feature-image

ချယ်လ်ဆီးအသင်းနှင့် တည်ကန်ဘော (set pieces) များကို ကာကွယ်ခြင်း …

ပြီးခဲ့တဲ့ဗုဒ္ခဟူးနေ့က ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ချယ်လ်ဆီးပရိသတ်တွေကြားမှာ ဝေဖန်သံတွေ စီညံသွားခဲ့ရပါတယ်…။ အထူးသဖြင့် ဝက်စ်ဟမ်းအသင်းရဲ့ ပထမချေပဂိုးဟာ ထောင့်ကန်ဘောကနေ ပေးလိုက်ရတာ ဖြစ်သလို အိမ်ရှင်အသင်ဟာ အဲဒီဂိုးမတိုင်ခင် ထောင့်ကန်ဘောကပဲ တစ်ဂိုးရခဲ့ပေမယ့် VAR နဲ့ ပယ်ဖျက်ခံခဲ့ရပါတယ်..။

ဒါ့ကြောင့်ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ရာသီတစ်ခုလုံးမှာ တည်ကန်ဘော (set pieces) တွေကနေ ပေးလိုက်ရတဲ့ဂိုးပေါင်း (၁၂) ဂိုး ရှိသွားပြီး ပရီးမီးယားလိဂ် အသင်းများအနက် တည်ကန်ဘောတွေကနေ ပေးဂိုးအများဆုံး ပူးတွဲစတုတ္ထအသင်း ဖြစ်နေပါတယ်..။

အဲဒီတည်ကန်ဘောတွေထဲမှာ ထောင့်ကန်ဘောတွေဟာ ဒုက္စအပေးဆုံး ဖြစ်နေခဲ့ပြီး နော့ဝစ်ချ်အသင်းပြီးရင် ပရီးမီးယားလိဂ်ရဲ့ ထောင့်ကန်ဘောကနေ ဒုတိယအများဆုံး ဂိုးပေးရတဲ့အသင်း (၉ ဂိုးဖြင့်) အဖြစ် ရပ်တည်နေပါတယ်..(ပူးတွဲပုံ- ၁)။ ဒါ့အပြင် ဖြတ်တင်ဘောတွေ (crosses) ကနေ  ဂိုးအများဆုံးပေးရတဲ့ အသင်းတွေထဲမှာလည်း (ပေးဂိုး- ၁၀ဂိုး) ပါဝင်နေပါတယ်..။



ထောင့်ကန်ဘောများနဲ့ ချယ်လ်ဆီး..

ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ ဝက်စ်ဟမ်းအသင်းက တိုမက်စ် ဆိုချက်ခ် ဟာ အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား ကို ယှဉ်ပြီးခေါင်းတိုက်သွားရာမှာ သူတို့နှစ်ယောက်ကြားက အရပ်အမောင်း ကွာခြားချက်ကြောင့် အခုလို ခေါင်းတိုက်ခွင့်ပြုလိုက်ရတာပါလို့ လျှောက်လဲချက် ပေးနိုင်ပါတယ်..(ပူးတွဲပုံ- ၂)။ ဒါပေမယ့် ပထမတစ်ကြိမ်မှာ ပေးလိုက်ရပြီး ဖြစ်တာကြောင့် တစ်ပွဲတည်းမှာတင် အဲဒီပုံစံအတိုင်း ထပ်ပြီးဂိုးပေးရတယ်ဆိုတာ ပရီးမီးယားလိဂ်လို အဆင့်မျိုးနဲ့ဆိုရင် ညံ့ဖျင်းတာလို့ ပြောနိုင်ပါတယ်..။ ဒါ့ကြောင့်ထောင့်ကန်ဘောတွေကို ကာကွယ်တဲ့နေရာမှာ ခေါင်းယှဉ်တိုက်တဲ့နေရာမှာ အားနည်းတဲ့ ဆီဇာ အက်ဇ်ပီလီကွဲတား ကို ကူညီဖို့ အဝေးတိုင်မှာ အရပ်အမောင်းမြင့်မားတဲ့ တန်မီ အေဘရာဟမ်၊ အိုလီဗာ ဂျီရူးဒ် တို့လို တိုက်စစ်မှူးတွေနဲ့ ကူညီခိုင်းဖို့ စဉ်းစားသင့်တယ်ဆိုပြီး Daily Mail က ဆောင်းပါးရှင် Ben Nagle က အကြံပေးပါတယ်..။



ဒါပေမယ့် အစောပိုင်းမှာ တင်ပြထားသလို ထောင့်ကန်ဘောများကို ကာကွယ်ခြင်းဟာ ချယ်လ်ဆီးအသင်းအတွက်တော့ ရာသီအစကတည်းက ပြသနာဖြစ်နေတာပါ..။ အဲဒီလိုထောင့်ကန်ဘောတွေ၊ တည်ကန်ဘောတွေကို ကာကွယ်တဲ့နေရာမှာ ဖြစ်နေတဲ့ အဓိကအားနည်းချက် (၃) ခုကို video analyst ဆောင်းပါးရှင် Nouman က ရာသီအစပိုင်း ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကတည်းက ထောက်ပြထားပါတယ်..။ အဲဒီအချက်တွေကတော့ (၁) zonal marking အသုံးပြုပုံအားနည်းခြင်း (၂) အဝေးတိုင် (back post) မှာ လူကပ်ကစားလေ့ မရှိခြင်း (၃) ဗဟိုနောက်ခံလူများ (အထူးသဖြင့် အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန်) ရဲ့ အမြင့်ဘော ကာကွယ်ရာမှာ ဆုံးဖြတ်ချက် အားနည်းခြင်းတို့ ဖြစ်ပါတယ်..။

နံပါတ် (၁) အချက်နဲ့ ပတ်သက်ပြီး ဆောင်းပါးရှင် Nouman က ချယ်လ်ဆီးအသင်းဟာ ထောင့်ကန်ဘောတွေကို ကာကွယ်ရာမှာ (၁၈) ကိုက်စည်းထိပ်ကို အမြဲတမ်းလွှတ်ထားလေ့ ရှိတယ်ဆိုပြီး ပြောပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့ set pieces တွေကို ကာကွယ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဘောလုံးသုံးသပ်သူအများစုကတော့ (zonal marking) နဲ့ တစ်ဦးချင်း လူကပ်ကစားခြင်း (man marking) တွဲပြီး အသုံးပြုသင့်တယ်ဆိုပြီး အကြံပြုခဲ့ပါတယ်..။ အဲဒါနဲ့ ပတ်သက်ပြီး အကျယ်မပြောတော့ပါဘူး..။ zonal marking သုံးသုံး၊ man marking သုံးသုံး၊ နှစ်ခုစလုံးကို တွဲပြီးသုံးသုံး အဓိကကတော့ ကိုယ်ချမှတ်ထားတဲ့ ခံစစ်ကစားပုံ စီမံချက် (defensive set up) ပီပြင်ဖို့၊ အာရုံစူးစိုက်မှု (concentration) ကောင်းမွန်ဖို့နဲ့ ခံစစ်ကြောင်း တစ်ခုလုံးကို ထိန်းကျောင်းပေးမယ့် ခေါင်းဆောင်မှု (leadership) ကောင်းမွန်ဖို့ပဲ ဖြစ်ပါတယ်..။

နံပါတ် (၂) အချက်ဖြစ်တဲ့ အဝေးတိုင် (back post) မှာ လူကပ်ကစားလေ့ မရှိတာကတော့ ရာသီအစကတည်းကနေ အခုထိမပြင်နိုင်သေးတဲ့အချက်ပါပဲ.. (ပူးတွဲပုံ - ၃)..။ ရာသီကြို ခြေစမ်းပွဲတွေမှာတုန်းကလည်း ရက်ဒင်းအသင်းနဲ့ပွဲကစလို့ အခုနောက်ဆုံး ဝက်စ်ဟမ်းအသင်းနဲ့ပွဲက အထိ အဲဒီပုံစံနဲ့ မကြာခဏ ဂိုးပေးခဲ့ရဆဲပါပဲ..။ဒါ့ကြောင့်ချယ်လ်ဆီးအသင်း ပွဲတွေဆိုရင် ဘောလုံးပွဲ ကြေငြာသူတွေရဲ့ ‘poor marking at the far post’ ဆိုတဲ့ စကားဟာ သိပ်ပြီးမထူးဆန်းသလိုတောင် ဖြစ်နေပါပြီ..။



နံပါတ် (၃) အချက်နဲ့ ပတ်သက်ပြီး Nouman က ခရစ်စ်တီယန်ဆန် ဟာ ဇုန်ခံစစ်ကစားမယ်ဆိုရင် ဇုန်ခံစစ်ကို ပီပီပြင်ပြင်ကစား၊ man to man marking ပေးမယ်ဆိုရင်လည်း ပီပီပြင်ပြင် လူကပ်ဖို့ ပြောသွားပါတယ်..(ပူးတွဲပုံ- ၄)။ သူပြောသွားတဲ့အတိုင်း ခရစ်စ်တီယန်ဆန် ဟာ အမြင့်ဘောကောင်းတဲ့အသင်း၊ ဖြတ်တင်ဘောတွေနဲ့ ကစားတဲ့အသင်းတွေနဲ့တွေ့ရင် ဆုံးဖြတ်ချက်အမှားအယွင်းတွေ ပြုလုပ်လေ့ရှိတာကို တစ်ရာသီလုံးလိုလို တွေ့နေရပါတယ်..။


အထူးသဖြင့် ခံစစ်ကြောင်းရဲ့ ညာဘက်ဗဟိုခံစစ်မှူးနေရာမှာ ခရစ်စ်တီယန်ဆန် ကစားပြီဆိုရင် အက်ဇ်ပီလီကွဲတား နဲ့ အင်ဒရီးယက်စ် ခရစ်စ်တီယန်ဆန် တိုကြားက နေရာလွတ်ဟာ ချယ်လ်ဆီးအသင်းရဲ့ ‘သံပုရာသီးကွက်’ လို့ ပြောလို့ပါလိမ့်မယ်..။ (အက်စ်တွန် ဗီလာ၊ အေးဂျက်စ်အသင်းနှင့်ပွဲများမှ ပေးဂိုးများကို ပြန်လည်ကြည့်ရှု နိုင်ပါတယ်..) ပြန်ပြီးအမှတ်ရမယ်ဆိုရင် ကွန်တီ လက်ထက်ကတည်းက စပါးအသင်းနည်းပြ ပိုချက်တီနို ဟာ အက်ဇ်ပီလီကွဲတား ရှိနေတဲ့နေရာကို အမြင့်ဘောတွေတင်ပြီး ခေါင်းတိုက်ဂိုးတွေ သွင်းခိုင်းသွားတာကစလို့ ချယ်လ်ဆီးနဲ့တွေ့တိုင်း ပြိုင်ဘက်အသင်းတွေဟာ အဲဒီအကွက်ကို သုံးစွဲလေ့ရှိပါတယ်..။

အမြင့်ဘော ကာကွယ်ရာတွင် အားနည်းသော ခံစစ်ကစားသမားများ…

ခံစစ်ကစားသမားတွေရဲ့ တစ်ဦးချင်းအချက်အလက်တွေကို ကြည့်မယ်ဆိုရင် အမြင့်ဘောတွေကို ကာကွယ်တဲ့နေရာမှာ အားနည်းတာဟာ အက်ဇ်ပီလီကွဲတား နဲ့ ခရစ်စ်တီယန်ဆန် တို့ နှစ်ယောက်တည်း မဟုတ်ပါဘူး..။ ဝက်စ်ဟမ်းအသင်းနဲ့ပွဲက ပွဲထွက်ခံစစ်မှူးလေးယောက်ထဲမှာ အက်ဇ်ပီလီကွဲတား ရဲ့ အမြင့်ဘောကာကွယ်နိုင်မှုနှန်း (aerial duel win rate) ဟာ (၆၀%) ရာခိုင်နှုန်းပဲရှိပြီး အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန် က (၅၉%) ရာခိုင်နှုန်း၊ ရူဒီဂါ က (၅၇%) ရာခိုင်နှုန်းနဲ့ မားကို့စ် အလွန်ဆို က (၅၆%) ရာခိုင်နုန်းစီပဲ ရှိကြပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကစားသမားတွေထဲမှာ အမြင့်ဘောကာကွယ်မှု အကောင်းဆုံးက ကက် ဇူးမား ဖြစ်ပြီး သူ့ရဲ့ aerial duel win rate က (၇၅%) ရာခိုင်နှုန်း ရှိပါတယ်..။ ဖီကာရို တိုမိုရီ ရဲ့ aerial duel win rate က (၅၆%) ရာခိုင်နှုန်းပဲ ရှိတယ်ဆိုတော့ အချက်အလက်တွေအရ ဇူးမား မပါတဲ့ပွဲဆိုရင် ချယ်လ်ဆီးအသင်းဟာ အမြင့်ဘော (ဖြတ်တင်ဘော) တွေရဲ့ တစ်ဝက်နီးပါးလောက်ကို မကာကွယ်နိုင်ဘူးလို့ ယူဆလို့ရပါတယ်..။

အမြင့်ဘောကာကွယ်မှု အားနည်းတဲ့ ခံစစ်ကြောင်းနဲ့ တွဲဖက်မိပြီး ပဏာရနေတာက ဂိုးပေါက်တည့်ကန်ချက် (shots on target) တွေရဲ့ တစ်ဝက်နီးပါးကို ဂိုးပေးနေရတဲ့ ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ ပဲ ဖြစ်ပါတယ်..။



အချက်အလက်တွေအရ ပရီးမီးယားလိဂ်ရဲ့ အားအနည်းဆုံး ကက်ပါ အရီဇာဘာလာဂါ

ချယ်လ်ဆီးအသင်းရဲ့ ပထမဂိုးသမား ကက်ပါ အရီဇာဘာလာဂါ ဟာ အချက်အလက်များအရ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် အသင်းများရဲ့ ပထမဂိုးသမားတွေကြားမှာ ကာကွယ်နိုင်မှု ရာခိုင်နှုန်း (save percentage) အနည်းဆုံးဖြစ်ပြီး (၅၇%) ပဲ ရှိပါတယ်..။ အခုနောက်ဆုံး ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာဆိုရင် စပိန်လက်ရွေးစင် ဂိုးသမားဟာ ဂိုးပေါက်တည့် ကန်ချက်လေးကြိမ်မှာ သုံးဂိုးပေးလိုက်ရပါတယ်..။

ကက်ပါ အရီဇာဘာလာဂါ ဟာ အရပ်အမြင့် (၆) ပေ၊ (၁) လက်မပဲရှိပြီး ပရီးမီးယားလိဂ်စံနဲ့ တိုင်းမယ်ဆိုရင် အရပ်နိမ့်တဲ့အထဲမှာ ပါပါတယ်..။ ဒါ့အပြင် သူ့ရဲ့အားနည်းချက်ထဲမှာ နောက်တန်းခံစစ်ကြောင်းကို ညွန်ကြားမှု မပေးနိုင်ခြင်းနဲ့ ဖြတ်တင်ဘောများကို ထွက်ဆွဲတဲ့နေရာ အားနည်းခြင်းတို့လည်း ပါဝင်ပါတယ်..။



အချက်အလက်တွေအရ ကြည့်မယ်ဆိုရင်တော့ ကက်ပါ ဟာ ဖြတ်တင်ဘော (crosses) စုစုပေါင်း (၂၀၁) ကြိမ်ထဲမှာ (၁၅) ကြိမ် တားဆီးနိုင်ခဲ့ပြီး ဖြတ်တင်ဘောစုစုပေါင်းရဲ့ (၇.၅%) ရာခိုင်နှုန်းကို တားဆီးနိုင်ခဲ့ပါတယ်..။ အဲဒီအချက်အလက်ဟာ အဆိုးရွားကြီး မဟုတ်ပေမယ့် ဝက်စ်ဟမ်းအသင်းရဲ့ ပထမဂိုးမှာ သူ့ကိုရှေ့မတက်နိုင်အောင် ကာထားတဲ့ အန်တိုနီယို နဲ့တင် တိုင်ပတ်နေခဲ့တဲ့ ကက်ပါ ဟာ ဝေဖန်သူတွေနဲ့ ပရိသတ်အတွက် ပြောစရာ ဖြစ်ခဲ့ပါတယ်..။

ဒါ့အပြင် အနီးတိုင်ကို ဖြတ်တင်ဘောတွေ ရောက်လာပြီဆိုရင်လည်း ရှေ့တက်ရမလို၊ နောက်ပဲဆုတ်ရမလို လူအုပ်ကြားထဲမှာ ပျောက်နေပြီး မကြာခဏ သူ့ကိုကျော်ပြီး ဂိုးဝင်သွားခဲ့တာလည်း အကြိမ်ကြိမ်အခါခါပါ..။ ဒါ့ကြောင့်အမြင့်ဘောကို ကာကွယ်တဲ့နေရာမှာ အားနည်းလှတဲ့ ခံစစ်ကြောင်းနဲ့ အမြင့်ဘော ကာကွယ်ရာမှာ အားရဖို့ မကောင်းလှတဲ့ ဂိုးသမားတို့ ပေါင်းစပ်ထားတဲ့ ချယ်လ်ဆီးအသင်း ခံစစ်ကြောင်းကို ဘယ်အချိန်ကျမှများ တောင့်တင်းအောင် ပြင်ဆင်နိုင်တော့ပါမလဲ..? လို့ မချင့်မရ ဖြစ်မိကြောင်းပါ…

Reference
- Conceding 12 set-piece goals, the reasons Chelsea defence is disaster waiting to happen, thechelseachronicle.com, by Gerry Crisandy
- Chelsea are improving their frontline with Timo Werner and Hakim Ziyech on the way but it's the defence that will give Frank Lampard nightmares... he must sort the lack of leadership and goals conceded from set pieces if they are to battle for the Premier League, dailymail.co.uk, by Ben Nagle
- Chelsea setpiece Defending Problems, youtube.com, by Nouman
- Statistics from Whoscored.com, and fbref.com