မနေ့ကယှဉ်ပြိုင်ခဲ့သော လက်စ်တာအသင်းနှင့် မန်ချက်စတာ ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်များအပြီးတွင် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန်.၊ မန်ချက်စတာ ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမားဟောင်း အိုဝင် ဟားဂရိဗ် နှင့် လက်စတာ စီးတီး ကွင်းလယ်ကစားသမားဟောင်း ရော်ဘီ ဆားဗေ့ချ် တို့က BT Sports ရုပ်သံ အစီအစဉ် မှ တင်ဆက်သော Premier League Tonight အစီအစဉ်မှတဆင့် ချယ်လ်ဆီး၊ လက်စ်တာ စီးတီးနှင့် မန်ချက်စတာ ယူနိုက်တက်အသင်းများ၏ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲ အခြေအနေ၊ အခွင့်အရေးများကို ယခုလိုသုံးသပ် ဆွေးနွေးသွားခဲ့သည်..။
ဂျိတ်ခ် ဟမ်းဖရေး - အခုဆိုရင် ကျွန်တော်တို့ဟာ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲအတွက် အကြိတ်အနယ်ဖြစ်နေတဲ့ အသင်းသုံးသင်းရဲ့ အနေအထား၊ အလားအလာနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာပါ..။ လီဗာပူးလ် နဲ့ မန်ချက်စတာ စီးတီးအသင်းတို့ ဝင်ခွင့်ရသွားပါပြီ..။ အဲဒီတော့ လက်ကျန်နှစ်နေရာအတွက် အခုအောက်မှာပြထားတဲ့ သုံးသင်းထဲက နှစ်သင်းရပါမယ်...။ ရော်ဘီ ရေ.. အဲဒီမှာ သူတို့သုံးသင်းရဲ့ အမှတ်ပေါင်းရလဒ်နဲ့ ဂိုးကွာခြားချက်တွေကို ပြထားပါတယ်..။ အဲဒီတော့ ဘယ်သူတွေဝင်ခွင့်ရမယ်..၊ ဘယ်သူတွေဝင်ခွင့်မရဘူးဆိုတာ ခင်ဗျားပဲ အရင်ဆုံး ခန့်မှန်းပေးပါလား..?
ရော်ဘီ ဆားဗေ့ချ် - ဟူး… ဖြစ်နိုင်ခြေတစ်ခုကို အရင်ဆုံးပြောပြမယ် ဂျက်ခ် ရေ..။ လာမယ့်တနင်္ဂနွေနေ့မှာ လက်စ်တာ က စပါးအသင်းကို အနိုင်ရမယ်..၊ မန်ချက်စတာ ယူနိုက်တက်က ဝက်စ်ဟမ်းကိုနိုင်မယ်..၊ နောက်ဆုံးနေ့.. သူတို့နှစ်သင်းရဲ့ ထိပ်တိုက်ပွဲစဉ်မှာ သရေကျမယ်ဆိုရင် လက်စ်တာ နဲ့ မန်ယူနိုက်တက် နှစ်သင်းစလုံးအတွက် လုံလောက်ပါမယ်…။ အဲ.. ဒီလိုဖြစ်လာဖို့ လာမယ့်ဗုဒ္ခဟူးနေ့မှာ ချယ်လ်ဆီးက အန်ဖီးလ်ကွင်းမှာ ရှုံးသွားဖို့ လိုအပ်သေးတာပေါ့..။ ဒါကတော့ ကျွန်တော်အလိုချင်ဆုံး ဖြစ်နိုင်ခြေကို ပြောပြတာပါ…
တကယ်တမ်း ဝင်ခွင့်ရမယ့် နှစ်သင်းကတော့…. ယူနိုက်တက်နဲ့… ဟူးး….
ဂျိတ်ခ် ဟမ်းဖရေး - ‘ချယ်လ်ဆီး’ လို့ ခင်ဗျားပြောမထွက်ဘူးမလား..? ရဲရဲသာ ပြောချလိုက်စမ်းပါ..။ ဘာဖြစ်လို့ လက်စ်တာ ကျန်ခဲ့မယ် ပြောရတာလဲဗျ..? Why..?
ရော်ဘီ ဆားဗေ့ချ် - ဟုတ်ပါတယ်..၊ ယူနိုက်တက်နဲ့ ချယ်လ်ဆီးပဲ ဖြစ်မှာပါ..။ ပြိုင်ပွဲတွေပြန်စပြီးမှ ယူနိုက်တက်အသင်းဟာ ပုံစံကောင်း၊ ရလဒ်ကောင်းတွေ ဆက်တိုက်ရရှိနေသလို လက်စတာကွင်းမှာလည်း သူတို့ပဲ အနိုင်ရပါလိမ့်မယ်..။ ချယ်လ်ဆီးကလည်း ဝုလ်ဖ်အသင်းနဲ့ နောက်ဆုံးပွဲစဉ်ကို အနိုင်ရပါလိမ့်မယ်..။ ယူနိုက်တက်ကလည်း ဝက်စ်ဟမ်းကို နိုင်မှာပါ..။ လက်စ်တာ အနေနဲ့ အခုနောက်ဆုံးလက်ကျန် နှစ်ပွဲစလုံးကို အနိုင်ရမယ်လို့ မထင်ပါဘူး..။
ရီယို ဖာဒီနန် - သဘောတူပါတယ်..။ ချယ်လ်ဆီးအနေနဲ့ လီဗာပူးလ်၊ ဝုလ်ဖ် နှစ်သင်းစလုံးနဲ့ ပွဲစဉ်တွေမှာ ရုန်းကန်ရမှာပါ..။ ဒါပေမယ့် သူတို့ဟာ ဝုလ်ဖ် ကိုတော့ အနိုင်ရပါလိမ့်မယ်..။ မန် ယူနိုက်တက် ကလည်း ဝက်စ်ဟမ်းကို အနိုင်ရပါလိမ့်မယ်..။ အခုလက်ရှိအချိန်မှာ မန် ယူနိုက်တက်အသင်းဟာ ပုံစံကောင်းတွေရနေတာကြောင့် နောက်ဆုံးလက်ကျန်နှစ်ပွဲကိုလည်း အခုခြေစွမ်းအတိုင်း အကောင်းဆုံး ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရယူသွားနိုင်မှာပါ..။
အိုဝင် ဟားဂရိဗ် - ယူနိုက်တက် ဟာ ဝက်စ်ဟမ်းကို အနိုင်ရမယ်..၊ ပြီးရင်လက်စ်တာ ကိုလည်း ဆက်ပြီးအနိုင်ရလိမ့်ဦးမယ်လို့ ကျွန်တော်လည်းထင်ပါတယ်..။ ချယ်လ်ဆီးရဲ့ လက်ကျန်ပွဲစဉ်တွေက ကျပ်တယ်လို့ ထင်ရပါတယ်..။ ဒါပေမယ့် ယူနိုက်တက်အသင်းက နောက်ဆုံးနေ့မှာ အနိုင်ကန်ဖို့ လိုအပ်နေတာဆိုတော့ ချယ်လ်ဆီးလည်း ဝင်ခွင့်ရမှာပါ..။
ရော်ဘီ ပြောခဲ့တဲ့ လက်စ်တာနဲ့ မန် ယူနိုက်တက်နှစ်သင်းစလုံး အနိုင်ရပြီး နောက်ဆုံးနေ့မှာ သရေကျခဲ့တယ်ဆိုတဲ့ ဖြစ်နိုင်ခြေကိုလည်း ထည့်ပြီးစဉ်းစားပေးရမှာပါပဲ..။ ဒါပေမယ့် ချယ်လ်ဆီးဟာ အန်ဖီးလ်ကွင်းကနေ လက်ဗလာနဲ့ ပြန်လာခဲ့မယ်လို့ ကျွန်တော်မထင်ပါဘူး..။ လက်ရှိမှာ သူတို့အသင်းရဲ့ ကစားပုံနဲ့ ခြေစွမ်းဟာ လက်ကျန်အတားအဆီးတွေကို ကျော်ဖြတ်ဖို့ လုံလောက်ပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးနဲ့ ယူနိုက်တက်နှစ်သင်းပဲ ဝင်ခွင့်ရပါလိမ့်မယ်..။
ဂျိတ်ခ် ဟမ်းဖရေး - ခင်ဗျားတို့အားလုံးဟာ ပရီးမီးယားလိဂ်မှာ အတွေ့အကြုံအများကြီးရှိခဲ့တဲ့ ကစားသမားဟောင်းတွေ ဖြစ်ကြပါတယ်..။ အခုလိုနောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရတဲ့ အခြေအနေမျိုးမှာ ကစားသမားတွေအတွက် ဘယ်လိုများအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရမလဲ..? ဆိုတာ မေးချင်ပါတယ်..။ ဥပမာ- မနေ့ကပွဲမှာဆိုရင် ခရစ်စ်တယ် ပဲလေ့စ် ကစားသမားတွေဟာ ရာသီကုန် အားလပ်ရက်ကျ ဘယ်သွားရင်ကောင်းမလဲ..? ဆိုတဲ့ စိတ်ကူးတွေ ရှိနေမှာပါ..။ ဒါပေမယ့် အခုသုံးသင်းနဲ့ တန်းဆင်းဇုန်တိုက်ပွဲဝင်နေရတဲ့ အသင်းတွေကတော့ အဲဒီလို အခွင့်အရေးမျိုး မရသေးဘူးပေါ့..
ရီယို ဖာဒီနန် - အင်းဗျ.. မှတ်မှတ်ရရဆိုရင် ကျွန်တော့်ရဲ့ မန် ယူနိုက်တက် ကစားသမားဘ၀ နောက်ဆုံးဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးအသင်းနဲ့ နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး သူတို့ဗိုလ်စွဲသွားခဲ့ပါတယ်..။ ဒါ့ကြောင့်အခုလိုအခြေအနေမျိုးဆိုရင် ပွဲစဉ်တိုင်းဟာ အဓိပ္ပါယ်တစ်ခုခုတော့ ရှိနေခဲ့တာပါပဲ..။ ကိုယ်နဲ့ရင်ဆိုင်ရတဲ့ အသင်းတွေရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် ဥရောပဝင်ခွင့်၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြည့်နေစရာမလိုဘူး..၊ တန်းဆင်းဖို့လည်း မရှိတော့တဲ့အသင်းတွေရှိသလို အခြေအနေတစ်ခုခုအတွက် တိုက်ပွဲဝင်နေရတဲ့ အသင်းတွေလည်း ရှိပါတယ်..။
ဥပမာ- ဝုလ်ဖ် ဆိုရင် ချယ်လ်ဆီးနဲ့ကန်မယ့်အချိန်ကျရင် ဘယ်အတွက်မှ ရည်မှန်းစရာ မလိုတော့မယ့် အခြေအနေ ဖြစ်သွားနိုင်သလို မန် ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ဝက်စ်ဟမ်း ဆိုရင်လည်း ဘာမှစိတ်ပူစရာ၊ မျှော်လင့်စရာမရှိတဲ့ အနေအထားပါ..။ ဘယ်သူမဆို ကိုယ်နဲ့ရင်ဆိုင်ရတဲ့ အသင်းတိုင်းကို ‘မျှော်လင့်ချက် သုည’ အသင်းတွေပဲ ဖြစ်ချင်တာပေါ့ဗျာ..။
အိုဝင် ဟားဂရိဗ် - ရီယို ရေ.. ခင်ဗျားပြောတာ မှန်သင့်သလောက်တော့ မှန်ပါတယ်..။ ဘယ်သူမဆို ကိုယ့်ရဲ့ပြိုင်ဘက်ထဲမှာ ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲဝင်နေတဲ့အသင်းတို့၊ တန်းဆင်းဇုန် တိုက်ပွဲဝင်နေတဲ့ အသင်းတို့ ပါဝင်ချင်မှာ မဟုတ်ဘူးလေ..။ ဒါပေမယ့် အခုလောလောဆယ် ခြေစွမ်းကောင်းတွေပြနေတဲ့ ဆောက်ပ်သမ်တန် ဆိုရင် ဘာမှမျှော်လင့်စရာ မရှိတော့ပေမယ့် အစွမ်းကုန် ကြိုးစားကစားနေကြသလို ပဲလေ့စ် လည်း အဲဒီအတိုင်းပါပဲ..။ သူတို့ကို အလွယ်တကူနဲ့တော့ အနိုင်မရနိုင်ပါဘူး..။
ဒါ့ကြောင့်ကိုယ့်ရဲ့ပြိုင်ဘက်အသင်းဟာ မျှော်လင့်စရာရှိသည်ဖြစ်စေ..၊ မရှိတော့သည်ပဲဖြစ်ပါစေ.. အသင်းတိုင်းဟာ လုံလောက်တဲ့ ကြိုးစားအားထုတ်မှုနဲ့ ခြေစွမ်းမရှိခဲ့ရင်တော့ ရလိမ့်မှာမဟုတ်ဘူးဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ တန်းဆင်းသွားသည်ပဲ ဆိုစေဦး.. ကစားသမားတွေအနေနဲ့ ပရီးမီးယားလိဂ်မှာ ဆက်ပြီးကျန်နေဖို့ တခြားအသင်းတွေကို စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်ဖို့ လိုနေသေးတာကိုးဗျ..။ သူတို့တွေအတွက် ကွင်းထဲမှာရှိနေတဲ့အချိန်တိုင်းဟာ အခွင့်အရေးပါပဲ..။ ဒါ့ကြောင့်ခရစ်စ်တယ် ပဲလေ့စ်၊ ဆောက်ပ်သမ်တန် တို့ဆိုရင် ဘာမှမျှော်လင့်စရာ မရှိတော့ပေမယ့်လည်း အစွမ်းကုန် ကြိုးစားကစားနေကြပါတယ်..။
ဂျိတ်ခ် ဟမ်းဖရေး - ရော်ဘီ ရေ.. ခင်ဗျားရဲ့လက်စ်တာ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ခင်ဗျားမခန့်မှန်းခဲ့ပေမယ့် အောင်မြင်ခဲ့တဲ့ ဘောလုံးရာသီတစ်ခုအဖြစ် ပြောနိုင်တယ်မလားဗျ.။ အရင်လတုန်းက လက်စ်တာအသင်းကို ပြန်လည်တည်ဆောက်ဖို့လိုလား.. (rebuild) ? လို့ ကျွန်တော်မေးတော့… ‘မင်းပဲကိုယ့်ကိုယ်ကို အရင်ဆုံးပြန်ပြီး တည်ဆောက်ပါဦး..’ ဆိုပြီး ခင်ဗျားက ပြန်တုတ်လိုက်တာကိုးဗျ… ဟားဟား…
ရော်ဘီ ဆားဗေ့ချ် - ဟားဟား.. ခင်ဗျားရော ပြောင်းလဲသွားပြီလားဗျ… ဟားဟား.။ အခုနောက်ဆုံးရလဒ် ဘယ်လိုပဲထွက်လာသည် ဖြစ်ပါစေ.. အခုနှစ်ဘောလုံးရာသီဟာ လက်စ်တာအသင်းအတွက် ကျေနပ်ဖို့ကောင်းတဲ့ ဘောလုံးရာသီ၊ အောင်မြင်မှုရခဲ့တဲ့ ဘောလုံးရာသီတစ်ခုလို့ ပြောနိုင်ပါတယ်..။
ဂျိတ် ဟမ်းဖရေး - ဟုတ်ပါတယ်..။ ကျွန်တော်က ခင်ဗျားကို စလိုက်တာပါ..ဟားဟား..။ ခင်ဗျားတို့အားလုံးကို ကျေးဇူးပါပဲ..။