ဖရန့် လမ်းပတ် နဲ့ သူ့ရဲ့ချယ်လ်ဆီးအသင်းသားများအတွက် အခုနှစ်ဘောလုံးရာသီ ပန်းဝင်ရတော့မယ့်အချိန်ကို ရောက်လို့လာပါပြီ..။ နောက်ဆုံးရလဒ် အတိအကျ မသိနိုင်သေးပေမယ့် သူတို့ဟာကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ပုံစံတွေနဲ့ ရှေ့ဆက်မယ့်သူတွေဆိုတာကိုတော့ ကျွန်တော်တို့ သေချာပေါက် ပြောနိုင်ခဲ့ပါပြီ…။
ပြီးခဲ့တဲ့ဗုဒ္ခဟူးနေ့က လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ် သရဖူဆု ချီးမြှင့်တဲ့အချိန် ချယ်လ်ဆီးပရိသတ် အတော်များများက ဖရန့် လမ်းပတ် ရဲ့ပွဲအပြီး တွေ့ဆုံခန်းအစီအစဉ်ကို ကြည့်ရှုနေကြပါတယ်..။ သူကလီဗာပူးလ်အသင်း အရန်ခုံတန်းက လူတစ်ချို့ကို ဦးတည်ပြီး ‘မောက်မာနေကြတဲ့သူတွေ.. (arrogance)’ လို့ ပြောကြားလိုက်ပါတယ်..။ မကြာခင်မှာပဲ လီဗာပူးလ်အသင်း အရန်ခုံတန်းကလူ တစ်ချို့ကို ဦးတည်ပြီး ‘f*** off’ လို့ ပြောကြားလိုက်တဲ့ သူ့ရဲ့ဗွီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပါတယ်..။
ကျွန်တော်တို့လို ကိုယ့်အသင်းကိုပဲ မက်မက်စက်စက် အားပေးခဲ့တဲ့ ပရိသတ်အတွက် ကိုယ့်ရဲ့အသင်းအတွက် မာန်ဟုန်ပြင်းပြင်း ကာကွယ်ပေးတဲ့ ကစားသမားတွေ..၊ ကိုယ်ဝတ်ဆင်ထားတဲ့ အသင်းအကျီ၊ ကိုယ့်အသင်းတံဆိပ်၊ ကိုယ့်အသင်း ပရိသတ်အတွက် ရေကုန်ရေခမ်း တိုက်ပွဲဝင်ပေးတဲ့ ကစားသမားတွေကို မြင်တွေ့ချင်တာ ထုံးစံပါပဲ..။ သူတို့ပြီးရင် အသင်းအတွက် ရှေ့ဆုံးကနေ တိုက်ပွဲဝင်ပေးမယ့် ‘အသင်းမန်နေဂျာ’ ပေါ့ဗျာ..။ တကယ်လို့ အသင်းသားတွေရော၊ မန်နေဂျာကပါ ကိုယ့်အသင်းအတွက် မားမားမတ်မတ် တိုက်ပွဲဝင်ပေးနေတယ်ဆိုရင် ကျွန်တော်တို့တွေရဲ့ စိတ်ထဲမှာ သူတို့တွေနဲ့ တစ်သားတည်း ရှိနေတယ်လို့ ခံစားရပါတယ်..။ ဒါဟာကျွန်တော်တို့လို ပရိသတ်အတွက် ကျေနပ်စရာပါပဲ..။
စတန်းဖို့ဒ် ဘရစ်ချ်ကွင်းထက်ကို ဝင်ရောက်လာခဲ့တဲ့၊ ထွက်ခွာသွားခဲ့တဲ့ မန်နေဂျာကြီးတွေ အများကြီး ရှိပါတယ်..။ တစ်ချိုံ့တွေက အေးဆေးတည်ငြိမ်တယ်..၊ နှုတ်ဆိပ်တယ်..၊ သူတို့ဟာ ကွင်းထဲရောက်တဲ့အချိန် ပြိုင်ဘက်အသင်းကို ထိပ်တိုက်မရင်ဆိုင်ပဲ..၊ ကိုယ့်ရဲ့ကစားသမားတွေဘက်က၊ ပရိသတ်ဘက်က မရပ်တည်ပေးပဲ ကွင်းပြင်ပရောက်မှ ပြီးသွားခဲ့တဲ့ ဖြစ်ရပ်အပေါ် ပြန်သုံးသပ်ပြ၊ ပြန်ပြောပြတဲ့ မန်နေဂျာတွေ ရှိခဲ့ပါတယ်..။
အဲဒီလို တုံဏိဘာ၀ေ မန်နေဂျာတွေဟာ ချယ်လ်ဆီးအသင်းရဲ့ အစဉ်အလာကောင်းတွေကို နားလည်တဲ့သူတွေ မဟုတ်ဘူးလို့ ကျွန်တော်တို့ထင်ပါတယ်..။
အင်ဒရေ ဗီလက်ရှ် ဘိုအာ့စ်၊ လူးဝစ် ဖိလစ်ပီ စကိုလာရီ၊ ရာဖာ ဘင်နီးတက်ဇ် နဲ့ အခုနောက်ဆုံး အသင်းကိုစွန့်ခွာသွားခဲ့တဲ့ မော်ရစ်စ်ဇီယို ဆာရီ တို့ဟာ ထူးချွန်တဲ့မန်နေဂျာကောင်းတွေ ဖြစ်ကြပေမယ့် သူတို့ဟာ ချယ်လ်ဆီးအသင်းနဲ့ ချယ်လ်ဆီးပရိသတ်ကို နားမလည်ခဲ့ကြပါဘူး..။
အဲဒီလိုကာလတွေ ဖြတ်သန်းခဲ့ဖူးတဲ့ ကျွန်တော့်အတွက် ဗုဒ္ခဟူးနေ့ညက ဖရန့် လမ်းပတ် ရဲ့ တုံ့ပြန်ခဲ့မှုမျိုးကို အရမ်းနှစ်ခြိုက်မိပါတယ်..။ သူဟာချယ်လ်ဆီးအသင်းအတွက် အောင်ပွဲဆာလောင်စိတ် အမြဲတမ်းပြင်းပြနေတဲ့သူ ဖြစ်သလို သူ့ရဲ့ကစားသမားတိုင်း၊ နည်းပြအဖွဲ့ဝင်တိုင်းစီကလည်း အဲဒီလို ပြင်းပြတဲ့ဆန္ဒမျိုးကို တောင်းဆိုနေတဲ့သူလည်း ဖြစ်ပါတယ်..။
အခုတစ်ကြိမ် ပွဲတွေပြန်စတဲ့အခါမှာ ကောင်းတဲ့အချက်ကတော့ ကွင်းအတွင်းက ကစားသမားတွေ၊ ကွင်းဘေးစည်းက နည်းပြအဖွဲ့ဝင်တွေ၊ ကစားသမားတွေ ဘာတွေပြောကြတယ်..၊ ဘယ်လိုတွေပြောဆို ဆက်ဆံနေကြတယ်ဆိုတာ အတိုင်းသား ကြားနိုင်တဲ့အခွင့်အရေး ရှိနေခြင်းပါပဲ..။ သူတို့ရဲ့စိတ်ရင်းအမှန်၊ ပေါက်ကွဲထွက်လာမှု၊ တုံ့ပြန်မှုတွေကို ပကတိ မြင်တွေ့ခွင့်ရခဲ့တာ တကယ့်ကို ကျေနပ်စရာပါ..။
အဲဒီညက မက်တီယို ကိုဗာဆစ် က ဆာဒီယို မာနေး ကို ပြစ်ဒဏ်ဘော ကျူးလွန်တယ်ဆိုပြီး ပြစ်ဒဏ်ဘော ပေးလိုက်ရတာကို ချယ်လ်ဆီးပရိသတ်အားလုံး စိတ်ပျက်ခဲ့ကြမှာပါ..။ ကွင်းဘေးမှာရှိနေတဲ့ ဖရန့် လမ်းပတ် ကလည်း သူ့ရဲ့မကျေနပ်ချက်ကို အကူဒိုင် (fourth official) ကို သိစေခဲ့ပါတယ်..။ အဲဒီနောက်ပိုင်း ချယ်လ်ဆီးနည်းပြနဲ့ လီဗာပူးလ် အရန်ခုံတန်းတို့ရဲ့ အပြန်အလှန်တိုက်ပွဲပေါ့ဗျာ…
ဖရန့် လမ်းပတ် က ‘ဘယ်လိုဖြစ်ပြီး ပြစ်ဒဏ်ဘော ဖြစ်ရမှာလဲ..? ပြစ်ဒဏ်ဘောမှ မဟုတ်တာ..’ ဆိုပြီး ဂျာဂင် ကလော့ပ် ဘက်ကို ဦးတည်ပြီး ပြောပြာပါတယ်..။ ကြားထဲက အကူဒိုင်က ဝင်တားပါတယ်..။
ဖရန့် က ကလော့ပ် ကို ဦးတည်ပြီး ‘အေးဆေးထိုင်နေစမ်းပါ..’ လို့ လှမ်းငေါက်ပါတယ်..။ နောက်တော့ သူပိုပြီး စိတ်ဆိုးလာပါတယ်..
‘f*** ပြစ်ဒဏ်ဘော မဟုတ်ဘူး.. ငါမင်းကိုမေးနေတာ မဟုတ်ဘူး.. မင်းတို့အားလုံး f*** off and all…’
ကောင်းပါတယ်..၊ အရမ်းကို ကျေနပ်ဖို့ကောင်းပါတယ်….။
တခြားမန်နေဂျာတွေနဲ့ ယှဉ်မယ်ဆိုရင် ဖရန့် ဟာ ပရီးမီးယားလိဂ် အတွေ့အကြုံ နည်းကောင်းနည်းပါလိမ့်မယ်..။ ဒါပေမယ့်သူဟာ အသင်းအပေါ် လေးစားမှုမရှိတာမျိုးကို တစ်ယောက်ယောက်က ပြလာခဲ့ရင် ခေါင်းငုံ့ခံနေမယ့်သူ မဟုတ်ဘူးဆိုတာ ပြသလိုက်ခြင်းပါပဲ..။
တကယ်တော့ ဖရန့် လမ်းပတ် ဟာ အပြာရောင်အကျီကို ဝတ်ဆင်ခဲ့ဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံး ကစားသမားအဖြစ် အတော်များများက အသိအမှတ်ပြုပြီးသားပါ…။ ဒါပေမယ့် အခုအချိန်မှာ သူ့ကိုအဲဒီအကြောင်း သွားပြောမယ်ဆိုရင် အတိတ်က ရွှေထီးဆောင်းခဲ့တဲ့ ကာလတွေအကြောင်း သူမေ့ထားလိုက်ပြီ ဆိုတဲ့အကြောင်း၊ မန်နေဂျာတစ်ယောက်အဖြစ် ဘာတွေအောင်မြင်မှု ရနိုင်မလဲ..? ဆိုတာကို အာရုံစိုက်ထားတယ် ဆိုတဲ့အကြောင်းကိုပဲ ပြန်ပြောပါလိမ့်မယ်..။
ဒါဟာသူ့ရဲ့ဒသနဖြစ်ပြီး ဗုဒ္ခဟူးနေ့ကပွဲမှာတော့ အသင်းအတွက် တစ်စက်မှအထိခံမှာ မဟုတ်တဲ့ သူ့ရဲ့ခံယူချက်ကို ပြသခဲ့ပါတယ်..။ ဟိုဆေး မော်ရင်ဟို၊ အန်တိုနီယို ကွန်တီ တို့ဆီကနေ အမွေဆက်ခံခဲ့တဲ့ အပြာရောင်မျိုးဆက်လို့ ပြောရရင်လည်း ရနိုင်ပါလိမ့်မယ်..။
သူဟာကွင်းဘေးစည်းတစ်လျှောက် မရပ်မနား ပြေးလွှားလှုပ်ရှားရင်း ကစားသမားတွေကို အားပေးညွန်ပြမှုတွေ တစ်ချိန်လုံးပြုလုပ်နေတဲ့သူလည်း ဖြစ်ပါတယ်..။ ဒါပေမယ့် အသင်းအတွက် လိုအပ်လာပြီဆိုလို့က ပထမဆုံး ရှေ့ကထွက်ပြီး ရင်ဆိုင်၊ တုံ့ပြန်ပြမယ့်သူဆိုတာကိုလည်း ပြသခဲ့ပါပြီ..။
ဒါ့ကြောင့်စတန်းဖို့ဒ် ဘရစ်ချ်ကွင်းထဲကို စတင်ခြေချခဲ့တဲ့ အချိန်ကစပြီး ဘာတွေသူလုပ်ပြနိုင်ခဲ့တယ်..၊ သူဘာတွေလုပ်ပြမနိုင်သေးဘူးဆိုတာ ကျွန်တော်တို့ မြင်ခဲ့ရပြီးပါပြီ..။ နောက်ထပ်နှစ်ပွဲ ပြီးသွားတဲ့အချိန်မှာ ဒီနှစ်ဘောလုံးရာသီ ဘယ်လိုအခြေအနေတွေရှိခဲ့လဲ..၊ ဘယ်လိုလိုအပ်ချက်တွေရှိနေသေးလဲ.. မြင်တွေ့ကြရဦးမှာပါ..။ ဒါပေမယ့် နောင်လာမယ့်အနာဂတ်မှာ အခုလိုဖြစ်ရပ်တွေနဲ့ ကြုံခဲ့ဦးမယ်ဆိုရင် ကျွန်တော်တို့အသင်းမှာ ကိုယ့်အသင်း၊ ကိုယ့်ရဲ့ကစားသမားတွေနဲ့ ပရိသတ်အတွက် ရှေ့ဆုံးကနေ မားမားမတ်မတ် ရပ်တည်ပေးမယ့် မန်နေဂျာတစ်ယောက် ရှိနေပြီဆိုတဲ့အကြောင်း အန်ဖီးလ်ကွင်းက ဖြစ်ရပ်အပေါ် ဖရန့် လမ်းပတ် ရဲ့ နောက်ဆုံးမှတ်ချက်စကားက သေချာစေပါကြောင်း တင်ဆက်လိုက်ရပါတယ်..။
"ဂျာဂင် ကလော့ပ် တို့နဲ့ အငြင်းအခုန်ဖြစ်ခဲ့တဲ့ အဲဒီဗွီဒီယိုကို ကျွန်တော်ပြန်ကြည့်ပြီးပါပြီ..။ အဲဒီအခိုက်အတန့်မှာ ကျွန်တော်သုံးစွဲခဲ့တဲ့ အသုံးအနှုန်းတွေ ရိုင်းစိုင်းခဲ့တဲ့အတွက် နောင်တရမိပါတယ်..။ ဒါပေမယ့် ကိုယ့်အသင်းကို ကာကွယ်ဖို့ဖြစ်တဲ့အတွက် ဖြစ်ရပ်တစ်ခုလုံးအပေါ် နောင်တ လုံးဝမရပါဘူး..။
သတင်းတွေမှာတော့ သူတို့ရဲ့ ဆုဖလားပွဲအတွက် အောင်ပွဲခံတဲ့အပေါ် ကျွန်တော်က မကျေမနပ်ဖြစ်ခဲ့တာကြောင့်လို့ ရေးကြပါတယ်..။ သူတို့အနေနဲ့ ကြိုက်သလို အောင်ပွဲခံလို့ရပါတယ်..။ ကျွန်တော်လည်း ပွဲအပြီးမှာ ဂျာဂင် ကလော့ပ် နဲ့အတူ ဘီယာသောက်ရင်း ခံစားပေးလို့ ရပါတယ်..။ ဒါပေမယ့် သူတို့အရန်ခုံတန်းက လွန်လွန်ကျူးကျူးလုပ်ရပ်တွေကြောင့် စိတ်ပျက်ခဲ့ရပါတယ်..။ ကလော့ပ် ကြောင့် မဟုတ်ပါဘူး...။ သူတို့ဟာရှိသင့်တဲ့ စည်းဘောင်ကျော်ခဲ့တယ်လို့ ခံစားမိပါတယ်..။
ရုန့်ရင်းကြမ်းတမ်းခဲ့တဲ့ စကားလုံးတွေကို နောင်တရမိပေမယ့် ကျွန်တော်ဟာ အကောင်းဆုံး ရှေ့ဆက်ဖို့ပဲ ကြိုးစားသွားမှာပါ..။"
- ဖရန့် လမ်းပတ်
(ChelseaDaft Blog မှ ချယ်လ်ဆီးးအသင်း အမာခံပရိသတ်တစ်ဦးဖြစ်သူ Andrew Seaby ၏ ရေးသားချက်ကို ဝေမျှပါသည်..။)