feature-image

‘ဂျော်ဂင်ဟို Debate’ – ‘ပြောင်းရွှေ့ချိန်တန်ပြီ’ Vs ‘ဆက်ရှိနေဖို့ လိုအပ်နေပါသေးတယ်..’

အီတလီစီးရီးအေ နာပိုလီအသင်းမှာ ကွင်းလယ်ဖန်တီးရှင်အဖြစ် ခြေစွမ်းပြနိုင်ခဲ့တဲ့ ဘရာဇီးလ်နိုင်ငံဖွား အီတလီလက်ရွေးစင် ကစားသမား ‘ဂျော်ဂင်ဟို’ ဟာ ၂၀၁၈ ခုနှစ်မှာ သူ့ရဲ့ဆရာရင်းဖြစ်တဲ့ မော်ရစ်စ်ဇီယို ဆာရီ နဲ့အတူ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့ပါတယ်..။ အဲဒီအချိန်ကတည်းကစပြီး သူနဲ့ပတ်သက်ရင် ချယ်လ်ဆီးပရိသတ် သာမကပဲ ဘောလုံးကျွမ်းကျင်သူတွေကြားထဲ အထိပါ အမြင်နှစ်ခြမ်း ကွဲသွားခဲ့ပါတယ်..။

သူ့ကိုထောက်ခံတဲ့အခြမ်းမှာတော့ နည်းပြ မော်ရစ်စ်ဇီယို ဆာရီ ရဲ့ ‘Sarri Ball’ ကစားဟန်ရဲ့ ကစားကွက်မှာ ပဲ့ကိုင်ရှင်၊ ချိန်သီးတစ်ခု၊ အသင်ရဲ့ကစားကွက် ဟန်ချက်ထိန်းညှိပေးသူ..၊ ကစားကွက် အတင်အချ ပြုလုပ်ပေးတဲ့သူအဖြစ် မြင်ကြပါတယ်..။ ဒါပေမယ့်ဝေဖန်သူတွေဘက်ကတော့ သူ့ရဲ့ပေးပို့မှုတွေဟာ နိုင်ပွဲတွေနဲ့ တိုက်ရိုက်ပတ်သက်မှု မရှိဘူး..၊ ဘောလုံးပေးသာပေးနေတယ်… ‘အလကားပဲ’၊ ဂဏန်းတစ်ကောင် လမ်းလျှောက်နေသလို ဘေးတိုက်ပေးတာတစ်ခုပဲ ရတဲ့သူအဖြစ် မြင်ကြပါတယ်..။

ဒီလိုနဲ့သူ့ဆရာ မော်ရစ်စ်ဇီယို ဆာရီ ဟာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်း ဂန္ထဝင်ကစားသမားဟောင်း ဖရန့် လမ်းပတ် ရောက်လာချိန်မှာလည်း သူဟာအဓိက ကွင်လယ်ကစားသမားအဖြစ် ဆက်လက်တည်မြဲနေသလို ဒုတိယအသင်းခေါင်းဆောင် တာဝန်ပါ ယူထားရပါတယ်..။ ‘ဟန်ကျပြီကွ..’ လို့ ကြွေးကြော်လိုက်မယ် မကြံရသေးဘူး.. အရန်ခုံကနေကို မထရတော့ပါဘူး..။



အင်္ဂါနေ့က ခရစ်စ်တယ် ပဲလေ့စ်အသင်းနဲ့ပွဲမှာတော့ သူဟာပွဲပြီးခါနီး (၁၀) မိနစ်မှာ လူစားဝင် ကစားခွင့်ရခဲ့ပါတယ်...။ ချယ်လ်ဆီးအသင်းက ၃ဂိုး- ၂ဂိုးနဲ့ သဲထိပ်ရင်ဖိုအနိုင်ရခဲ့တဲ့ အဲဒီပွဲအပြီး ထောက်ခံသူများက ဂျော်ဂင်ဟို ဝင်လာတော့မှသာ ပရမ်းပတာ မောင်းနှင်နေသလို ဖြစ်နေတဲ့ ချယ်လ်ဆီးကစားကွက်ကို တည်ငြိမ်သွားခဲ့တယ်..၊ ဒါ့ကြောင့်မနေ့ကပွဲဟာ သူ့ရဲ့တန်ဖိုးကို ပြသလိုက်တာပါပဲလို့ ပြောကြပါတယ်..။ တကယ်တော့ ဂျော်ဂင်ဟို ဟာ ကစားသမားကောင်း တစ်ယောက်ဖြစ်ပါတယ်..။ သူဟာအရန်ခုံနဲ့ ထိုက်တန်တဲ့ ကစားသမားမျိုး မဟုတ်ပါဘူး..၊ မထိုက်မတန် စွန့်ပစ်ခံနေရသူ တစ်ယောက်လို ဖြစ်နေပါတယ်…။

ဒါပေမယ့် သူ့အနေနဲ့ ဖရန့် လမ်းပတ် ရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိလာအောင် မစွမ်းဆောင်နိုင်ခဲ့ဘူးဆိုရင် အနာဂတ်မှာ အသင်းကထွက်ရမယ့်ရက်ကို ပြက္ခဒိန်ရက်ချိုး ထိုင်စောင့်နေရုံပဲ ရှိမှာပါ..။ ဒါ့ကြောင့်ဂျော်ဂင်ဟို နဲ့ ပတ်သက်ပြီး ‘ဂျော်ဂင်ဟို ပြောင်းရွှေ့ချိန်တန်ပြီ’.. ဆိုတဲ့ အဆိုနဲ့ ‘ဂျော်ဂင်ဟို ဆက်ရှိနေဖို့ လိုအပ်နေပါသေးတယ်..’ ဆိုတဲ့ အဆိုနှစ်ခုတို့ကို ကျပန်းစကားစစ်ထိုးပွဲ (Debate) ပုံစံ ရှုစားကြည့်ပါမယ်..။



ဂျော်ဂင်ဟို ပြောင်းရွှေ့ချိန်တန်ပြီ….

အခုနောက်ပိုင်းပွဲစဉ်တွေမှာ မေဆန် မောင့် ကို သုံးယောက်တန်း ကွင်းလယ်ကစားကွက်ရဲ့ ‘box to box’ ကွင်းလယ်ကစားသမား တစ်ယောက်အဖြစ် အသုံးပြုနေခြင်းအပေါ် မေးမြန်းတဲ့အခါ ဖရန့် လမ်းပတ် က အခုလိုဖြေကြားခဲ့ပါတယ်..။

“ကျွန်တော်လိုချင်တဲ့ ကွင်းလယ်ကစားသမားဆိုတာ တိုက်စစ်ကို လိုက်ပါနိုင်သလို တောင်ပံတွေမှာလည်း ကစားနိုင်တဲ့သူ ဖြစ်ရမယ်..၊ ခံစစ်ပိုင်းမှာလည်း ကူညီအားဖြည့် ပေးနိုင်ရပါမယ်..။ တစ်ကွင်းလုံးအနှံ့ လိုက်ပြီးကစားနေရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး..။ ကျွန်တော့်အသင်းမှာ ကွင်းလယ်က မေဆန်၊ ရော့စ် ဘာကလေ တို့ဟာ အဲဒီလိုပုံစံ ကစားပေးနိုင်တဲ့သူတွေ ဖြစ်ကြပါတယ်..။ ကိုဗာဆစ်၊ ရူဘင် လော့ဖ်တပ်စ် ချိခ်၊ ဘီလီ ဂေးလ်မား တို့လည်း ထို့အတူပါပဲ..။ ၊ ဂျော်ဂင်ဟို လည်း ကျွန်တော်လိုချင်တဲ့ပုံစံ ကစားနိုင်ပါတယ်..၊ ဒါပေမယ့် သူဟာ ကစားသမားသက်တမ်း တစ်လျှောက်လုံး ကွင်းလယ်အဖျက် deep lying midfielder နေရာ တစ်နေရာတည်းမှာပဲ ကစားခဲ့တဲ့သူ ဖြစ်နေပါတယ်..။”

အဲဒီဖြေကြားချက်အရ အခုလောလောဆယ် ဖရန့် လမ်းပတ် က ဂျော်ဂင်ဟို ရဲ့ လုပ်အားနှုန်းနဲ့ ပြောင်းလွယ်ပြင်လွယ်ရှိမှုအပေါ် သံသယရှိနေပုံရပြီး အဲဒီသံသယအပေါ် အခြေခံလို့ ခေါက်ထားခဲ့တာ ဖြစ်နိုင်ပါတယ်..။ ဒါ့အပြင် ဖရန့် လမ်းပတ် ဟာ သူ့ရဲ့ကွင်းလယ်ကစားသမားတွေကို ကိုယ်တိုင်အဆုံးသတ်သွင်းဂိုး ရယူပေးနိုင်တဲ့သူတွေအဖြစ် မြင်တွေ့လိုသူလည်း ဖြစ်ပါတယ်..။



နည်းပြမော်ရစ်စ်ဇီယို ဆာရီ လက်ထက်တုန်းက ဂျော်ဂင်ဟို ဟာ ဘောလုံးပေးပို့မှုအကြိမ်ရေ (၃,၁၁၉) ကြိမ် ပြုလုပ်ခဲ့ပြီး သူ့ရဲ့ပေးပို့မှု တိကျနှုန်း (passing accuracy) ဟာ (၈၉.၂%) ရာခိုင်နှုန်း ရှိပါတယ်..။ ဒါပေမယ့်ဂိုးဖန်တီးမှု (assist) တစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့သလို တစ်ရာသီလုံးမှာနှစ်ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်.။ ဂိုးရနိုင်တဲ့အခွင့်အရေး ဖန်တီးပေးမှု (chances created) အပိုင်းမှာ တစ်ရာသီလုံးမှာအကြိမ် (၃၀) ပဲ ရှိခဲ့ပြီး တစ်ပွဲမှာ တစ်ကြိမ်တောင် မဖန်တီးပေးနိုင်ခဲ့ပါဘူး.။

ဖရန့် လမ်းပတ် လက်ထက်မှာတော့ ဝက်ဒ်ဖို့ဒ်အသင်းနဲ့ နိုဝင်ဘာလတုန်းကပွဲစဉ်မှာ တန်မီ အေဘရာဟမ် အတွက် အလှပဆုံး ဖန်တီးပေးမှု ပြုလုပ်ပေးနိုင်ခဲ့သလို ဂျော်ဂင်ဟို ဟာ တိုက်စစ်ပိုင်းပံ့ပိုးမှု ပိုမိုများပြားလာခဲ့ပါတယ်..။ ဒါ့အပြင် ပင်နယ်တီသုံးဂိုး အပါအဝင် ကိုယ်တိုင် (၄) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်..။

ဒါပေမယ့် အဲဒီစွမ်းဆောင်ရည်တွေဟာ ဖရန့် လမ်းပတ် ရဲ့ ယုံကြည်မှုကိုရရှိဖို့ လုံလောက်ပုံမရပါဘူး..။ ဖရန့် လမ်းပတ် ဟာ သူ့ရဲ့ကစားသမားတွေကို ကိုယ်တိုင်ဂိုးရအောင် ကြိုစားတာကိုလည်း အားပေးပါတယ်..၊ ဒါ့ကြောင့်ဘန်လေအသင်းနဲံ့ပွဲမှာ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ရဲ့ အနီးကပ်ပိတ်သွင်းချက်ကို သူ့ရဲ့အကြိုက်ဆုံးဂိုး ဆိုပြီး ပြောဆို၊ခဲ့ပါတယ်..။ အဓိကတော့ ကစားသမားတွေ ကိုယ်တိုင်ဂိုးသွင်းယူလိုစိတ် ပြင်းပြလာအောင် ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်..။

ဒါ့ကြောင့် ဂျေုာ်ဂင်ဟို အနေနဲ့ ပေးပို့မှုတွေနဲ့ အသင်းရဲ့ကစားကွက်ကို ထိန်းညှိခဲ့တဲ့ ‘Sarri Ball’ ကစားဟန်အတွက် အသင့်တော်ဆုံး ဖြစ်နိုင်ပါမယ်..၊ ဒါပေမယ့် ဖရန့် လမ်းပတ် အလိုရှိနေတဲ့ နေရာစုံ ရွှေ့လျားကစားနိုင်တဲ့ ‘all round midfielder’ ကွင်းလယ်ကစားသမားမျိုး ဖြစ်လာနိုင်ဖို့ မရှိပါဘူး..။



ဂျော်ဂင်ဟို ဆက်ရှိနေဖို့ လိုအပ်နေပါသေးတယ်..

တကယ်လို့ အင်္ဂါနေ့ကပွဲမှာ ဂျော်ဂင်ဟို ကိုသာ မထည့်ခဲ့ဘူးဆိုရင် ချယ်လ်ဆီးအသင်းဟာ ပဲလေ့စ်အသင်းရဲ့ Selhurst Park ကစာစးကွင်းကနေ သုံးမှတ်အပြည့်နဲ့ ပြန်လာနိုင်ဖို့ မရှိသလောက်ပါပဲ...။ သူ့ကိုထည့်သွင်းလိုက်ခြင်းဟာ ကစဉ့်ကလျားဖြစ်နေတဲ့ အသင်းသားတွေအတွက် ကွင်းလယ်ကနေ ဇက်ကြိုးသပ်လိုက်သလို လိုအပ်နေတဲ့ ဦးဆောင်မှုကို ရရှိလိုက်ပါတယ်..။

ဒါ့အပြင် ချယ်လ်ဆီးအသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်ဟာ ပွဲကစားခွင့် အချိန်အတော်ကြာ ဝေးကွာနေခဲ့ပေမယ့် သံချေးမတက်သေးပါဘူး..။ သူဟာဘောလုံးကို ကိုင်ထားနိုင်ပြီး ပွဲအရှိန်ကို ထိန်းထားနိုင်ခဲ့တာကြောင့် စိုးရိမ်စိတ်များနေရတဲ့ ချယ်လ်ဆီးအသင်းသားတွေနဲ့ ပရီသတ်အတွက် စိတ်သက်သာရာရစေကြောင်း အားဆေးတစ်ခွက် ဖြစ်ခဲ့ရပါတယ်...။ ပွဲပြီးချိန်သတင်းဌာနတွေက ကစားခွင့်ပျောက်ဆုံးနေခဲ့တဲ့အပေါ် မေးမြန်းချက်တွေကိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ အမှားအယွင်းကင်းကင်း ဖြေကြားပေးသွားခဲ့ပါတယ်..။



ဂျော်ဂင်ဟို ဟာ ခြေစွမ်းတည်ငြိမ်သလို ကွင်းထဲမှာ ခေါင်းဆောင်မှုပေးနိုင်တဲ့၊ စိတ်ဓါတ်ပိုင်း မာကျောခိုင်မာသူ ဖြစ်ပါတယ်..။ ဒါ့ကြောင့်သူဟာ အခုကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအပေါ် စိတ်ပျက်အားလျော့သွားမှာ မဟုတ်ပါဘူး..။ ဒါ့အပြင် ကစားခွင့်မရပေမယ့် သူ့ရဲ့ပေးဆပ်မှု၊ ကြိုးစားအားထုတ်မှု၊ အပတ်တကုတ် လေ့ကျင့်မှုတွေဟာ လျော့ပါးသွားမှာ မဟုတ်ပါဘူး..။ လူငယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ ဖရန့် လမ်းပတ် ရဲ့ ချယ်လ်ဆီးအသင်းမှာ ကွင်းတွင်း၊ ကွင်းပြင် ခေါင်းဆောင်မှုပေးနိုင်တဲ့ သူ့လိုကစားသမားမျိုး အရမ်းကို လိုအပ်နေပါတယ်..။

ဖရန့် လမ်းပတ် ကလည်း သူ့ရဲ့တန်ဖိုးကို ကောင်းကောင်းသိပါတယ်..။ ဒါ့ကြောင့်လည်း ရာသီအစပိုင်းမှာ တောက်လျှောက်အသုံးပြုခဲ့တာ ဖြစ်ပါတယ်..။ ပွဲတွေပြန်မစခင် ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂၉) ပွဲမှာ ဂျော်ဂင်ဟို ဟာ (၂၃) ပွဲ ကစားခွင့်ရခဲ့ပါတယ်..။ ဒါ့ကြောင့် ဂျော်ဂင်ဟို ဟာ အခုအချိန်မှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ အဆင့် (၄) နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲမှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ခဲ့တဲ့သူတစ်ယောက်ဆိုတာ အသေအချာပါပဲ..။


+++++    ++++   +++++


ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် ပွဲစဉ်တွေ ရပ်နားခဲ့ရပြီး ပြန်လည်စတင်ချိန်မှာတော့ ဖရန့် လမ်းပတ် ဟာ ဂျော်ဂင်ဟို ရဲ့ အကြိုက်ဆုံးနေရာဖြစ်တဲ့ ‘No.6’ နေရာမှာ အန်ဂိုလို ကန်တေး ကို ပြန်လည်ထည့်သွင်းခဲ့ပါတယ်..။ ဒါ့အပြင် ကပ်ရောဂါကြောင့် အနားမရခင် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ အဲဗာတန်၊ လီဗာပူးလ်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ်အကယ်ဒမီ ကွင်းလယ်ကစားသမား ‘ဘီလီ ဂေးလ်မား’ ဟာ ဖရန့် လမ်းပတ် ရဲ့ ဒုတိယဦးစားပေး ဖြစ်လာခဲ့ပါတယ်..။

ပဲလေ့စ်အသင်းနဲ့ပွဲမှာ အန်ဂိုလို ကန်တေး နဲ့ မက်တီယို ကိုဗာဆစ် တို့နှစ်ယောက် ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့အချိန်မှာ အသက် (၁၉) နှစ်သား ဘီလီ ဂေးလ်မား လေးကို ပွဲထွက်ခွင့်ပေးလိုက်တာဟာ ဂျော်ဂင်ဟို အတွက် အထိနာစေခဲ့တဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့အနာဂတ်အတွက် သတိပေးခေါင်းလောင်းသံများ ဖြစ်လာမလား…? ထင်မှတ်လာစရာ ရှိပါတယ်..။



ဒါပေမယ့် သူ့ရဲ့အေးဂျင့်ဖြစ်တဲ့ ဂျာအို ဆန်းတို့စ် ကတော့ အီတလီသတင်းဌာန တစ်ခုဖြစ်တဲ့ Calciomercato နဲ့ တွေ့ဆုံခန်းမှာ သူ့ကစားသမားရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး အခုလိုခန့်မှန်း ပြောကြားခဲ့ပါတယ်..။

“အခုအချိန် အပြောင်းအရွှေ့ဈေးကွက်မှာ သူ့ကိုခေါ်ယူနိုင်ဖို့ ပြောင်းရွှေ့ကြေးကို တတ်နိုင်တဲ့အသင်း မရှိသလောက်ပါပဲ..၊ ဒ့ါကြောင့်အခုလောလောဆယ် အခြေအနေမှာ ဂျော်ဂင်ဟို နဲ့ ပတ်သက်ပြီး ကမ်းလှမ်းမှုတွေရရှိဖို့ မဖြစ်နိုင်သေးပါဘူး..။”

အဲဒီလိုအခြေအနေတွေကြောင့် အခုလက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းအနေနဲ့ ဂျော်ဂင်ဟို ကို လိုအပ်နေသေးသလို ဂျော်ဂင်ဟို ကလည်း ချယ်လ်ဆီးအသင်းမှာ ဆက်လက်ရှိနေဖို့ လိုအပ်နေဦးမှာပါ..။ ဒါ့ကြောင့်တစ်ဦးနဲ့တစ်ဦး ‘ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ’ ဦးရမယ့်အနေအထားမှာ ဂျော်ဂင်ဟို အနေနဲ့ အင်္ဂါနေ့ကပွဲမှာလို ကစားခွင့်ရတိုင်း ပွဲအခြေအနေ ပြောင်းလဲသွားအောင် ခြေစွမ်းပြ၊ ကူညီပေးနိုင်ခဲ့မယ်ဆိုရင် ဖရန့် လမ်းပတ် ရဲ့ အားကိုး၊ အားထားမှုကို တစ်ဖန်ပြန်လည်ရရှိလာမှာ ဖြစ်တဲ့အကြောင်း တင်ဆက်ပေးလိုက်ပါတယ်..။

(Dailymail.com မှ ဆောင်းပါးရှင် Kieran Gill ၏ ‘Jorginho was the heartbeat of Maurizio Sarri's Chelsea but is flatlining under Frank Lampard and facing a fight for his future... Sportsmail weighs up the case for and against the Italian’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)