“လူတွေနဲ့ပတ်သက်ပြီး အသိစိတ်တစ်ခု ကျွန်တော့်ဆီမှာရှိပါတယ်..။ ကျွန်တော်ဟာ အယောင်ဆောင်တတ်တဲ့ သူတွေကို မနှစ်သက်ပါဘူး..။ သူတို့နဲ့စကား တစ်ခါပြောဖူးလိုက်တာနဲ့ ဘယ်သူကအယောင်ဆောင်တယ်..၊ ဘယ်သူကတော့ အစစ်အမှန်ဆိုတာ ခွဲခြားတတ်ပါတယ်..။ ဒါဟာကျွန်တော့်အတွက် အရေးကြီးပါတယ်..။
ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ လူတစ်ယောက်ကို ယုံကြည်မိပြီဆိုရင် မျက်စိစုံမှိတ်ပြီးမှ ယုံကြည်လေ့ရှိပါတယ်..။ ဒီလိုမှမဟုတ်ရင် ခင်ဗျားတို့ ကျွန်တော့်နားကိုကပ်လို့ရမှာ မဟုတ်ပါဘူး..။ အခုဆိုရင် ကျွန်တော်တို့ ဘောလုံးကမ္ဘာမှာ အတုအယောင်တွေ အရမ်းများနေပါတယ်..။ ဒ့ါကြောင့် ကျွန်တော် ယုံကြည်ရတဲ့သူဆိုလို့ လက်တစ်ဆုပ်စာလောက်ပဲ ရှိပါတယ်..။ တကယ်တော့ ဘောလုံးလောကကြီးဟာ ရုပ်သေးပွဲကြီးတစ်ခုလိုပါပဲ…၊ အတုအယောင်တွေ ပိုများလာပြီး ပိုပြီးဆိုးရွားလာနေပါပြီ..။ ဒါ့အပြင် ဆိုရှယ်မီဒီယာတွေကလည်း အဲဒီရုပ်သေးပွဲကြီးကို ပိုပြီးဆိုးရွားစေါတယ်..။”
- ဟာကင် ဇိုင်းယက်ချ်
အဲဒီလို ရိုးသား၊ ပွင့်လင်းပြီး ဟောဟောဒိုင်းဒိုင်း ပြောတတ်တဲ့ အကျင့်စရိုက်သာ မရှိခဲ့ဘူးဆိုရင် ဟာကင် ဇိုင်းယက်ချ် ဆိုတဲ့သူဟာ ဘာမှဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး...။ သူဟာခေတ်သစ်ဘောလုံးလောကရဲ့ အသွင်ဆန်းတဲ့ ကွင်းလယ်ဖန်တီးရှင်တစ်ယောက် ဖြစ်သလို သူ့ရဲ့အနေအထိုင်ကလည်း တောက်တောက်ကြွားကြွား ရှိလှပါတယ်...။ ဒါပေမယ့် ဇိုင်းယက်ချ် ဟာ သူ့ရဲ့အမြင်တွေကို စိတ်ထဲရှိတဲ့အတိုင်း ရဲရဲတင်းတင်း ပြောဆိုတတ်တာကြောင့် အငြင်းပွားစရာတွေ မကြာခဏ ဖန်တီးတတ်သလို မီဒီယာတွေနဲ့ တွေ့ဆုံရတာကိုလည်း နှစ်ခြိုက်တဲ့သူ မဟုတ်ပါဘူး..။
တစ်ဖက်က ရိုးသားပွင့်လင်းသလို တစ်ဘက်က အစွန်းရောက်နေတဲ့ သူ့ရဲ့အနေအထိုင်၊ အကျင့်စရိုက်ဟာ ဟော်လန်နိုင်ငံရဲ့ Eredivisie ပြိုင်ပွဲလို ပြိုင်ပွဲလေးမှာ မသိသာလှပေမယ့် အသေးအမွားကအစ ပုံကြီးချဲ့လွန်းတတ်တဲ့ အင်္ဂလန်ပရီးမီးယားလိဂ် ရပ်ဝန်းမှာရော အဆင်ပြေပါ့မလား.. ဆိုတာ စောင့်ကြည့်ရတော့မှာပါ..။ အထူးသဖြင့် ဇိုင်းယက်ချ် ဟာ ဆိုရှယ်မီဒီယာကို မလိုလားသူ၊ ဆိုရှယ် မီဒီယာဟာ အကျိုးထက် အပြစ်များတယ်ဆိုပြီး ပြောဆိုခဲ့သော်ငြား သူ့ရဲ့ကိုယ်ပိုင် Instagram အကောင့်ကို မွေနှောက်ကြည့်လိုက်မယ်ဆိုရင် တန်ဖိုးကြီး လန်ဘော်ဂနီကားတွေ၊ လန်ဒန်မြို့ကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ လာရောက်ခဲ့တဲ့ပုံရိပ်တွေနဲ့တူ ပြိုးပြိုးပြက်ပြက် ထည်ဝါခမ်းနားမှုတွေကို နှစ်ခြိုက်သူ၊ ဂုဏ်ပကာသန မက်မောသူတစ်ယောက်အဖြစ် အဓိပ္ပါယ်ကောက်ယူနိုင်နေသလိုပါပဲ..။
ဒါပေမယ့် အခုလိုအခြေအနေရောက်လာဖို့ သူဖြတ်သန်းလာခဲ့ရတဲ့ ခရီးလမ်းဟာ ချောမွေ့ခဲ့တာ မဟုတ်ပါဘူး..။ ဇိုင်းယက်ချ် ဟာ မောင်နှမသားချင်း ကိုးယောက်ထဲမှာ အငယ်ဆုံးဖြစ်ပြီး သူအသက် (၁၀) နှစ်သား အရွယ်မှာပဲ ဖခင်ဖြစ်သူ ဆုံးပါးခဲ့ရပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့မိခင်ဟာ ဟာကင် အပါအဝင် မွေးချင်းကိုးယောက်စလုံးကို တစ်ဦးတည်းရုန်းကန် လှုပ်ရှားရင်း ပြုစု၊ စောင့်ရှောက်ခဲ့ရပါတယ်..။
သူတို့ညီအစ်ကိုတွေထဲမှာ အငယ်ဆုံးဖြစ်တဲ့ ဟာကင် ဟာ သူတို့ဇာတိမြေ၊ မြို့လေးရဲ့လမ်းပေါ်က ပွဲတွေမှာ ဘောလုံးစွမ်းရည်ပြနိုင်ခဲ့တာကြောင့် အသက် (၁၄) နှစ်အရွယ်မှာ ဟာရန်ဗင်း အသင်း လူငယ်အကယ်ဒမီကို ရောက်ရှိခဲ့ပါတယ်..။ နောက်ထပ်ခြောက်နှစ်အကြာ ၂၀၁၃/ ၁၄ ဘောလုံးရာသီမှာတော့ ပထမအသင်းကြီးကို ရောက်ရှိခဲ့ပြီး ပထမဆုံး ဘောလုံးရာသီမှာ (၃၆) ပွဲကစား၊ (၁၁) ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်..။
ဟာရန်ဗင်း အသင်းမှာ ပြသခဲ့တဲ့ခြေစွမ်းကြောင့် သူဟာ FC Twente အသင်းကို ရောက်ရှိခဲ့ပြီးနောက်ပိုင်းမှာ သူ့ရဲ့ခြေစွမ်းကို ဟော်လန်ဘောလုံးလောကသူတွေ တဖြည်းဖြည်းနဲ့ သတိထားမိလာခဲ့ကြပါတယ်..။ FC Twente အသင်းနဲ့ ပထမဘောလုံးရာသီမှာ (၁၁) ဂိုးသွင်း၊ (၁၆) ဂိုး ဖန်တီးပေးနိုင်ခဲ့သလို ဒုတိယဘောလုံးရာသီမှာ (၁၇) ဂိုးသွင်း၊ (၁၀) ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ အဲဒီလိုခြေစွမ်းနဲ့ အသင်းကို ဦးဆောင်၊ မောင်းနှင်ပေးနိုင်ခဲ့မှုကြောင့် အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရပါတယ်..။ ဒါပေမယ့် ခြောက်လအကြာ သတင်းဌာနတစ်ခုနဲ့ တွေ့ဆုံခန်းမှာ ဖိုင်းယက်ချ် ဟာ အသင်းအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့မှုကြောင့် အသင်းခေါင်းဆောင်အဖြစ်ကနေ ရုတ်သိမ်းခံခဲ့ရသလို အသင်းပြောင်းဖို့ပါ တောင်းဆိုခံခဲ့ရပါတယ်..။ အထူးသဖြင့် မန်နေဂျာ အဲလ်ဖရက် ရှရူးဒါး အထုတ်ခံရပြီးနောက်ပိုင်း အသင်းရဲ့စီမံ၊ ခန့်ခွဲပုံတွေအပေါ် ဝေဖန်မှုတွေဟာ အသင်းတာဝန်ရှိ ပုဂ္ဂိုလ်တွေကို အမျက်ဒေါသထွက်စေခဲ့ပါတယ်..။
ဒါ့ကြောင့်ဇိုင်းယက်ချ် ဟာ ခြေစွမ်းထက်မြက်သလောက် သူ့ရဲ့စိတ်ဟာ မှန်းဆရခက်ခဲတယ်လို့ ယူဆခံခဲ့ရပြီး ဘယ်အချိန်မဆို ပေါက်ကွဲနိုင်တဲ့ ‘မိုင်းဗုံးကြီး’ တစ်လုံးအဖြစ် နှိုင်းယှဉ်ဝေဖန်ခံခဲ့ရပါတယ်..။ သူ့ရဲ့အနားက မိတ်ဆွေတွေကတော့ ဆိတ်ဆိတ်နေဖို့ အကြံပေးခဲ့ကြသလို သတင်းဌာနတွေနဲ့ တွေ့ဆုံခန်းတွေ မပြုလုပ်ဖို့ ပြောကြားခဲ့ကြပါတယ်..။ အဲဒီလိုကွင်းပြင်ပမှာ မုန်တိုင်းထန်နေပေမယ့် သူ့ရဲ့ကွင်းတွင်းခြေစွမ်းကတော့ ပြောင်းလဲမသွားပါဘူး...။ အဲဒီလိုခြေစွမ်းကြောင့် သူဟာဒတ်ချ် ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး အသင်းဖြစ်တဲ့ အိုင်းယက်စ်အသင်းကို ပြောင်းရွှေ့ခွင့်ရရှိခဲ့ပါတယ်..။
သူဟာ အိုင်းယက်စ်အသင်းမှာလည်း ဆက်လက်ခြေစွမ်းပြနိုင်ခဲ့ပြီး ပထမဆုံးရာသီမှာ (၁၂) ဂိုးသွင်း၊ ဂိုး (၂၀) ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ အဲဒီဘောလုံးရာသီမှာ အိုင်းယက်စ်အသင်းဟာ ယူရိုပါ လိဂ်ပြိုင်ပွဲ၊ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကို ၂ဂိုး- ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်..။ ၂၁၀၇ ခုနှစ်မှာတော့ မန်နေဂျာ အဲရစ် တန် ဟတ်ဂ် ရောက်ရှိလာခဲ့ပြီး ဇိုင်းယက်ချ် ဟာ ဒေးဗစ် နီးယက်စ်၊ ဒူဆန် တာဒစ် တို့နဲ့အတူ အတွဲအဖက် မိခဲ့တာကြောင့် အထူးခြေစွမ်းနိုင်ခဲ့ပြီး အစွမ်းကုန် တောက်ကြွားလာပါတော့တယ်..။ ဒါ့အပြင် နောက်တန်းမှာ မက်သီးယက်စ် ဒီ လစ်၊ ကွင်းလယ်က ဖရန်ကီ ဒီဂျောင် တို့နဲ့အတူ အိုင်းယက်စ် အသင်းအစုအဖွဲ့ဟာ ဥရောပဘောလုံးလောကကို နောက်ထပ်တစ်ကြိမ် ထိုးဖောက်ဖို့ ဖြစ်လာပါတော့တယ်..။
အိုင်းယက်စ် အသင်းဟာ ၂၀၁၈/ ၁၉ ဘောလုံးရာသီမှာတော့ လိဂ်ပြိုင်ပွဲ ချန်ပီယံဆုကို ထပ်မံ ဆွတ်ခူးနိုင်ခဲ့သလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း အကြိုဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီး ဥရောပဘောလုံးလောကကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်..။ ဇိုင်းယက်ချ် ဟာ အဲဒီနှစ်မှာလည်း အကောင်းဆုံး ကစားသမားအဖြစ် အသင်းကိုဦးဆောင်၊ ခြေစွမ်းပြခဲ့ပြီး (၁၉) ဂိုးသွင်း၊ (၁၇) ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်..။ သူ့ရဲ့ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ပထမဆုံးဂိုးကိုတော့ ရီးရဲလ် မက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲ သွင်းယူနိုင်ခဲ့ပါတယ်..။
ဥရောပချန်ပီယံ သရဖူဆုကို အကြိမ်ကြိမ် ရယူခဲ့တဲ့အပြင် လက်ရှိချန်ပီယံ ရီးရဲလ် မက်ဒရစ်အသင်းနဲ့ ဆုံတွေ့ခဲ့ရာ ပထမအကျော့ အမ်စတာဒမ် အိမ်ကွင်းမှာ ၂ဂိုး- ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက် မရှိတော့သလောက် ဖြစ်သွားခဲ့ပါတယ်..။ ဒါပေမယ့် ဘာနေဗျူးကွင်း အရောက်မှာတော့ ဇိုင်းယက်ချ် ဟာ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ၄ဂိုး- ၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဝေးကွင်းအနိုင်ပွဲမှာ အဲဒီအဖွင့်ဂိုးဟာ အထူးအရေးပါခဲ့တာ အမှန်ပါပဲ...။
ဇိုင်းယက်ချ် နဲ့ အိုင်းယက်စ်အသင်းတို့ဟာ ကွာတားဖိုင်နယ်အဆင့်မှာ ခရစ်စ်တီယာနို ရော်နယ်လ်ဒို တို့ရဲ့ ဂျူဗင်တပ်စ်အသင်းကို အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့ပါတယ်..။ ဒါ့အပြင် ဆီမီးဖိုင်နယ်၊ ပထမအကျော့မှာ ဇိုင်းယက်ချ် ရဲ့ လှပတဲ့အဝေးကန်သွင်းချက် သွင်းဂိုးအပါအဝင် သုံးဂိုးပြတ် အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲကို ခြေတစ်ဘက်လှမ်းနိုင်ခဲ့ပြီလို့တောင် ပြောရမှာပါ..။ ဒါပေမယ့် နောက်ဆုံးမှာတော့ မထင်မှတ်ပဲ ပြိုလဲခဲ့ရတဲ့ အခိုက်အတန့် မိနစ်ပိုင်းတွေကြောင့် အိုင်းယက်စ် အသင်းဟာ ဗိုလ်လုပွဲအဆင့်နဲ့ ဝေးကွာခဲ့ရပြီး ဇိုင်းယက်ချ် တို့ ဥရောပပြိုင်ပွဲ မျက်နှာစိမ်းသစ်တစ်သိုက်လည်း အသည်းကွဲခဲ့ရပါတယ်..။
ဟာကင် ဖိုင်းယက်ချ် ကတော့ အဲဒီနှစ်ဘောလုံးရာသီရဲ့ ‘တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု’ ကို ဆွတ်ခူးရရှိခဲ့ပါတယ်..။ အခုလိုအများက မမျှော်လင့်ခဲ့တဲ့ကြားက ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့တာဟာ အသင်းကို တစစီပြိုကွဲသွားစေမယ့်လမ်းစ ဖြစ်လာခဲ့ပါတယ်..။ အဲဒီနှစ် နွေရာသီ အပြောင်းအရွှေ့ကာလမှာ အိုင်းယက်စ်အသင်း ကစားသမားများဟာ ဥရောပအသင်းကြီးများစွာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ဇိုင်းယက်ချ် ကိုလည်း ဆီဗီးလား အသင်းက မက်မောဖွယ်ရာ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါသေးတယ်..။ ဒါပေမယ့် သူကအဲဒီကမ်းလှမ်းချက်ကို ပယ်ချပြီး အိုင်းယက်စ်အသင်းနဲ့ စာချုုပ်သက်တမ်းတိုးခဲ့ပါတယ်..။
အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ မက်သီးယက်စ် ဒီ လစ် နဲ့ ဖရန်ကီ ဒီဂျောင် တို့ အသင်းကိုစွန့်ခွာသွားခဲ့ပေမယ့် ဇိုင်းယက်စ် ဟာ အသင်းကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုးကြောင့် ဘောလုံးရာသီ အဆုံးသတ်ခဲ့ရချိန်မှာ အသင်းအတွက် (၈) ဂိုးသွင်း၊ (၂၁) ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ အဲဒီအချိန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အုပ်စုအဆင့်ပွဲစဉ်တွေတုန်းက ပြိုင်ဘက်အသင်း ဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းက သူ့ကိုဆွဲဆောင်နိုင်ခဲ့ပြီး ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၃၇) သန်းနဲ့ အရခေါ်ယူနိုင်ခဲ့ပါတယ်..။
အထူးသဖြင့် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ တစ်ဘက်လေးဂိုးစီ သရေကျခဲ့တဲ့ သည်းထိပ်ရင်ဖို ပွဲစဉ်မှာ အိုင်းယက်စ်အသင်းအတွက် သုံးဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ခြေစွမ်းအပေါ် ချယ်လ်ဆီးအသင်းက မျက်စိကျခဲ့တာ ဖြစ်နိုင်ပါတယ်..။ ဒါ့အပြင်ဗလင်စီယာအသင်းကို အဝေးကွင်းမှာ ၃ဂိုးပြတ် အနိုင်ရစဉ်က သူ့ရဲ့ဘယ်ခြေနဲ့ ဝေ့ဝှိုုက်ကန်သွင်းချက်ကလည်း ဘောလုံးကျွမ်းကျင်သူများနဲ့ ပရိသတ်များကို ရင်သတ်ရှုမော ဖြစ်စေခဲ့ပါတယ်..။
ဇိုင်းယက်ချ် ဟာ ကွင်းအတွင်းမှာ သွေးအေး၊ ရက်စက်သလောက် တစ်ဖက်ကလည်း နူးညံ့တဲ့ နှလုံးသားပိုင်ရှင်တစ်ယောက် ဖြစ်တယ်ဆိုတာ လိုင်လီအသင်းကို ၂ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြသခဲ့ပါသေးတယ်..။ အဲဒီပွဲမှာ ဟူဆာရီ လို့ အမည်ရတဲ့ အသက် (၁၁) နှစ်သား လူငယ်လေးဟာ သူ့ရဲ့စံပြကစားသမားဖြစ်တဲ့ ဟာကင် ဇိုင်းယက်ချ် ကို နှုတ်ဆက်ခွင့်ရချင်လွန်းတဲ့ ပြင်းပြစိတ်ကြောင့် ကွင်းအတွင်း ဇွတ်ပြေးဝင်ပြီး ပွေ့ဖက်နှုတ်ဆက်ခဲ့ပါတယ်..။ ဇိုင်းယက်ချ် က ပွဲပြီးရင်သူဝတ်ဆင်ထားတဲ့ အကျီကို ပေးမယ်လို့ ကတိပေး ကလေးငယ်လေးကို နှစ်သိမ့်ခဲ့ပါတယ်..။
ဒါပေမယ့် ပွဲပြီးတဲ့အချိန် ဘယ်မှာရှာရမှန်းမသိတော့တာကြောင့် သူ့ရဲ့ဖခင်ဆိုပြီး ပြောဆိုလာတဲ့သူတစ်ယောက်ဆီကို အင်္ကျီချွတ်ပြီး ပေးလိုက်ပါတယ်..။ သို့ပေမယ့် အဲဒီလူဟာ နောက်နှစ်ရက်လောက်အကြာမှာ သူ့ရဲ့အင်္ကျီကို ‘e bay’ မှာ လေလံတင် ရောင်းချတာကြောင့် ဟူဆာရီ ရဲ့ ဖခင်အဖြစ် အယောင်ဆောင်ခဲ့မှန်း ပေါ်သွားခဲ့ပါတော့တယ်..။ အဲဒီအချိန်မှာ ဇိုင်းယက်ချ် ဟာ ဆိုရှယ် မီဒီယာရဲ့အားကို အသုံးချပြီး ဟူဆာရီ လေးကို မတွေ့တွေ့အောင်ရှာဖွေခဲ့ပါတယ်..။ နောက်တော့ ဟူဆာရီ နဲ့ သူ့ရဲ့မိခင်ကို အမ်စတာဒမ်သို့ တကူးတကဖိတ်ကြားပြီး သူ့ရဲ့အင်္ကျီ နောက်ထပ်တစ်ထည်ကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့ပါတယ်..။
ဒါ့အပြင် ဇိုင်းယက်ချ် ဟာ ‘လီယွန် ဒီ ကိုဂယ်လ်’ ဆိုတဲ့ ဟော်လန်လိဂ်ပြိုင်ပွဲဝင် ဘောလုံးသမားတစ်ဦးရဲ့ မတော်တဆမှုမှာလည်း ထဲထဲဝင်ဝင် ပါဝင်ကူညီခဲ့ပါသေးတယ်..။ ဟော်လန်လိဂ် ပြိုင်ပွဲဝင် အူးထရက်ချ် နဲ့ Go Ahead Eagles အသင်းတွေမှာ ကစားခဲ့တဲ့ လီယွန် ဒီ ကိုဂယ်လ် ဟာ မော်လ်တာ နိုင်ငံကို အပန်းဖြေခရီးသွားရောက်နေတုန်း သူစီးနင်းလာတဲ့ တက္ကစီနဲ့ မော်တော်ကားတစ်စင်း တိုက်မိရာမှာ ရရှိခဲ့တဲ့ ပြင်းထန်ဒဏ်ရာကြောင့် ကစားသမားဘဝကနေ အနားယူခဲ့ရပါတယ်..။
“ကျွန်တော်ဟာ သူနဲ့မရင်းနှီးပါဘူး..။ ဒါပေမယ့် သူ့ရဲ့အခြေအနေအရပ်ရပ်ကို သိလိုက်ရချိန်မှာ ကျွန်တော်သူ့ကို ကူညီရလိမ့်မယ်ဆိုတဲ့ အသိစိတ် ဖြစ်ပေါ်လာပါတယ်…” လို့ ဇိုင်းယက်ချ် က ပြောပြခဲ့ပါတယ်..။ ဒီ ကိုဂယ်လ် စီးနင်းခဲ့တဲ့ တက္ကစီကားဆရာဟာ အာမခံထားရှိထားခြင်းမရှိတာကြောင့် တရားစွဲရမယ့်ကိစ္စ အရပ်ရပ်နဲ့ သူ့ရဲ့လေ့ကျင့်ခန်း ကုန်ကျစရိတ်အားလုံးကို ဟာကင် ဖိုင်းယက်ချ် က အကုန်အကျခံ စိုက်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်..။
အခုဆိုရင်တော့ ဇိုင်းယက်ချ် ဟာ အမ်စတာဒမ်မြို့တော်၊ Schiphol လေဆိပ်အနီးက ဇိမ်ခံပစ္စည်း အပြည့်အစုံနဲ့ ခမ်းနားထည်ဝါလှတဲ့ ကွန်ဒိုအခန်းကနေ လန်ဒန်မြို့တော်ဆီကို ရောက်ရှိလို့လာပါပြီ..။ တကယ်တော့ ဇိုင်းယက်ချ် ဟာ လန်ဒန်မြို့မှာ တောက်ကြွားမယ့် ကြယ်ပွင့်တစ်ပွင့် ဖြစ်လာလိမ့်မယ်ဆိုပြီး အရင်ဆုံးနမိတ်ဖတ်ခဲ့သူက အိုင်းယက်စ်အသင်းနဲ့ တော့တင်ဟမ်အသင်း ကြယ်ပွင့်ကစားသမားဟောင်း ရာဖယ်လ် ဗန်ဒါဗတ် ဖြစ်ပါတယ်..။ သူက “ကျွန်တော်ဟာ အခွင့်အရေးရတုန်း ဇိုင်းယက်ချ် ကို အရခေါ်ယူဖို့ တော့တင်ဟမ်အသင်းကို အကြံပေးခဲ့ပါတယ်..။ သူဟာလန်ဒန်မြို့ရဲ့ တောက်ပတဲ့ ကြယ်ပွင့်ကစားသမား တစ်ယောက် ဖြစ်လာပါလိမ့်မယ်..” လို့ ပြောကြားခဲ့ဖူးပါတယ်..။
အခုဆိုရင်တော့ ဟာကင် ဖိုင်းယက်ချ် ဟာ ဗန်ဒါဗတ် ဖြစ်ချင်တဲ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး ခါးသီးတဲ့မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့ပါပြီ..။ ဒ့ါကြောင့်လာမယ့် စက်တင်ဘာလ ရာသီအသစ် ပွဲစဉ်များ စတင်ချိန်ကျရင် ရိုးသား၊ ပွင့်လင်းသလို နူးညံ့တဲ့နှလုံးသားပိုင်ရှင် မော်ရိုကိုကြယ်ပွင့်တစ်ယောက် ပရီးမီးယားလိဂ်ရပ်ဝန်း ‘ရုပ်သေးပွဲစဉ်များ’ မှာ ဘယ်လိုထွန်းတောက် အသုံးတော်ခံဦးမလဲ.. ရှုစားရမယ့်အချိန် ရောက်ရှိလို့ လာတော့မှာ ဖြစ်ပါကြောင်း တင်ဆက်လိုက်ရပါတယ်..။
(Daily Mail မှ ဆောင်းပါးရှင် Adam Shergold ၏ ‘Chelsea's new £37m man says football is a 'puppet show', hates social media but poses with Lamborghinis, and lost the Twente armband for slamming them - but Hakim Ziyech has a heart of gold" ဆောင်းပါးကို ပြန်ဆိုပါသည်..။)