feature-image

‘ဟာကင် ဇိုင်းယက်ချ်’ နှင့် တွေ့ဆုံခြင်း

ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် မော်ရိုကိုကွင်းလယ်ဖန်တီးရှင် ဟာကင် ဇိုင်းယက်ချ် မှာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းသို့ မနေ့ကလာရောက်ပြီး နောဝစ်ချ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်ကို ကြည့်ရှုခဲ့သည်..။ အဆိုပါပွဲစဉ်မတိုင်မီ ဟာကင် ဇိုင်းယက်ချ် အား ချယ်လ်ဆီးအသင်း Official website က တွေ့ဆုံခဲ့ရာတွင် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာရခဲ့ခြင်းအပေါ် သူ၏ခံစားချက်များနှင့် အနာဂတ်အတွက် မျှော်လင့်ချက်များကို ယခုလိုပြောပြခဲ့သည်..။

မေး - ဟာကင် ရေ… ပထမဆုံးအနေနဲ့ စတန်းဖို့ဒ် ဘရစ်ချ်ကနေ ကြိုဆိုပါတယ်နော်..။ ခင်ဗျားအတွက်တော့ စတန်းဖို့ဒ် ဘရစ်ချ်ကို ရောက်ခဲ့တာ အခုတစ်ကြိမ်ဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး..။ ဒါပေမယ့် အခုလိုချယ်လ်ဆီးကစားသမား တစ်ယောက်အဖြစ် ရောက်ရှိလာခဲ့တဲ့အပေါ် ခင်ဗျားရဲ့ခံစားချက်ကို ပြောပြပေးနိုင်မလား..?

“အဓိပ္ပါယ်အများကြီးရှိပါတယ်..၊ ဘာဖြစ်လို့လည်းဆိုတော့ ငယ်စဉ်ကတည်းက ကျွန်တော်ဟာ ချယ်လ်ဆီးလို ပရီးမီးယားလိဂ် အသင်းကြီးတစ်သင်းမှာ ကစားချင်တဲ့ဆန္ဒုပြင်းပြခဲ့ပါတယ်..။ ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင် အခုအောက်က မြက်ခင်းထဲမှာ ကစားနေခဲ့ကြတဲ့ ထိပ်သီးကစားသမားကြီးတွေ အများကြီးပါပဲ..၊ ကျွန်တော်တို့ဟာ သူတို့ကိုကြည့်ရင်း အတုယူ၊ အားကျခဲ့ရတာပါ..။ ချယ်လ်ဆီးအသင်းဟာ ထိပ်သီးအသင်းကြီးတစ်သင်းအဖြစ် အချိန်အကြာကြီး ရပ်တည်နေခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်အတွက် ချယ်လ်ဆီးအသင်းလို ထိပ်တန်းအသင်းကြီးတစ်သင်းမှာ ကစားခွင့်ရခဲ့တာဟာ အများကြီးတန်ဖိုးရှိပါတယ်..။”



မေး - အဲဒါဆိုခင်ဗျားငယ်ငယ်တုန်းက အတုယူ၊ အားကျခဲ့ရတဲ့ စတန်းဖို့ဒ် ဘရစ်ချ်က ကစားသမားတွေကို ပြောပြနိုင်မလား..?

“ကျွန်တော်မှတ်မိသလောက်ဆိုရင် နယ်သာလန်လိဂ်ပြိုင်ပွဲဝင် ဟာရန်ဗင်း လူငယ်အသင်းမှာ ကျွန်တော်ကစားစဉ်အခါက ဒီဒီယာ ဒရော့ဘာ၊ ဖရန့် လမ်းပတ် နဲ့ ဂျွန် တယ်ရီ တို့ ကစားနေကြပါတယ်..။ သူတို့ဟာ တကယ့်ကို နာမည်ကျော်ကစားသမားတွေပါပဲ..။ ကျွန်တော်တို့အားလုံး ချယ်လ်ဆီးအသင်းကိုပဲ အသည်းအသန် အားပေးခဲ့ကြတာပါ...။ အခုဆိုရင် အောက်ကမြက်ခင်းစိမ်းထက်မှာ ခြေချခွင့်ရတော့မှာပါ..၊ ကျွန်တော့်အတွက် အဲဒီအချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။”

မေး - ခင်ဗျားပြောခဲ့တဲ့ နာမည်တွေထဲမှာ ‘ဖရန့် လမ်းပတ်’ လည်း ပါခဲ့တယ်နော်..။ အခုဆိုရင် သူဟာခင်ဗျားရဲ့မန်နေဂျာအဖြစ် လက်တွဲရတော့မှာပါ..။ အဲဒီအချက်ဟာ ခင်ဗျားအတွက် ဘယ်လောက်အရေးပါနိုင်မလဲ..?

“ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာဖို့ ဆုံးဖြတ်တဲ့အချက်တွေထဲမှာ ဖရန့် လမ်းပတ် ဟာလည်း အရေးကြီးတဲ့အချက်တစ်ခုအဖြစ် ပါဝင်ခဲ့ပါတယ်…။ သူ့ရဲ့ဘောလုံးဒသနနဲ့ကစားကွက် အယူအဆကို နှစ်သက်တဲ့အကြောင်း ကျွန်တော်မကြာခဏ ပြောလေ့ရှိခဲ့ပါတယ်..။ သူဟာဆွဲဆောင်မှုရှိတဲ့ တိုက်စစ်ဦးစားပေး ကစားဟန်ကို သွတ်သွင်းနေတဲ့သူလည်း ဖြစ်နေခြင်းဟာ ချယ်လ်ဆီးအသင်းကို ရွေးချယ်ဖြစ်ဖို့ တွန်းအားတွေ ဖြစ်ခဲ့ပါတယ်..။”



မေး - ဟုတ်ကဲ့ပါ. ဒါဆိုရင်အခုလက်ရှိ ချယ်လ်ဆီးအသင်းသားတွေထဲမှာ ခင်ဗျားနဲ့ရင်းနှီးတဲ့သူ ဘယ်သူတွေရှိလဲဗျ..

“စစချင်းမှာ ဘယ်သူနဲ့မှ မသိပါဘူး..။ ဒါပေမယ့် ချယ်လ်ဆီးကိုရောက်ဖို့ သေချာသွားပြီဆိုတဲ့ အချိန်ကစပြီး အသင်းကစားသမား တစ်ချို့နဲ့ ကျွန်တော်စကားပြောခဲ့ပါတယ်..။ သူတို့အားလုံးကလည်း ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်..။ အဲဒီအချိန်ကနေစပြီး အခုအချိန်ထိ ချယ်လ်ဆီးအသင်းက ကစားသမားတွေနဲ့ ပုံမှန်တွေ့ဆုံ စကားပြောလေ့ရှိပါတယ်..။”

မေး - အခုဆိုရင် ချယ်လ်ဆီးအသင်းပရိသတ်ကြီးဟာ ခင်ဗျားရဲ့ခြေစွမ်းကို မြင်ရမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။ ခင်ဗျားအနေနဲ့ သူတို့ရဲ့စိတ်ကျေနပ်မှုရရှိအောင် ဘယ်လိုပြန်ပြီး ပေးဆပ်နိုင်မယ်လို့ မျှော်လင့်ထားပါသလဲ..?

“ကျွန်တော့်အနေနဲ့ လွန်ခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်အတွင်း အိုင်းယက်စ်အသင်းမှာ ပြသခဲ့တဲ့ခြေစွမ်းမျိုး ပြန်လည်ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။ ကျွန်တော်ကတော့ အဲဒီပုံစံအတိုင်း ကစားသွားနိုင်အောင် အစွမ်းကုန် ကြိုးစားသွားမှာပါ..။ ကျွန်တော့်အနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ အောင်မြင်မှုနဲ့ ကောင်းမွန်တဲ့အနာဂတ်အတွက် တစ်ဖက်တစ်လမ်းကနေ အကျိုးပြု ပါဝင်နိုင်မယ့်သူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်..။”



မေး - ဟာကင် ရေ.. ခင်ဗျားရဲ့ကိုယ်ပိုင် ကစားနေကျပုံစံ လို့ ပြောသွားတယ်နော်..။ ခင်ဗျားရဲ့ပင်ကိုယ် ကစားဟန်ဟာ ပရီးမီးယားလိဂ်နဲ့ လိုက်လျောညီထွေ ရှိလိမ့်မယ်လို့ မျှော်လင့်ထားပါသလား..?

“ပရီးမီးယားလိဂ်ဟာ ခက်ခဲ၊ ကြမ်းတမ်းတဲ့ ပြိုင်ပွဲတစ်ခုဆိုပြီး ပြောကြပါတယ်..။ ကျွန်တော့်အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အထူးဦးစားပေး ကစားတဲ့ဟန်နဲ့ ချက်ချင်းအံဝင်ဂွင်ကျ ဖြစ်ချင်မှဖြစ်ပါမယ်..။ ဒါပေမယ့်အခုလက်ရှိ ပရီးမီးယားလိဂ်မှာလည်း ကျွန်တော့်လိုအရွယ်အစား၊ အလုံးအဖန်နဲ့ ကစားသမားတွေအများကြီး ရှိနေခဲ့သလို ဘောလုံးကစားတဲ့အခါမှာ ဦးနှောက်ကိုဦးစားပေးပြီး ပါးပါးနပ်နပ်နဲ့ အသုံးချမယ်..၊ ထိရောက်တဲ့ ကစားဟန်နဲ့ ပံ့ပိုးပေးနိုင်ရမယ်..၊ နေရာလွတ်တွေကို ရှာဖွေ၊ ဖန်တီးပေးနိုင်ရပါမယ်..။ အဲဒီအခြေခံအချက်လေးတွေကပဲ စတင်ပြီးအကောင်းဆုံး ကြိုးစား ပေးဆပ်သွားမှာပါ..။”

မေး - အခုနှစ်ဘောလုံးရာသီ အိုင်းယက်စ်အသင်းနဲ့ တစ်ဖက်လေးဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ခင်ဗျားဟာ အိုင်းယက်စ်အသင်းအတွက် တကယ့်ကို ထူးခြား၊ ဆန်းပြားတဲ့ဂိုးတစ်ဂိုး (ထောင့်ကန်ဘောမှ တိုက်ရိုက်ကန်သွင်းခဲ့ပြီး) ရယူပေးနိုင်ခဲ့ပါတယ်..။ ကျွန်တော်ကတော့ အဲဒီဂိုးအကြောင်း မမေးစမ်းပဲ ခင်ဗျားကို ပြန်မလွှတ်နိုင်ဘူးဗျို့.. ဟားဟား.. တကယ့်ကို သည်းထိပ်ရင်ဖို အားပေးခဲ့ရတဲ့ပွဲစဉ်တစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်.။ ဟုတ်တယ်မလားဗျ…

“ဟုတ်ပါတယ်..။ တကယ့်ကို ရူးသွပ်လောက်တဲ့ ပွဲစဉ်တစ်ပွဲပါပဲ..။ အဲဒီလိုပွဲမျိုးဟာ ကြားပရိသတ်အတွက် တကယ့်ကို ကြည့်လို့ကောင်းလှတဲ့ ပွဲတစ်ပွဲပေါ့ဗျာ..၊ တကယ်လည်း အပြန်ပြန်အလှန်လှန် သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိလှပါတယ်..။ ဒါပေမယ့် အဲဒီပွဲဟာ ကျွန်တော်တို့အတွက် စိတ်ကျေနပ်မှု အပြည့်အ၀ မရခဲ့ပါဘူး..၊ ဘာဖြစ်လို့လည်ဆိုတော့ ကျွန်တော်တို့ဟာ ၄ဂိုး- ၁ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီးမှ သရေကျသွားခဲ့တာပါ.။ ရူးသွပ်ဖွယ်၊ အမှတ်ရဖွယ်ကောင်းလှတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်သလို ဘောလုံးကစားနည်းနဲ့ ဘောလုးပွဲတွေကို ကျွန်တော်တို့တစ်တွေ တရှိုက်မက်မက် ခံစားနေရတာဟာလည်း အခုလိုပွဲစဉ်တွေကြောင့်ပါပဲ..။”



မေး - အခုဆိုရင် ချယ်လ်ဆီးအသင်း ကစားသမားတစ်ယောက်အနေနဲ့ ခင်ဗျားကိုအရောက်ခေါ်ဆောင်နိုင်ခဲ့ပြီး ဖြစ်တာကြောင့် ကျွန်တော်တို့အသင်း ပရိသတ်ဟာ အထူးကျေနပ်၊ အားရနေကြပါတယ်..။ အဲဒီတော့ အပြာရောင်အကျီကို ဆင်မြန်းတော့မယ့် ခင်ဗျားရဲ့အချိန်အခါကို စောင့်မျှော်နေတဲ့ ပရိသတ်ကြီးအတွက် သတင်းစကားလေး ပြောကြားပေးနိုင်မလား..?

“ကျွန်တော်အနေနဲ့ ချယ်လ်ဆီးအသင်း၊ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းနဲ့ ကစားဖော်သစ်တွေကို လက်တွဲရမယ့်အချိန်အတွက် မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။ ကျွန်တော့်အတွက် အချိန်တွေဟာ နှေးကွေးလွန်းလှသလို အခုလိုအချိန် ရောက်လာဖို့ အကြာကြီးစောင့်ဆိုင်းခဲ့ရတယ်လို့ စိတ်ထဲမှာ ထင်နေပါတယ်..။ တကယ်လည်း လေးလ၊ ငါးလဆိုတဲ့ ကာလဟာ အတော်လေးကို ရှည်ကြာလှပါတယ်..။ အခုနောက်ဆုံးမှာတော့ ချယ်လ်ဆီးအသင်းကို ကျွန်တော်ရောက်ရှိလာခဲ့ပါပြီ..။ ကျွန်တော့်အနေနဲ့ အသင်းပရီသတ် တစ်ဦးချင်းအတွက် စိတ်တိုင်းကျ ကျေနပ်စေရအောင် အစွမ်းကုန် ကြိုးစားအားထုတ်၊ ပေးဆပ်သွားမှာပါ..။”