feature-image

အနာဂတ်သစ်အတွက် ချယ်လ်ဆီးကို ရွေးချယ်ခဲ့တဲ့ ‘တီမို ဝါနာ’ …

၂၀၁၇ ခုနှစ်၊ မတ်လ (၂၂) ရက်..

ထိုနေ့မှာ မထင်မှတ်ပဲနှင့် ဘောလုံးလောကအတွက် အရေးပါခဲ့သည့် နေ့တစ်နေ့ဖြစ်ခဲ့သည်..။ ထိုနေ့က ဂျာမနီနိုင်ငံ၊ ဒေါ့မွန်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့သော ဂျာမနီအသင်းနှင့် အင်္ဂလန်အသင်းတို့၏ ချစ်ကြည်ရေးပွဲစဉ်တွင် ဂျာမနီအသင်းက လူးကပ်စ် ပိုဒေါ့စကီး ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်..။ အဆိုပါပွဲစဉ်မှာ လူးကပ်စ် ပိုဒေါ့စကီး အတွက် ဂျာမနီအသင်းနှင့် (၁၃၀) ပွဲမြောက် ပွဲထွက်ခြင်းအပြင် ဂျာမနီလက်ရွေးစင်အသင်းနှင့် နောက်ဆုံးနှုတ်ဆက်ခဲ့သည့် ပွဲစဉ်ဖြစ်ခဲ့သည်..။ နောက်ထပ်မှတ်တမ်းတစ်ခုကတော့ အင်္ဂလန်အသင်းမန်နေဂျာ ဂါးရတ် ဆောက်ဂိတ် ၏ ပထမဆုံးသောရှုံးပွဲ ဖြစ်ခဲ့သည်..။ ထို့အပြင် ‘တီမို ဝါနာ’ ဆိုသည့် လူငယ်လေး တစ်ယောက်မှာ ဂျာမနီအသင်းကြီးနှင့် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့သည်..။

ထိုအချိန်က ‘ဝါနာ’ ဆိုသည့်နာမည်မှာ အင်္ဂလန်ဘောလုံးလောကနှင့် ရင်းနှီးမှုမရှိသေးသော်လည်း ဂျာမနီဘောလုံးလောကမှာတော့ ‘တောက်မယ့်မီးခဲ၊ တရဲရဲ’ လူငယ်သွေးသစ်တစ်ဦးအဖြစ် ထင်ရှားနေပြီးသား ဖြစ်သည်..။ VFB စတူးဂတ်အသင်းနှင့်အတူ သူ၏လျှင်မြန်မှု၊ နည်းစနစ်ပိုင်း ကောင်းမွန်မှု၊ အဆုံးသတ် ဂိုးသွင်းမှုအပိုင်း သေချာမှုတို့ိကို ဘောလုံးကျွမ်းကျင်သူများက ဂရုပြုမိခဲ့ပြီး ဂျာမနီလူငယ် အသင်းအဆင့်ဆင့်တွင် ရွေးချယ်ခံခဲ့ရသည်..။ ဝါနာ မှာ စတူးဂတ် လူငယ်အသင်းနှင့်အတူ (၄၃) ပွဲကစား၊ (၁၆) ဂိုး သွင်းယူပေးနိုင်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတွင် စတူးဂတ်အသင်းကြီး ပွဲထွက်ခွင့် ပထမဆုံးအကြိမ် ရရှိခဲ့သည်..။ ထိုအချိန်က အသက် (၁၇) နှစ်သာရှိသေးသော ဝါနာ မှာ ဟော့ဖ်ဖန်ဟိန်းအသင်းအား ၆ဂိုး- ၂ဂိုးဖြင့် အနိုင်ရခဲ့သောပွဲတွင် နှစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သည်..။

ဝါနာ မှာ ငယ်စဉ်ကတည်းက စတူးဂတ်အသင်းကို အားပေးခဲ့သူတစ်ယောက် ဖြစ်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်၊ နွေရာသီအပြောင်းအရွှေ့ရာသီတွင် RB လိုက်ပ်ဇစ်အသင်းသို့ ပြောင်းရွှေ့ကြေး ယူရို (၁၀) သန်းဖြင့် ရောက်ရှိခဲ့သည်..။ သူ၏ပထမဆုံးရာသီတွင် ဝါနာ မှာ အသင်းအတွက် (၂၁) ဂိုး သွင်းယူပေးနိုင်ခဲ့သည်..။ ထို့အပြင် RB လိုက်ပ်ဇစ်အသင်းမှာ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲတွင် ဒုတိယရရှိခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခွင့်ရခဲ့သည်..။



သူ၏ RB လိုက်ပ်ဇစ်အသင်းနှင့် ဒုတိယရာသီနှင့် တတိယရာသီများတွင် နှစ်ရာသီပေါင်း ဂိုး (၄၀) သွင်းယူနိုင်ခဲ့သောကြောင့် ဘွန်ဒက်စ်လီဂါ ဘီလူးကြီး ဘေယန် မြူးနစ်အသင်းသို့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၃၀) ဖြင့် ရောက်ရှိရန် နီးစပ်ခဲ့သည်..။ သို့သော်ဘေယန် အသင်းမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ချို့က သူ့အားခေါ်ယူနိုင်ရန် တွန့်ဆုတ်ခဲ့သောကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပြီး ဝါနာ မှာ လိုက်ပ်ဇစ်အသင်းနှင့် လေးနှစ်သက်တမ်းရှိ စာချုပ်သစ် သက်တမ်းတိုးခဲ့သည်..။ အဆိုပါစာချုပ်တွင် အသင်းမှထွက်ခွာခွင့် (release clasue) ယူရို (၅၅) သန်း (စတာလင်ပေါင် ၄၉.၄ သန်း) ပါရှိပြီး ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့တွင် သက်တမ်းကုန်ဆုံးပါမည်..။

ချယ်လ်ဆီးအသင်းက အဆိုပါစာချုပ်ပါ ပြောင်းရွှေ့ကြေးကို ပေးချေပြီး ဝါနာ အား ငါးနှစ်သက်တမ်းရှိစာချုပ်ဖြင့် ခေါ်ယူနိုင်ရန် သဘောတူညီနိုင်ခဲ့သည်..။

တီမို ဝါနာ နှင့် ဂျာဂင် ကလော့ပ်

တကယ်တော့ ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ကာလတွင် လီဗာပူးလ်အသင်းကလည်း တီမို ဝါနာ အား ခေါ်ယူလိုခဲ့သလို ဝါနာ ကလည်း နည်းပြကြီး ဂျာဂင် ကလော့ပ် နှင့် ဥရောပချန်ပီယံ လီဗာပူးလ်အသင်းကို စိတ်ဝင်စားခဲ့ကြောင်း မငြင်းဆန်ခဲ့ပေ..။ ဂျာမနီနိုင်ငံတွင် ဖော်ပြခဲ့သော သတင်းများအရ ဝါနာ မှာ ဂျာဂင် ကလော့ပ် နှင့် တယ်လီဖုန်းဆက်သွယ်မှု ရှိခဲ့သလို သူကိုယ်တိုင်ကလည်း လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ရန် စိတ်ဝင်စားခဲ့သည်..။ သို့သော် ဆာဒီယို မာနေး၊ ရော်ဘတ်တို ဖာမီနို နှင့် မိုဟာမက် ဆာလာ တို့သုံးယောက်ဖြင့် တည်ဆောက်ထားသည့် ကြိုးကြာနီတို့၏ ဥရောပအကောင်းဆုံး တိုက်စစ်အတွဲအစပ်ကို ကျော်ဖြတ်ပြီး သူ့အတွက် ပွဲထွက်ခွင့်နေရာတစ်နေရာ အာမခံချက် မရရှိခဲ့ပေ..။



သို့သော်လည်း တီမို ဝါနာ မှာ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါမတိုင်ခင်အထိ လီဗာပူးလ်အသင်းသို့ ရောက်ရှိနိုင်မည့် အလားအလာများနေဆဲဖြစ်သော်လည်း ကပ်ရောဂါ စတင်ပြီးချိန် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများစွာကြောင့် လီဗာပူးလ်အသင်းမှာ ကစားသမားတစ်ဦးအတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း (၅၀) ကျော် သုံးစွဲရန် အခက်ကြုံခဲ့ရသည်..။ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုမှာ လီဗာပူးလ်အသင်းအနေဖြင့် အချိန်အနည်းငယ် စောင့်ဆိုင်းပြီး စာချုပ်ပါ release clause ပျက်ပြယ်သွားချိန်မှ ယခုထက်ပိုပြီး သက်သာသော ဈေးနှုန်းဖြင့် ခေါ်ယူနိုင်ရန် စဉ်းစားခဲ့ဟန် ရှိခဲ့သည်..။

တီမို ဝါနာ အား ခေါ်ယူနိုင်ရန် အဖက်ဖက်က အခြေအနေပေးနေသော်လည်း လီဗာပူးလ်အသင်း၏ တုန့်ဆိုင်းမှုမှာ အခြားအသင်းကြီးများကို အခွင့်အရေးပေးခဲ့သလို ဖြစ်ခဲ့ရသည်..။ အထူးသဖြင့် ဝါနာ မှာ ဂျာမနီ ဘွန်ဒက်စ်လီဂါ ပွဲစဉ်များ ပြန်လည်စတင်ချိန်တွင်လည်း ခြေစွမ်းမပျက် ဂိုးသွင်းနှုန်း ကောင်းနေဆဲဖြစ်ပြီး ယခုနှစ်ရာသီတွင် ပြိုင်ပွဲစုံ (၃၃) ဂိုး သွင်းယူနိုင်ခဲ့သည်..။

တီမို ဝါနာ မှာ ဂိုးသွင်းနှုန်းကောင်းမွန်ပြီး အဆုံးသတ်သေချာရုံသာမက ရှေ့တန်ုးတိုက်စစ်တွင် နေရာစုံကစားနိုင်သူဖြစ်သည်..(ပူးတွဲအောက်ဖော်ပြပါပုံတွင် ယခုနှစ်ဘောလုံးရာသီအတွင်း တီမို ဝါနာ ၏ တိုက်စစ်တွင် ကစားခဲ့သည့်နေရာများကို ပြသထားပါသည်.)။ ထို့အပြင် ကွင်းလယ်တိုက်စစ်တွင်ပါ ဆင်းပြီးကစားနိုင်သူလည်း ဖြစ်သောကြောင့် ရီးရဲလ် မက်ဒရစ်၊ ဘာစီလိုနာ၊ ဘိုရုရှား ဒေါ့မွန်နှင့် ဘေယန် မြူးနစ်အသင်းတို့မှာ စတူးဂတ်အသင်း လူငယ်ကစားသမားဘဝကတည်းက သူ့အားအသည်းအသန် ခေါ်ယူလိုခဲ့ကြသည်..။



ဘာကြောင့်ချယ်လ်ဆီးအသင်းကို ရွေးချယ်ခဲ့တာလဲ..?

ယခုနှစ် ၂၀၂၀ နှစ်ဆန်းချိန်မှ စတင်ခဲ့သည့် ကိုရိုနာ ဗိုင်းရ်စ်ပိုး ကပ်ရောဂါကြောင့် ထိပ်သီးအသင်းကြီးများမှာ သူတို့၏အပြောင်းအရွှေ့ အသုံးစရိတ်များကို သိသိသာသာ ဖြတ်တောက်ခဲ့ရသော်လည်း မနှစ်ကနွေရာသီတွင် အပြောင်းအရွှေ့ အပိတ်ခံခဲ့ရသည့် ရုရှသူဌေးကြီး ရိုမန် အေဘရာမိုဗစ်ချ် ၏ ချယ်လ်ဆီးအသင်းမှာ ‘ပန်းပန်နေဆဲ’ ဖြစ်ခဲ့သည်..။ ထို့အပြင် အဆင့်မြင့်ပြိုင်ပွဲများတွင် သက်သေပြပြီးဖြစ်သည့် အသက် (၂၄) နှစ်အရွယ် လူငယ်တိုက်စစ်မှူးတစ်ယောက်အတွက် ပြောင်းရွှေ့ကြေး ယူရို (၅၅) သန်းဆိုသည်မှာ သင့်တင့်လျှောက်ပတ်သည့် ပြောင်းရွှေ့ကြေးဟု ပြောနိုင်ပါသည်..။

ချယ်လ်ဆီးအသင်းမှာ တီမို ဝါနာ အား ခေါ်ယူနိုင်ရန်အတွက် RB လိုက်ပ်ဇစ်အသင်းနှင့် ညှိနှိုုင်းမှုများကို မနှစ်ကနွေရာသီတွင် လူငယ်ကွင်းလယ်ကစားသမား အီသန် အမ်ပါဒူး အား အဌားစေလွှတ်ခဲ့စဉ်ကတည်းက ပြုလုပ်ခဲ့သည်..။ ဖရန့် လမ်းပတ် နှင့် ချယ်လ်ဆီးအသင်း တာဝန်ရှိသူများမှာ ယခုနှစ်နွေရာသီတွင် အသင်းမှထွက်ခွာတော့မည့် ဝီလီယံ၊ ပီဒရို တို့လို ကစားသမားများ၏ နေရာကိုအစားထိုးနိုင်ရန်အတွက် တောင်ပံထွက်ပြီး ကစားနို်င်သည့် ကစားသမားများကို ဦးစားပေး၊ ညှိနှိုင်းခဲ့သည်..။ ထို့အပြင်ချယ်လ်ဆီးအသင်းမှာ လာမည့်တနင်္ဂနွေနေ့မှစတင်ပြီး ၂၀၁၉/၂၀ ဘောလုံးရာသီ လက်ကျန်ပွဲစဉ်များကို ယှဉ်ပြိုင်ရပေတော့မည်..။



လက်ရှိအချိန် အမှတ်ပေးပြိုင်ပွဲတွင် အဆင့် (၄) နေရာ ရရှိထားသလို လူငယ်အများစုနှင့် တိုက်စစ်ဦးစားပေး ကစားဟန်ကြောင့် ဖရန့် လမ်းပတ် ၏ ချယ်လ်ဆီးအသင်းမှာ လာမည့်ဘောလုံးရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အခွင့်အလမ်းကောင်းများ ပိုင်ဆိုင်နေခြင်းကလည်း ထိပ်တန်းကစားသမားများကို ဆွဲဆောင်နိုင်သည့် အချက်တစ်ချက် ဖြစ်နေခဲ့သည်..။

ယခုအချိန် တီမို ဝါနာ အား ခေါ်ယူနိုင်ခဲ့သည့် အတည်ပြုကြေငြာချက်နှင့်အတူ ဖရန့် လမ်းပတ် ၏ နောက်နှစ်ဘောလုံးရာသီအတွက် တိုက်စစ်အတွဲအစပ် အစီအမံမှာ ရုပ်လုံးပေါ်ခဲ့ပါပြီ..။ ထို့ကြောင့်ပြီးခဲ့သည့်ဖေဖော်ဝါရီလက ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၃၄) သန်းဖြင့် အိုင်းယက်စ်အသင်းမှ ရောက်ရှိလာမည့် ဟာကင် ဇိုင်းယက်ချ်၊ တမန်မီ အေဘရာဟမ် နှင့် ဂျာမနီ လူငယ်သွေးသစ် တီမို ဝါနာ တို့၏ တိုက်စစ်အတွဲမှာ အပြာရောင်တို့၏ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အနာဂတ်တိုက်စစ်အတွဲ ဖြစ်လာနိုင်ပါကြောင်း တင်ဆက်လိုက်ရပါသည်..။

(Sky Sports မှ ဆောင်းပါးရှင် Kaveh Solhekol ၏ ‘Timo Werner: Why Liverpool move did not happen ahead of Chelsea switch’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)