feature-image

ဂျာမနီလက်ရွေးစင် တိုက်စစ်မှူး ‘တီမို ဗာနာ’ နှင့် တွေ့ဆုံခြင်း…

မနေ့က ဝုလ်ဖ်အသင်းနှင့်ပွဲစဉ်ကို ကြည့်ရှုရန်အတွက် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းသို့ ရောက်ရှိလာခဲ့သည့် ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ မှာ ချယ်လ်ဆီးအသင်း Official website နှင့် တွေ့ဆုံပြီး ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာရခြင်း အကြောင်းရင်းများနှင့် အသင်းသစ်နှင့် ပတ်သက်သည့် သူ၏အမြင်များကို ယခုလိုပြောကြားခဲ့သည်..။

မေး - တီမို ရေ.. ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းကနေ လှိုက်လှဲစွာနဲ့ ကြိုဆိုပါတယ်..။ အခုလိုစတန်းဖို့ဒ် ဘရစ်ချ်ကို ရောက်ရှိလာတဲ့အပေါ် ခင်ဗျားရဲ့ခံစားချက်ကို ပြောပြနိုင်မလား…?

“Yes.. အခုလိုစတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ခြေချခွင့်ရဖို့ လွန်ခဲ့တဲ့နှစ်ပါတ်လောက် ကတည်းက စောင့်ဆိုင်းနေခဲ့ရတာပါ..။ အခုဆိုရင် ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့ပြီဖြစ်တဲ့အပြင် လေ့ကျင့်ခန်းတွေ စတင်နိုင်ပြီအတွက် အရမ်းကိုပျော်ရွှင်မိပါတယ်..။ မကြာခင်မှာ အသင်းသားနဲ့ ပူးပေါင်းနိင်တော့မှာပါ..။ ဒါ့ကြောင့်ကျွန်တော့်အနေနဲ့ အရမ်းကိုကျေနပ်၊ ပျော်ရွှင်မိပါတယ်..။”



မေး - လွန်ခဲ့တဲ့နှစ်ပါတ်လောက်ကစပြီး ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ လှုပ်ရှားမှုတွေ ဖြစ်လာခဲ့တယ်ပေါ့ဗျာ..။ အဲဒီလိုအပြောင်းအရွှေ့ ဖြစ်မြောက်လာတဲ့အချိန်မှာ ခင်ဗျားအတွက် နေရာသစ်မှာ အဆင်ပြေနိုင်အောင် ဘယ်လိုတွေ ပြင်ဆင်ခဲ့တယ်ဆိုတာ ပြောပြနိုင်မလား..?

“ဟုတ်ကဲ့ပါ..၊ လိုက်ပ်ဇစ်အသင်းကနေ ချယ်လ်ဆီးလို ထိပ်တန်းအသင်းကို ပြောင်းရွှေ့ဖို့ အခုလိုဆုံးဖြတ်ချက်မျိုး ချမှတ်နိုင်ခဲ့တယ်ဆိုတာ ကျွန်တော့်အတွက် အိပ်မက်တစ်ခု အကောင်အထည် ဖော်နိုင်ခဲ့တာပါပဲ..။ ချယ်လ်ဆီးအသင်းဟာ အသင်းကြီးတစ်သင်း ဖြစ်သလို အသင်းက ကစားသမားဟောင်းတွေ..၊ လက်ရှိကစားသမားတွေနဲ့လည်း ရင်းနှီးခဲ့ပါတယ်..။ ကျွန်တော်တို့ ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ဒီဒီယာ ဒရော့ဘာ၊ ဖရန့် လမ်းပတ် တို့လို ကစားသမားတွေနဲ့ ပြန်လည်ဆုံစည်းရမယ့်အပြင် ပီတာ ချက် ဆိုရင်လည်း အားကစားဒါရိုက်တာ အနေနဲ့ ဆုံတွေ့ခဲ့ရပါတယ်..။ သူတို့လိုဂန္တဝင်ကစားသမားကြီးတွေနဲ့ အတူလက်တွဲခွင့်ရခဲ့တာဟာ အိပ်မက်အကြီးကြီးထဲက အိပ်မက်အသေးလေးပါ..။ သူတို့နဲ့ ထပ်တူမကျခဲ့ရင်တောင်မှ သူတို့ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်တဲ့ ကစားသမားမျိုး ဖြစ်ချင်ခဲ့ပါတယ်..။ အခုဆိုရင် မျိုးဆက်သစ်တွေနဲ့ နောက်ထပ်တစ်ခတ် ဆန်းတော့မယ့်အချိန်မှာ အသင်းရဲ့တစိတ်တပိုင်းအဖြစ် ပါဝင်ခွင့်ရချင်တာလည်း ပါဝင်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်အနေနဲ့ ချယ်လ်ဆီးအသင်းအတွက် အစွမ်းကုန် ကြိုးစား၊ ပေးဆပ်သွားမှာပါ..။”



မေး - ဖရန့် လမ်းပတ် ဆိုပြီး ခင်ဗျားပြောသွားခဲ့တယ်နော်..၊ အခုအသင်းမန်နေဂျာအဖြစ် တာဝန်ယူနေတဲ့ ဖရန့် ဟာ ချယ်လ်ဆီးအသင်းကို ရွေးချယ်ခဲ့တဲ့ ခင်ဗျားရဲ့ဆုံးဖြတ်ချက်မှာ ဘယ်လောက်အရေးပါခဲ့ပါလဲ..?

“အခုဆုံးဖြတ်ချက်ရဲ့ အဓိကအချက်ဟာ သူ့ကြောင့်လို့ပဲ ပြောရမှာပါ..။ သူနဲ့စကားပြောဖြစ်တဲ့အချိန်မှာ လက်ရှိအသင်းရဲ့ကစားပုံ၊ ရှေ့ဆက်မယ့် အစီအစဉ်တွေအပြင် ကျွန်တော်ဟာ သူ့ရဲ့ကစားကွက်မှာ ဘယ်လိုအံဝင်ဂွင်ကျဖြစ်လိမ့်မယ်ဆိုတာ သေသေချာချာ ရှင်းပြခဲ့ပါတယ်.။ သူဟာအရမ်းကိုခင်မင်ဖို့ ကောင်းတဲ့အပြင် ကျွန်တော့်ကို ကစားသမားတစ်ယောက် အနေနဲ့သာမက ရင့်ကျက်တဲ့သူ တစ်ယောက်အဖြစ်ပါ ကူညီပေးနိုင်မယ့်အကြောင်း သေသေချာချာ ပြောပြခဲ့ပါတယ်..။ သူနဲ့ဆွေးနွေးမှုအပြီးမှာ ကျွန်တော်တို့နှစ်ယောက်ကြား အရမ်းကိုနားလည်မှု ကောင်းမွန်သွားခဲ့ပါတယ်..။ ဒါ့ကြောင့်အခုအချိန်မှာ ကျွန်တော်ဟာ အရမ်းကိုပျော်ရွှင်နေမိပါတယ်..။”

မေး - ခင်ဗျားရဲ့ကစားဟန်ဟာ ပရီးမီးယားလိဂ်နဲ့ ဘယ်လိုသင့်တော်နိုင်မယ်ဆိုတာ ပြောပြနိုင်မလား..?

“ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲစဉ်တွေရဲ့ ကစားပုံ အရမ်းကိုလျှင်မြန်ပါတယ်..။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို လျှင်မြန်တဲ့ ကစားသမားတစ်ယောက်လို့ ယူဆထားပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်အတွက် ပရီးမီးယားလိဂ်ဟာ အသင့်တော်ဆုံး ဖြစ်လိမ့်မယ်လို့ ယုံကြည်ထားတဲ့အပြင် အခုအချိန်မှာ အခြားလိဂ်ပြိုင်ပွဲ၊ တခြားနိုင်ငံတွေက ကစားသမားကောင်းတွေလည်း ဒီမှာရောက်ရှိနေပါတယ်..။ ဒ့ါကြောင့်ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ကျွန်တော့်အတွက် နောက်ထပ်တစ်ဆင့်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေး ဖြစ်တယ်လို့လည်း ယူဆထားပါတယ်..။ အဲဒီအချက်တွေဟာ ကျွန်တော့်အတွက် ပရီးမီးယားလိဂ်နဲ့ ချယ်လ်ဆီးအသင်းကို ရွေးချယ်ရတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်..။”



မေး - ဟုတ်ကဲ့ပါ.. အဲဒါဆို ကော့ဘ်ဟမ် လေ့ကျင့်ကွင်းကို ရောက်ရှိပြီး ခင်ဗျားရဲ့အသင်းဖော်သစ်တွေနဲ့ရော တွေ့ပြီးပြီလားဗျ..

“Yes.. ဟုတ်ကဲ့ပါ..။ ကျွန်တော်ဒီကိုရောက်ပြီး သူတို့နဲ့ပထမဆုံး တွေ့ဆုံခဲ့ပါတယ်…။ တကယ့်ကို ရူးသွပ်ဖို့ကောင်းလောက်တော့ အခိုက်အတန့်လို့ ပြောရမှာပါ..။ အသင်းသားတွေအပြင် နည်းပြအဖွဲ့ဝင်တွေရော၊ အသင်းကိုပံ့ပိုးနေတဲ့ ဝန်ထမ်းတွေရော အများကြီးပဲဗျ..၊ လူတွေအများကြီးနဲ့ နှုတ်ဆက်ခဲ့ရပါတယ်..။ အထူးသဖြင့် အသင်းကနည်းပြအဖွဲ့တွေ..၊ ဝန်ထမ်းတွေနဲ့ပါ ပထမဆုံးနေ့မှာတင် တွေ့ဆုံခွင့်ရခဲ့တာဟာ သိပ်ကိုကျေနပ်ဖို့ကောင်းပါတယ်..။ အခုဆိုရင် နောက်လာမယ့် တနင်္လာနေ့မှာ သူတို့နဲ့ ထပ်မံဆုံတွေ့ရမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။”

မေး - ချယ်လ်ဆီးအသင်းကို ခင်ဗျားရောက်ရှိလာတဲ့အပေါ် အသင်းရဲ့ပရိသတ် တစ်ဦးချင်းစီက အရမ်းကိုစိတ်ဝင်စား၊ စိတ်လှုုပ်ရှားနေကြတယ်.. ဆိုတဲ့အကြောင်း ကမ္ဘာတစ်ဝန်းမှာရှိနေတဲ့ ချယ်လ်ဆီးအသင်း ပရိသတ်တွေကိုယ်စား ကျွန်တော်ပြောနိုင်ပါတယ်..။ ဒါ့ကြောင့်သူတို့ကို ခင်ဗျားရဲ့နှုတ်ခွန်းဆက် စကားလေး ပြောပြပေးပါဦးလား..?

“ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တဲ့အပေါ် အရမ်းကိုကျေနပ်မိတဲ့အကြောင်း ပြောကြားချင်ပါတယ်..။ အသင်းအတွက် သွင်းဂိုးတွေရနိုင်သမျှ သွင်းယူးပေးနိုင်အောင် အကောင်းဆုံး ကြိုးစားသွားမယ်ဆိုတာလည်း ကတိပေးချင်ပါတယ်..။ သွင်းဂိုးတွေ ရယူပေးဖို့ အသင်းက ကျွန်တော့်ကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်အနေနဲ့ လိုက်ပ်ဇစ်အသင်းမှာ သွင်းယူပေးခဲ့တဲ့ သွင်းဂိုးပမာဏထက် ပိုမိုတဲ့သွင်းဂိုးတွေနဲ့ ပြန်လည်ပေးဆပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်..။”

မေး - ဟုတ်ကဲ့ပါ..။ အခုလို ပရိသတ်အတွက် ပဏာမနှုတ်ခွန်းဆက်စကား ပြောကြားပေးတာ ကျေးဇူးပါပဲ..။ ခင်ဗျားမျှော်လင်းထားတဲ့အတိုင်း ဂိုးတွေအများကြီး သွင်းယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..။