feature-image

အလင်းလက်ဆုံး တောက်ပနေတဲ့ အပြာရောင်တို့ရဲ့ အမရိကန်ကြယ်ပွင့်..

“ကျွန်တော့်ရဲ့စိတ်ထဲမှာ ဘောလုံးပွဲတွေ ပြန်လည်စတင်မယ့်အချိန်အတွက် အသင့်ဖြစ်နေရမယ်ဆိုတဲ့ စေ့ဆော်ချက် အမြဲတမ်းရှိနေခဲ့ပါတယ်..။”
- ခရစ်စ်တီယန် ပူလီဆစ်

အမေရိကန် တောင်ပံကစားသမား ခရစ်စ်တီယန် ပူလီဆစ် ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေ ပြန်လည်စတင်ခဲ့တဲ့ အက်စ်တွန် ဗီလာအသင်းနဲ့  ပွဲကစပြီး ချယ်လ်ဆီးအသင်းအတွက် အစွမ်းကုန်တောက်ပခဲ့ပါတယ်..။ အခုလက်ရှိ ပြသနေတဲ့ခြေစွမ်းဟာ ပြိုင်ပွဲတွေပြန်လည်စတင်တဲ့အချိန်နောက်ပိုင်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်လို့ ပြောနိုင်တဲ့ခြေစွမ်းမျိုးပါ..။ ချယ်လ်ဆီးပရိသတ်ရဲ့ အချစ်တော် ‘Captain America’ ဟာ ရှက်ဖီးလ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင်အထိ သုံးဂိုးသွင်းယူထားသလို သူ့ကိုကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်တွေကနေ ပင်နယ်တီနှစ်လုံး ရရှိခဲ့ပါတယ်..။ ယခုတစ်ပါတ် ပွဲစဉ်များအပြီး ချယ်လ်ဆီးအသင်းဟာ အမှတ်ပေးပြိုင်ပွဲ၊ အဆင့် (၃) နေရာကို တက်လှမ်းနိုင်ခဲ့တဲ့ အဓိကအကြောင်းရင်း တွေထဲမှာ သူ့ရဲ့ခြေစွမ်းပြနိုင်မှုဟာ အရေးပါတဲံ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်..။

ပူလီဆစ် ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလဆန်းပိုင်းမှာ ဒဏ်ရာကနေ ပြန်လည်သက်သာခဲ့ပါတယ်..။ ဒါပေမယ့် ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝနိုင်ဖို့ ရုန်းကန်နေရဆဲမှာပဲ ကိုရိုနာဗိုင်းရပ်စ်ပိုး ကပ်ရောဂါကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲတွေ ရပ်ဆိုင်းခဲ့ရပါတယ်..။ lockdown ကာလဟာ လူတိုင်းအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလဖြစ်ခဲ့ပေမယ့် ပူလီဆစ် ကတော့ စိတ်ရှည်သည်းခံအပြည့်၊ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုအပြည့်နဲ့ ဖြတ်ကျော်ရင်း ပြိုင်ပွဲတွေပြန်လည်စတင်ချိန်မှာ ထူးချွန်လှတဲ့ သူ့ရဲ့ပင်ကိုယ်ပါရမီခြေစွမ်းကို ပြသခွင့်ရခဲ့ပါတယ်..။

“ပထမဆုံး ပြန်ကန်ရမယ့်ပွဲအတွက် ကျွန်တော်အထူးအာရုံစိုက်ခဲ့ပါတယ်..။ ပြိုင်ပွဲတွေ ပြန်စမယ့်အချိန်၊ မြက်ခင်းစိမ်းပေါ်မှာ ပြန်လည်ခြေချခွင့်ရမယ့် အချိန်အတွက် မစောင့်နိုင်အောင် ဖြစ်ခဲ့ရပါတယ်..။ ဒါ့ကြောင့် lockdown ကာလအတွင်းမှာ အစွမ်းကုန် ကြိုးစားလေ့ကျင့်ခဲ့သလို တကယ်ပွဲကစားတဲ့အချိန်မှာလည်း ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ အခိုက်အတန့်တွေ ဖန်တီးပေးနိုင်ခဲ့တဲ့အပေါ် အထူးကျေနပ်မိပါတယ်..။

အမေရိကန် ပြည်ထောင်စုမှာ ရှိနေကတည်းက ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေကို စတင်ပြုလုပ်ခဲ့ပါတယ်..။ ပွဲတွေပြန်လည်စတင်ခဲ့ရင် အသင့်ဖြစ်ရအောင် ဘောလုံးစွမ်းရည်နဲ့ ပတ်သက်တဲ့လေ့ကျင့်ခန်းတွေကိုလည်း လေ့ကျင့်ရင်း ကိုယ့်ကိုယ်ကို (၁၀၀%) ရာခိုင်နှုန်းပြည့် စိတ်ရော၊ ကိုယ်ရော ကြံ့ခိုင်လာအောင် ပြုစု၊ ပျိုးထောင်ခဲ့ပါတယ်..။ ကျွန်တော်တို့ ကြုံခဲ့ရတဲ့ lockdown ကာလဟာ လူတိုင်းအတွက် တကယ့်ကို ခက်ခဲခဲ့တဲ့ကာလ ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ဟာ အဲဒီလိုအခက်အခဲတွေကြားမှာ ကိုယ့်ကိုယ်ကို တိုးတက်အောင် ကြိုးစားပြဖို့ အခွင့်အရေးတွေ ရှိနေတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်..။”


မိမိကိုယ်ကို ပြန်လည်တည်ဆောက်ခြင်း..

ဒဏ်ရာတွေက ပြန်လည်သက်သာလာခဲ့ချိန်ကနေ lockdown ကာလအလွန်ထိ ခက်ခဲခဲ့တဲ့ ကာလအတွင်း သူ့ရဲ့စိတ်ဓါတ်နဲ့ ခန္ခာကိုယ် ကြံ့ခိုင်မှုတွေ အကောင်းဆုံးအခြေအနေ ရောက်ရှိလာအောင် ဘယ်လိုပြုစု၊ ပျိုးထောင်ခဲ့ရတယ်..၊ လေ့ကျင့်ခဲ့ရတယ်ဆိုတဲ့အကြောင်းကို ပူလီဆစ် က Sky Sports သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ပြောပြခဲ့ပါတယ်..။

အဲဒီလို စိတ်ရှည်သည်းခံစိတ်၊ ရလာတဲ့အခွင့်အရေးကို လက်လွှတ်မခံပဲ ဖမ်းဆုတ်နိုင်ခဲ့ခြင်းဟာ သူ့ရဲ့ ‘ရင့်ကျက်တည်ငြိမ်မှု (maturity) ’ ကြောင့်လည်း ဖြစ်နိုင်ပါတယ်..။ သူဟာငယ်စဉ်ကတည်းက မိဝေး၊ ဖဝေး ဂျာမနီနိုင်ငံမှာ ကိုယ့်ကိုယ်ကို တိုးတက်လာအောင် ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားလာခဲ့တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်..။

ဒါ့အပြင် ပူလီဆစ် ဟာ lockdown ကြောင့် မွေးရပ်မြေ ပယ်ဆယ်လ်ဗေးနီးယားကို ပြန်ခဲ့ရချိန်မှာ တစ်ဖက်က ဘောလုံးပွဲတွေပြန်စမယ့် အချိန်အတွက် သေသေချာချာ ပြင်ဆင်ခဲ့သလို အခြားတစ်ဖက်ကလည်း ဒေသခံလူထုအတွက် လူမှုရေးလုပ်ငန်းအဖြစ် ကပ်ရောဂါပိုး ကုသပေးနေတဲ့ ဆေးရုံတွေကို အစားအသောက် ပို့ဆောင်ပေးတဲ့ စီမံချက်တွေမှာ တစ်တပ်တစ်အား ပါဝင်ခဲ့ပါတယ်..။ အထူးသဖြင့် လူငယ်ဘ၀ အချိန်အတော်များများကို ဂျာမနီနိုင်ငံ၊ အင်္ဂလန်နိုင်ငံတွေမှာပဲ တစ်ကိုယ်ရည်ဖြတ်သန်းခဲ့ရတဲ့ သူ့အတွက် အခုလိုမိသားစုနဲ့အတူတူ နေခွင့်ရခဲ့တာဟာ ရှားပါးလှတဲ့ အဖိုးတန်အခွင့်အရေးတစ်ခု ဖြစ်ခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်..။

“ကိုယ့်ရဲ့ဇာတိမြေ အမေရိကန် ပြည်ထောင်စုကို ပြန်ခွင့်ရခဲ့တာ သိပ်ကိုကောင်းပါတယ်..။ အိမ်မှာရှိနေတဲ့အချိန် တစ်ကမ္ဘာလုံးမှာ အကျပ်အတည်းကြုံနေရချိန်လည်း ဖြစ်နေတာကြောင့် ကျွန်တော်တတ်စွမ်းတဲ့ဘက်က ကူညီပေးတဲ့အနေနဲ့ ကျွန်တော်တို့မြို့က ဆေးရုံတက်လူနာများအတွက် စောင့်ရှောက်ပေးတဲ့သဘောပါပဲ..။ ဒါ့အပြင် ခက်ခဲ့တဲ့ကာလတွေမှာ မိသားစုနဲ့အတူ နေထိုင်ခွင့်ရခဲ့တာ သိပ်ကိုအရေးကြီးပါတယ်..။”


ပရီးမီးယားလိဂ်တွင် သင်ယူခြင်း....

ခရစ်စ်တီယန် ပူလီဆစ် ဟာ ချယ်လ်ဆီးအသင်းကို စတာလင်ပေါင် (၅၈) သန်းဆိုတဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့သူ ဖြစ်တာကြောင့် သူ့အပေါ်မှာ မျှော်လင့်ချက်တွေ ကြီးမားခဲ့ကြပါတယ်..။ ချယ်လ်ဆီးပရိသတ်ကလည်း ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းကို စွန့်ခွာသွားခဲ့တဲ့ အီဒင် ဟာဇက် ရဲ့ ခြေရာကိုနင်းနိုင်မယ့်သူအဖြစ် သူ့ကိုမျှော်မှန်းခဲ့ကြပါတယ်..။

ပူလီဆစ် ဟာ အသင်းမှာ စတင်ပါဝင်ခွင့်ရခဲ့တဲ့အချိန်မှာ သူ့ရဲ့ပါရမီခြေစွမ်းတွေကို ပြသနိုင်ခဲ့ပေမယ့် အမေရိကန် လက်ရွေးစင်အသင်းနဲ့အတူ ကွန်ကာကက်ဖ် ရွှေဖလားပွဲမှာ ပါဝင်ခဲ့ရတာကြောင့် ရာသီကြို ပြင်ဆင်မှု ကောင်းကောင်းမရလိုက်သလို ပရီးမီးယားလိဂ်ကို ရောက်လာချိန်မှာ အံဝင်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်..။ ဒ့ါကြောင့်သူဟာ ရာသီအစပိုင်းမှာ ရုန်းကန်ခဲ့ရပြီး ချယ်လ်ဆီးအသင်းရဲ့ ရာသီအစ (၁၂) ပွဲမှာ ပွဲထွက်ခွင့် (၃) ပွဲသာ ရရှိခဲ့ပါတယ်..။



ဒီလိုနဲ့အရှိန်လေးရလာပြီး အိုင်းယက်စ်အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ မစ်ချီ ဘတ်ရှူအားယီ ရဲ့ အနိုင်ဂိုးကို ဖန်တီးပေးခဲ့သလို ဘန်လေအသင်းနဲ့ပွဲမှာ သုံးဂိုးသွင်းပြီး hattrick ရခဲ့ပါတယ်..။ ဒါပေမယ့် ခြေစွမ်းပြမယ်လည်းကြံရော ဒဏ်ရာပြသနာက နှိပ်စက်ပါတော့တယ်..။


“ချယ်လ်ဆီအသင်းကို ရောက်လာတဲ့အချိန်မှာ ဘာကိုမျှော်လင့်ထားရမလဲ မစဉ်းစားနိုင်ဘူး ဖြစ်နေပါတယ်..။ အရင်ကတည်းက ကျွန်တော်ဟာ ကွင်းထဲမှာ အမြဲတမ်းအကောင်းဆုံး ကြိုးစားနေတာဆိုတော့ အအသင်းအတွက် အစွမ်းကုန် ကြိုးစားမယ်ဆိုတဲ့စိတ်ပဲ ရှိပါတယ်..။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအမြင့်ဆုံးမှာ မရှိသေးပေမယ့် တစ်ချို့ပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့တယ်လို့ ထင်ပါတယ်..။ ဒါပေမယ့် စင်းလုံးချော အသင့်ဖြစ်နေတဲ့ အနေအထားမှာ မရှိခဲ့ပါဘူး..။

ဒီလိုနဲ့ပဲ ကျွန်တော်ဟာ ဖြည်းဖြည်းချင်းသင်ယူရင်း အတွေ့အကြုံတွေ စုဆောင်းခဲ့ပါတယ်..။ ရင့်ကျက်၊ တည်ငြိမ်တဲ့ ကစားသမားတစ်ယောက်အဖြစ် တိုးတက်ဖို့ လိုအပ်နေတယ်ဆိုတာ ကျွန်တော်သိထားပါတယ်..။ အခုဆိုရင်တော့ ယုံကြည်မှုအမြင့်ဆုံးမှာ ရှိနေသလို အသင်းအတွက် အကောင်ဆုံးပေးဆပ်နိုင်ဖို့ အသင့်ရှိနေပြီလို့ ခံစားနေရပါပြီ..။

အသင်းဖော်တွေကလည်း ကျွန်တော့်အပေါ် ပိုမိုပြီးယုံကြည်လာတာဟာ ကျွန်တော့်အတွက် အရေးကြီးသလို ကျေနပ်မှုလည်း ပိုပြီးရလာတယ်လို့ ခံစားရပါတယ်..။”


ပူလီဆစ် နှင့် အီဒင် ဟာဇက်...

ပြိုင်ပွဲတွေ ပြန်လည်စတင်ပြီးနောက်ပိုင်းမှတော့ သူဟာအကောင်းဆုံး ခြေစွမ်းပြသခဲ့ပြီး ချယ်လ်ဆီးပရိသတ်ကလည်း သူ့ကိုအသင်းရဲ့အနာဂတ်ကြယ်ပွင့်ကစားသမားအဖြစ် မျှော်လင့်လာကြပါတယ်..။ ဒါ့အပြင် အသင်းကို စွန့်ခွာသွားခဲ့တဲ့ ‘အီဒင် ဟာဇက်’ ရဲ့ ခြေရာကို နင်းနိုင်မယ့်သူအဖြစ် ခိုင်းနှှိုင်းလာကြပါပြီ..။ ဒါပေမယ့် ပူလီဆစ် ကတော့ အီဒင် ဟာဇက် နဲ့ နှိုင်းယှဉ်ဖို့ မသင့်တော်တဲ့ဘူးဆိုပြီး ငြင်းဆန်ခဲ့သလို စတန်းဖို့ဒ် ဘရစ်ချ်မှာ သူ့ရဲ့ခြေစွမ်းရဲ့ ပေးဆပ်မှုဟာ အကောင်းဆုံးဖြစ်စေရမယ်လို့ သံဌိဌာန်ချ၊ စိတ်ပိုင်းဖြတ်ထားတဲအကြောင်း ပြောပြပါတယ်..။

“အီဒင် ဟာဇက် ဟာ တကယ့်ကို မယုံနိုင်လောက်အောင် ထူးချွန်တဲ့ ကစားသမားဖြစ်သလို အသင်းမှာ ကြီးကျယ်ခမ်းနားတဲ့ သမိုင်းကြောင်းတစ်ခု ရေးထိုးနိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်..။ ကျွန်တော်ကတော့ သူ့ကိုတုပ၊ နှိုင်းယှဉ်နေမှာ မဟုတ်ပါဘူး..။ အခုအချိန်မှာ အရေးအကြီးဆုံးက ပြိုင်ပွဲတွေမှာ အနိုင်ရဖို့နဲ့ ပွဲရဲ့အဖြေကို ပြောင်းလဲပေးနိုင်တဲ့သူ ဖြစ်လာဖို့ပါပဲ..။"



"အခုလောလောဆယ် ကျွန်တော့်ရဲ့ခြေစွမ်းနဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်မိပါတယ်..။ ဒါ့အပြင် တိုက်စစ်ဆင်ဖို့ကိုပဲ ဦးစားပေးမယ်..၊ ဂိုးဖန်တီးပေးရမယ်ဆိုတဲ့ ကျွန်တော့်ရဲ့ကစားဟန်အတိုင်းပဲ ရှေ့ဆက်သွားမှာပါ..။ အသင်းအတွက် တတ်စွမ်းသမျှ ကူညီပေးနိုင်နေတာကိုပဲ ကျေနပ်မိပါတယ်..။

ကျွန်တော်ဟာ အသင်းနဲ့အတူ ပွဲတိုင်းမှာပါဝင်ခွင့်ရချင်ပါတယ်…၊ ဒါ့ကြောင့်လေ့ကျင့်ခန်းတိုင်းမှာ အစွမ်းကုန် ကြိုးစားလေ့ကျင့်ခဲ့ခြင်းဟာလည်း ပွဲထွက်ခွင့်နဲ့အတူ ဂိုးတွေသွင်းနိုင်၊ ဂိုးတွေဖန်တီးပေးချင်တဲ့အတွက်ပါပဲ..။ အခုလိုပဲ အပါတ်စဉ်တိုင်း၊ ပွဲစဉ်တိုင်းမှာ ပွဲရဲ့ရလဒ်ကို ဖန်တီးပေးနိုင်တဲ့သူ ဖြစ်ချင်ပါတယ်..။”



တောက်ပတော့မယ့် အပြာရောင်အနာဂတ်အတွက်....

ချယ်လ်ဆီးအသင်းဟာ အခုအချိန်မှာ လက်စ်တာ စီးတီး၊ မန်ချက်စတာ ယူနိုက်တက်တို့နဲ့အတူ နောက်နှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အစွမ်းကုန် ယှဉ်ပြိုင်နေရပါတယ်..။ ဒါ့ကြောင့်အခုနောက်ဆုံးရာသီကုန် လက်ကျန်လေးပွဲဟာ အမှားအယွင်းမခံတဲ့ အနေအထားမှာ ရှိနေပါတယ်..။ ဒါပေမယ့် ပူလီဆစ် ကတော့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ မမျှော်လင့်ပဲ ရှုံးနိမ့်ခဲ့ရတာဟာ သူတို့ကို လှုုပ်နိုးလိုက်သလို ဖြစ်ခဲ့တဲ့အကြောင်း၊ အဲဒီပွဲရလဒ်ကြောင့် ရာသီကုန်ကာလကို အကောင်းဆုံး ရလဒ်တွေနဲ့ ဖြတ်ကျော်နိုင်ချင်တဲ့ စိတ်ဆန္ဒတွေ ပြင်းပြလာကြောင်း အခုလိုပြောပြပါတယ်..။

“ဝက်စ်ဟမ်းအသင်းနဲ့ပွဲ ရလဒ်ဟာ အိပ်မက်တစ်ခုအပေါ် သာယာနေတဲ့ကျွန်တော်တို့ကို ‘ပွဲစဉ်တိုင်းမှာ အစွမ်းကုန် အာရုံစိုက် ကစားရမယ်’ ဆိုပြီး လှုပ်နှိုးလိုက်သလိုပါပဲ..။ ဒါ့ကြောင့်အခုလာမယ့် ရှက်ဖီးလ်အသင်းနဲ့ပွဲမှာလည်း အစွမ်းကုန် ကြိုးစားအားထုတ်ပြီးး ရလဒ်ကောင်းတစ်ခု ရရှိလာအောင် ယှဉ်ပြိုင်သွားကြမှာပါ..။ အခုဆိုရင် ကျွန်တော်တို့ကို ဖိအားပေးနေတဲ့ အသင်းတွေကလည်း ရှိနေပါတယ်..။

ဒါပေမယ့် အသင်းမှာ ကောင်းမွန်တဲ့အလားအလာတွေ အများကြီးရှိပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့ဟာ အဆင့် (၃) နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ရယ်..၊ FA ဖလား ဆွတ်ခူးနိုင်ဖို့ရယ်ဆိုတဲ့ ရည်မှန်းချက်နှစ်ခုကို ချမှတ်ထားပါတယ်..။”



တကယ်တော့ ဆုဖလားတစ်ခုခုနဲ့ အမှတ်ပေးပြိုင်ပွဲမှာ အဆင့် (၄) နေရာအတွင်း ရောက်ရှိခဲ့မယ်ဆိုရင် ဖရန့် လမ်းပတ် နဲ့ လူငယ်သွေးသစ် ချယ်လ်ဆီးအသင်းအတွက် အောင်မြင်တဲ့ဘောလုံးရာသီတစ်ခုလို့ ပြောနိုင်ပါတယ်..။ ခရစ်စ်တီယန် ပူလီဆစ် ကတော့ ဖရန့် လမ်းပတ် လို ကစားသမားမျိုးဆီက အနီးကပ် သင်ယူခွင့်ရနေတာဟာ သူတို့လို တက်သစ်စ ကစားသမားတွေအတွက် အင်မတန် တန်ဖိုးကြီးမားတဲ့ အခွင့်အရေးတစ်ခုလို့ ပြောပါတယ်..။

“ကျွန်တော်ဟာ ငယ်စဉ်ကတည်းက လမ်းပတ် ကို အားကျခဲ့တာပါ..။ သူ့ဆီမှာ ကျွန်တော်တို့အတွက် သင်ယူစရာတွေ အများကြီးရှိနေပါတယ်..။”

ဒါ့အပြင်လာမယ့်ဘောလုံးရာသီမှာ အသင်းနဲ့အတူ ပူးပေါင်းလာမယ့် တီမို ဗာနာ နဲ့ ဟာကင် ဇိုင်းယက်ချ် တို့လို ထိပ်တန်းကစားသမားတွေကြောင့် အပြာရောင်ခြေင်္သေ့ပျိုလေးရဲ့ အနာဂတ်ဟာ အောင်မြင်မှုတွေအတွက် အသင့်ဖြစ်နေတော့မယ်လို့ ယုံကြည်နေပါတယ်..။ အသစ်ရောက်လာမယ့် ကစားသမားတွေဟာ တောင်ပံမှာ အများဆုံးကစားတဲ့ ကစားသမားတွေ ဖြစ်တာကြောင့် ပူလီဆစ် အတွက် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာနိုင်ပါတယ်..။ ဒါပေမယ့် သူကတော့ အခုလိုထိပ်တန်း ကစားသမားတွေနဲ့ အားဖြည့်နိုင်ခဲ့ခြင်းဟာ လီဗာပူးလ်၊ မန်ချက်စတာ စီးတီး အသင်းတွေလို ခြေစွမ်းမျိုးရရှိပြီး ပရီးမီးယားလိဂ် ဆုဖလား စိန်ခေါ်နိုင်မယ့်အသင်းတစ်သင်း ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်..

“ဗာနာ..၊ ဇိုင်းယက်ချ် တို့လို ကစားသမားတွေနဲ့ အတူတွဲဖက် ကစားရမယ့်အချိန်ကို မစောင့်နိုင်အောင်ပါပဲ..။ သူတို့နဲ့တွဲဖက်ကစားရတာဟာ လွယ်ကူမှာပါ..။ ဒါ့အပြင်သူတို့နှစ်ယောက်စလုံးဟာ ပင်ကိုယ်ပါရမီ ကောင်းမွန်တဲ့ ကစားသမားတွေ ဖြစ်ကြတယ်ဆိုတာ သိထားပါတယ်..။ ဒါ့ကြောင့်နောက်လာမယ့် ဘောလုံးရာသီမှာ ကျွန်တော်တို့အသင်းဟာ တကယ့်ကိုတောင့်တင်းတဲ့ အသင်းတစ်သင်း ဖြစ်လာနိုင်ပါတယ်..။

လီဗာပူးလ်၊ မန်ချက်စတာ စီးတီး တို့လိုအဆင့်မျိုး ရောက်ရှိဖို့ ကျွန်တော်တို့ဟာ ဒီထက်ပိုပြီး အများကြီးတိုးတက်ဖို့ လိုအပ်ပါသေးတယ်..။ အထူးသဖြင့် လီဗာပူးလ်အသင်းဆိုရင် ဒီနှစ်မှာအရမ်းကို ခြေစွမ်းတည်ငြိမ်ပြီး ပြိုင်ဘက်တွေကို ထိန်းချုပ်ကစားသွားနိုင်တာကို တွေ့မှာပါ..။ ကျွန်တော်တို့ဟာ အဲဒီလိုအဆင့်အတန်းမျိုး ရောက်ရှိချင်တာပါ…။


အဲဒီလိုအဆင့်မျိုး ရောက်ရှိဖို့ဆိုရင် သုံးရက်တစ်ပွဲ ကန်ရတဲ့ကာလတွေမှာရော၊ ပွဲကြီး.. ပွဲကျပ်တွေမှာပါ ခြေစွမ်းတည်ငြိမ်ရမယ်၊ မာကျောရပါမယ်..။ အဲဒီလိုစိန်ခေါ်မှုတွေအတွက် ကျွန်တော်တို့အသင့်ရှိနေပါတယ်..။ အောင်မြင်မှုရဖို့အတွက်ဆိုရင် အဲဒီလိုစိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်၊ ကျော်ဖြတ်နိုင်ရမှာပါ..။ ဒါမှလည်း ဆုဖလားတွေ၊ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်..။ ကျွန်တော်တို့လိုအသင်းအနေနဲ့ ပရီးမီးယားလိဂ် ဆုဖလားကို စိန်ခေါ်နိုင်တဲ့အသင်း ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို ဘယ်တော့မှ မျက်ခြေပြတ်လို့ မရပါဘူး..။”

ဒါ့ကြောင့် ခရစ်စ်တီယန် ပူလီဆစ် လို ရည်မှန်းချက်၊ မြင့်မားပြီး ခံယူချက် ကောင်းမွန်တဲ့ လူငယ်ကစားသမားတွေနဲ့ ထုဆစ်တည်ဆောက်ထားတဲ့ ချယ်လ်ဆီးအသင်းဟာ မကြာတော့မယ့် အနာဂတ်ကာလမှာ သူတို့မျှော်မှန်းထားတဲ့ အောင်မြင်မှု၊ ဆုဖလားတွေကို မလွှဲမသွေ လှမ်းဆုတ်၊ ဆွတ်ခူးနိုင်မှာ ဖြစ်တယ်လို့ ယုံကြည်မိပါကြောင်း တင်ဆက်လိုက်ပါတယ်..။

(Sky Sports မှ ဆောင်းပါးရှင် Peter Smith ၏ ‘Chelsea's American All-star’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)