလိုပညာရပ်ပိုင်းမှာ တစ်ဖက်ကမ်းခပ်ခဲ့လို့လည်း ချယ်လ်ဆီးလို ထိပ်တန်းအသင်းမှာ အခုထိ နေရာရနေခဲ့တာပါ...။

ချယ်လ်ဆီးအသင်းကို စတင်ရောက်ရှိခဲ့တဲ့အချိန်က သူဟာတခြားကင်းထောက် အဖွဲ့ဝင်များနည်းတူ နည်းစနစ်ပိုင်း ဒါရိုက်တာ မိုက်ကယ် အီမန်နာလို ဆီ တိုက်ရိုက်အစီရင်ခံရပါတယ်..။ အဲဒီအချိန်က အသင်းရဲ့ ကစားသမားခေါ်ယူမှုအပိုင်း စီမံ၊ ခန့်ခွဲပုံဟာ စနစ်တကျမရှိပဲ ဆုံးဖြတ်ချက်အမှားတွေကို မကြာခဏ ပြုလုပ်မိလေ့ရှိပါတယ်..။ ဒါ့အပြင် အသင်းရဲ့ကစားသမားသစ် ခေါ်ယူမယ့် နည်းဗျူဟာ စီမံချက်မှာ လူငယ်အတွက်၊ လူကြီးအသင်းအတွက် စသဖြင့် သီးခြား၊ ခွဲခြားပိုင်းခြားထားတာ မရှိသလို ကီဗင် ဒီ ဘရိုင်း၊ ရိုမီလူ လူူကာကူ နဲ့ သီဘတ် ကော့တွားစ် တို့သုံးေယောက်ကို အသင်းဘက်က အချိန်ပေးကြည့်ရှုခြင်းမပြုပဲ အပြောကောင်းတဲ့ ကင်းထောက်တစ်ယောက်ဖြစ်တဲ့ ဒီ ဗစ်ဆာ ရဲ့ ထောက်ခံချက်တစ်ခုတည်းနဲ့ ခေါ်ယူခဲ့ပါတယ်..။


ဒါ့အပြင် မိုက်ကယ် အီမန်နာလို ဟာ ကစားသမား အများအပြားကို ပြန်လည်အဌားချဖို့ဆိုတဲ့ ‘loan army’ အယူအဆကို အားသန်တဲ့သူ ဖြစ်ပါတယ်..။ လူငယ်ကစားသမားတွေရော၊ အတွေ့အကြုံရှိပြီးသား ကစားသမားတွေရော အကုန်ခေါ်ယူပြီး အဌားချမယ်..၊ သူတို့ရဲ့တိုးတက်မှုဟာ ကျေနပ်ဖို့မကောင်းရင် ပြန်ပြီးရောင်းချမယ်..၊ ဒါမှမဟုတ် အသင်းကြီးနဲ့ သင့်တော်တယ်ဆိုရင် အဌားချထားရာကနေ ပြန်ခေါ်မယ်.. ဆိုတဲ့ ပုံစံနဲ့ အသင်းရဲ့ကစားသမားသစ် ခေါ်ယူတဲ့စနစ်ကို မောင်းနှင်ခဲ့ကြပါတယ်..။



၂၀၁၇ ခုနှစ်မှာ မိုက်ကယ် အီမန်နာလို အသင်းကထွက်ခွာသွားခဲ့ချိန်မှာတော့ မက်ခ်လာလန် ရဲ့ လုပ်ပိုင်ခွင့်၊ အရှိန်အဝါ ပိုမိုကြီးမားလာပါတယ်..။ အခုဆိုရင် သူဟာ အသင်းဒါရိုက်တာ မာရီယာနာ ဂရာနော့ဗ်ကီးယား ဆီကို တိုက်ရိုက်အစီရင်ခံရပြီး ချယ်လ်ဆီးအသင်းဟာ လစ်လပ်သွားတဲ့ မိုက်ကယ် အီမန်နာလို ရဲ့ နေရာကို ပြန်လည်ဖြည့်တင်းခြင်း မရှိခဲ့ပါဘူး..။ ၂၀၁၉ ခုနှစ်မှာတော့ ဂန္ထဝင်ဂိုးသမားဟောင်း ပီတာ ချက် ကို ဘုတ်အဖွဲ့ထဲ ပြန်လည်ခေါ်ယူခဲ့ပါတယ်..။ ဒါပေမယ့် သူတာဝန်ယူရတဲ့ အခန်းကဏ္ဍဟာ မိုက်ကယ် အီမန်နာလို နဲ့ ခြားနားပါတယ်..။

အခု ကစားသမားသစ် ခေါ်ယူတဲ့ပုံစံအသစ်မှာ မက်ခ်လာလန် ဟာ မာရီယာနာ ဂရာနော့ဗ်ကီးယား အပြင် ပီတာ ချက်၊ ဖရန့် လမ်းပတ် တို့နဲ့ အဆက်အသွယ် အမြဲတမ်းရှိနေရဖို့ လိုအပ်ပုံရပါတယ်..။ အထူးသဖြင့် အရင်နည်းပြတွေနဲ့ သိသာတဲ့ ခြားနားချက်တစ်ခုကတော့ ဖရန့် လမ်းပတ် ဟာ ကစားသမားသစ် ခေါ်ယူတဲ့နေရာ၊ လူငယ်အကယ်ဒမီကနေ ကစားသမားလေးတွေကို အသင်းကြီးဆီ ခေါ်ယူတဲ့နေရာမှာ အရင်နည်းပြတွေထက်ပိုပြီး အာရုံထား၊ စိတ်ဝင်စားခြင်း ဖြစ်ပါတယ်..။ ဒါ့ကြောင့် မက်ခ်လာလန် အနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ ကစားသမား ကင်းထောက် ရှာဖွေတဲ့ပုံစံကို အပြောင်းအလဲ ပြုလုပ်ရပါတော့တယ်..။

“ကျွန်တော့်ရဲ့လက်အောက်မှာ ချယ်လ်ဆီးအသင်းအတွက် အလုပ်လုပ်ပေးနေတဲ့ ကင်းထောက် (၂၀) ရှိပါတယ်..။ ကျွန်တော့်ရဲ့တာဝန်က ကစားသမားတွေကို လေ့လာတဲ့နေရာ၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ်တဲ့နေရာမှာ စနစ်တကျဖြစ်အောင် သူတို့ကိုသင်ကြားပေးဖို့ ဖြစ်ပါတယ်..။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ဒီကောင်လေးက ဘယ်လိုကောင်းတာဆိုပြီး video clips တွေလာပြတာမျိုး မလုပ်ပဲ လူငယ်တစ်ယောက်ကို သုံးသပ်တဲ့နေရာမှာ ကာလအပိုင်းအခြားတစ်ခုအတွင်း ဘယ်လိုတိုးတက်လာတယ် (trends)..၊ အဲဒီကာလအပိုင်းအခြားအတွင်း သူ့ရဲ့ပျမ်းမျှစွမ်းဆောင်ရည် (averages) ဘယ်လောက်ရှိတယ်.. စသဖြင့် အချက်အလက်တွေနဲ့ စနစ်တကျ လေ့လာ၊ ပြင်ဆင်ဖို့ပါ..။”
The Athletic သတင်းဌာနနဲ့ တွေ့ဆုံခန်းတစ်ခုမှာ မက်ခ်လာလန် က အခုလိုပြောပြခဲ့ပါတယ်..။

ဒါ့ကြောင့်သူ့ရဲ့လက်ထက်မှာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမား ကင်းထောက်စနစ်ဟာ ဂျိမ်းစ် ဘွန်း တို့ရဲ့ လျှို့ဝှက်ထောက်လှမ်းရေး စစ်ဆင်ရေး တစ်ခုလိုပါပဲ..။ ကစားပွဲတွေ သွားရောက်ကြည့်ရှုရာမှာ သူ့ရဲ့ကင်းထောက်တွေကို ချယ်လ်ဆီးအသင်းကပါလို့ မဖော်ပြပဲ သိုသိုသိပ်သိပ်နဲ့ သွားရောက်စေသလို တခြားကြားပွဲစားတွေ အသုံးပြုတာ..၊ ပွဲစားတွေကနေ ခိုင်းစေတာမျိုးကိုလည်း မပြုလုပ်ပါဘူး..။ ဥပမာ- ကစားသမားတစ်ယောက်ကို သွားရောက်လေ့လာတော့မယ်ဆိုရင် ကင်းထောက်လိုင်စင်ကို အသုံးမပြုစေပဲ သာမာန်ပရိသတ်တစ်ယောက်အဖြစ် ပွဲကြည့်လက်မှတ်ဝယ်ယူပြီး သွားရောက်လေ့လာစေပါတယ်..။ အထူးသဖြင့် ကစားသမားတွေကို ကင်းထောက်ဖို့ သွားရောက်ရာမှာ အသင်းရဲ့အမှတ်တံဆိပ်ပါတဲ့ အင်္ကျီ၊ အသုံးအဆောင်တွေကို လုံးဝယူဆောင်ခွင့် မပေးပါဘူး..။ ဒါတွေအပြင် အသင်းက ကင်းထောက်တွေ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရာမှာ၊ အစီရင်ခံစာ ပေးပို့ရာမှာ အခြားသူတွေ အလွယ်တကူ ဖတ်ရှုလို့မရအောင်၊ စကားလိမ်၊ စကားဝှက်၊ အတိုကောက်များကို ထည့်သွင်းရေးသားစေခဲ့တယ်လို့ ဆိုပါတယ်..။



ချယ်လ်ဆီးအသင်းရဲ့ အတွင်းစည်းမှာတော့ မက်ခ်လာလန် ဟာ အသင်းရဲ့ကင်းထောက်စနစ်အတွက် သီးခြား database system တည်ဆောက်ထားပါတယ်..။ မက်ခ်လာလန် နဲ့ သူ့ရဲ့အသင်းသားများဟာ အနယ်နယ်အရပ်ရပ်က ကင်းထောက်တွေရဲ့ အစီရင်ခံစာတွေ..၊ ဗွီဒီယိုတွေကို ပေါင်းစပ်ပြီး သူတို့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှု ရှိ၊ မရှိကို သူတို့ရဲ့ဒေတာ၊ အချက်အလက်တွေထဲမှာ တည့်သွင်းပြီး အဆင့်ဆင့် အကဲဖြတ် လေ့လာပါတယ်..။

သတ်မှတ်ချက်တွေနဲ့ကိုက်ညီပြီဆိုရင် မက်ခ်လာလန် ဟာ ကစားသမားတစ်ယောက်စီရဲ့ အသေးစိတ် အချက်အလက်တွေ၊ အစီရင်ခံစာတွေနဲ့အတူ အဲဒီကစားသမားအတွက် ခန့်မှန်းတန်ကြေးကို တွက်ချက်ပေးရပါတယ်..။ နောက်တစ်ဆင့်အနေနဲ့ ကင်းထောက်အသင်းရဲ့ တွေ့ရှိချက်၊ သုံးသပ်မှု အချက်အလက်များဟာ အသင်းရဲ့ကစားသမား ခေါ်ယူရေး အယူအဆများ၊ အသင်းရဲ့ အပြောင်းအရွှေ့မူဝါဒ..၊ နည်းပြရဲ့လိုအပ်ချက်များနဲ့ ကိုက်ညီမှု ရှိ၊ မရှိ မာရီယာနာ၊ ပီတာ ချက်၊ လမ်းပတ် တို့နဲ့ တိုင်ပင်၊ အကဲဖြတ်ပါတယ်..။ သူတို့လေးယောက်ကြားမှာ သဘောတူညီမှု ရရှိပြီးပြီဆိုရင် မာရီယာနာ ဟာ ကစားသမားခေါ်ယူဖို့ လုပ်ငန်းစဉ် စတင်တဲ့အနေနဲ့ သက်ဆိုင်ရာအသင်း၊ အေးဂျင့်၊ ကစားသမားတွေနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ပါတော့တယ်..။

မာရီယာနာ ဂရာနော့ဗ်ကီးယား

သူမဟာ အနေအထိုင် ကျစ်လျစ်၊ လျှို့ဝှက်ပြီး မီဒီယာတွေကြားမှာ သူမနဲ့ ပတ်သက်တဲ့အကြောင်း များများစားစား မသိရပါဘူး..။ ဒါပေမယ့် အသင်းရဲ့ official website တွင် ဖော်ပြထားတဲ့ သူမရဲ့ပုဂ္ဂိုလ်ရေး ဖော်ပြချက်များထဲမှ ‘ရိုမန် အေဘရာမိုဗစ်ချ် ရဲ့ အကြီးတန်းအကြံပေးသူ (senior advisor) တစ်ယောက်အဖြစ် (၁၈) နှစ် တာဝန်ထမ်းဆောင်ခဲ့သည်..’၊ ‘ချယ်လ်ဆီးအသင်း၏ ကစားသမား အပြောင်းအရွှေ့များတွင် အဓိကတာဝန်ယူရသူဖြစ်သည်..’ ဆိုတဲ့ အချက်နှစ်ချက်ဟာ ချယ်လ်ဆီးအသင်းက သူမရဲ့အနေအထားကို ညွန်းဆို၊ ပြသနေပါတယ်..။ သေချာတာကတော့ သူမဟာ ချယ်လ်ဆီးအသင်းမှာ သူဌေးရဲ့ညာလက်ရုံး၊ နံပါတ်တစ် လူယုံတော်ပါပဲ..။



ဘောလုံးလောကမှာတော့ သူမဟာ အင်မတန်မှ ညှိနှိုုင်းရခက်သလို အင်မတန်မှလည်း ထူးချွန်ပြောင်မြောက်တဲ့ ညှိနှိုင်းရေးမှူးတစ်ယောက်အဖြစ် လူသိများပါတယ်..။ မနှစ်ကဘောလုံးရာသီမှာဆိုရင် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ပဲကျန်တော့တဲ့ အီဒင် ဟာဇက် ကို ရီးရဲလ် မက်ဒရစ်အသင်းဆီကနေ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၈၈.၄) သန်းနဲ့ အခြားအပိုဆုကြေး ပေါင် (၄၁.၅) သန်းလောက် ရရှိအောင် ညှိနှိုင်းနိုင်ခဲ့ပါတယ်..။ The Athletic သတင်းဌာနကတော့ သူမဟာ လိုချင်တဲ့အရာကို ပြတ်ပြတ်သားသားရှိတယ်..၊ ခေါင်းမာတယ်..၊ အတိုးအလျော့သိပ်မရှိဘူး..၊ mind games တွေ..၊ လှည့်စားမှုတွေ ပြုလုပ်လေ့ရှိသူမဟုတ်ဘူးလို့ ပြိုင်ဘက်အသင်း စီအီးအိုတွေက လက်ခံထားတယ်လို့ ဖော်ပြထားပါတယ်..။ အမည်မဖော်ပြလိုတဲ့ အသင်းပိုင်ရှင်တစ်ယောက်က သူမအကြောင်းကို အခုလို မှတ်ချက်ပေးခဲ့ပါတယ်..။

“ကျွန်တော်ဟာ မာရီယာနာ နဲ့ သုံးခါ၊ လေးခါလောက် ညှိနှိုင်းမှုတွေ ပြုလုပ်ဖူးပါတယ်..။ သူမဟာ ပြောပြီးသားစကားအပေါ် အင်မတန်မှ ကတိတည်ပါတယ်..။ ဒါ့ကြောင့်သူမနဲ့ ပြုလုပ်ရတဲ့ ညှိနှိုင်းမှုတိုင်းဟာ ရှင်းရှင်းလင်းလင်း၊ အလုပ်သဘော ပီပီသသနဲ့ မြန်မြန်ဆန်ဆန်ပဲ ပြီးမြောက်သွားပါတယ်..။ သူမဟာ ပြောပြီးသားစကားကို ဘယ်တော့မှ ပြန်ဖျက်လေ့ မရှိပါဘူး..။ ကျွန်တော်တို့လောကမှာ သူမလို လူစားမျိုး များများစားစား မတွေ့ဖူးပါဘူး..။”

ဒါ့ကြောင့်ညှိနှိုင်းရေးမှူး တစ်ယောက်အနေနဲ့ အပေးအယူတွေ ပြုလုပ်တဲ့အခါ သူမရဲ့အားအသာဆုံး အချက်ကတော့     ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါမှာ တိကျ၊ ပြတ်သားပြီး အဂတိတရား ကင်းကင်းနဲ့ ဆုံးဖြတ်နိုင်ခြင်းပဲ ဖြစ်ပါလိ်မ့်မယ်..။ တိုက်စစ်မှူး ဒီယေဂို ကော်စတာ ဆိုရင် ဘရာဇီးလ်ကိုသွားပြီး တစ်ကိုယ်တော် ဆန္ဒပြနေစဉ်ကာလမှာ သူမဆီကို ကြိမ်ဖန်များစွာ မက်ဆေ့ချ်တွေပို့ပြီး အက်တလက်တီကို ဆီကို ပြောင်းရွှေ့ခွင့်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်..။ ဒါပေမယ့် သူမဟာ ဒီယေဂို ကော်စတာ ကိုယ်တိုင်အပါအဝင် တခြားသူတွေရဲ့ ဖိအား၊ တွန်းအားတွေကို ကြံ့ကြံ့ခံပြီး အက်တလက်တီကို မက်ဒရစ်အသင်းဆီက လိုချင်တဲ့ ပြောင်းရွှေ့ကြေးရရှိအောင် တည်တည်ငြိမ်ငြိမ် ညှိနှိုင်းနိုင်ခဲ့ပါတယ်..။

ချယ်လ်ဆီးအသင်းရဲ့ ကစားသမား အပြောင်းအရွှေ့ကို သူမကိုင်တွယ်ခဲ့တဲ့ ဆယ်နှစ်တာကာလကို ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင် ယေဘူယျအားဖြင့် အောင်မြင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်..။ အထူးသဖြင့် ကစားသမား ရောင်းချတဲ့နေရာမှာ အင်မတန်မှ ထူးချွန်ပြောင်မြောက်တာကို တွေ့ရပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းဟာ UEFA ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းအတိုင်း လိုက်နာနိုင်ခဲ့သလို အသင်းဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ကစားသမားရောင်းချခြင်းကနေ အမြတ်ငွေ စတာလင်ပေါင် (၃၉၇.၄) သန်း ရရှိခဲ့ပါတယ်..။



မာရီယာနာ ဟာ ကစားသမားတွေကို စေ့စပ်ညှိနှိုင်းတဲ့နေရာမှာ ဘယ်လိုပဲ ထူးချွန်တယ် ဆိုသော်ငြား စင်းလုံးချောတော့ မဟုတ်ခဲ့ပါဘူး..။ ၂၀၁၈ ခုနှစ်တုန်းက သီဘတ် ကော့တွားစ် ဟာ အသင်းကနေထွက်ဖို့ သေချာသလောက် ရှိနေခဲ့ပေမယ့် သူမကတော့ တစ်နှစ်လောက် ဆက်ပြီးဆွဲထားနိုင်ဦးမယ်လို့ နောက်ဆုံးအချိန်ထိ ထင်နေခဲ့ပါတယ်..။ ဒါ့ကြောင့် ဂိုးသမား အယ်လီဆန် ကိုခေါ်ယူဖို့ ရိုးမားအသင်းနဲ့ ညှိနှိုင်းရာမှာ အခြေအနေကောင်းနေပေမယ့် တုံ့ဆိုင်းခဲ့တာကြောင့် လီဗာပူးလ်အသင်းနောက်ကို ပါသွားခဲ့ပြီး ဒုတိယဦးစားပေးဖြစ်တဲ့ ကက်ပါ ကို မြင့်မားတဲ့ကြေးနဲ့ မဖြစ်ဖြစ်အောင် ခေါ်ယူခဲ့ရတဲ့ သာဓကတော့ ရှိပါတယ်..။

ချယ်လ်ဆီးအသင်းရဲ့ ကစားသမား ခေါ်ယူတဲ့နည်းဗျူဟာ..

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားသစ် ခေါ်ယူတဲ့နည်းဗျူဟာ၊ လူငယ်ကစားသမားသစ် မွေးထုတ်တဲ့ပုံစံတွေဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်..။ အခုအချိန်မှာ အသင်းရဲ့ရည်ရွယ်ချက်က လူငယ်အသင်းအဆင့်ဆင့်မှာရော၊ အသင်းကြီးပါ ပိုမိုတောင့်တင်းလာဖို့၊ လူငယ်အသင်းအဆင့်ဆင်းနဲ့ အသင်းကြီးကြားက ဆက်သွယ်မှု၊ ဆက်စပ်မှု ပိုမိုကောင်းမွန်လာဖို့ ဖြစ်ပါတယ်..။ အဲဒီရည်ရွယ်ချက်အတိုင်း အကောင်အထည် ဖော်နေတဲ့နေရာမှာ အပြောင်းအရွှေ့ ပြစ်ဒဏ်ကြောင့် လူငယ်ကစားသမားတွေဘက်ကို ခြေဦးလှည့်ခဲ့ရတဲ့အတွက် transfer ban မိသွားတာ ကျေးဇူးတင်ရမယ်လို့တောင် ပြောရမလိုပါပဲ..။



ဖရန့် လမ်းပတ်၊ ဂျိုဒီ မောရစ်စ် တို့ ဦးဆောင်ပြီး မေဆန် မောင့်၊ တန်မီ အေဘရာဟမ်၊ ရိစ် ဂျိမ်းစ်၊ ဖီကာရို တိုမိုရီ တို့ ထွန်းတောက်လာသလို ဘီလီ ဂေးလ်မား တို့နဲ့ နောက်ထပ်မျိုးဆက်တစ်ခုကလည်း နေရာယူလာဖို့ အသင့်ပါပဲ..။ အခုလိုအောင်မြင်တဲ့ လူငယ်စီမံကိန်းကြောင့် အသင်းဟာ ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်းပေါင်းများစွာ သက်သာခဲ့ရသလို အခုလက်ရှိနှုန်းအတိုင်း ဆက်လက်တိုးတက်နေမယ်ဆိုရင် အသင်းရဲ့အနာဂတ်ကို ငယ်မွေးခြံပေါက် ကစားသမားတွေအပေါ် စဉ်ဆက်မပြတ် အခြေခံ၊ တည်ဆောက်သွားရုံပါပဲ..။ ဒါ့ကြောင့်ကစားသမားသစ် ခေါ်ယူတဲ့ နည်းဗျူဟာအနေနဲ့ အသင်းမှာရှိပြီးသား လူငယ်ကစားသမားတွေအပေါ် ထပ်မံအင်အားဖြည့်တင်းဖို့ ရည်ရွယ်တဲ့ဘက်ကို ဦးတည်၊ ပြောင်းလဲရတော့မှာပါ..။

အရင်ပြီးခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက်တွေမှာ ချယ်လ်ဆီးအသင်း ဝယ်ယူခဲ့တဲ့ ကစားသမားတွေကို ကြည့်လိုက်မယ်ဆိုရင် အထည်ကြီးပျက် ကစားသမားတွေ (distressed assests) နဲ့ ထိပ်တန်းကစားသမားတွေ (elite players) ဆိုပြီး နှစ်မျိုးနှစ်စားကိုပဲ အတွေ့ရများပါတယ်..။

ချယ်လ်ဆီးအသင်းဟာ ကာလရှည်ဒဏ်ရာ ပျောက်ကင်းစ ကစားသမားတွေ..၊ ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေတဲ့ ကစားသမားတွေ.. (ဥပမာ- အန်တိုနီယို ရုဒီဂါ၊ အီမာဆန်၊ ရော့စ် ဘာကလေ၊ မက်တီယို ကိုဗာဆစ်) ကို ဈေးကွက်ထဲမှာ အောက်ကြေးနှိုက်ပြီး သူတို့ကို နဂိုခြေစွမ်းရအောင် ပြန်လည်ပျိုးထောင်မယ်..။ ဒီလိုနည်းနဲ့ တစ်ချိန်မှာ ပြန်လည်ရောင်းချဖြစ်ရင် အကျိုးအမြတ်တော့ ရလိမ့်မယ်ဆိုတဲ့ တွက်ကိန်းနဲ့ ခေါ်ယူခဲ့ပါတယ်..။

နောက်ထပ်တစ်မျိုးဖြစ်တဲ့ ထိပ်တန်းကစားသမားအဆင့်ဝင် ကစားသမားတွေကတော့ သိပ်ပြီးများများစားစား ရောက်လာတာ မရှိပါဘူး..။ တကယ့်ဒေါင်ဒေါင်မြည် အဆင့်ထဲကဆိုရင် အီဒင် ဟာဇက်၊ ဒီယေဂို ကော်စတာ၊ အန်ဂိုလို ကန်တေး၊ ဂျော်ဂင်ဟို တို့အပြင် များများစားစား မရှိပါဘူး..။ ဒီလိုကစားသမားတွေ ရရှိဖို့အတွက် တခြားအသင်းကြီးတွေနဲ့ အပြိုင်အဆိုင် ခေါ်ယူရတာကြောင့် သူတို့လိုချင်တဲ့ ‘ပေါ၊ ချောင်၊ ကောင်း’ ကစားသမားမျိုးတွေ ရနိုင်ဖို့ အတော်လေးကို ခက်ခဲပါတယ်..။ ဒါပေမယ့် ဘယ်နည်းပြမဆို သူတို့ကို ဒေါင်ဒေါင်မြည် ထိပ်တန်းကစားသမားတွေ ခေါ်ယူပေးတာ (marquee signings) နှစ်ခြိုက်တာပါပဲ..။



တစ်ခုရှိတာက ဥရောပဘောလုံးသမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် အပြောင်းအရွှေ့ ပြုလုပ်တဲ့နေရာမှာ စင်းလုံးချော ပြီးပြည့်စုံတယ်လို့ မရှိပါဘူး..။ ပြီးခဲ့တဲ့နောက်ဆုံး ဆောင်းရာသီအပြောင်းအရွှေ့မှာဆိုရင် လိုအပ်နေတဲ့ ကစားသမားတွေကို မဖြည့်တင်းနိုင်ခဲ့တာ အားလျော့ဖွယ်ပါပဲ..။ ဒါပေမယ့်အခုလက်ရှိ အသင်းရဲ့ ဈေးကွက်ထဲက သေသေဝပ်ဝပ် လှုပ်ရှားနေပုံကို ကြည့်မယ်ဆိုရင် သူတို့လိုချင်တဲ့၊ သူတို့ရည်ရွယ်ထားတဲ့ ပစ်မှတ်တွေကိုပဲ တစိုက်မတ်မတ် စိတ်ရှည်လက်ရှည် ကြိုးစားတယ်..၊ ပထမဦးစားပေးမရလို့ ဒုတိယဦးစားပေးကို ရွေးလိုက်မယ်ဆိုတဲ့ ပုံစံမျိုးမရှိတော့တာ တွေ့ရပါတယ်..။ ဒါဟာပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဈေးကွက်တွေမှာ အသင်းရဲ့လှုပ်ရှားပုံတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် တိုးတက်လာတယ်လို့ ဆိုရမှာပါ..။

၂၀၁၇ ခုနှစ်နွေရာသီတုန်းက အယ်လ်ဗာရို မိုရာတာ၊ တီမူယီ ဘာကာယိုကို၊ ဒယ်နီ ဒရင့်ခ်ဝါးတား၊ ဒေးဗစ် ဇာပါကော့စ်တာ တို့အပါအဝင် ကစားသမား ရှစ်ယောက်လောက်အတွက် စတာလင်ပေါင်သန်း (၁၈၀) ကျော် အကုန်ကျခံ ခေါ်ယူခဲ့ပေမယ့် အန်တိုနီယို ရူဒီဂါ နဲ့ (ရော့စ် ဘာကလေ) လောက်သာ အသင်းအတွက် အကျိုးရှိခဲ့ပါတယ်..။

အဲဒီကာလတွေနောက်ပိုင်း အသင်းရဲ့အပြောင်းအရွှေ့ နည်းဗျူဟာသစ်အောက်မှာ အရည်အသွေးမြင့် လူငယ်ကစားသမား ခရစ်စ်တီယန် ပူလီဆစ်၊ ထိပ်တန်းကစားသမား တစ်ယောက်ဖြစ်တဲ့ ဟာကင် ဇိုင်းယက်ချ် တို့ကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်သလို ကင်းထောက်ချုပ် မက်ခ်လာလန် ရဲ့ စည်းစနစ်ကျ ကစားသမား ရွေးချယ်မှု၊ မာရီယာနာ ရဲ့ ခိုင်ကျည်တဲ့ သံမဏိစိတ်ဓာတ်၊ လူမှုဆက်ဆံရေး ညက်ညောလှတဲ့ ပီတာ ချက် ရဲ့ အစီအမံ လှုပ်ရှားမှုတွေနဲ့ ဖရန့် လမ်းပတ် ရဲ့ နည်းစနစ်ပိုင်းတို့ လေးဦးလေးဖလှယ် အချိုးညီညီ ပေါင်းစပ်မှုတို့နဲ့အတူ လာမယ့်အပြောင်းအရွှေ့ ဈေးကွက်တွေမှာ မှန်ကန်၊ ကောင်းမွန်တဲ့ ကစားသမားဖြည့်တင်းမှုတွေ ပြုလုပ်ပြီး အသင်းရဲ့လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်မိကြောင်းပါ..

(We Aint Got No History မှ ဆောင်းပါးရှင် Yatcli ၏ ‘Scott McLachlan and Marina Granovskaia: Chelsea scouting, transfers explained: Insight into Chelsea’s player recruitment process’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)